~ယန်ဝေ ဘာမှ မပြောပေ။ ဟိုင်လီ တူးနေသည်ကို တွေ့သောအခါ၊ သူမ ချက်ချင်း လိုက်လုပ်ပြီး ခြင်းတောင်းကို ချကာ ဂုံးကောင်များ တူးရန် ပြင်ဆင်လိုက်၏။
"ခင်ဗျားတို့ ဘာလို့ ဒီရောက်နေတာလဲ"
ဟိုင်ရှောင်ယောင် ကဲ့သို့ ကလေး တစ်ယောက်ပင်လျှင် တစ်ခုခု မှားယွင်းနေကြောင်း ဝေဝါးဝါး အာရုံခံမိနေသည်။
"ရှင်တို့ ပင်လယ်ပြင် ထွက်ခဲတယ် မဟုတ်ဘူးလား"
ဟိုင်လင်းအာ တူးနေတာ ရပ်လိုက်ပြီး သူတို့ကို မျက်မှောင်ကြုတ် ကြည့်လိုက်၏။
"တိုက်ဆိုင်တာပါ... တိုက်ဆိုင်တာပါ... ဟီးဟီး"
ဟိုင်လီ ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး၊ နှာခေါင်းကို ပွတ်ကာ ဆက်လက် တူးဆွနေလေသည်။
"စိတ်ရှုပ်စရာ ကောင်းလိုက်တာ"
ဟိုင်ရှောင်ယောင် ဒေါသထွက်လွန်းသဖြင့် ဆက်လက် တူးဆွရန် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေ၏။
ဟိုင်လီနှင့် ယန်ဝေ တို့ကမူ မကြားချင်ယောင် ဆောင်ပြီး ဘေးနားတွင် ဆက်လက် တူးဆွနေကြသည်။
"ယဲ့ဖန်... ငါတို့ နေရာ ပြောင်းကြမလား"
ကျူးရှောင်ကျောင်း ဒီလင်မယားကို သိသိသာသာ မုန်းတီးနေ၏။ သူမလည်း တူးနေတာ ရပ်လိုက်ပြီး ယဲ့ဖန်ကို လှည့်ကြည့်လိုက်၏။
ယဲ့ဖန် ခဏတာ စဉ်းစားသယောင် ဟန်ဆောင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ် သင်တုန်းဓား ဂုံးကောင်တွေက သိပ်ပြီး တန်ဖိုးကြီးတဲ့ ပင်လယ်စာ မဟုတ်ပါဘူး... ရှာတွေ့လည်း ဘာမှ မထူးပါဘူး"
"တခြား နေရာ သွားပြီး ပိုတန်ဖိုးကြီးတဲ့ ပင်လယ်စာတွေ သွားရှာကြတာပေါ့"
ပြောပြီးနောက် သူ မတ်တပ်ရပ်ပြီး ထွက်ခွာသွားလေ၏။
ကျူးရှောင်ကျောင်းနှင့် ဟိုင်ရှောင်ယောင် တို့ ချက်ချင်း လိုက်ပါသွားကြသည်။
ဟိုင်လင်းအာ ကတော့ မလိုလားပုံ ရ၏။ သူမ ကမ်းခြေကို တစ်ချက် ကြည့်လိုက်၊ ဟိုင်လီ တို့ လင်မယားကို တစ်ချက် ကြည့်လိုက် လုပ်ပြီးမှ၊ ယဲ့ဖန်နှင့် ကျန်အဖွဲ့သားများ နောက်သို့ လိုက်ပါသွားလေသည်။
"ဟီးဟီး... မိန်းမက တကယ် ဉာဏ်ကောင်းတာပဲ... ဒီနည်းလမ်းကို စဉ်းစားမိတယ်"
ယဲ့ဖန်နှင့် ကျန်လူများ ထွက်ခွာသွားပြီးနောက်၊ ဟိုင်လီ သည် ဇနီးဖြစ်သူ ယန်ဝေ ကို ပျော်ရွှင်စွာ ကြည့်လိုက်၏။
"သေချာတာပေါ့... သူတို့နောက် လိုက်ရင် ရတနာသိုက် ရှာတွေ့ဖို့ လွယ်ကူတယ် ဆိုတာ"
"ဒါ့အပြင်... ငါတို့ ရောက်လာတာနဲ့... သူတို့က ငါတို့နဲ့ အတူတူ မနေချင်တော့ဘဲ ဒီရတနာသိုက်ကို စွန့်လွှတ်ဖို့ ရွေးချယ်လိုက်ကြတယ်"
ယန်ဝေ သည် ယဲ့ဖန်၊ ကျူးရှောင်ကျောင်းနှင့် အခြားသူများ ထွက်ခွာသွားရာ ဘက်ကို ကြည့်ပြီး မထီမဲ့မြင် ပြောလိုက်၏။
"ဒီ မြို့ကြီးသားတွေက အလိုလိုက်ခံထားရတာ... သင်တုန်းဓား ဂုံးကောင်တွေ တူးလို့ ရတဲ့ ကမ်းခြေက ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာ သူတို့ မသိကြဘူး"
"သင်တုန်းဓား ဂုံးကောင်ထက် ပိုတန်ဖိုးကြီးတဲ့ ပင်လယ်စာ ရှာချင်တယ် ဟုတ်လား... ဘာတွေ တွေးနေကြတာလဲ"
"ပင်လယ်ထဲမှာ သင်တုန်းဓား ဂုံးကောင်ထက် ပိုတန်ဖိုးကြီးတဲ့ ပင်လယ်စာ ကောက်ရတာ ဒီလောက် လွယ်ကူရင်... ရွာသားတွေ အကုန် ချမ်းသာကုန်ပြီပေါ့"
"ဟဲဟဲဟဲ၊ ဟုတ်တယ်... ဟုတ်တယ်"
ဟိုင်လီ လည်း ယုတ်မာစွာ ရယ်မောလိုက်သည်။
"အခု သူတို့ ထွက်သွားပြီ ဆိုတော့... ဒီကမ်းခြေက ငါတို့ အပိုင် ဖြစ်သွားပြီ"
"ဟို မြို့ကြီးသား တူးလိုက်တဲ့ ဂုံးကောင်က သာမန် ဂုံးကောင် မဟုတ်ဘူး... သင်တုန်းဓား ဂုံးဘုရင် ဖြစ်လောက်တယ်... အနည်းဆုံး တစ်ပိဿာ ကို ယွမ် (၁၅၀) လောက် တန်မှာ... ဒီနေ့ ပိဿာ (၁၀) ကျော်လောက် တူးနိုင်ရင်... ငါတို့ ချမ်းသာပြီ"
"မိန်းမ... မြန်မြန် တူးကြစို့... သူတို့ ပြန်လာပြီး လုမှာ စိုးရတယ်ဟ"
ဟိုင်လီ ပြောပြီး ချက်ချင်း ဆက်လက် တူးဆွနေလေ၏။
ယန်ဝေ လည်း ခေါင်းညိတ်လိုက်ပြီး ကြိုးစားပမ်းစား ပြန်လည် တူးဆွနေတော့သည်။
...
အခြား တစ်ဖက်တွင်၊ ဟိုင်လင်းအာ သည် ယဲ့ဖန် အဖွဲ့နောက် လိုက်ပါလာသော်လည်း၊ သူမ မပျော်ရွှင်ကြောင်း သိသာနေ၏။
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်း နောက်သို့ လိုက်နေသော်လည်း၊ သူမ အရင်ကလောက် သက်ဝင်လှုပ်ရှားမှု မရှိတော့ဘဲ စကားသိပ်မပြောတော့ပေ။
ယဲ့ဖန် ဒါကို မြင်သောအခါ သူမကို ချက်ချင်း ကြည့်လိုက်ပြီး၊ ဖျော့တော့သော အပြုံးဖြင့် မေးလိုက်သည်။
"အစ်ကိုကြီးတို့ ရတနာသိုက် တစ်ခုကို စွန့်လွှတ်ခဲ့ရလို့ ဝမ်းနည်းနေတုန်းလား"
ဟိုင်လင်းအာ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မလိုလားစွာ ပြောလိုက်၏။
"အဲ့ဒီမှာ သင်တုန်းဓား ဂုံးဘုရင်တွေ တူးလို့ ရတာ တကယ် ကောင်းပါတယ်"
"အဲ့ဒီ လင်မယားက သမီးတို့နောက်မှ ရောက်လာတာလေ... စည်းကမ်း အရ ဆိုရင် သူတို့က ထွက်သွားရမှာကြီးဟာ"
ဒါကို ကြားတော့ ယဲ့ဖန် ပြုံးလိုက်၏။ ချက်ချင်း ပြန်မပြောဘဲ နေလိုက်၏။
ဒါကို မြင်တော့ ဟိုင်လင်းအာ ထူးဆန်းသလို ခံစားလိုက်၏။
"အစ်ကို ယဲ့ဖန်... ဘာရယ်နေတာလဲ၊
သမီး ပြောတာ မှားလို့လား"
ယဲ့ဖန် ပြုံးပြီး ခေါင်းခါလိုက်၏။
"မင်း ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ငါက တမင်တကာ စီစဉ်ခဲ့တာပါ လို့ ပြောရင်ကော"
"ဟမ်..."
ဟိုင်လင်းအာ ကြောင်အသွားပြီး ခြေလှမ်း ရပ်တန့်လိုက်၏။
"အစ်ကို ယဲ့ဖန်... အစ်ကိုကြီး တမင်တကာ စီစဉ်ခဲ့တာ ဟုတ်လား"
"ဘာလို့လဲ"
ဟိုင်ရှောင်ယောင်ခမျာ ခေါင်းကုတ်လိုက်၏။
ကျူးရှောင်ကျောင်း တစ်ယောက်သာ တစ်စုံတစ်ရာ တွေးမိပုံ ရပြီး ယဲ့ဖန်ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်၏။
"တစ်ခုခု ရှိနေတာလား"
ယဲ့ဖန် ကျူးရှောင်ကျောင်း ၏ ခေါင်းကို ဖွဖွလေး ပုတ်လိုက်၏။
"ရှောင်ကျောင်း က ငါ့အကြောင်း အသိဆုံးပဲ"
"တကယ်တော့... အစ်ကိုကြီး တူးလိုက်တဲ့ သင်တုန်းဓား ဂုံးဘုရင် ကလွဲရင်... ကမ်းခြေမှာ သင်တုန်းဓား ဂုံးဘုရင် နှစ်ကောင် သုံးကောင်လောက်ပဲ ကျန်တော့တာ"
"ဟိုင်လီ နဲ့ ယန်ဝေ လင်မယား... ဒီနေ့ သူတို့ ဂေါ်ပြားတွေ မီးခိုးထွက်တဲ့ အထိ တူးရင်တောင်... ကောင်းတာ ဘာမှ တူးနိုင်မှာ မဟုတ်ဘူး"
"ငါက သူတို့ကို တမင်တကာ လှည့်စားခဲ့တာ"
***