~ အတုအယောင် ရမ္မက်နတ်သမီးများသည် ရုပ်ဆင်းအင်္ဂါ အလှအပဖြင့်သာ မြှူဆွယ်တတ်ကြ၏။
သို့သော် စစ်မှန်သော ရမ္မက်နတ်သမီးများကမူ ချစ်သူ၏ စစ်မှန်သော စိတ်ခံစားချက်နှင့် ကိုးကွယ်ဆည်းကပ်မှုကို အသုံးပြုတတ်ကြလေသည်။
ဤအချက်ကို ယောကျာ်းသားများသာလျှင် နားလည်နိုင်ပေလိမ့်မည်။
ယခုအချိန်တွင် ကျူးရှောင်ကျောင်းသည် စစ်မှန်သော ရမ္မက်နတ်သမီးတစ်ပါးနှင့် အကန့်အသတ်မရှိ နီးစပ်နေချေပြီ။
မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
[ ရမ္မက်နတ်သမီး /"Succubus (ဆာကျူဘတ်စ်) ဆိုတာက အနောက်တိုင်း ဒဏ္ဍာရီတွေထဲက အမျိုးသမီးပုံစံ ဖန်ဆင်းထားတဲ့ မိစ္ဆာတစ်မျိုးပါပဲ။ မြန်မာလိုဆိုရင်တော့ 'ဘီလူးမ'၊ 'မိစ္ဆာမ' လို့ ပြောလို့ ရပေမဲ့ သူတို့က ရုပ်ရည်အလွန်ချောမောပြီး ယောကျာ်းတွေကို အိပ်မက်ထဲထိ လိုက်ပြီး မြှူဆွယ်တတ်ကြတယ်။ ပြီးရင် အဲ့ဒီယောကျာ်းဆီက အသက်စွမ်းအင်ကို စုပ်ယူလေ့ရှိပါတယ်။ ]
သို့သော် ယဲ့ဖန် တွေးတောနေပြီး ကျူးရှောင်ကျောင်း ကို ကုသပေးနေစဉ်၊ တံခါးခေါက်သံ သဲ့သဲ့ ထွက်ပေါ်လာ၏။
"အစ်မရှောင်ကျောင်း... နိုးပြီလား"
ဟိုင်ရှောင်ယောင် ကြောက်ရွံ့စွာ မေးလိုက်၏။
"မနက်စာ စားဖို့ နှိုးခိုင်းလိုက်လို့ပါ"
ဟိုင်ရှောင်ယောင် သိသွားမှာ ကြောက်၍ ထင်သည်၊ ကျူးရှောင်ကျောင်း အမြန် ပြန်ဖြေလိုက်၏။
"လာပြီ... လာပြီ"
"ရှောင်ယောင်... ပင်လယ်ပြင် ထွက်ဖို့ ပစ္စည်းတွေ ပြင်ဆင်ပေးထားဖို့ နင့်အစ်မကို ပြောလိုက်ပါ...အစ်မတို့.. မနက်စာ စားပြီးတာနဲ့ သွားကြမယ်"
"ဟုတ်ကဲ့"
ဟိုင်ရှောင်ယောင် က ကလေး တစ်ယောက်သာ ဖြစ်ပါသည်။ ကျူးရှောင်ကျောင်း စကားကြောင့် ချက်ချင်း ပြန်ထွက်သွား၏။
ဟိုင်လင်းအာ မှာလိုက်သော နောက်ဆက်တွဲ တာဝန် ဖြစသည့် ဘေးခန်းက ယဲ့ဖန်ကို မနက်စာ စားဖို့ နှိုးရမည့် ကိစ္စကိုတောင် မေ့သွားသည်။
ဟိုင်ရှောင်ယောင် ထွက်သွားသော ခြေသံ ကြားတော့၊ ကျူးရှောင်ကျောင်း ယဲ့ဖန်ကို ကုသမှု မြန်မြန် လုပ်ဖို့ တိုက်တွန်းလိုက်၏။
ယဲ့ဖန် ကုသပေးပြီးနောက်၊ သူမ ယဲ့ဖန်ကို သူ့အခန်းသို့ အမြန် ပြန်လွှတ်လိုက်ပြီး၊ မျက်နှာသစ် ကိုယ်လက်သန့်စင်ရန် ပြင်ဆင်လိုက်သည်။
နှစ်ယောက်စလုံး ပြင်ဆင်ပြီးနောက်၊ အတူတူ ဆုံတွေ့ပြီး မနက်စာ စားရန် အောက်ထပ်သို့ ဆင်းလာခဲ့ကြ၏။
သို့သော် အောက်မရောက်ခင်မှာပင်၊ အောက်ထပ်မှ စကားများ ရန်ဖြစ်သံများ ကြားလိုက်ရသည်။
"အခု ထွက်သွား..."
ဟိုင်ရှောင်ယောင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ခြင်းပင်။
"ခင်ဗျားတို့ကို ကျွန်တော်တို့ အိမ်က မကြိုဆိုဘူး"
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း အသံကြားပြီး အမြန် ဆင်းသွားလိုက်ရာ၊ ဟိုင်လင်းအာ ၏ အမေ ဖြစ်သူသည် ကြည့်ရဆိုးသော မျက်နှာထားဖြင့် ရှေ့ကို ကြည့်နေသည်ကို တွေ့လိုက်၏။
သူမ ရှေ့တွင် ဟိုင်လင်းအာနှင့် ဟိုင်ရှောင်ယောင် တို့က အသက်လတ်ပိုင်း ဇနီးမောင်နှံ တစ်တွဲကို မောင်းထုတ်ရန် ကြိုးစားနေကြ၏။
အသက်လတ်ပိုင်း အမျိုးသားက ဒီလို အခြေအနေမျိုးကို ကျင့်သားရနေပုံ ရ၏။ ဟိုင်လင်းအာ ၏ မကြိုဆိုမှုနှင့် ဟိုင်ရှောင်ယောင် ၏ မောင်းထုတ်မှုတို့ကို ဂရုမစိုက်ပေ။ ထိုအစား၊ ထိုလူက နှုတ်ခမ်းကို သပ်လိုက်ပြီး ပြောလိုက်၏။
"လင်းအာ... ရှောင်ယောင်... ငါက မင်းတို့ရဲ့ ဒုတိယ ဦးလေး
လေကွာ... သွေးက ရေထက် ပျစ်ပါတယ်"
"မနေ့က မင်းတို့ ခြင်းတောင်းတွေ ထဲမှာ ဂဏန်းပြာတွေ အပြည့် ပါလာတာ... မင်းတို့ ရတနာသိုက် တွေ့ထားတယ် ဆိုတာ သိသာနေတာပဲ... စကားပုံတောင် ရှိတယ်လေ... မြေဆီလွှာ ကောင်းတဲ့ ရေကို သူများ လယ်ကွက်ထဲ မစီးဆင်းစေရဘူး တဲ့... မင်းတို့ တွေ့ထားတဲ့ ရတနာသိုက် အကြောင်း ဒုတိယ ဦးလေး နဲ့ ဒုတိယ အဒေါ် ကို ပြောပြလိုက်ပါလား"
"အဲ့ဒီ အခါကျရင် ဒုတိယ ဦးလေး တို့ ချမ်းသာလာရင်... အနည်းဆုံးတော့ မင်းတို့ ကျေးဇူးကို သတိရနေမှာပါ"
သူ့ဘေးနားရှိ အသက်လတ်ပိုင်း အမျိုးသမီးကလည်း ခေါင်းတငြိမ့်ငြိမ့် ထောက်ခံလိုက်၏။
"ဟုတ်တယ်... အဲ့ဒီ ဂဏန်းပြာတွေ အကုန်လုံးကို နင်တို့ စားနိုင်မှာမှ မဟုတ်တာ... ဒီအတိုင်း ထားလိုက်ရင် အလကား ဖြစ်ကုန်မှာပေါ့... နင်တို့ ဒုတိယ ဦးလေး နဲ့ ငါ့ကို သွားကောက်ခိုင်းပြီး ပိုက်ဆံ ရှာခိုင်းလိုက်ရင် မကောင်းဘူးလား"
"ဘာပဲဖြစ်ဖြစ်... ငါတို့က မိသားစုတွေပဲလေ..."
"ခင်ဗျားတို့ကို ကျွန်တော်တို့ အိမ်က မကြိုဆိုပါဘူး"
ဟိုင်ရှောင်ယောင် သူတို့ နှစ်ဦးကို သိသိသာသာ မုန်းတီးနေ၏။ သူ အသက်လတ်ပိုင်း အမျိုးသားကို တွန်းထုတ်ရန် ပြင်လိုက်၏။
သို့သော် သူက အသက်လတ်ပိုင်း အမျိုးသား တစ်ယောက်ကို ဘယ်လို ယှဉ်နိုင်မည်လဲ။ ဘယ်လောက်ပဲ ကြိုးစား တွန်းပါစေ၊ အသက်လတ်ပိုင်း အမျိုးသားကို ရွေ့သွားအောင် မလုပ်နိုင်ပေ။
ဟိုင်လင်းအာ သူမ၏ ရွံရှာမှုကို လုံးဝ ဖုံးကွယ်မထားပေ။
"ကျွန်မတို့သာ မိသားစုဝင်တွေ ဆိုရင်... ပင်လယ်ပြင်မှာ အဖေ မတော်တဆမှု ဖြစ်တုန်းက... ရှင်တို့ လာပြီး အနိုင်ကျင့်ခဲ့ကြမှာ မဟုတ်ဘူး... ဘွားဘွား ကို သေတမ်းစာ ပြင်ခိုင်းပြီး ဘိုးဘေးတွေ ပေးခဲ့တဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ယူသွားခဲ့ကြမှာ မဟုတ်ဘူး... ကျွန်မတို့ မိသားစု ငတ်ပြတ်နေတာကို လက်ပိုက်ကြည့်နေခဲ့ကြမှာ မဟုတ်ဘူး"
"ဒီနှစ်တွေ အတောအတွင်း ရှင်တို့ ကျွန်မတို့ကို ဘယ်လို ဆက်ဆံခဲ့လဲ ဆိုတာ ကျွန်မ မှတ်မိနေတယ်"
"အရင်တုန်းက ကျွန်မတို့ မိသားစု ဒုက္ခရောက်တုန်းက ရှင်တို့ ဂရုမစိုက်ခဲ့ဘူး... အခု ကျွန်မတို့ မိသားစုမှာ အစ်မရှောင်ကျောင်း တို့ ရှိလာတော့မှ... ရှင်တို့က အောင်မြင်မှု အသီးအပွင့်ကို လာမျှဝေ ခံစားချင်နေကြပြန်ပြီ... နောက်ကျသွားပြီ"
ဒါကို ကြားတော့ အသက်လတ်ပိုင်း အမျိုးသား မျက်နှာထား အနည်းငယ် အနေရခက်သွား၏။ ဟိုင်လင်းအာ ကို ကြည့်ပင် မကြည့်ရဲတော့ပေ။
သို့သော် အသက်လတ်ပိုင်း အမျိုးသမီး ကတော့ ရှက်ရမ်းရမ်းပြီး ဒေါသထွက်လာ၏။ သူမ သွားများကို ဖြဲလိုက်ပြီး လက်များကို ဝှေ့ယမ်းကာ ဟိုင်လင်းအာ ကို ဝင်ရောက် တိုက်ခိုက်ရန် ပြင်လိုက်၏။
"ကောင်မစုတ်... နင် ဘာတွေ ပေါက်ကရ ပြောနေတာလဲ"
"ငါတို့က နင်တို့ရဲ့ လူကြီးတွေလေ... နင့် ရဲ့ ရိုသေသမှုတွေ ဘယ်ရောက်ကုန်ပြီလဲ"
ဟိုင်လင်းအာ အလိုအလျောက် ရှောင်တိမ်းရန် ပြင်လိုက်၏။
"ရပ်လိုက်"
သို့သော် ထိုအချိန်တွင် ပုံရိပ်တစ်ခု ဟိုင်လင်းအာနှင့် အသက်လတ်ပိုင်း အမျိုးသမီး ကြားတွင် ဖျတ်ခနဲ..ပေါ်လာ၏။ အသက်လတ်ပိုင်း အမျိုးသမီး၏ လက်ကို ဖမ်းဆွဲလိုက်ရုံ သာမက၊ ပေါ့ပေါ့ပါးပါး တွန်းလိုက်ရာ၊ ထိုအမျိုးသမီး နောက်သို့ ခြေလှမ်း နှစ်လှမ်း ယိုင်နဲ့သွား၏။
ယဲ့ဖန် ပင်။
"ရှင် ဘာလုပ်တာလဲ"
ယဲ့ဖန် ပြေးဝင်လာသည်နှင့် တပြိုင်နက် နီးပါး၊ ကျူးရှောင်ကျောင်း မျက်နှာထား မည်းမှောင်သွားပြီး ယဲ့ဖန် ဘေးနားသို့ အမြန် ရောက်ရှိလာ၏။
***