~"နောက်ထပ် ဘယ်သူကျန်သေးလဲ"
အေးစက်စက် အသံလေး သုံးခွန်းက ဖုန်းဝူချန် ၏ လွှမ်းမိုးနိုင်စွမ်း ရှိသော ဟန်ပန်ကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်၏။
ဖုန်းဝူချန် ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေသော်ငြားလည်း၊ ထိုနေရာတွင် ရှိနေသော သူရဲကောင်း အားလုံးကို ဖိနှိပ်ထားနိုင်သည့် အငွေ့အသက်များက သူ၏ ကိုယ်မှ ထွက်ပေါ်နေတော့သည်။
လက်သီး တစ်ချက်တည်းဖြင့် ကောင်းကင်ဘုံလူသား အဆင့် (၇) လွှာ ပညာရှင် တစ်ဦးကို အရေးနိမ့်သွားစေခဲ့ခြင်းက၊ အလွန်တရာမှ ကြမ်းတမ်း ရက်စက်လွန်းလှရာ ပတ်ဝန်းကျင်ရှိ လူတိုင်းကို အကြီးအကျယ် လန့်ဖြန့်သွားစေခဲ့ပြီ ဖြစ်၏။
တစ်ကွင်းလုံး သေမင်းတမန် တိတ်ဆိတ်ခြင်း သို့ ရောက်ရှိသွားပြီး မည်သူကမျှ ပြန်လည် မတုံ့ပြန်ရဲကြတော့ချေ။
ကျောက်မိသားစု မှ အကြီးအကဲများ ၏ မျက်နှာများပေါ်တွင်လည်း ထိတ်လန့် ကြောက်ရွံ့မှုများနှင့်အတူ မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေကြလေ၏။
ကျောက်ယွင်ဖေး ကို လက်သီး တစ်ချက်တည်းဖြင့် အရေးနိမ့်သွားစေခဲ့ရာတွင်... ဖုန်းဝူချန် သည် အစစ်အမှန်ယွမ် ကို မသုံးခဲ့ဘဲ၊ သူ၏ ရုပ်ခန္ဓာ ၏ ခွန်အား သက်သက်ဖြင့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဖုန်းဝူချန် ၏ တကယ့် ကျင့်ကြံခြင်း အဆင့်က မည်မျှအထိ နက်နဲနေမည်နည်း။
ဤအခိုက်အတန့်၌ ရွှမ်ဟော့ တောင်တန်း ပေါ်ရှိ မည်သူကမျှ ဖုန်းဝူချန် ကို အလွယ်တကူ သွေးတိုး မစမ်းကြတော့ချေ။
ယခင်က ဖုန်းဝူချန် သေချာပေါက် သေပြီဟု ထင်မှတ်ကာ ဝမ်းသာအားရ ဖြစ်နေခဲ့ကြသော ကျင့်ကြံသူများ အားလုံးမှာလည်း လုံးဝ ဆွံ့အ မှင်သက်သွားကြ၏။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်... အားလုံး သတိပြန်ဝင်လာကြသောအခါ၊ ရွှမ်ဟော့ တောင်တန်း တစ်ခုလုံး ရေနွေးအိုး ပွက်ပွက်ဆူသည့်အလား ဖြစ်သွားတော့သည်။
"လက်သီး တစ်ချက်တည်းနဲ့ ကောင်းကင်ဘုံလူသား အဆင့် (၇) လွှာ ပညာရှင် ကို အရေးနိမ့်သွားစေတယ်တဲ့လား... ကျောက်ယွင်ဖေး အသက်ရှင်နိုင်မလား၊ သေမလားတောင် မသိရတော့ဘူး"
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ... ငါတို့ စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်ဘူး"
"အရမ်းကို အစွမ်းထက်တာပဲ... အဲဒီ လူငယ်လေး က ထျန်းကျီဘုံ ပညာရှင် များ ဖြစ်နေမလား... ဒါပေမဲ့ သူက ဒီလောက် ငယ်ငယ်လေးနဲ့ ထျန်းကျီဘုံ ကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ"
ပွက်လောရိုက်နေသော လူအုပ်ကြီးမှာ အတိုင်းအဆမဲ့ အံ့အားသင့် နေကြပြီး၊ သူတို့၏ မျက်စိရှေ့မှ မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြတော့သည်။
"ညီလေးဖုန်း ရဲ့ ကျင့်ကြံခြင်း အဆင့်က တကယ်တမ်း ဘယ်လောက်လဲ... ဘာလို့ ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ"
ကူတင့် မှာ အကြောက်တရားကြောင့် အသက်ရှူရပင် ခက်ခဲလာကာ မေးလိုက်၏။
"ငါ အိပ်မက် မက်နေတာများလား... သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွမ်းရနိုင်တာလဲ"
ရိုရွှေ ၏ လှပသော မျက်နှာလေးမှာလည်း လုံးဝ တောင့်တင်း သွားတော့၏။
"တော်တော်လေး စွမ်းရည် ရှိတာပဲ... ဒါကြောင့်မို့လို့ ဒီလောက်တောင် ယုံကြည်မှု အပြည့် ရှိနေတာကိုး"
အကြီးအကဲကြီး ကျောက်ကျိရန် က နှုတ်ခမ်းကို အနည်းငယ် ဟကာ ပြောလိုက်၏။ သူ၏ အိုမင်းနေသော မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုများ အထင်းသား ပေါ်လွင်နေပြီး၊ ထျန်းကျီဘုံ အဆင့် (၁) လွှာ ၏ အရှိန်အဝါကြီး ရုတ်တရက် ပေါက်ကွဲထွက်လာလေတော့သည်။
"မင်း ဘယ်လောက်စွမ်းလဲ ဆိုတာကို... ဒီအဘိုးကြီး ကိုယ်တိုင် စမ်းသပ်ကြည့်ရတာပေါ့"
ကျောက်ကျိရန် က တည်ကြည်သော လေသံဖြင့် ကြိမ်းမောင်းလိုက်ပြီး၊ ထျန်းကျီဘုံ အဆင့် (၁) လွှာ ၏ ခွန်အားများကို စတင် မောင်းနှင်လိုက်၏။
"ဝီ... ဝီ..."
လွှမ်းမိုးနိုင်စွမ်း ရှိသော ခွန်အားကြီး တစ်ခုက ကျောက်ကျိရန် ၏ ကိုယ်မှနေ၍ အရပ်မျက်နှာ အသီးသီးသို့ လိမ့်ဆင်းသွား၏။ တောက်ပလှသော စိမ်းပြာရောင် အလင်းတန်းများက ရွှမ်ဟော့ တောင်တန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး၊ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကြောင့် လေဟာနယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားကာ ပြိုကျလာတော့သည်။
"အကြီးအကဲကြီး... သူ့ကို အရမ်း မောက်မာခွင့် မပေးနဲ့... အခုချက်ချင်း သတ်ပစ်လိုက်"
ကျောက်ဟိုင်ယွင် က ဒေါသတကြီး ဟိန်းဟောက်လိုက်လေ၏။ အကယ်၍သာ သူ ဖုန်းဝူချန် ကို ယှဉ်နိုင်မည် ဆိုပါက... ဖုန်းဝူချန် ကို ကိုယ်တိုင်ကိုယ်ကျ သတ်ပစ်လိုက်မည်မှာ သေချာလှသည်။
"ငါ့ကို သတ်ချင်တာလား... ဒါဆိုရင် ငါလည်း အားမနာတော့ဘူး၊ လုပ်စရာ ရှိတာ မြန်မြန် လုပ်စမ်းပါ...သိပ်အချိန်မရဘူး"
ဖုန်းဝူချန် က အေးစက်စွာ စိန်ခေါ်လိုက်၏။ စကားပြောနေစဉ်မှာပင် သူ၏ အစစ်အမှန်ယွမ် များကို စတင် လှုံ့ဆော်လိုက်လေတော့သည်။
ဒီရေလှိုင်းများပမာ ပြင်းထန်လှသော စွမ်းအားများ ဖွဲ့တည်လာပြီး၊ သူ၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာတော့၏။ တောက်ပလှသော ရွှေရောင် အလင်းတန်းများ ဖြာထွက်လာသဖြင့်၊ ထိုနေရာတွင် ရှိနေသူ အားလုံးမှာ အလိုအလျောက် မျက်လုံးများကို လက်ဖြင့် ကာထားလိုက်ကြရသည်။
"ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အထွတ်အထိပ် ပါလား"
ဖုန်းဝူချန် ၏ ကြမ်းတမ်း ရက်စက်လှသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ၊ ထိုနေရာတွင် ရှိနေသူ အားလုံး အစွန်းရောက်အောင် အံ့အားသင့် သွားကြပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြတော့၏။
"(၈) လွှာ အထွတ်အထိပ် တဲ့လား..."
ကျောက်ဟိုင်ယွင် ၏ မျက်နှာ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားသည်။
"ညီလေးဖုန်း က တကယ်ပဲ ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အထွတ်အထိပ် ပညာရှင် တစ်ယောက် ဖြစ်နေတာလား"
ကူတင့် မှာ အလန့်တကြား အော်ဟစ်လိုက်မိ၏။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရှိန်အဝါလဲ... ကျောက်ယွင်ဖေး ကို လက်သီး တစ်ချက်တည်းနဲ့ အရေးနိမ့်သွားအောင် လုပ်နိုင်တာ မဆန်းပါဘူး... သူက ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အထွတ်အထိပ် ပညာရှင် ကိုး"
ရွှမ်ဟော့ တောင်တန်း တစ်ခုလုံး နောက်တစ်ကြိမ် ထပ်မံ၍ ဆူညံပွက်လောရိုက် သွားပြန်လေသည်။
သို့သော် ဒါက အစမျှသာ ရှိပါသေးသည်။
ဖုန်းဝူချန် သည် ကမ္ဘာပျက် စွမ်းအား နှင့် အမြင့်မြတ်ဆုံး ခန္ဓာကိုယ် ဒုတိယအဆင့် ကိုပါ တစ်ပြိုင်နက်တည်း လှုံ့ဆော်လိုက်သောအခါ... အရှိန်အဝါ တဟုန်ထိုး မြင့်တက်လာ၏။
မျက်တောင် တစ်ခတ်အတွင်းမှာပင် ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အထွတ်အထိပ် ၏ ကန့်သတ်ချက်ကို ချိုးဖြတ်ကာ... (၉) လွှာ ၏ အဆင့်သို့ ရောက်ရှိသွားတော့သည်။ ထိုလွှမ်းမိုးနိုင်စွမ်း ရှိသော ခွန်အားကြီးကြောင့် လူတိုင်းမှာ အသက်ရှူရပင် ခက်ခဲလာကြတော့သည်။
အစပိုင်းက တောက်ပနေသော ရွှေရောင် အလင်းတန်းများမှာ ယခုအခါတွင်မူ ထူးဆန်းသော အနီရင့်ရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထို့နောက် ချက်ချင်းဆိုသလိုပင်... ချီလင် ချပ်ဝတ် နှင့် နဂါးနတ်ဘုရား လက်အိတ် တို့ကိုပါ ဆက်တိုက် ထုတ်ဖော်လိုက်ပြန်ရာ... ဖုန်းဝူချန် ၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် ထပ်မံ၍ ကောင်းကင်ယံအထိ ထိုးတက်သွားပြန်သည်။ မျက်တောင် တစ်ခတ်စာ အချိန်လေး အတွင်းမှာပင် (၉) လွှာ အထွတ်အထိပ် ၏ ကန့်သတ်ချက်ကိုပါ ချိုးဖျက်သွားပြီး... ထျန်းကျီဘုံ ၏ အဆင့်သို့ ခြေတစ်လှမ်း ချဉ်းနင်း ဝင်ရောက်သွားလေတော့၏။
လောကကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော မောက်မာသည့် အရှိန်အဝါကြီး တစ်ခုက ရွှမ်ဟော့ တောင်တန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ဖုန်းဝူချန် ၏ အရှိန်အဝါမှာ ထျန်းကျီဘုံ အဆင့် (၁) လွှာ ၏ ကန့်သတ်ချက်ကို အပြည့်အဝ မချိုးဖျက်နိုင်သေးသော်ငြားလည်း၊ သူ ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် စွမ်းအားများမှာမူ အလွန်တရာမှ အစွမ်းထက်လှပြီး ထျန်းကျီဘုံ အဆင့် (၁) လွှာ ပညာရှင် တစ်ဦးထက် အနည်းငယ်မျှပင် မနိမ့်ကျနေချေ။
"အင်မော်တယ် လက်နက်... အဲဒါ အင်မော်တယ် လက်နက် ပဲ"
လက်နက်သွန်းလုပ်သူ အများအပြားက အံ့အားသင့်တကြီး ဟစ်အော်လိုက်ကြ၏။
"ဆရာဖုန်း ဆီမှာ အင်မော်တယ် လက်နက် ရှိနေတာလား"
ဆရာကြီးဟယ် နှင့် အခြားသူများ အားလုံး အစွန်းရောက်အောင် အံ့အားသင့် မှင်သက်သွားကြတော့သည်။
"ရှူး..."
တစ်ကွင်းလုံးရှိ လူတိုင်းမှာ ကြောက်ရွံ့ ထိတ်လန့်သွားကြပြီး လေအေးများကို တရှူးရှူး စုပ်သွင်းမိကာ... ခန္ဓာကိုယ်များပင် တဆတ်ဆတ် တုန်ယင်လာကြ၏။
"ကောင်းကင်... ကောင်းကင်ဘုံလူသား အဆင့် (၉) လွှာ အထွတ်အထိပ် တဲ့လား... ပြီးတော့... ပြီးတော့ အင်မော်တယ် လက်နက် ပါ ရှိနေသေးတယ်..."
ကျောက်ဟိုင်ယွင် မှာ အလွန်အမင်း ကြောက်လန့်သွားပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ရီနေတော့သည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဒီလောက်တောင် များနေတာလား... အင်မော်တယ် လက်နက် ပါလာရင်တောင်မှ တိုက်ခိုက်ရေး စွမ်းအား အဆင့် (၃) ဆင့် လောက်အထိ တိုးလာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး"
ကျောက်ကျိရန် မှာလည်း ဝိညာဉ်လွင့်ထွက်သွားမတတ် ထိတ်လန့်သွားပြီး လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။
ကျောက်မိသားစု ၏ အရှင်သခင် ကျောက်ထျန်းကျန့် ၏ မျက်နှာ အမူအရာမှာလည်း အလွန်တရာ လေးနက် တည်ကြည်သွားပြီး အတော်လေး မှင်သက်နေမိသည်။ ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော ပါရမီရှင် လူငယ် တစ်ဦးကို သူ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မမြင်ဖူးခဲ့သကဲ့သို့... ဖုန်းဝူချန် သည် မည်သည့် ဧရာမ အင်အားစုကြီးမှ ထိပ်တန်း ပါရမီရှင် ဖြစ်မည်ကိုလည်း သူ မခန့်မှန်းနိုင်တော့ချေ။
'ဒီလူငယ်လေး ရဲ့ အရှိန်အဝါက သာမန်တော့ မဟုတ်ဘူး... သူရဲ့ ခွန်အားကလည်း အကြီးအကဲကြီး အောက် နိမ့်ကျနေမှာ မဟုတ်လောက်ဘူး'
ကျောက်ထျန်းကျန့် စိတ်ထဲမှ တွက်ချက်ရင်း အံ့အားသင့်နေမိ၏။
"ဝုန်း..."
ဖုန်းဝူချန် ၏ အရှိန်အဝါ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ... သူသည် လေဟာနယ်ကို ရုတ်တရက် အားကုန် နင်းချလိုက်လေသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး... သူ၏ ပုံရိပ်မှာ အနီရင့်ရောင် လျှပ်စီးတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ကြမ်းတမ်း ရက်စက်သော တိုက်ခိုက်မှုများနှင့်အတူ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။
"ဟွန်း... မင်းမှာ တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားတွေ ရှိနေမလား ဆိုတာ... ငါ ကြည့်ရသေးတာပေါ့"
ကျောက်ကျိရန် က အဆိပ်ပြင်းသော လေသံဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ အနည်းငယ်မျှ အလျှော့မပေးဘဲ ပြန်လည် ရင်ဆိုင်ရန် ရှေ့သို့ တက်သွားလေ၏။
ပြင်းထန်လှသော တိုက်ပွဲကြီး ပေါက်ကွဲထွက်လာတော့မည် ဖြစ်သည်။
မျက်တောင် တစ်ခတ်မျှသာ ဖြစ် သော အချိန်အတွင်းမှာပင်၊ သူတို့နှစ်ဦး ပြင်းထန်စွာ ဝင်ရောက် တိုက်ခိုက်လိုက်ကြ၏။ နားကန်းမတတ်.. ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး... ဖျက်ဆီးခြင်း စွမ်းအင်များက အထိန်းအကွပ်မဲ့စွာ လိမ့်ဆင်းသွားသည်။ အရပ်မျက်နှာ အသီးသီးသို့ တားဆီး၍ မရနိုင်လောက်အောင် တရဟော ရိုက်ခတ်သွားတော့၏။ လေဟာနယ် တစ်ခုလုံးမှာ မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကွဲအက် ပြိုကျလာသည်။
တစ်ခဏအတွင်းမှာပင် ရွှမ်ဟော့ တောင်တန်း တစ်ခုလုံး မှောင်မိုက်သွားတော့၏။
ရွှမ်ဟော့ တောင်တန်း ကြီးမှာ ပြင်းထန်စွာ တုန်လှုပ်နေပြီး... မီးတောင်ဝ မှာလည်း ကြောက်မက်ဖွယ် စွမ်းအင်များ၏ လှုံ့ဆော်မှုကြောင့် အသက်ဝင်လာကာ ချော်ရည်ပူများ စတင် ပွက်ပွက်ဆူလာတော့သည်။
ထိုပြင်းထန်လှသော တိုက်ပွဲကြီး အတွင်းတွင်... ထျန်းကျီဘုံ ပညာရှင် တစ်ဦးကို ရင်ဆိုင်ရသည့်တိုင်အောင် ဖုန်းဝူချန် သည် အနည်းငယ်မျှပင် နောက်သို့ ဆုတ်မသွားခဲ့ချေ။
"ဘာ... ဒါ... ဒါက..."
ကျောက်ကျိရန် ၏ မျက်နှာ အမူအရာ မည်းမှောင်သွားပြီး၊ ဖုန်းဝူချန် ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိတော့၏။ သူ၏ ရင်ထဲတွင်လည်း အစွန်းရောက်သော အံ့အားသင့်မှုများ ပြည့်နှက်နေရသည်။
... 'ဒီကောင်လေး ဆီမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ရုပ်ခန္ဓာ ရှိနေတာလား'
"ညီလေးဖုန်း က ထျန်းကျီဘုံ ပညာရှင် ကိုတောင် ယှဉ်နိုင်နေပါလား"
ကူတင့် မှာ အံ့အားသင့်တကြီး အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများမှာလည်း အပြင်သို့ ပြူးထွက်မတတ် ဖြစ်သွားရလေ၏။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အထွတ်အထိပ် က အကြီးအကဲကြီး ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
ကျောက်ဟိုင်ယွင် ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး၊ ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ တွင် ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားမျိုး မည်သို့များ ပိုင်ဆိုင်နိုင်မည်ကို သူ လုံးဝ စိတ်ကူး၍ မရနိုင်တော့ချေ။
မိသားစုခေါင်းဆောင် နှင့် အခြားသော မိသားစု အကြီးအကဲများ မှာလည်း ဆွံ့အ မှင်သက်သွားကြသည်။
ရွှမ်ဟော့ တောင်တန်း ပေါ်တွင် ပွဲကြည့်နေကြသော ကျင့်ကြံသူများ အားလုံးမှာလည်း ယခုအခါတွင် အစွန်းရောက်အောင် အံ့အားသင့် မှင်သက်နေကြပြီး... စကားတစ်ခွန်းမျှပင် မဟနိုင်လောက်အောင် ဖြစ်နေကြတော့၏။
ဖုန်းဝူချန် ၏ သာမန် မဟုတ်သော စွမ်းရည်များမှာ၊ ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အပေါ် သူတို့ ထားရှိသော နားလည်မှု ကန့်သတ်ချက်များကို လုံးဝ ကျော်လွန်သွားခဲ့လေပြီ။
"ဝုန်း... ဝုန်း... ဝုန်း..."
ဖုန်းဝူချန် ၏ နှုတ်ခမ်းထောင့်တွင် ရက်စက်ပြီး ကောက်ကျစ်သော အပြုံးရိပ် တစ်ခု ပေါ်လွင်နေပြီး... ရူးသွပ်စွာဖြင့် အဆက်မပြတ် ဝင်ရောက် တိုက်ခိုက်နေလေတော့သည်။
အဆင့်မြင့် အင်မော်တယ် လက်နက် လက်အိတ် များက သူ၏ ကြမ်းတမ်း ရက်စက်မှုများကို ပိုမို အသက်ဝင်လာစေပြီး... ဖုန်းဝူချန် ပစ်လွှတ်လိုက်သော လက်သီးချက်တိုင်းတွင် လောကကြီး တစ်ခုလုံးကို ဝါးမြိုပစ်တော့မည့်အလား ..စွမ်းအားများ ပြည့်နှက်နေ၏။
ရွှမ်ဟော့ တောင်တန်း ၏ အထက် ကောင်းကင်ယံတွင် ပြင်းထန်လှသော တိုက်ပွဲကြီး ဖြစ်ပွားနေ၏။ ဖုန်းဝူချန် ၏ ရူးသွပ်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရရာတွင်... ကျောက်ကျိရန် သည် အစပိုင်း၌ ခုခံနိုင်စွမ်း ရှိသော်ငြားလည်း၊ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဖုန်းဝူချန် ၏ ခွန်အားနှင့် အမြန်နှုန်းမှာ ပို၍ပို၍ ကြောက်စရာ ကောင်းလာပြီး... ကျောက်ကျိရန် မှာ တဖြည်းဖြည်းနှင့် ခုခံရန် ခက်ခဲလာတော့သည်။
ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အထွတ်အထိပ် က ထျန်းကျီဘုံ အဆင့် (၁) လွှာ ကို အနိုင်ယူနေသည် တဲ့လား...။
'ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ အထွတ်အထိပ် ဆိုတာ ဒီလောက် ကြီးမားတဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားဖို့ မဖြစ်နိုင်ပါဘူး'
တိုက်ပွဲ ကြာလာသည်နှင့်အမျှ ကျောက်ကျိရန် ၏ ရင်ထဲတွင် ပိုမို၍ စိုးရိမ် ထိတ်လန့်လာတော့၏။
ဤမျှ ကြမ်းတမ်း ရက်စက်သော ထိပ်တိုက် ရင်ဆိုင်မှုတွင်၊ အကယ်၍သာ အချိန်ကြာမြင့်စွာ တိုက်ခိုက်ရမည့် အခြေအနေသို့ ရောက်ရှိသွားပါက... ကျောက်ကျိရန် အနေဖြင့် ဖုန်းဝူချန် ၏ ရူးသွပ်သော တိုက်ခိုက်မှုများကို လုံးဝ ခံနိုင်ရည် ရှိတော့မည် မဟုတ်ချေ။
မိနစ် အနည်းငယ် ကြာပြီးနောက်တွင်မူ... ကျောက်ကျိရန် ၏ လက်သီးများနှင့် ခြေထောက်များမှာ ထုံကျင်လာရသည်။
"အကြီး... အကြီးအကဲကြီး ကိုတောင် သူက ဖိနှိပ်ထားနိုင်ပါလား..."
ကျောက်ဟိုင်ယွင် နှင့် ကျောက်မိသားစု မှ အခြားသော အစွမ်းထက် ပညာရှင်များ အားလုံး ကြောင်အ မှင်သက်သွားကြလေတော့၏။
"သူ တကယ်ပဲ ကောင်းကင်ဘုံလူသား အဆင့် (၈) လွှာ မှာပဲ ရှိနေသေးတာလား"
ကျောက်ထျန်းကျန့် မှာလည်း ပါးစပ်အဟောင်းသားပင်။