~"ဆေးဧကရာဇ်... ဟုတ်လား... သူက ဆေးဧကရာဇ် လား"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက တကယ်ကြီး ဆေးဧကရာဇ် ဖြစ်နေတာလား။ သူက ကျန်းမိသားစု ရဲ့ သခင်လေး ကျန်းကျွင့်လန် ရဲ့ ဆရာ ဆိုတဲ့ တစ်ယောက်လေ"
"ဆေးဧကရာဇ် တဲ့လား... ငါတော့ တစ်ခါမှ မကြားဖူးပါဘူး"
"ငါလည်း မကြားဖူးဘူး"
ရွှမ်ဟော့ တောင်တန်း ၏ ပတ်ဝန်းကျင် တစ်ဝိုက်တွင်၊ ဆေးဧကရာဇ် ၏ အကြောင်းကို သိရှိထားသော ကျင့်ကြံသူများ အားလုံး အကြီးအကျယ် လန့်ဖြန့်သွားကြပြီး... မျက်လုံးများ ပြူးကျယ်ကာ ဖုန်းဝူချန် ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိကြတော့၏။
ဆေးဧကရာဇ် ဆိုသည်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလှသော အဆင့်အတန်း တစ်ခု ဖြစ်မှန်း မသိကြသော ကျင့်ကြံသူများ မှာမူ... နားမလည်နိုင်မှုများနှင့် သိချင်စိတ်များ ရောထွေးနေကြ၏။
ဆေးဧကရာဇ် ၏ နာမည်မှာ နေရာအနှံ့ ပျံ့နှံ့နေခြင်း မရှိသော်ငြားလည်း၊ ဝူကျိနယ်မြေ အတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများ ကတော့ အလွန် ရှင်းလင်းစွာ သိရှိထားကြ၏။
လင်မိုယန် ၏ မွေးနေ့ပွဲ တွင်... ဝူကျိနယ်မြေ အတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများ အားလုံး ဖုန်းဝူချန် ၏ နောက်ခံကို သိရှိသွားခဲ့ကြပြီး ဖြစ်ရာ၊ ထိုပွဲတွင် ရွှမ်ဟို စံအိမ်တော် ၏ အရှင်သခင် လည်း တက်ရောက်ခဲ့၏။
ထို့ကြောင့်ပင် ဟိုယွင်ချုံ သည် ဖုန်းဝူချန် ကို ဆေးဧကရာဇ် မှန်း ချက်ချင်း သိရှိသွားခြင်း ဖြစ်၏။
ဟိုယွင်ချုံ သည် ဖုန်းဝူချန် ကို လူချင်း မသိသော်ငြားလည်း... ဤနာမည်ကို ကြားလိုက်ရသည်နှင့်၊ အလကား သက်သက် အန္တရာယ် မရှာမိစေရန် ယုံကြည်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်၏။
"အစ်ကိုကြီး ကူတင့်... ဆေးဧကရာဇ် ဆိုတာကို အစ်ကိုကြီး ကြားဖူးလားဟင်"
ရိုရွှေ က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
ကူတင့် က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး၊ ပတ်ဝန်းကျင်ရှိ လူများကို တစ်ချက် လှမ်းကြည့်ကာ...
"ငါလည်း တစ်ခါမှ မကြားဖူးဘူး။ ကြည့်ရတာ... ဒီမှာရှိတဲ့ လူအများစုလည်း ဆေးဧကရာဇ် ဆိုတာ ဘာလဲဆိုတာ သေချာ မသိကြဘူး ထင်တယ်"
ခေတ္တမျှ စဉ်းစားပြီးနောက် ကူတင့် က ဆက်ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ်... ဟိုယွင်ချုံ နဲ့ ကျောက်ခေါင်းဆောင် ကိုတောင် ကြောက်လန့်တကြား ဒူးထောက်ပြီး အသက်ချမ်းသာခွင့် တောင်းရလောက်အောင် ဖြစ်သွားစေတယ် ဆိုတော့... ညီလေးဖုန်း ရဲ့ နောက်ခံက တကယ်ကို ကြောက်စရာ ကောင်းလောက်တယ်"
ရိုရွှေ မှာလည်း ယုံမှားသံသယ ကင်းစွာဖြင့် ခေါင်းညိတ်လိုက်ပြီး၊ သူမ၏ လှပသော မျက်ဝန်းလေးများ ထဲတွင် အားကျ မြတ်နိုးမှုများ တဖျတ်ဖျတ် လက်လာတော့၏။
ဖုန်းဝူချန် ၏ လွှမ်းမိုးနိုင်စွမ်း ရှိသော ခွန်အား၊ ဆရာကြီးဟယ် အပါအဝင် နယ်ပယ်ကြီး လေးခုလုံးမှ အစွမ်းထက် ပညာရှင်များ ၏ ရိုသေလေးစားမှု၊ ထို့အပြင် သူ၏ လျှို့ဝှက် ဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းလှသော နောက်ခံ... ဤအရာများ အားလုံးက ရိုရွှေ ၏ နှလုံးသားလေးကို အပြည့်အဝ သိမ်းပိုက်သွားခဲ့၏။
ဖုန်းဝူချန် သည် ဤမျှ ငယ်ရွယ်စဉ်မှာပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော အောင်မြင်မှုများကို ရရှိထားရာ... မည်သည့် မိန်းကလေး ကများ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
ကောင်းကင်ယံထက်တွင်မူ... ဖုန်းဝူချန် သည် အောက်ဘက်ရှိ ဟိုယွင်ချုံ ကို ငုံ့ကြည့်ကာ အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။
"မင်းအဖေ ရဲ့ မျက်နှာကို ထောက်ပြီး... ဒီတစ်ခါတော့ မင်းကို ငါ အလွတ်ပေးလိုက်မယ်။ ထွက်သွားတော့"
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ ခင်ဗျာ။ ဆေးဧကရာဇ် ကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်"
ဟိုယွင်ချုံ မှာ အသက်ဘေးမှ လွတ်မြောက်သွားသဖြင့် အတိုင်းအဆမဲ့ ဝမ်းသာသွားပြီး ကပျာကယာ ကျေးဇူးတင်စကား ဆိုလိုက်၏။
ထို့နောက်တွင် ဟိုယွင်ချုံ သည် အနည်းငယ်မျှပင် ဆက်မနေရဲတော့သကဲ့သို့... ကျောက်ဟိုင်ယွင် တို့၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်း ကိုလည်း အပ်ဖျားခန့်မျှ ဂရုမစိုက်နိုင်တော့ဘဲ လျှပ်တစ်ပြက် အတွင်း အပြေးအလွှား ထွက်ပြေးသွားတော့၏။
"အစ်ကိုဟို..."
ဟိုယွင်ချုံ က သူ့ကို လုံးဝ စွန့်ပစ်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ၊ ကျောက်ဟိုင်ယွင် ၏ ရင်ထဲတွင် အဆုံးအစမဲ့ မျှော်လင့်ချက် ကင်းမဲ့မှုများ လွှမ်းမိုးသွားတော့သည်။
ဟိုယွင်ချုံ ကိုယ်တိုင်ပင်လျှင် သူ၏ အသက်ကို အနိုင်နိုင် ကယ်တင်ခဲ့ရသည် ဖြစ်ရာ... အခြားသူများ အတွက် မည်သို့များ ဝင်ရောက် စွက်ဖက်ရဲမည်နည်း။
သွေးသောက် ညီအစ်ကို များ ဖြစ်ကြသော်ငြားလည်း... သေရေးရှင်ရေး နှင့် ရင်ဆိုင်လာရသောအခါ၊ ဟိုယွင်ချုံ သည် သူ့ညီကို စွန့်ပစ်ရန်သာ ရွေးချယ်ခဲ့၏။
ဒါက ကြီးမားတဲ့ ဘေးဒုက္ခ ကျရောက်လာတဲ့အခါ... ကိုယ့်အသက် လွတ်ဖို့ ကိုယ်ပြေးကြရတဲ့ သဘောတရား ပင် မဟုတ်ပါလော။
"ဂလု..."
အစွန်းရောက်သော အကြောက်တရားဖြင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး... ကျောက်ဟိုင်ယွင် ၏ မျှော်လင့်ချက် ကင်းမဲ့နေသော မျက်ဝန်းများက ဖုန်းဝူချန် ထံသို့ စူးစိုက်ကြည့်နေမိ၏။ သူ၏ ရင်ထဲတွင် အတိုင်းအဆမဲ့ နောင်တရမှုများ ပြည့်နှက်နေတော့သည်။
"ဘယ်လို သေချင်လဲ"
ကျောက်ဟိုင်ယွင် ၏ မျှော်လင့်ချက် ကင်းမဲ့နေသော အကြည့်များနှင့် ဆုံမိသော အခိုက်အတန့်၌... ဖုန်းဝူချန် က ရေခဲတမျှ အေးစက်သော လေသံဖြင့် မေးလိုက်၏။
"ဆေးဧကရာဇ်... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ ခင်ဗျာ... ဆေးဧကရာဇ်... အသက်ချမ်းသာပေးပါ"
ကျောက်ဟိုင်ယွင် မှာ အကြောက်လွန်ကာ ငိုသံပါကြီးဖြင့် အသည်းအသန် တောင်းပန်နေတော့၏။
"ဆေးဧကရာဇ်... ကျွန်တော်တို့က ဆေးဧကရာဇ် မှန်း မသိလို့ စော်ကားမိတာပါ။ ကျေးဇူးပြုပြီး သနားညှာတာတဲ့ အနေနဲ့ ကျွန်တော့်သားလေး ရဲ့ အသက်ကိုတော့ ချမ်းသာပေးပါ ခင်ဗျာ"
ကျောက်ထျန်းကျန့် ကလည်း ကပျာကယာ ဝင်ရောက် တောင်းပန်လိုက်၏။
"ဆေးဧကရာဇ်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ခင်ဗျာ"
ကျောက်မိသားစု မှ ထိပ်ပိုင်း ခေါင်းဆောင်များ အားလုံးလည်း မြေကြီးပေါ်တွင် ဝပ်တွားကာ အသက်ချမ်းသာခွင့် တောင်းနေကြတော့၏။ အကယ်၍ မတောင်းပန်လျှင် သူတို့ သေချာပေါက် သေရမည်ကို ကောင်းစွာ သိရှိထားကြသည် မဟုတ်ပါလော။
ဖုန်းဝူချန် က ဘာမှ ပြန်မပြောခဲ့ချေ။ သူ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေဆဲ ဖြစ်ရာ... ဤသည်ကပင် ကျောက်ထျန်းကျန့် နှင့် အခြားသူများကို ပို၍ အကြောက်လွန်သွားစေတော့၏။
ထိုအခိုက်အတန့်၌... ဖုန်းဝူချန် သည် လေဟာနယ်ကို ဖြတ်သန်းကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး၊ နောက်တစ်စက္ကန့်တွင် ကျောက်ဟိုင်ယွင် ၏ ရှေ့သို့ တစ္ဆေတစ်ကောင်ပမာ ရုတ်ချည်း ရောက်ရှိလာ၏။ ထိုအခါ ကျောက်ဟိုင်ယွင် မှာ သွေးပျက်မတတ် ကြောက်လန့်သွားပြီး၊ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ခေါင်းကို အကြိမ်ကြိမ် ညွှတ်ကာ အသည်းအသန် တောင်းပန်နေတော့၏။
"ဒိုင်း..."
"ဝေါ့..."
ဖုန်းဝူချန် သည် လျှပ်တစ်ပြက် အတွင်း ရောက်လာပြီး၊ သူ၏ လက်ဝါးဖြင့် ကျောက်ဟိုင်ယွင် ၏ ခေါင်းပေါ်သို့ အကြင်နာ ကင်းမဲ့စွာ ရိုက်ချလိုက်၏။ 'ဒိုင်း' ခနဲ မြည်သံကြီးနှင့်အတူ... ပြင်းထန်လှသော ရိုက်ချက်ကြောင့် ကျောက်ဟိုင်ယွင် မှာ သွေးများ အန်ကျသွားတော့၏။
ဖုန်းဝူချန် ဝင်ရောက် တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ... ပွဲကြည့်နေကြသော လူများ အားလုံး အသက်ရှူရပင် မေ့သွားကြ၏။
"ယွင်အာ..."
ကျောက်ထျန်းကျန့် မှာ အလန့်တကြား အော်ဟစ်လိုက်ပြီး၊ သူ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားရလေ၏။
ကျောက်ဟိုင်ယွင် သည် ကျောက်မိသားစု ၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်ရာ... အကယ်၍ သူသာ သေဆုံးသွားပါက၊ ကျောက်မိသားစု ၏ မျိုးဆက် ပြတ်တောက်သွားမည် ဖြစ်၏။
သို့သော် လူတိုင်းက ဖုန်းဝူချန် သည် အသေအလဲ တိုက်ခိုက်လိုက်ပြီဟု ထင်မှတ်နေချိန်မှာပင်... ကျောက်ဟိုင်ယွင် ၏ ကိုယ်တွင်းမှ ကြီးမားလှသော စွမ်းအားများ လွင့်စင် ပျောက်ကွယ်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်ကြ၏။
ဖုန်းဝူချန် က ကျောက်ဟိုင်ယွင် ၏ ကျင့်ကြံခြင်းကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ခြင်းပင်။
ကောင်းကင်ဘုံလူသား အဆင့် (၄) လွှာ ၏ ကျင့်ကြံခြင်း စွမ်းအားများ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သကဲ့သို့... သူ၏ အဆင့် (၄) အခင်းအကျင်းဆရာ ဆိုသည့် အဆင့်အတန်းမှာလည်း အပြီးတိုင် ပျက်စီးသွားခဲ့၏။
"သခင်လေး ရဲ့ ကျင့်ကြံခြင်းတွေ... ပျက်စီးသွားပြီ..."
ဒုတိယ အကြီးအကဲ မှာ အလန့်တကြား အော်ဟစ်လိုက်၏။
"ကျင့်ကြံခြင်းတွေ ပျောက်ကုန်ပြီ... သခင်လေး ရဲ့ ကျင့်ကြံခြင်းတွေ ပျောက်ကုန်ပြီဟေ့"
ကျောက်မိသားစု မှ အခြားသော ခေါင်းဆောင်များ ကလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
ကျောက်ထျန်းကျန့် ၏ ရင်ထဲတွင် နှလုံးသားကို ဆွဲဆုတ်ခံလိုက်ရသည့်အလား အလွန်တရာ နာကျင်သွားရ၏။ ကျောက်ဟိုင်ယွင် ၏ ကျင့်ကြံခြင်းများ ပျက်စီးသွားပြီ ဖြစ်ရာ... သူသည် တစ်သက်လုံး အသုံးမကျသော လူတစ်ယောက် အဖြစ် နေသွားရတော့မည် မဟုတ်ပါလော။
"သေဒဏ် ကနေ ကင်းလွတ်ခွင့် ပေးလိုက်ပေမယ့်... ရှင်လျက်နဲ့ ခံစားရမယ့် ပြစ်ဒဏ် ကနေတော့ မင်း လွတ်မှာ မဟုတ်ဘူး။ ဒီတစ်ခါတော့ မင်းကို ငါ အလွတ်ပေးလိုက်မယ်"
ဖုန်းဝူချန် က ရေခဲတမျှ အေးစက်သော လေသံဖြင့် ဆိုလိုက်၏။
"အသက်ချမ်းသာပေးတဲ့ အတွက် ဆေးဧကရာဇ် ကို ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ သနားညှာတာတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်"
အစွန်းရောက်အောင် ကြောက်လန့်နေသော ကျောက်ဟိုင်ယွင် မှာ... အသက်ရှင်ခွင့် ရလိုက်သည့်အတွက် အတိုင်းအဆမဲ့ ဝမ်းသာသွားပြီး၊ သူ၏ ကျင့်ကြံခြင်း ဖျက်ဆီးခံလိုက်ရခြင်း အတွက် အပ်ဖျားခန့်မျှပင် ဒေါသမထွက်နိုင်တော့ချေ။
အသက်ရှင်နေရခြင်းက အခြား ဘယ်အရာထက်မဆို ပို၍ အရေးကြီးသည် မဟုတ်ပါလော။
"ကျောက်ခေါင်းဆောင်... ခင်ဗျားရဲ့ သားကို ခေါ်ပြီး ထွက်သွားတော့"
ဖုန်းဝူချန် က အေးစက်စွာ ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်"
ကျောက်ထျန်းကျန့် က ရိုသေစွာ ဦးညွှတ်လိုက်၏။ သူ၏ ရင်ထဲတွင် အလွန်တရာ နာကျင်နေသော်ငြားလည်း... ကျောက်မိသားစု ၏ မျိုးဆက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ခြင်းကပင် ကံဆိုးမသွားခင် ကံကောင်းခြင်း တစ်ခုဟု မှတ်ယူရမည် ဖြစ်၏။
အသုံးမကျသည့် လူတစ်ယောက် ဖြစ်သွားခြင်းက... အသတ်ခံရခြင်းထက်တော့ အများကြီး ပိုကောင်းသေးသည် မဟုတ်ပါလော။
ထို့နောက် ကျောက်ထျန်းကျန့် သည် ကျင့်ကြံခြင်း ဖျက်ဆီးခံလိုက်ရသော ကျောက်ဟိုင်ယွင် ကို ခေါ်ဆောင်ကာ၊ ဖုန်းဝူချန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ကပျာကယာပင် ထွက်ခွာသွားလေတော့သည်။
ထို့အပြင်... ကျောက်ဟိုင်ယွင် ၏ ကျင့်ကြံခြင်းမှာ ယခုလေးတင်မှ ပျက်စီးသွားခြင်း ဖြစ်ရာ၊ ပြန်လည် ကုသနိုင်မည့် အခွင့်အရေး တစ်ခုခု ရှိကောင်း ရှိနိုင်သေး၏။
ကျောက်ထျန်းကျန့် တို့ အဖွဲ့ ထွက်ခွာသွားပြီးနောက်... ရွှမ်ဟော့ တောင်တန်း တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်ခြင်း သို့ ရောက်ရှိသွားပြီး မည်သူကမျှ စကားတစ်ခွန်းမျှ မဟရဲကြတော့ချေ။
ဖုန်းဝူချန် ၏ ကြောက်မက်ဖွယ် ကောင်းလှသော နောက်ခံ အဆင့်အတန်း က ထိုနေရာတွင် ရှိနေသူ အားလုံးကို အပြည့်အဝ ဖိနှိပ် ခြိမ်းခြောက်ထားလိုက်ပြီ ဖြစ်၏။
ဖုန်းဝူချန် သည် လျှို့ဝှက် မီးတောက် ဂူ ၏ ဝင်ပေါက်သို့ ပြန်လည် ဆင်းသက်လာသောအခါ... ကူတင့် နှင့် ရိုရွှေ တို့က ကပျာကယာ ပြေးလာကြသည်။ အခြားသော ကျင့်ကြံသူ များကလည်း တစ်ယောက်ပြီး တစ်ယောက် နောက်မှ လိုက်ပါလာကြလေ၏။
"ညီလေးဖုန်း... အဲ... ဆေးဧကရာဇ်... ကယ်တင်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ"
ကူတင့် က ရိုသေစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"အစ်ကိုကြီး ကူတင့် ကလည်း အားနာစရာတွေ ပြောနေပြန်ပြီ။ အရင်လိုပဲ ညီလေးဖုန်း လို့ပဲ ခေါ်ပါဗျာ"
ဖုန်းဝူချန် က ခပ်ပြုံးပြုံးဖြင့် ပြန်ပြောလိုက်၏။ သူ၏ လေသံတွင် မောက်မာမှု မပါဝင်ချေ။
သို့သော် ဖုန်းဝူချန် ၏ ကြောက်မက်ဖွယ် ကျင့်ကြံခြင်း အဆင့်နှင့် ထိတ်လန့်ဖွယ် နောက်ခံကို သိရှိသွားပြီးနောက်တွင်မူ... ကူတင့် ၏ ယခင်က ရှိခဲ့သော ရင်းနှီးမှုများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီး၊ ရိုသေလေးစားမှုများ ဖြင့် အစားထိုး ဝင်ရောက်လာကာ... အနားသို့ပင် သိပ်မကပ်ရဲတော့ချေ။
ဆရာကြီးဟယ် နှင့် အခြားသော နယ်ပယ်ကြီး လေးခုလုံးမှ အစွမ်းထက် ပညာရှင်များ မှာလည်း ဖုန်းဝူချန် ကို ပို၍ပင် ရိုသေလေးစားသော အကြည့်များဖြင့် ကြည့်ရင်း... သူ၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။
"ဆေးဧကရာဇ်... ကျေးဇူးပြုပြီး အရင် နေရာရွေးပါ ခင်ဗျာ"
ဂူ၏ အလယ်ပိုင်းသို့ ရောက်သောအခါ၊ အဆင့် (၄) ဆေးပညာရှင် တစ်ဦးက ရိုသေစွာဖြင့် ဖုန်းဝူချန် ကို နေရာအရင် ရွေးချယ်ရန် ဖိတ်ခေါ်လိုက်လေ၏။
ဂူအတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသော သူများထဲမှ မည်သူကမျှ နေရာလုရန် ရှေ့သို့ မတက်ရဲကြတော့ချေ။
"ခင်ဗျားတို့ပဲ ကျင့်ကြံလိုက်ပါ။ ကျွန်တော့်ကို ဂရုစိုက်နေစရာ မလိုပါဘူး"
ဖုန်းဝူချန် က အေးအေးဆေးဆေးပင် ပြောလိုက်ပြီး၊ ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဆက်လက် လျှောက်သွားလေတော့သည်။
ဂူ၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်လေလေ... မီးစွမ်းအင်များက ပိုမို ကြမ်းတမ်းလာလေလေ ဖြစ်ပြီး၊ ကျင့်ကြံခြင်း အတွက်လည်း ပိုမို အကျိုးကျေးဇူး ရှိလေလေ ဖြစ်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကူတင့်၊ ဆရာကြီးဟယ် နှင့် အခြားသူများ အားလုံး အလန့်တကြား ဖြစ်သွားကြတော့သည်။
"ညီလေးဖုန်း... နေပါဦး"
ကူတင့် မှာ အလန့်တကြား အော်ဟစ်လိုက်ပြီး၊ ဖုန်းဝူချန် ကို ကပျာကယာ တားဆီးကာ...
"ညီလေးဖုန်း... အထဲကို ဝင်သွားလို့ မရဘူးနော်။ အထဲက မိစ္ဆာမီးတောက် တွေက အရမ်းကို အန္တရာယ် များတာ။ အဲဒီအထဲကို ဝင်သွားတဲ့ သူတိုင်း... ဘယ်သူမှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ကြဘူး"
"ဆေးဧကရာဇ်... လျှို့ဝှက် မီးတောက် ဂူ ရဲ့ အနက်ရှိုင်းဆုံး နေရာက မိစ္ဆာမီးတောက် ဆိုတာ ရွှမ်ဟော့ တောင်တန်း ကြီးက နှစ်ထောင်ပေါင်းများစွာ အချိန်ယူပြီး ပြုစုပျိုးထောင်ထားတဲ့ ကြောက်စရာကောင်းတဲ့ မီးတောက် ကြီးပါ ခင်ဗျာ။ အဲဒါက ဆာမာဓိ အစစ်အမှန်မီးတောက် နဲ့ သားရဲ မီးတောက် တွေထက်တောင် အများကြီး ပိုပြီး ကြောက်စရာ ကောင်းသေးတယ်။ အရာအားလုံးကို ဝါးမြိုပစ်နိုင်တယ်လို့တောင် ကြားဖူးတယ်"
ဆရာကြီးဟယ် ကလည်း ဝင်ရောက် သတိပေးလိုက်၏။
အခြားသူများ ကလည်း ဖုန်းဝူချန် ကို အထဲမဝင်ရန် ဝိုင်းဝန်း တားမြစ်နေကြသည်။
သို့သော် သူတို့ မသိကြသည်မှာ... ဖုန်းဝူချန် တွင် လောကကြီး တစ်ခုလုံး၌ အစွမ်းအထက်ဆုံးနှင့် အားအကောင်းဆုံး မီးတောက် ဖြစ်သော 'ရှေးဦး ဝူမီးတောက်' ရှိနေသည် ဆိုသည့် အချက်ပင်။ ရွှမ်ဟော့ တောင်တန်း မှ မိစ္ဆာမီးတောက် လေးမှာ သူ..လုံးဝ မစိုးရိမ်ရသော အရာလေး တစ်ခုသာ။
"ဒီ မိစ္ဆာမီးတောက် လေးက ကျွန်တော့်ကို အန္တရာယ် မပေးနိုင်ပါဘူး"
ဖုန်းဝူချန် က တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး၊ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း၊ ကြောက်ရွံ့ခြင်း မရှိဘဲ ဂူ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဆက်လက် လျှောက်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင်... ဖုန်းဝူချန် ၏ ကိုယ်တွင်းရှိ ဝူမီးတောက် မှာ နောက်တစ်ကြိမ် ထပ်မံ၍ ရူးသွပ်စွာ အသက်ဝင်လာပြီး၊ မိစ္ဆာမီးတောက် မှ ထုတ်လွှတ်လိုက်သော မီးစွမ်းအင်များကို အငမ်းမရ ဝါးမြိုနေတော့၏။
ထိုသို့ ဝါးမြိုမှု၏ အရှိန်အဟုန်ကြောင့် ဖုန်းဝူချန် ပင်လျှင် စိတ်ထဲမှ အံ့အားသင့်သွားရပြီး၊ သူ၏ သွေးကြောများမှာလည်း မယုံကြည်နိုင်လောက်အောင် မြန်မြန်ဆန်ဆန်.. ကျယ်ပြန့်လာတော့၏။