~ကျောက်ဟိုင်ယွင် ၏ အမြန်နှုန်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထျန်းယွမ်ဘုံ အဆင့် (၆) လွှာ မျှသာ ရှိသေးသော ရိုရွှေ အနေဖြင့် ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်ချေ။
"ခွေးမလေး... ဒီညတော့ နင် ငါ့ကို ကောင်းကောင်းကြီး ပြုစုပေးရမယ် သိလား"
ကျောက်ဟိုင်ယွင် ရုတ်တရက် ရောက်လာပြီး... သူ၏ မျက်နှာပေါ်တွင် ကောက်ကျစ်ပြီး ရမ္မက်ခိုးများ ပြည့်နှက်နေသော အပြုံးကြီးတစ်ခု ပေါ်လွင်နေလေ၏။
"ဝှစ်..."
"ဒိုင်း..."
"ဝီ... ဝီ..."
ထိုအခိုက်အတန့်၌... ဖုန်းဝူချန် ၏ ပုံရိပ်က လျှပ်တစ်ပြက် ဝင်ရောက်လာပြီး သူ၏ လက်သီးက လေကိုခွင်းကာ ပေါက်ကွဲထွက်လာတော့သည်။ ကျောက်ဟိုင်ယွင် ၏ လက်သည်းချက်များကို သူက တည့်တည့်မတ်မတ် ဝင်ရောက် ပိတ်ဆို့လိုက်၏။ လက်သီးအဟုန်ကြောင့် ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး တုန်ခါသွားပြီး... ကြမ်းတမ်းလှသော လေမုန်တိုင်းများက အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ လိမ့်ဆင်းသွားလေတော့သည်။
"ငါ ဒီမှာ ရှိနေတာကိုများ မေ့နေတာလား"
ကျောက်ဟိုင်ယွင် ၏ တိုက်ခိုက်မှုကို အလွယ်တကူ ကာကွယ်လိုက်ရင်း ဖုန်းဝူချန် က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
"ခွေးကောင်လေး... မင်းကများ လူစွမ်းကောင်း ဝင်လုပ်ချင်နေတာလား။ မင်းက ငါ့ကို တားနိုင်မယ် ထင်နေတာလား။ ကောင်းပြီလေ... ဒီနေ့ မင်း ဘယ်လောက်စွမ်းလဲ ဆိုတာ ငါ ကြည့်ရသေးတာပေါ့"
ကျောက်ဟိုင်ယွင် ၏ မျက်နှာမှာ လုံးဝ မှောင်မိုက်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ပြောပြောဆိုဆိုပင် ကျောက်ဟိုင်ယွင် ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြန်သည်။ သူ၏ အမြန်နှုန်းက ယခင်ကထက်ပင် ပိုမို ကြောက်စရာ ကောင်းလာသည်။
"ဝုန်း..."
ကျောက်ဟိုင်ယွင် က ရိုရွှေ ၏ ဘယ်ဘက်ခြမ်းသို့ လျှပ်တစ်ပြက် ရောက်လာပြီး ဖမ်းဆွဲရန် လက်လှမ်းလိုက်လေ၏။ သို့သော် ထို မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်းမှာပင်... ဖုန်းဝူချန် က ရောက်ရှိလာပြန်သည်။ 'ဝုန်း' ခနဲ မြည်သံကြီးနှင့်အတူ ကျောက်ဟိုင်ယွင် ၏ တိုက်ခိုက်မှု နောက်တစ်ကြိမ် ထပ်မံ ပိတ်ဆို့ခံလိုက်ရပြန်တော့သည်။
"ဟင်..."
ကျောက်ဟိုင်ယွင် ၏ မျက်မှောင်များ တွန့်ချိုးသွား၏။ ဖုန်းဝူချန် ၏ မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှသော အမြန်နှုန်းကြောင့် သူ၏ ရင်ထဲတွင် အကြီးအကျယ် အံ့အားသင့်သွားရ၏။
"ကြည့်ရတာ... ငါ တားနိုင်သွားပြီ ထင်တယ်နော်"
ဖုန်းဝူချန် က ခပ်ဟဟ လှောင်ပြုံးလေး ပြုံးရင်း ဆိုလိုက်၏။
"ဝှစ်... ဝှစ်... ဝှစ်..."
"ဝုန်း... ဝုန်း... ဝုန်း..."
ကျောက်ဟိုင်ယွင် က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး၊ ကိုယ်ဖော့ပညာကို အစွမ်းကုန် အသုံးပြုကာ ရိုရွှေ ၏ ပတ်ပတ်လည်တွင် ရပ်တန့်ခြင်းမရှိ ပုံရိပ်ယောင်များ ဖန်တီး၍ တိုက်ခိုက်နေတော့သည်။ သို့သော် သူ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ... သူ မည်သည့်ဘက်မှ ဝင်ရောက် တိုက်ခိုက်သည်ဖြစ်စေ၊ ဖုန်းဝူချန် က အမြဲတမ်း အတိအကျ ဝင်ရောက် ပိတ်ဆို့နိုင်နေခြင်းပင် ဖြစ်၏။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျောက်ဟိုင်ယွင် မှာ အစွန်းရောက်အောင် အံ့အားသင့်သွားရ၏။ သူ၏ အစွမ်းကုန် ထုတ်ဖော်ထားသော အမြန်နှုန်းသည် ဖိနှိပ်ခံလိုက်ရသည် မဟုတ်ပါလော။
ကျောက်ဟိုင်ယွင် သည် မိမိ၏ အမြန်နှုန်းကို အမြဲတမ်း ဂုဏ်ယူဝင့်ကြွားနေခဲ့သူ ဖြစ်သည်။ သူ၏ ကိုယ်ဖော့ပညာမှာ ပြိုင်ဘက်ကင်းလှပြီး၊ သူ့အမြန်နှုန်းအပေါ် သူ အကြွင်းမဲ့ ယုံကြည်မှု ရှိထား၏။
ယခု ဖုန်းဝူချန် နှင့် ရင်ဆိုင်ရသောအခါ... ကျောက်ဟိုင်ယွင် ၏ ယုံကြည်မှုများ အကြီးအကျယ် ထိခိုက်သွားရတော့သည်။
အကြောင်းမှာတော့... ဖုန်းဝူချန် သည် အစစ်အမှန်ယွမ် ကိုပင် မသုံးရသေးဘဲ သူ၏ အမြန်နှုန်းကို လုံးဝ ဖိနှိပ်ထားနိုင်ခြင်းကြောင့်ပင် ဖြစ်၏။ ထိုအချက်ကို ကျောက်ဟိုင်ယွင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
"မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ကျောက်ဟိုင်ယွင် က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ စိတ်ထဲတွင် ရူးသွပ်မတတ် ဖြစ်လာပြီး... သူ၏ အမြန်နှုန်းက ဖုန်းဝူချန် အောက် နိမ့်ကျနေသည် ဆိုသည်ကို သူ လုံးဝ လက်မခံနိုင်ချေ။
ရိုရွှေ မှာမူ ဖုန်းဝူချန် ကို ကြောင်အစွာဖြင့် ငေးကြည့်နေမိသည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေတော့၏။
"ညီလေးဖုန်း ရဲ့ ခွန်အားက ကျောက်ဟိုင်ယွင် ကိုတောင် ဖိနှိပ်ထားနိုင်ပါလား"
ဒဏ်ရာရနေသော ကူတင့် မှာလည်း ကျောက်ရုပ်ကြီးပမာ မှင်သက်နေပြီး... သူ၏ ဒဏ်ရာမှ နာကျင်မှုများကိုပင် လုံးဝ မေ့လျော့သွားခဲ့သည်။
အရှုံးမပေးလိုသော ကျောက်ဟိုင်ယွင် သည် ရူးသွပ်စွာ ဆက်လက် တိုက်ခိုက်နေဆဲပင်။ သို့သော် ဖုန်းဝူချန် သည် ကျောက်ဟိုင်ယွင် ၏ ဝမ်းဗိုက်ထဲမှ သန်ကောင် တစ်ကောင်ပမာ၊ သူ မည်သည့် လမ်းကြောင်းမှ ဝင်ရောက် တိုက်ခိုက်သည်ဖြစ်စေ ဖုန်းဝူချန် က အတိအကျ ကြိုတင် ခန့်မှန်းပြီး လျှပ်တစ်ပြက် ကာကွယ်နိုင်နေတော့၏။
"အရမ်း... အရမ်း အစွမ်းထက်တာပဲ... သခင်လေးကျောက် က သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး"
"ဒီကောင်လေး က ထျန်းကျီဘုံ ပညာရှင်များ ဖြစ်နေမလား။ သူက အစစ်အမှန်ယွမ် ကိုတောင် မသုံးရသေးဘဲ သခင်လေးကျောက် ကို လွှမ်းမိုးထားနိုင်တယ် ဆိုတော့... တကယ်ကို ကြောက်စရာကြီးပဲ"
"အခုမှ စဉ်းစားကြည့်မိတယ်... စောစောက လူမိုက် (၇) ယောက် ဘယ်လိုများ အပြင်းအထန် ဒဏ်ရာရသွားတာလဲ။ ငါတို့ ဘာမှတောင် သေချာ မမြင်လိုက်ရဘူးလေ"
"ငါတို့ အားလုံး အထင်မှားခဲ့ကြတာပဲ... ဒီကောင်လေး က သေလမ်း သွားရှာနေတာ မဟုတ်ဘူး။ သူက သခင်လေးကျောက် ကို သူ့မျက်စိထဲတောင် မထည့်ထားတာကိုး"
ဖုန်းဝူချန် ထုတ်ဖော်ပြသလိုက်သော ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ... လျှို့ဝှက် မီးတောက် ဂူ မှ ကျင့်ကြံသူများ အားလုံး အံ့အားသင့် မှင်သက်သွားကြလေတော့သည်။
"ခွေးကောင်လေး..."
ကျောက်ဟိုင်ယွင် ၏ မျက်နှာမှာ ရက်စက်စွာ ပုံပျက်သွား၏။ ဤသို့ အနှောင့်အယှက် ပေးခံရပြီး အရှက်ခွဲခံရခြင်းက သူ့အတွက် သေရသည်ထက်ပင် ပို၍ နာကျင်စေ၏။
ကြောက်မက်ဖွယ် စွမ်းအားကြီး တစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ကျောက်ဟိုင်ယွင် သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ... ရိုရွှေ ကို ဖမ်းဆီးရန် အစီအစဉ်ကို စွန့်လွှတ်ကာ ရူးသွပ်စွာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
သူ၏ အမြန်နှုန်းက ဖုန်းဝူချန် ကို မယှဉ်နိုင်လျှင်တောင်မှ... သူ၏ သိုင်းကွက်များက ဖုန်းဝူချန် ထက် မသာလွန်နိုင်ဘူး ဆိုသည်ကို သူ လုံးဝ မယုံကြည်ချေ။
ရူးသွပ်လုမတတ် ဖြစ်နေသော ကျောက်ဟိုင်ယွင် ကို ကြည့်ရင်း... ဖုန်းဝူချန် က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး၊
"မင်းရဲ့ ခွန်အားက သိပ်အားနည်းလွန်းတယ်။ ဒီလောက်နဲ့ပဲ ရပ်လိုက်ဖို့ ငါ အကြံပေးချင်တယ်"
ထိုစကားကို ကြားလိုက်ရသောအခါ... ကျောက်ဟိုင်ယွင် ၏ ရုပ်ဆိုး အကျည်းတန်နေသော မျက်နှာကြီးမှာ ရုတ်ချည်း တောင့်တင်းသွားတော့၏။
သူက အားနည်းလွန်းတယ် တဲ့လား။
ကျောက်ဟိုင်ယွင် သည် သူ၏ နားကိုပင် သူ မယုံနိုင်အောင် ဖြစ်သွားရသကဲ့သို့... ဖုန်းဝူချန် က သူ့ကို ဤမျှ လွယ်လွယ်ကူကူ အထင်သေး ရဲလိမ့်မည်ဟုလည်း လုံးဝ ထင်မှတ်မထားခဲ့ချေ။
တစ်ခဏအတွင်းမှာပင် လျှို့ဝှက် မီးတောက် ဂူ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
လူတိုင်းက ဖုန်းဝူချန် ၏ စကားများမှာ အလွန်တရာ မောက်မာလွန်းသည်ဟု ထင်မြင်နေကြပုံ ရ၏။
ကျောက်ဟိုင်ယွင် သည် လူငယ် ပါရမီရှင် တစ်ဦး မဟုတ်သော်ငြားလည်း၊ သူ၏ ခွန်အားမှာ အလွန် အစွမ်းထက်လှရာ... မည်သည့် လူငယ် ပါရမီရှင် ကမျှ သူ့ကို အလွယ်တကူ ခြေမဆေးရဲကြချေ။
"အား..."
ရင်ထဲမှ ဒေါသမီးတောက်ကြီး ဟုန်းခနဲ တောက်လောင်လာပြီး... ကျောက်ဟိုင်ယွင် သည် ကောင်းကင်သို့ မော့ကာ အသံကုန် ဟိန်းဟောက်လိုက်သည်။ သူ၏ ကြမ်းတမ်းသော အရှိန်အဝါများက ရူးသွပ်စွာ လှည့်ပတ်သွားပြီး၊ သူ၏ သတ်ဖြတ်လိုစိတ်များက ကောင်းကင်ယံအထိ ထိုးတက်သွားတော့၏။
သူ၏ ဒေါသတရားများနှင့်အတူ ကျောက်ဟိုင်ယွင် ၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြန်သည်။
"မြေကမ္ဘာအဆင့် အနိမ့်စား သိုင်းကွက်... ချန်ခွင်း ဆန်းကြယ် ရေခဲ ဓားသွား"
ကျောက်ဟိုင်ယွင် က ရုတ်တရက် အော်ဟစ်လိုက်ပြီး၊ သူ၏ လက်များက ဆန်းကြယ်သော လက်ဟန် ရေးဆွဲလိုက်ရာ... ကြောက်မက်ဖွယ် ကောင်းလှသော ရေခဲစွမ်းအင်ကြီး တစ်ခု ထွက်ပေါ်လာလေတော့သည်။
အရိုးကွဲမတတ် အေးစက်လှသော အအေးဓာတ်ကြီးက အရပ်မျက်နှာ အသီးသီးသို့ ရိုက်ခတ်သွား၏။ ၎င်း ဖြတ်သန်းသွားရာ လေဟာနယ် တစ်ခုလုံး ရေခဲများအဖြစ် အေးခဲသွားကာ... မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးသို့ ကျယ်ပြန့်လာတော့သည်။
"ညီလေးဖုန်း... သတိထား"
ကျောက်ဟိုင်ယွင် ၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့်... အဝေးမှနေ၍ ကူတင့် က စိုးရိမ်တကြီး အော်ဟစ် သတိပေးလိုက်၏။
ကျောက်ဟိုင်ယွင် သည် သူ၏ အစွမ်းကုန် ခွန်အားများကို ထုတ်ဖော်ကာ အစွမ်းအထက်ဆုံး သိုင်းကွက်ကို ပစ်လွှတ်လိုက်၏။ ပေရာပေါင်းများစွာ ကြီးမားသော ဧရာမ ရေခဲဓားသွားကြီး တစ်ခုက ကောင်းကင်နှင့် မြေကြီးကိုပင် ဖောက်ထွင်းသွားမတတ် အရှိန်အဟုန်ဖြင့် တဟုန်ထိုး ပြေးထွက်လာတော့၏။ လေကို ခွင်းသွားသော အသံကြီးကြောင့် လျှို့ဝှက် မီးတောက် ဂူ မှ လူများမှာ နားများကိုပင် လက်ဖြင့် ပိတ်ထားကြရသည်။
မြေကမ္ဘာအဆင့် သိုင်းကွက် ၏ စွမ်းအားမှာ ယုံမှားဖွယ်မရှိ အလွန်တရာ အံ့မခန်း ဖြစ်၏။
ထိုကြောက်မက်ဖွယ် စွမ်းအင်ကြီး ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသောအခါ... လျှို့ဝှက် မီးတောက် ဂူ မှ ကျင့်ကြံသူများ အားလုံး၏ နှလုံးသားများမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားကြရတော့၏။
သို့ဖြစ်သော်ငြားလည်း၊ ဤမျှ ကြမ်းတမ်းသော မြေကမ္ဘာအဆင့် သိုင်းကွက်ကြီးကို ရင်ဆိုင်ရသည့်တိုင်... ဖုန်းဝူချန် သည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ ရုပ်တုကြီးပမာ မတ်မတ် ရပ်နေဆဲပင် ဖြစ်သည်။ သူ၏ မျက်နှာ အမူအရာမှာလည်း အပ်ဖျားခန့်မျှ ပြောင်းလဲခြင်း မရှိချေ။
"မြန်မြန် ရှောင်လိုက်လေ..."
ဖုန်းဝူချန် မတုန်မလှုပ် ရပ်နေသည်ကို မြင်သောအခါ... ရိုရွှေ ၏ ရင်ထဲတွင် အပူမီးများ တောက်လောင်လာပြီး လက်ဖဝါးများပင် ချွေးပြန်လာတော့၏။
ကူတင့် မှာလည်း ထိုနည်းတူပင်။ ဖုန်းဝူချန် ကို စိုးရိမ်တကြီးဖြင့် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေမိသည်။
ဖုန်းဝူချန် ဤသို့ ငြိမ်သက်နေခြင်းက လူတိုင်းကို ရင်တမမ ဖြစ်သွားစေခဲ့ပြီ ဖြစ်၏။
ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းဝူချန် သည် မရှောင်တိမ်းချေ။ ကြောက်မက်ဖွယ် ရေခဲဓားသွားကြီးက သူ့ထံသို့ အကြင်နာ ကင်းမဲ့စွာ ဝင်ရောက် ရိုက်ခတ်သွား၏။
ဧရာမ ရေခဲဓားသွားကြီးမှာ တောင်ကြီး တစ်လုံး ပြိုကျလာသည့်အလား ပေါက်ကွဲထွက်သွားပြီး... ရွှမ်ဟော့ တောင်တန်း တစ်ခုလုံးကို နောက်တစ်ကြိမ် ထပ်မံ လွှမ်းခြုံသွားကာ လေဟာနယ်နှင့် တောင်တန်းများပင် ပြင်းထန်စွာ တုန်လှုပ်သွားတော့၏။
"ညီလေးဖုန်း"
ကူတင့် မှာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ အသံကုန် အော်ဟစ်လိုက်သော်လည်း... ကြောက်မက်ဖွယ် စွမ်းအားများကြောင့် အနားသို့ ကပ်ရန် လုံးဝ မဖြစ်နိုင်ခဲ့ချေ။
"ဟိုကောင်လေး မရှောင်လိုက်ဘူးဟေ့"
လျှို့ဝှက် မီးတောက် ဂူ မှ လူများ အားလုံး အလန့်တကြား အော်ဟစ်လိုက်ကြသည်။
"ငါ့ကို အထင်သေးရဲသေးတယ်ပေါ့။ ငါ့ရဲ့ မြေကမ္ဘာအဆင့် သိုင်းကွက် ကို အလှပြထားတယ်လို့များ ထင်နေတာလား။ သေလမ်းကို ကိုယ်တိုင် သွားရှာတာပဲ"
ကျောက်ဟိုင်ယွင် က မဲ့ပြုံး ပြုံး ရင်း ရက်စက်စွာ မှတ်ချက်ချလိုက်၏။ ဖုန်းဝူချန် ၏ မထီမဲ့မြင် ပြုမှုများကြောင့် သူ၏ အဆုတ်များပင် ပေါက်ကွဲထွက်မတတ် ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။
လူတိုင်း၏ အကြည့်များက ပေါက်ကွဲမှု၏ ဗဟိုချက်ဆီသို့သာ စူးစိုက်ကျရောက်နေပြီး... လက်ရှိ အခြေအနေကို မည်သူကမျှ မသိရှိကြသေးချေ။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်နှင့်အမျှ... ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ လေဟာနယ်ကြီးမှာလည်း ပိုမို ငြိမ်သက်လာလေ၏။ အားလုံးက တင်းမာသော အမူအရာများဖြင့် ကောင်းကင်ယံကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြတော့သည်။
အကြောင်းမူကား... ဝေဝါးသော လူရိပ်တစ်ခုကို လူတိုင်း မြင်တွေ့လိုက်ရသောကြောင့်ပင်။
ထိုလူရိပ်မှာ ဖုန်းဝူချန် ပင် ဖြစ်၏။
ဖုန်းဝူချန် ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောအခါ... လူတိုင်း၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း ပြူးကျယ်သွားကြပြီး၊ အံ့အားသင့်မှုများနှင့် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေတော့သည်။
"သူ... သူ အသက်ရှင်နေသေးတယ်... မသေသေးဘူး"
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
"ဒဏ်ရာ တစ်စက်လေးတောင် မရဘူးလား။ ဟိုကောင်လေးက တကယ်ကြီး ဘာမှ မဖြစ်ဘူးဟေ့။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါ... ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်။ အဲဒီ ကောင်လေး က မရှောင်ဘဲ နေတာတောင်မှ ဘာဒဏ်ရာမှ မရဘူးတဲ့လား"
တစ်ခဏအတွင်းမှာပင် ရွှမ်ဟော့ တောင်တန်း တစ်ခုလုံး ရေနွေးအိုး ပွက်ပွက်ဆူသည့်အလား ဆူညံပွက်လောရိုက် သွားတော့၏။
ရိုရွှေ နှင့် ကူတင့် တို့မှာလည်း အစွန်းရောက်အောင် အံ့အားသင့် သွားကြပြီး... သူတို့၏ ရင်ထဲတွင် ကြီးမားလှသော လှိုင်းတံပိုးကြီးများ ရိုက်ခတ်သွားသည့်အလား ခံစားလိုက်ကြရသည်။
ကျောက်ဟိုင်ယွင် ၏ ခန္ဓာကိုယ် တစ်ခုလုံး အံ့အားသင့်မှုကြောင့် တဆတ်ဆတ် တုန်ယင်နေတော့၏။
၎င်းမှာ သူ၏ အစွမ်းအထက်ဆုံး သိုင်းကွက် ဖြစ်ပြီး သူ၏ အစွမ်းကုန် ခွန်အားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့တိုင်အောင် ဖုန်းဝူချန် မှာ ခြစ်ရာလို ဒဏ်ရာပင် မရရှိခဲ့ချေ။
"အစ်ကို... အစ်ကိုကြီး ကူတင့်... ဖုန်းဝူချန်.အရမ်းကို စွမ်းတာပဲ"
ရိုရွှေ ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး ဖုန်းဝူချန် ကို ကြည့်ကာ ပြောလိုက်လေသည်။ သူမ၏ လေသံမှာ တုန်ယင်နေပြီး မိစ္ဆာ တစ်ကောင်ကို မြင်လိုက်ရသည့်အလား ထိတ်လန့်နေတော့၏။