~"ညီလေးဖုန်း..."
အသံပိုင်ရှင်မှာ ကူတင့် ပင် ဖြစ်၏။
ဖုန်းဝူချန် လှည့်ကြည့်လိုက်သောအခါ ကူတင့် နှင့် ရိုရွှေ တို့ နှစ်ဦးစလုံး လူအုပ်ထဲတွင် ပုန်းကွယ်နေသည်ကို တွေ့လိုက်ရ၏။ ကူတင့် က မည်သို့မည်ပုံ ဖုန်းဝူချန် ၏ နောက်သို့ ရောက်လာမှန်းပင် မသိလိုက်ချေ။
"ညီလေးဖုန်း... ဟိုလူက ကျောက်မိသားစု ရဲ့ သခင်လေး ကျောက်ဟိုင်ယွင် ပဲ။ ကောင်းကင်ဘုံလူသား အဆင့် (၄) လွှာ ပညာရှင်လေ။ ကျောက်မိသားစု က ရွှမ်ဟော့မြို့ မှာ အရမ်းကို ဩဇာကြီးတာ။ သူ့ကို သွားစော်ကားမိရင် သေချာပေါက် သေလမ်းရှာတာပဲ"
ကူတင့် က ခပ်တိုးတိုး သတိပေးလိုက်၏။ စောစောက လူမိုက်ကြီး တွန်းထုတ်လိုက်သည်ကို မြင်ပြီး အလန့်တကြား ဝင်ရောက် တားမြစ်ခြင်း ဖြစ်၏။
"အဲဒီ ကျောက်ဟိုင်ယွင် ဆိုတဲ့ ကောင်က တကယ်ကို ရွံစရာကောင်းတာ။ လူတိုင်းက သူ့ကို တွေ့တာနဲ့ ကြောက်နေကြတာပဲ"
ရိုရွှေ က မလှမ်းမကမ်းရှိ ကျောက်ဟိုင်ယွင် ကို မထီမဲ့မြင် ကြည့်ရင်း ခပ်တိုးတိုး ဝင်ပြောလိုက်သည်။
ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး...
"ခုနက သူ့ကိုတွေ့တော့ ခင်ဗျားတို့ ဘာလို့ ပုန်းနေတာလဲ။ သူနဲ့ ပြဿနာ တစ်ခုခု ရှိထားလို့လား"
"လွန်ခဲ့တဲ့ ရက်ပိုင်းက ရွှမ်ဟော့မြို့ ထဲမှာ ရိုရွှေ က သူ့ကို သွားစော်ကားမိထားလို့ပါဗျာ"
ကူတင့် က မဲ့ပြုံးလေးဖြင့် ဖြေလိုက်လေ၏။
ရိုရွှေ က ချက်ချင်းပင် နှုတ်ခမ်းလေး စူကာ...
"အဲဒါ ကျွန်မအမှား မဟုတ်ပါဘူး။ ဆံထိုးလေး တစ်ချောင်းကို ကျွန်မက အရင်တွေ့တာလေ။ သူက တခြား မိန်းမတစ်ယောက်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်လို့ အဲဒီဆံထိုးကို (၃) ဆ ပေးပြီး လုဝယ်တာကိုး။ ကျွန်မလည်း ဒေါသထွက်ထွက်နဲ့ အဲဒီဆံထိုးကို ချိုးပစ်လိုက်တာ"
ရိုရွှေ မှာ ပြောရင်းဖြင့် ပို၍ ဒေါသထွက်လာကာ ပါးလေး နှစ်ဖက်ပင် ဖောင်းတက်လာတော့သည်။
ကူတင့် က မတတ်နိုင်သည့်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်ပြီး...
"ညီလေးဖုန်း... ဒီမှာ နေရာလွတ် တစ်နေရာ ရှိတယ်။ မင်း အရင် ကျင့်ကြံလိုက်ပါ" ဟု ဆိုလိုက်၏။
"အစ်ကိုကြီး ကူတင့် ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ပဲ အရင် ကျင့်ကြံလိုက်ပါ။ ကျွန်တော် တခြားမှာ နေရာလွတ် ရှိမလားလို့ လိုက်ရှာကြည့်လိုက်ဦးမယ်"
ဖုန်းဝူချန် က ခပ်ပြုံးပြုံးဖြင့် ငြင်းဆန်လိုက်၏။
ထိုအခိုက်အတန့်၌...၊
ဖုန်းဝူချန် စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ လူတစ်ယောက်က နေရာမှ ထကာ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်လေ၏။
ဖုန်းဝူချန် နေရာလုခံရမည်ကို စိုးရိမ်သဖြင့် ကပျာကယာပင် ထိုနေရာသို့ သွားလိုက်သည်။
သို့သော်..၊ သူ ထိုင်ချရန် ပြင်လိုက်စဉ်မှာပင် အရပ်ရှည်ရှည် လူမိုက်ကြီး တစ်ယောက်က သူ၏ ရှေ့သို့ ရုတ်တရက် ရောက်လာတော့၏။
"ထစမ်း"
လူမိုက်ကြီးက တောရိုင်းတိရစ္ဆာန် တစ်ကောင်ပမာ ကြမ်းတမ်းသော မျက်နှာထားဖြင့် ဖုန်းဝူချန် ကို အော်ဟစ် ကြိမ်းမောင်းလိုက်၏။
ဖုန်းဝူချန် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး...
"ဘာလို့ ထရမှာလဲ" ဟု အေးစက်စွာ တုံ့ပြန်လိုက်သည်။
ထိုလူမိုက်ကြီးမှာ ကျောက်ဟိုင်ယွင် ၏ လက်ပါးစေ ဖြစ်ကြောင်း ဖုန်းဝူချန် တစ်ချက်ကြည့်ရုံဖြင့် သိရှိလိုက်၏။
"ဘာလို့လဲဆိုတော့... မင်းကို ငါ သတ်ပစ်နိုင်လို့ပဲ"
လူမိုက်ကြီးက ခြိမ်းခြောက်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး... 'နေရာဖယ်ပေးမလား၊ အသက်အသေခံမလား' ဟု ရွေးချယ်ခိုင်းနေသည့်အလား ပင်။
"ဪ... ဟုတ်လား"
ဖုန်းဝူချန် က ခပ်ဟဟ ရယ်မောလိုက်၏။
သူ၏ ရှေ့မှ လူမိုက်ကြီးမှာ ကောင်းကင်ဘုံလူသား အဆင့် (၁) လွှာ မျှသာ ရှိရာ... ဖုန်းဝူချန် အနေဖြင့် အပ်ဖျားခန့်မျှပင် ဂရုမစိုက်ချေ။
'ဒုက္ခပဲ... ညီလေးဖုန်း ပြဿနာ တက်တော့မယ်'
မလှမ်းမကမ်းတွင် ရှိနေသော ကူတင့် မှာ ဖုန်းဝူချန် ၏ အခြေအနေကို မြင်ပြီး စိုးရိမ်တကြီး ဖြစ်သွားရတော့၏။
သို့သော် ထိုလူမိုက်ကြီးမှာ ကျောက်ဟိုင်ယွင် ၏ လူ ဖြစ်နေသဖြင့်... အကယ်၍ သူသာ ဝင်ပါလိုက်ပါက ကျောက်ဟိုင်ယွင် နှင့် ပြဿနာတက်ကာ သူတို့ပါ ဒုက္ခရောက်သွားနိုင်သည်။
"နည်းနည်းလောက် တိတ်တိတ် နေလို့ မရဘူးလား။ မကျင့်ကြံဘူး ဆိုရင်လည်း ထွက်သွားကြစမ်း။ တခြားလူတွေကို အနှောင့်အယှက် မပေးနဲ့"
ထိုအခိုက်တွင်... ရိုသေလေးစားဖွယ် ကောင်းလှသော အိုမင်းသည့် အသံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေတော့၏။
"ဆရာကြီးဟယ် ပါလား"
ထိုအသံကို ကြားလိုက်ရသည်နှင့် လူမိုက်ကြီး ၏ မျက်နှာ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားသည်။
"သခင်လေးကျောက်... ခင်ဗျားရဲ့ လူတွေကို နည်းနည်းပါးပါး ထိန်းချုပ်ထားလို့ မရဘူးလား"
ဆရာကြီးဟယ် ၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဆရာကြီးဟယ် သည် အဆင့် (၆) လက်နက်သွန်းလုပ်သူ တစ်ဦး ဖြစ်ပြီး အလွန်တရာ မြင့်မားသော အဆင့်အတန်း ရှိသူ ဖြစ်၏။ ထို့ကြောင့် သူ တစ်ဦးတည်းသာ ဝင်ရောက် ပြောဆိုရဲပြီး အခြားသူများမှာမူ ဝင်ပါရန် အပ်ဖျားခန့်မျှ မဝံ့ရဲကြချေ။
ထိုစကားကို ကြားသောအခါ ကျောက်ဟိုင်ယွင် က ဂူ၏ အနောက်ဘက်ဆုံးတွင် ထိုင်နေသော အဘိုးအို တစ်ဦးကို လှမ်းကြည့်လိုက်ပြီး...
"ဆရာကြီးဟယ် ရဲ့ ကျင့်ကြံခြင်းကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့... ခဏလေးလောက်တော့ သည်းခံပေးပါ။ ဒီကိစ္စကို ချက်ချင်း ရှင်းလင်းလိုက်ပါ့မယ်"
ကျောက်ဟိုင်ယွင် ၏ လေသံမှာ အလွန်အမင်း မယဉ်ကျေးနေသကဲ့သို့ မောက်မာလွန်းနေခြင်းလည်း မရှိချေ။ ဆရာကြီးဟယ် ကို မစော်ကားရဲသော်ငြားလည်း အနည်းငယ်မျှ မကြောက်နေပေ။
စကားဆုံးသည်နှင့် ကျောက်ဟိုင်ယွင် ၏ ရက်စက်သော အကြည့်များက ဖုန်းဝူချန် ထံသို့ ခြိမ်းခြောက်သည့်ဟန်ဖြင့် စူးစိုက်ကျရောက်သွားတော့၏။
"ခွေးကောင်လေး... အခုချက်ချင်း လစ်လိုက်စမ်း။ မဟုတ်ရင် မင်း အသက်ကို အာမမခံဘူးနော်"
လူမိုက်ကြီးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဖုန်းဝူချန် ကို ဟိန်းဟောက်လိုက်သည်။
"မင်းသာ လစ်လိုက်စမ်းပါ"
ဖုန်းဝူချန် က ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
ဖုန်းဝူချန် ၏ စကားကြောင့် လူမိုက်ကြီးမှာ ခေတ္တမျှ ကြောင်အသွားပြီး... သူ၏ နားကိုပင် သူ မယုံနိုင်အောင် ဖြစ်သွားရ၏။
ကျောက်ဟိုင်ယွင် ပင်လျှင် အံ့အားသင့်သွားတော့၏။
ကျင့်ကြံနေကြသော သူများ အားလုံးလည်း မျက်လုံးများ ပွင့်လာကြပြီး... ဖုန်းဝူချန် ကို မယုံကြည်နိုင်စွာဖြင့် ဝိုင်းကြည့်နေကြ၏။
ဒီကောင်လေးက ဘယ်ကများ သတ္တိတွေ ရလာတာလဲ။ သေချင်နေတာလား။
လူတိုင်းက ဖုန်းဝူချန် ၏ သတ္တိကို စိတ်ထဲမှ လေးစားမိကြသော်လည်း... သူ၏ ကံကြမ္မာအတွက်မူ မည်သူကမျှ အကောင်း မမြင်ရဲကြချေ။
ဆရာကြီးဟယ် ပင်လျှင် ဖုန်းဝူချန် ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး... သူ၏ ရဲရင့်မှုကို အတော်လေး အံ့အားသင့်သွားပုံ ရ၏။
'ညီလေးဖုန်း က အရမ်း စိတ်လိုက်မာပါ လုပ်တာပဲ'
ကူတင့် မှာ အလွန်အမင်း စိုးရိမ်နေသော်လည်း ရိုရွှေ ပါ ရှိနေသဖြင့် ဝင်မကူညီရဲဘဲ ဖြစ်နေရှာသည်။
"သူ့ကို သတ်ပစ်လိုက်"
ကျောက်ဟိုင်ယွင် က အေးစက်စွာ အမိန့်ပေးလိုက်၏။ သူ၏ ရှေ့တွင် မောက်မာရဲသူ မှန်သမျှ သေလမ်းရှာခြင်းသာ။
အမိန့်ရသည်နှင့် လူမိုက်ကြီးသည် သူ၏ အစစ်အမှန်ယွမ်များကို လှုံ့ဆော်လိုက်ပြီး... ဖုန်းဝူချန် ၏ မျက်နှာဆီသို့ အကြင်နာ ကင်းမဲ့စွာ လက်သီးဖြင့် ထိုးချလိုက်လေတော့၏။ ကြောက်မက်ဖွယ် လက်သီးအဟုန်ကြောင့် ပတ်ဝန်းကျင်ရှိ မီးစွမ်းအင်များပင် လွင့်စင်သွားရသည်။
ဖုန်းဝူချန် ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ တဖျတ်ဖျတ် လက်သွားပြီး... ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင်...
"ဝှစ်..."
"ဘုန်း..."
လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လူမိုက်ကြီး၏ လက်သီးကို ဝင်ရောက် တားဆီးလိုက်လေ၏။ 'ဘုန်း' ခနဲ မြည်သံကြီးနှင့်အတူ ကြောက်မက်ဖွယ် ခွန်အားကြီးကြောင့် လူမိုက်ကြီးမှာ နောက်သို့ လွင့်ထွက်သွားပြီး ဂူ၏ ကျောက်နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွားတော့သည်။
ဝင်ရောက် ကူညီလိုက်သူမှာ အခြားသူ မဟုတ်... ကောင်းကင်ဘုံလူသား အဆင့် (၃) လွှာ ပညာရှင် ကူတင့် ပင် ဖြစ်၏။
"ညီလေးဖုန်း... သွားကြစို့"
ကူတင့် က ဖုန်းဝူချန် ၏ လက်ကို ဆွဲကာ ဂူအပြင်ဘက်သို့ အပြေးအလွှား ထွက်ပြေးသွားတော့၏။
"ကူတင့်"
ကျောက်ဟိုင်ယွင် ၏ မျက်နှာမှာ လုံးဝ မှောင်မိုက်သွားပြီး...
"ရန်သူတွေက လမ်းကျဉ်းကျဉ်းလေးမှာ လာဆုံကြတာပဲ။ မင်းကိုယ်မင်း သေတွင်းထဲ လာပို့မယ်လို့ ငါ မထင်ထားဘူး။ ဒီနေ့ မင်း ဘယ်ကို ပြေးနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့" ဟု ဒေါသတကြီး မှတ်ချက်ချလိုက်၏။
စကားဆုံးသည်နှင့် ကျောက်ဟိုင်ယွင် ၏ ပုံရိပ်မှာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး... အခြားသော လူမိုက်များကလည်း နောက်မှ အပြေးအလွှား လိုက်ပါသွားကြတော့၏။
"ဟိုကောင်လေးက ဘယ်သူလဲ... ရူးနေတာလား။ သခင်လေးကျောက် ကိုတောင် သွားစော်ကားရဲတယ်"
"မြန်မြန် သွားကြည့်ကြရအောင်... အဲဒီကောင်လေးကတော့ သေချာပေါက် သေပြီ။ အခု ကူတင့် ပါ ဝင်ပါလာပြီဆိုတော့..."
"ကူတင့် လည်း သေလမ်း သွားရှာတာပဲ"
ဂူအတွင်းရှိ ကျင့်ကြံသူများ အားလုံး အချင်းချင်း တီးတိုး ပြောဆိုနေကြပြီး... ပွဲကြည့်ရန်အတွက် ဂူအပြင်ဘက်သို့ အပြေးအလွှား ထွက်လာကြလေတော့သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ဂူအပြင်ဘက်၌... ကျောက်ဟိုင်ယွင် သည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပုံရိပ်ယောင် ရာပေါင်းများစွာ ဖန်တီးကာ လိုက်လံ ဖမ်းဆီးနေလေ၏။ မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်းမှာပင် ကူတင့် ကို ပိတ်ဆို့ ဟန့်တားလိုက်နိုင်တော့သည်။
လျှို့ဝှက် မီးတောက် ဂူ အပြင်ဘက်ရှိ ကျင့်ကြံသူများ အားလုံးလည်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြပြီး... ကျောက်ဟိုင်ယွင် ကို မည်သူက သွားရောက် စော်ကားမိသနည်း ဟု သိချင်စိတ် ပြင်းပြနေကြ၏။
"ပြေးလို့ လွတ်မယ် ထင်နေတာလား"
ကျောက်ဟိုင်ယွင် က မောက်မာစွာဖြင့် မေးလိုက်၏။
ကျောက်ဟိုင်ယွင် သည် ကောင်းကင်ဘုံလူသား အဆင့် (၄) လွှာ ပညာရှင် ဖြစ်သကဲ့သို့... ကိုယ်ဖော့ပညာတွင်လည်း အထူး ကျွမ်းကျင်သူ ဖြစ်ရာ၊ သူ၏ အမြန်နှုန်းမှာ အလွန်တရာမှ နာမည်ကြီးလှ၏။
ကူတင့် မှာ သူထက် အဆင့် တစ်ဆင့် နိမ့်ကျနေသဖြင့်... ကျောက်ဟိုင်ယွင် ၏ လက်တွင်းမှ လွတ်မြောက်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
"ကူတင့်... ရိုရွှေ ဆိုတဲ့ ကောင်မလေး ဘယ်မှာလဲ။ သူ့ကို ငါ့ဆီ အပ်မယ်ဆိုရင် မင်း အသက်ကိုတော့ ချမ်းသာပေးမယ်"
ကျောက်ဟိုင်ယွင် က အေးစက်စွာ တောင်းဆိုလိုက်၏။ လွန်ခဲ့သော ပြဿနာကို သူ အညှိုးထားနေဆဲ ဖြစ်ကြောင်း သိသာလှ၏။
"ညီလေးဖုန်း... မင်း အရင် သွားနှင့်တော့"
ကူတင့် က တည်ကြည်လေးနက် စွာဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီး ကူတင့်... ကျွန်တော့်အတွက်နဲ့ ခင်ဗျား ဘာလို့ ဒီလောက် အန္တရာယ်ခံနေရတာလဲ"
ဖုန်းဝူချန် က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ တစ်ခါသာ တွေ့ဖူးသော သူ့အတွက် ကူတင့် က အသက်စွန့်၍ ကယ်တင်ပေးလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
"ကျောက်ဟိုင်ယွင် တို့ အဖွဲ့ လူတွေကို အနိုင်ကျင့်နေတာ ငါ ကြည့်မနေနိုင်လို့ပါကွာ။ ညီလေးဖုန်း... မြန်မြန် သွားတော့"
ကူတင့် က အတင်းအကျပ် တိုက်တွန်းလိုက်၏။
"ဟွန်း... သေချင်နေတာပဲ"
ကျောက်ဟိုင်ယွင် က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ... ကောင်းကင်ဘုံလူသား အဆင့် (၄) လွှာ ၏ ကြောက်မက်ဖွယ် စွမ်းအားကြီး ပေါက်ကွဲထွက်လာပြီး၊ သူ၏ အရှိန်အဝါမှာ အလွန်တရာ ကြမ်းတမ်း ရက်စက်လှသည်။
"ဝုန်း..."
"ဝီ... ဝီ..."
ကျောက်ဟိုင်ယွင် လေဟာနယ်ကို နင်းလိုက်သည်နှင့် ဟိန်းညံသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး... ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးဝင်လာတော့၏။ သူ၏ ကြီးမားလှသော စွမ်းအားများကြောင့် လေဟာနယ် တစ်ခုလုံးပင် ပြင်းထန်စွာ တုန်ခါသွားရသည်။
ကူတင့် ကလည်း အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် လှံရှည်ကြီးကို ဆွဲထုတ်လိုက်ပြီး... အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ တိုက်ပွဲဝင်ရန် ပြင်လိုက်တော့သည်။
"ကူတင့်... ပြီးခဲ့တဲ့ အကြိမ်က မင်း ကံကောင်းလို့ လွတ်သွားတာ။ ဒါပေမဲ့ ဒီတစ်ခါတော့ မင်း ကံကုန်ပြီပဲ။ မင်းကို သတ်လိုက်ရင်... ဟိုကောင်မလေး ရိုရွှေ လည်း ထွက်လာမှာပဲလေ"
ကျောက်ဟိုင်ယွင် က အေးစက်စွာ ပြောလိုက်၏။ သူ၏ ခြောက်ခြားဖွယ် လေသံက ကြားရသူတိုင်းကို ကျောချမ်းသွားစေတော့သည်။