~ထိုဝတ်ရုံခြုံထားသော လျှို့ဝှက်ပုဂ္ဂိုလ်သည် ကျန်းဝူဟန်၏ ရှေ့မှောက်သို့ ကြောက်မက်ဖွယ်ကောင်းလှသော ပုံသဏ္ဌာန်ဖြင့် ရုတ်ချည်း ပေါ်ထွက်လာလေ၏။ အမည်းရောင် လက်သည်းကြီးသည် လျှပ်တစ်ပြက်အတွင်း ဆန့်ထွက်လာပြီး ကျန်းဝူဟန်၏ လည်ပင်းကို အမိအရ ဆုပ်ကိုင်ကာ အထက်သို့ မြှောက်တင်လိုက်တော့သည်။
ကျန်းဝူဟန်၏ ကျင့်ကြံခြင်း အဆင့်အတန်းနှင့်ပင် ထိုသူ၏ လှုပ်ရှားမှုကို အပ်ဖျားခန့်မျှ အာရုံမခံနိုင်ခဲ့ချေ။ ဝတ်ရုံခြုံထားသူ၏ အမြန်နှုန်းမှာ တိတ်ဆိတ်လွန်းလှသကဲ့သို့ အလွန်တရာမှလည်း ထူးဆန်းဆန်းကြယ်လှ၏။
ရုတ်တရက် ပေါ်ပေါက်လာသော ထိုပုဂ္ဂိုလ်ကြောင့် ကျန်းဝူဟန်၏ ရင်ထဲတွင် ကြီးမားလှသော တုန်လှုပ်မှုကို ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားကြောင့် အသက်ရှူပင် ရပ်တန့်မတတ် ဖြစ်သွားရလေ၏။
"မင်းက အသက်မရှင်ချင်တော့ဘူးလား..."
ထိုသူက သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ အေးစက်လှသော မျက်ဝန်းများဖြင့် ကျန်းဝူဟန်ကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ၏ ခြောက်ခြားဖွယ် ဖိအားအောက်တွင် ကျန်းဝူဟန်နှင့် အခြားသူများမှာ လုံးဝ မလှုပ်နိုင်တော့ချေ။ ကျန်းဝူဟန်မှာလည်း အပြင်းအထန် ဒဏ်ရာရထားသဖြင့် ရုန်းကန်ရန်ပင် အားအင် မရှိတော့ပါချေ။
ကျန်းထျန်းယွင်မှာမူ အခြေအနေကို ကြည့်ရင်း အလွန်စိုးရိမ်သွားကာ မနေနိုင်ဘဲ ဝင်ရောက် ဟန့်တားလိုက်လေ၏။
"တော်တော့... ရပ်လိုက်စမ်း"
"ဘာလဲ... မင်းလည်း သေချင်နေတာလား"
ဝတ်ရုံခြုံထားသူ၏ ရေခဲတမျှ အေးစက်သော အကြည့်များက ကျန်းထျန်းယွင်ထံသို့ ဝေ့ဝဲသွားတော့သည်။
ကျန်းထျန်းယွင်က မျက်မှောင်ကို တင်းတင်းကြုတ်ကာ ခွန်းတုံ့ပြန်လိုက်လေ၏
"လောကမှာ ဘယ်သူက သေချင်မှာလဲဗျ။ ကျွန်တော်တို့က ဘာဖြစ်လို့ အခုလို တိုက်ခိုက်ခံရတာလဲ ဆိုတဲ့ အကြောင်းရင်းကိုပဲ သိချင်တာပါ"
အကြီးအကဲ ကျန်းဝူဖုန်းကလည်း တဆက်တည်း၌ပင် ဆိုလိုက်၏
"လူကြီးမင်းရဲ့ လုပ်ရပ်က ကျွန်တော်တို့ကို အတင်းအကျပ် ရပ်တန့်ခိုင်းဖို့ ရည်ရွယ်ချက် ရှိနေတာပဲ။ ဒါပေမဲ့ ဘာကြောင့်လဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိရသေးဘူးလေ။ အဲဒီတော့ သေသေချာချာ မေးရမှာပေါ့"
ထိုစကားကို ကြားသောအခါ ဝတ်ရုံခြုံထားသူသည် ကျန်းဝူဟန်၏ လည်ပင်းကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်ပြီး အေးစက်စွာ မှာကြားလိုက်၏။
"မင်းတို့ အသက်ရှင်ချင်တယ်၊ ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို မပျက်စီးစေချင်ဘူး ဆိုရင်တော့... ကိုယ့်နေရာမှာကိုယ် ငြိမ်ငြိမ်နေပြီး ကိုယ်နဲ့မဆိုင်တာကို ဝင်မပါကြနဲ့။ မဟုတ်ရင်တော့ မင်းတို့ကို အချိန်မရွေး ပြာဖြစ်သွားအောင် ငါ လုပ်ပစ်မယ်။ အင်မော်တယ် လက်နက် စံအိမ်နဲ့ ကျန်းမိသားစုရဲ့ နှစ်ပေါင်း ရာချီ၊ ထောင်ချီ ခိုင်မာခဲ့တဲ့ အုတ်မြစ်တွေ... တစ်ညတည်းနဲ့ ပြာဖြစ်သွားတာမျိုးတော့ မင်းတို့လည်း အဖြစ်ခံမှာ မဟုတ်ဘူး မဟုတ်လား"
သူက စကားပြောပြောဆိုဆိုပင် အကြင်နာ ကင်းမဲ့လှသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လိုက်ရာ ဂိုဏ်းချုပ် ချီယွမ်နှင့် ကျန်းဝူဟန်တို့ အပါအဝင် လူတိုင်းမှာ ကျောချမ်းသွားကြရလေ၏။
ထိုသူ၏ ခြောက်ခြားဖွယ် ဖိအားရှေ့တွင် သူတို့မှာ တိုက်ခိုက်လိုစိတ်များပင် ပျောက်ဆုံးသွားရတော့သည်။ ကျန်းမိသားစုကို တိုက်ခိုက်ခဲ့သော နတ်ဘုရားအသွင်ပြောင်းဘုံ ဆဋ္ဌမအလွှာရှိ ပညာရှင်အပြင် ယခု အဋ္ဌမအလွှာရှိ ပညာရှင်ပါ ရှိနေသည် ဖြစ်ရာ သူတို့နောက်ကွယ်မှ အင်အားစုမှာ မည်မျှ ကြောက်စရာ ကောင်းလိမ့်မည်နည်း။
စကားဆုံးသည်နှင့် ဝတ်ရုံခြုံထားသူ၏ ပုံရိပ်မှာ လေထဲသို့ အရည်ပျော်ဝင်ကာ ပျောက်ကွယ်သွားလေတော့၏။ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားမှာလည်း ရုတ်ချည်းပင် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ချီယွမ်နှင့် အခြားသူများမှာမူ ထိုအခါမှသာ သက်ပြင်းချနိုင်ကြတော့၏။
"ဂိုဏ်းချုပ် ချီယွမ်... ဒီလူတွေက ဘယ်သူတွေလဲဆိုတာ ခင်ဗျား သိလား"
ကျန်းဝူဖုန်းက လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
ချီယွမ်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ရင်း တည်ကြည်စွာ ဆိုလိုက်၏။
"တစ်ခါမှ မမြင်ဖူးပါဘူး။ သူတို့ ကိုယ်ပေါ်က ယုတ်မာတဲ့ အငွေ့အသက်တွေက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။ ဒီတိုက်ကြီးပေါ်မှာ သူတို့လိုလူမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူးသေးဘူး"
"ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့တော့... သူတို့ရဲ့ ကမ္ဘာကို ထိတွေ့နိုင်ဖို့တောင် အရည်အချင်း မမီသေးဘူး ထင်တယ်"
ကျန်းဝူဟန်က အားမလိုအားမရစွာဖြင့် မှတ်ချက်ချလိုက်သည်။
ကျန်းဝူထျန်းကမူ စိုးရိမ်တကြီးဖြင့် ၊
"သူတို့ရဲ့ ခွန်အားက တကယ့်ကို ထိတ်လန့်စရာပဲ။ နဂါးမျိုးနွယ်စုနဲ့ ယင်ယန်မိသားစုလောက်ပဲ သူတို့ကို သိရင် သိလိမ့်မယ်"
"သူတို့က ကိုယ်နဲ့မဆိုင်တာ ဝင်ပါလို့ ပြောပြီး ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်ကို တိုက်ခိုက်သွားတာဆိုတော့... ငါတို့ နှစ်ဖွဲ့လုံးက တစ်ခုခုမှာ ပတ်သက်နေလို့ ဖြစ်ရမယ်။ ဒါပေမဲ့ ဘာကိစ္စလဲ ဆိုတာကိုတော့ ငါ စဉ်းစားလို့ မရဘူး ဖြစ်နေတယ်"
ကျန်းဝူဟန်က မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။
"ဆရာနဲ့ ပတ်သက်နေတာများလား..."
ချီယွမ်က ရုတ်တရက် အသိဝင်သွားဟန်ဖြင့် ဝင်ရောက် ပြောဆိုလိုက်သည်။
“ဆေးဧကရာဇ် လား…”
ကျန်းဝူဟန်နှင့် အခြားသူများမှာ မျက်နှာ အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။
သေသေချာချာ စဉ်းစားကြည့်လျှင် သူတို့ နှစ်ဖွဲ့စလုံး ပူးပေါင်းပါဝင်ခဲ့သော ကိစ္စမှာ ယင်ယန်မိသားစု၏ ကိစ္စသာ ရှိသည် မဟုတ်ပါလော။
သို့သော် ဤလျှို့ဝှက်ပုဂ္ဂိုလ် နှစ်ဦးမှာ ယင်ယန်မိသားစုမှ မဟုတ်သည်မှာ သေချာလှ၏။
"အရင်ဆုံး ပြန်ပြီး ဒဏ်ရာတွေ ကုသကြရအောင်ဗျာ။ သူတို့က ဘယ်သူတွေလဲ ဆိုတာကိုတော့ တစ်နေ့နေ့ကျရင် သိရမှာပါ"
ချီယွမ်၏ လေသံမှာ အေးစက်နေပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ လက်သွားတော့သည်။
နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာရှိ အင်မော်တယ် လက်နက် စံအိမ်၏ ဂိုဏ်းချုပ် တစ်ဦး အနေဖြင့် သူသည် ယနေ့ကဲ့သို့ အားကိုးရာမဲ့သည့် ခံစားချက်မျိုးကို တစ်ခါမျှ မခံစားခဲ့ဖူးချေ။
ဤအရှက်ရမှုအတွက် သူ၏ ရင်ထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေလေတော့၏။
---
အချိန်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့၏။ တစ်လဟူသော အချိန်မှာလည်း ကုန်ဆုံးရန် နီးကပ်လာခဲ့၏။ နဂါးနတ်ဘုရား နန်းတော်ကို တစ်လအတွင်း ဖျက်ဆီးပစ်မည်ဟူသော လိန်ဟွန်း၏ ကြွေးကြော်သံကြောင့် နန်းတော်အတွင်းရှိ လူတိုင်းမှာ ရင်တမမဖြင့် စိုးရိမ်နေကြရ၏။ ထို့အပြင် ဖုန်းဝူချန် ထွက်သွားကတည်းက ယခုအချိန်ထိ ပေါ်မလာသေးခြင်းက သူတို့ကို ပို၍ပင် အပူဖုံးစေတော့သည်။
"အစ်ကိုဖုန်း တစ်ယောက် ဘာဖြစ်နေတာလဲ မသိဘူး။ ထွက်သွားတာ တစ်လပြည့်တော့မယ်... အခုထိလည်း ပေါ်မလာသေးဘူး"
လျိုချင်းယန်က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်နှင့် ဖုန်းဝူချန် ပြန်မရောက်သေးကြောင်း သိလိုက်ရသဖြင့် အသည်းအသန် အော်ဟစ်လိုက်သည်။
ဟန်ခွန်းကမူ ချော့မော့ပြောဆိုလိုက်၏။
"အရမ်း စိတ်မလောပါနဲ့။ နန်းတော်သခင် က ကိစ္စတစ်ခုခုကြောင့် နောက်ကျနေတာ ဖြစ်ပါလိမ့်မယ်"
"နောက်ထပ် (၃) ရက်ပဲ ကျန်တော့တာနော်။ လိန်ဟွန်းက ကျွန်တော်တို့ကို ဘယ်လိုများ နှိမ်နင်းမလဲ ဆိုတာ စဉ်းစားလို့တောင် မရဘူး"
ဟု ယဲ့ထျန်းဝေက အလွန်တရာ လေးနက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
လျိုချင်းယန်ကမူ စိတ်ပူပန်စွာဖြင့် ၊
"အဲဒါတွေကို စိတ်ပူမနေပါနဲ့ဗျာ။ နတ်ဘုရား ဘုရင် နန်းတော်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ... ရှောင်ရှောင်ရဲ့ အကာအကွယ်ကို ဖျက်နိုင်ပါ့မလား။ ပြီးတော့ စီနီယာ အောက်ယွမ် လည်း ရှိနေတာပဲလေ။ အခု ကျွန်တော် စိတ်ပူတာက အစ်ကိုကြီးဖုန်း ပါ။ သူ တစ်ယောက်တည်း ထွက်သွားတာ... အခုထိ ပြန်မလာသေးဘူးဆိုတော့ တစ်ခုခု ဖြစ်နေပြီလားလို့ပဲ"
ထိုအခါ၊ လေ့ထျန်းကျွယ်ကလည်း အာမခံလိုက်သည်။
"မှန်တယ်... ရှောင်ရှောင်ရဲ့ အကာအကွယ်က တကယ့်ကို ကြောက်စရာ ကောင်းတာပဲ။ နတ်ဘုရား ဘုရင် နန်းတော်သခင် ကိုယ်တိုင်တောင် အဲဒါကို ဖောက်နိုင်မှာ မဟုတ်ဘူး"
"စိတ်အေးအေးထားကြပါ... အစ်ကိုဖုန်း ဘာမှ မဖြစ်ပါဘူး။ သူ့ရဲ့ သွေးမျိုးဆက် အငွေ့အသက်ကို ကျွန်မ ခံစားနေရတုန်းပဲ"
လင်ရှောင်ရှောင်က ညင်သာသော လေသံဖြင့် နှစ်သိမ့်လိုက်၏။
ဟန်ခွန်းကမူ ကျန်းကျွင့်လန်ကို တစ်ချက် လှမ်းကြည့်ရင်း တည်ကြည်စွာ ပြောလိုက်သည်။
"အရမ်းကြီးတော့ စိတ်မချကြနဲ့ဦးဗျ။ မကြာသေးခင်ကပဲ ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်တို့ တိုက်ခိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရခဲ့ကြတယ်လို့ သတင်းရတယ်။ လျှို့ဝှက် ပညာရှင် တစ်ယောက်ရဲ့ လက်ချက်တဲ့ဗျာ။ သူတို့ရဲ့ အင်အားတွေလည်း တော်တော်လေး ချိနဲ့သွားပြီ"
"ဘာ..."
ထိုသတင်းကြောင့် လျိုချင်းယန်နှင့် အခြားသူများမှာ အံ့အားသင့် မှင်သက်သွားကြရသည်။
ကျန်းကျွင့်လန်၊ ယန်ရန်နှင့် တုန်ကျန့်ထျန်းတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့၏။
"အသေးစိတ်ကိုတော့ မသိရသေးဘူး။ ဒါပေမဲ့ ဒီကိစ္စက နတ်ဘုရား ဘုရင် နန်းတော်နဲ့ ပတ်သက်နေလောက်တယ်" ဟု ဟန်ခွန်းက ထပ်မံ ဆိုလိုက်သည်။
ကျန်းကျွင့်လန်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ဘာမှ ဆက်မမေးတော့ဘဲ ကျန်းမိသားစုရှိရာ ဆီသို့ အသည်းအသန် ပြေးထွက်သွားတော့၏။
"အစ်ကိုကြီးကျန်း... နေဦး... ကျွန်မလည်း လိုက်မယ်"
ယန်ရန်ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွား၏။
"ဘယ်သူ့လက်ချက်လဲ ဆိုတာ သိလား"
ယီထျန်းချင်းက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် စံအိမ်ကဲ့သို့သော ဧရာမ အင်အားစုကြီးများကို ဒူးထောက်စေနိုင်သော လျှို့ဝှက်ပုဂ္ဂိုလ် ဆိုသည်မှာ မည်မျှ အစွမ်းထက်လိမ့်မည်နည်း။
ဟန်ခွန်းက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြလိုက်၏။
"ဒါ နတ်ဘုရား ဘုရင် နန်းတော်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် လိန်ဟွန်းက ငါတို့ နဂါးနတ်ဘုရား နန်းတော်မှာ လာပြီး ဒီလောက် မောက်မာရဲမှာ မဟုတ်ဘူး"
လျိုချင်းယန်က သွားကို ကျစ်ကျစ်ပါအောင် ကြိတ်ရင်း ဒေါသတကြီး ကြွေးကြော်လိုက်လေတော့သည်။
နတ်ဘုရား ဘုရင် နန်းတော်သည် တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး အင်အားစု ဖြစ်ရာ၊ ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် စံအိမ်တို့ပါ အင်အားချိနဲ့သွားပြီ ဖြစ်သဖြင့် နဂါးနတ်ဘုရား နန်းတော်မှာ ပို၍ပင် အခြေအနေ ဆိုးရွားသွားခဲ့ပြီ ဖြစ်၏။ လိန်ဟွန်း၏ စကားကြီး စကားကျယ်များ နောက်ကွယ်တွင် အကြွင်းမဲ့ ခွန်အားများ ရှိနေကြောင်း သိသာထင်ရှားလှသည်။
"လာမှာကတော့ လာမှာပဲလေ။ ငါတို့ အသင့်ပြင်ထားဖို့ပဲ လိုတယ်"
ဟန်ခွန်းက လေးနက်သော အသံဖြင့် ဆိုလိုက်၏။
ယီထျန်းချင်းကလည်း တဆက်တည်း၌ပင် တည်ကြည်စွာ ပြောလိုက်သည်။
"ဆေးဆရာကြီး ဟန်ခွန်း ပြောတာ မှန်ပါတယ်။ ဖြစ်လာမှာကိုတော့ ရှောင်လွှဲလို့ မရဘူး။ ကျွန်တော်ကတော့ လူညံ့တစ်ယောက်လို အသက်ရှင်နေရမယ့်အစား... စစ်မြေပြင်မှာ အသေခံ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပြီးသား။ အဆိုးဆုံး ဖြစ်လာရင်လည်း အသေခံရုံပဲ ရှိတာပေါ့"
"မှန်တယ်... အသေခံ တိုက်ကြမယ်ဟေ့"
စစ်သည်တော်များကလည်း တက်ကြွလှသော လေသံများဖြင့် ဝိုင်းဝန်း ကြွေးကြော်လိုက်ကြသဖြင့် စိတ်ဓာတ်များမှာ ကောင်းကင်ယံအထိ ထိုးတက်သွားတော့၏။
သို့သော်ငြားလည်း သူတို့ အားလုံး၏ ရင်ထဲတွင်မူ ယခင်က မခံစားဖူးသော ကြီးမားလှသော ဖိအားကို ခံစားနေကြရဆဲပင် ။