ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရသဖြင့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့၏ မျက်နှာများ ချက်ချင်းပင် ဖြူဖျော့သွားကြသည်။ ထိုဖိအားသည် သူတို့အား အသက်ရှူရပင် ခက်ခဲလာစေသည်။
ထိုဖိအား ကျရောက်လာသည့် ခဏ၌ပင် ပတ်ဝန်းကျင် အာကာသလည်း ချိပ်ပိတ်ခြင်း ခံလိုက်ရ၏။
ဤအခြေအနေတွင် သူတို့၏ စွမ်းအားကြီးမားလှသော မင်းကြီး ထွက်ပြေးချင်လျှင်ပင် ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့နှစ်ယောက်လည်း လုချန်းကို ကာကွယ်ပေးရန် အရှေ့တွင် ချက်ချင်း ရပ်လိုက်ကြသည်။
နောက်တစ်ခဏတွင် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ဆံပင်ဖြူနှင့် အမျိုးသမီးတစ်ဦး လေထဲလမ်းလျှောက်လျက် ပေါ်ထွက်လာ၏။
ထိုအမျိုးသမီး၏ အသွင်အပြင်သည် အေးစက်ပြီး မှင်တက်ဖွယ် ကောင်းလောက်အောင် လှပနေကာ တစ်ကိုယ်လုံးမှလည်း နတ်အငွေ့အသက်များ ထွက်ပေါ်နေ၏။
သွယ်လျသော ခါးတွင် ပတ်ထားသည့် ခါးပတ်က သူမ၏ ပြည့်စုံ ခန္ဓာကိုယ် အချိုးအစားကို ပို၍ ပေါ်လွင်နေစေ၏။
ထိုအမျိုးသမီးကို မြင်လျှင် လုချန်း ခဏခန့် အတွေးလွင့်သွားသည်။
သူမ၏ ပုံစံကို တစ်နေရာရာတွင် တွေ့ဖူးသလိုမျိုး သူ ချက်ချင်း ခံစားလိုက်ရ၏။
အမှန်စင်စစ် သူရင်းနှီးနေရခြင်းက ထိုအမျိုးသမီးကို သိနေ၍ မဟုတ်ပဲ ယွမ်ချင်းရှုနှင့် များစွာ တူနေသောကြောင့် ဖြစ်၏။
တကယ်တော့ ဤအမျိုးသမီးသည် ယွမ်ချင်းရှုထက် အနည်းငယ် ပိုမိုရင့်ကျက်ပြီး ပိုမိုအေးစက်သော အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။
လုချန်း ချက်ချင်းပင် သတိပြန်ဝင်လာ၏။
ဤအမျိုးသမီးသည် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ ပြောခဲ့သည့် ဆံပင်ဖြူနှင့် အမျိုးသမီး ဖြစ်ရမည်။
ပြန်ပေးဆွဲ ခံရသည်ဟု စွပ်စွဲနေသော သူမ၏ ညီမဖြစ်သူမှာလည်း ယွမ်ချင်းရှု ဖြစ်နိုင်၏။
“သွားပြီ... မရီးက လက်စားချေဖို့ ရောက်လာတာပဲ”
လုချန်း ထိုသို့ တွေးနေစဉ်သည်ပင် စနစ်မျက်နှာပြင် ရုတ်တရက် ပေါ်ထွက်လာ၏။
[အမည် : ယွမ်ယုတိ]
[အချက်အလက် : လျှို့ဝှက်လဝန်းနန်းတော်သခင်။ နတ်ဘုရင်အဆင့်။ သူမသည် အမွေးဖြူမြို့အတွင်း၌ ကြီးမားသော ကံစွမ်းအားတစ်ခု မွေးဖွားလာသည်ကို အာရုံခံမိသဖြင့် ၎င်းကို ရှာဖွေရန် သီးသန့် ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုသူကို လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်လည် ခေါ်ဆောင်သွားရန် ရည်ရွယ်ထားသည်။]
[ရမှတ် : ၁၀၀]
[နှစ်သက်မှု : ၁၀]
ယွမ်ယုတိ၏ အကြောင်းအရာများကို မြင်လျှင် လုချန်း အံ့အားသင့်သွား၏။
ကြီးမားသော ကံစွမ်းအားဟု ဆိုပါလား။
သူ့ကို ပြောတာလား။
သူ တစ်ခုခု ရုတ်တရက် စဉ်းစားမိသွား၏။
ယွမ်ယုတိနှင့် သူသည် ယခင်က တစ်ခါမှ မဆုံဖူးသလို သူမကလည်း သူ့ကို မြင်ဖူးမည် မဟုတ်ပေ။
မြင်ဖူးခဲ့လျှင်ပင် နှစ်သန်းတစ်သောင်းကျော် အတွင်း သူ၏ ရုပ်သွင်လည်း အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
သူနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သည့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ် ကဲ့သို့သော သူများ မဟုတ်လျှင် သူ့ကို မည်သူမှ မှတ်မိနိုင်မည် မဟုတ်ပေ။
ထိုအချက်ကို စဉ်းစားမိပြီးနောက် လုချန်း အကြံတစ်ခု ရသွား၏။ ယွမ်ယုတိ သူ့ကို မမှတ်မိနိုင်သည့် အချက်ကို အခွင့်ကောင်းယူရန် သူ ဆုံးဖြတ်လိုက်သည်။
လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ စကားတစ်ခွန်းမှ မပြောရသေးခင်မှာပင် လုချန်းက သူတို့နှစ်ယောက်ကို ကျော်ဖြတ်၍ ရှေ့သို့ ထွက်လာ၏။
ထို့နောက် ကောင်းကင်ယံမှ ယွမ်ယုတိကို ရိုသေစွာ ဂါရဝပြုရင်း
“စီနီယာကို ဂျူနီယာ ချန်းလု ဂါရဝပြုပါတယ်။”
လုချန်း၏ စကားကို ကြားလျှင် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ အနည်းငယ် မှင်တက်သွားသော်လည်း လုချန်း ဘာလုပ်ချင်သည်ကို ချက်ချင်း သဘောပေါက်သွားကြ၏။
သူတို့ကလည်း
“စီနီယာကို ဂါရဝပြုပါတယ်”
ဟု ဦးညွှတ် နှုတ်ဆက်လိုက်ကြ၏။
လုချန်းကို ယွမ်ယုတိ တစ်ချက် ကြည့်လိုက်၏။
သူ့ကို မြင်လျှင် သူမ ခဏခန့် ကြောင်အသွားသည်။
အကြောင်းရင်းကို မသိသော်လည်း ဤလူကို မြင်ဖူးသလို ခံစားနေရခြင်းဖြစ်သည်။
မည်သည့်နေရာတွင် တွေ့ဖူးသည်ကို သူမ စဉ်းစား၍ မရပေ။
ထို့နောက် လုချန်း၏ ကံစွမ်းအားကို ယွမ်ယုတိ အာရုံခံကြည့်ရာ သူမထက်ပင် ပို၍ သိပ်သည်းနေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် သူ့ကို တပည့်အဖြစ် လက်ခံရန် သူမ ချက်ချင်း စိတ်ကူးရသွားသည်။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိက
“ရှင် ကျွန်မရဲ့ တပည့်ရင်း ဖြစ်ချင်လား”
ဟု မေးလိုက်၏။
ယွမ်ယုတိ၏ စကားကို ကြားလျှင် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာ၏။
ဤအမျိုးသမီးသည် သူတို့၏ မင်းကြီးကို သိပင်မသိပဲ တိုက်ရိုက်တပည့် အဖြစ်ပင် လက်ခံရန် ကြံစည်နေပုံ ရ၏။
လုချန်း ချက်ချင်း သဘောမတူသေးပေ။
ခဏခန့် တွန့်ဆုတ်နေပြီးနောက်
“စီနီယာ... ကျုပ်က အမွေးဖြူမြို့ထဲကို ဝင်ဖို့ ပြင်နေတာပါ။”
ယွမ်ယုတိ နှာခေါင်းရှုံ့လိုက်ပြီး ခန္ဓာကိုယ်မှ ဖိအားများကို ချက်ချင်းပင် ထုတ်လွှတ်လိုက်၏။
လုကျန့်ကျီလည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားပြီး
“စီနီယာ... ဒီလူမှာ ထူးချွန်တဲ့ ပါရမီ ရှိပါတယ်။ အမွေးဖြူမြို့မှာပဲ နေမယ်ဆိုရင် သူ့ရဲ့ ပါရမီတွေက အလဟဿ ဖြစ်သွားပါလိမ့်မယ်။ လျှို့ဝှက်လဝန်းနန်းတော်ကို လိုက်သွားတာက ပိုကောင်းပါလိမ့်မယ်”
ဟု အမြန် ပြောလိုက်သည်။
ဆက်လက်၍ လုကျန့်ကျီက လုချန်းကို အကြံပေးသည့် ဟန်ဆောင်ကာ
“ချန်းလု... ဒီက စီနီယာက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ခန်းမသခင်ပဲ။ မင်းကို တပည့် ရင်းအဖြစ် လက်ခံတာက မင်းအတွက် ကံကောင်းခြင်းပဲ။ ဒီလို အခွင့်အရေးမျိုးကို လက်မလွှတ်နဲ့။”
“စီနီယာနောက်ကို လိုက်မှသာ မင်းအတွက် ပိုကောင်းတဲ့ အနာဂတ် ရှိမှာပါ။”
လုချန်း အခက်တွေ့နေသည့် ပုံစံ ပေါ်လာ၏။
ယွမ်ယုတိက လုချန်းကို ထပ်မံ စဉ်းစားခိုင်းရန် စကားပြောတော့မည့် အချိန်တွင် လုချန်းက
“ကောင်းပါပြီ... စီနီယာရဲ့ တပည့်အဖြစ် နေဖို့ ကျုပ် သဘောတူပါတယ်”
ဟု ရုတ်တရက် ပြောလိုက်သည်။
ထို့နောက် လုချန်းက ယွမ်ယုတိကို ဂါရဝပြုရင်း
“လေးစားအပ်တဲ့ ဆရာ့ကို... တပည့် ဂါရဝပြုပါတယ်”
ယွမ်ယုတိ အနည်းငယ် အံ့သြသွား၏။
သူ ဤမျှ လျင်မြန်စွာ သဘောတူလိုက်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမ သည် အမွေးဖြူမြို့တွင် ခဏတာ နေထိုင်ရန် အစီအစဉ် ရှိသောကြောင့် လုချန်းက စိတ်မပါလျှင် စဉ်းစားရန် အချိန်ပေးမည်ဟု အစက တွေးထားခြင်း ဖြစ်သည်။
ကြီးမားသော ကံစွမ်းအား ရှိသူတစ်ယောက်ကို အတင်းအကျပ် ခေါ်ဆောင်သွားခြင်းက မကောင်းသော ကံကြမ္မာ အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သောကြောင့် ထိုသို့ မလုပ်သင့်ပေ။
သို့သော် သူက သဘောတူလိုက်ပြီ ဖြစ်သဖြင့် ပြဿနာ မရှိတော့ပေ။
ထို့နောက် ယွမ်ယုတိက အာကာသလက်စွပ် တစ်ကွင်းကို ထုတ်ကာ လုချန်းထံသို့ ပစ်ပေးလိုက်ရင်း
“ဒါက မင်းအတွက် လက်ဆောင်ပဲ”
ယွမ်ယုတိ ပစ်ပေးလိုက်သည့် အာကာသလက်စွပ်ကို လုချန်း ချက်ချင်းပင် ဖမ်းယူလိုက်၏။
ထို့နောက် နတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အတွင်း၌ များပြားလှသော ကျင့်စဉ် အရင်းအမြစ်များနှင့် ဝိညာဉ်ကျောက်တုံး များကို တွေ့လိုက်ရ၏။
လုချန်း အလွန် ဝမ်းသာသွားသည်။
ဤမျှများပြားသော ကျင့်စဉ်အရင်းအမြစ်များသည် သူ၏ ကျင့်ကြံမှုအတွက် မုချ အထောက်အကူ ဖြစ်စေလိမ့်မည်။
လုကျန့်ကျီ ပေးထားသည့် ကျင့်စဉ် အရင်းအမြစ်များနှင့် ယခု ယွမ်ယုတိ ပေးသည့် အရာများသာ ပေါင်းလိုက်လျှင် မကြာမီ အချိန်အတွင်းမှာပင် နတ်ဘုရင်အဆင့်သို့ သူ ပြန်လည် ရောက်ရှိနိုင်တော့မည် ဖြစ်၏။
ထိုအခိုက်အတန့်တွင် အာကာသလက်စွပ်ထဲရှိ နတ်ဓား တစ်လက်ကို လုချန်း တွေ့လိုက်ရ၏။ ဓားမှ ထွက်ပေါ်နေသော အရှိန်အဝါကို ကြည့်ရုံဖြင့် အနည်းဆုံး မြေအဆင့် နတ်ဓား ဖြစ်ကြောင်း သိနိုင်သည်။
မြေအဆင့်နတ်ဓားကို တိုက်ရိုက် ပေးအပ်ခဲ့သဖြင့် ယွမ်ယုတိသည် တကယ်ပင် ရက်ရောသည်ဟု ဆိုရမည်။
အမှန်တကယ်တော့ လျှို့ဝှက်လဝန်းနန်းတော်၏ အမည်ကို ကြည့်ရုံဖြင့် ထိုအင်အားစု မည်မျှ ချမ်းသာကြွယ်ဝကြောင်း သိနိုင်၏။
မြေအဆင့် နတ်ဓား တစ်လက် ထုတ်ပေးနိုင်ခြင်းက ထူးဆန်းလှသည်တော့ မဟုတ်ပေ။
သို့သော် ပထမဆုံး တွေ့ဆုံခြင်းတွင် ဤမျှတန်ဖိုးကြီးသော လက်ဆောင်ကို ပေးခြင်းက ယွမ်ယုတိ၏ ရက်ရောမှုကို ဖော်ပြနေသည်။
ထို့နောက် ယွမ်ယုတိက ဆက်လက်၍ လုချန်းကို
“ငါအမွေးဖြူမြို့မှာ ခဏလောက် နေဦးမယ်။ ဒီအတောအတွင်း မင်းဘာသာမင်း ကျင့်ကြံနေပါ။ ငါ ပြန်တော့မယ်ဆိုရင် မင်းဆီကို လာခဲ့မယ်။”
နတ်ဘုရင် အဆင့်၏ နတ်အာရုံဖြင့် ဆိုလျှင် အမွေးဖြူမြို့အတွင်းရှိ လုချန်းကို ရှာဖွေရန် ခဏသာ ကြာမည် ဖြစ်သောကြောင့် သူ ပျောက်ကွယ်သွားမည်ကို ယွမ်ယုတိ စိတ်မပူပေ။
လုချန်းက
“တပည့် နားလည်ပါပြီ”
ယွမ်ယုတိ လှည့်ထွက်သွားပြီး လုချန်းကလည်း
“ဆရာ့ကို တပည့် ရိုသေစွာ နှုတ်ဆက်ပါတယ်”
ဟု ချက်ချင်းပင် ဆိုလိုက်၏။
ယွမ်ယုတိ ထွက်သွားပြီးနောက် လုချန်းက လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ကို လှည့်ကြည့်လိုက်ပြီး လုကျန့်ကျီက သူ့ကို”မင်းကြီး” ဟု အော်ခေါ်တော့မည့် အချိန်တွင် ချောင်းဟန့်လိုက်၏။
“ဟင်းဟင်း... ကျုပ်နာမည်က ချန်းလုပါ”
ထိုအရာကို နားလည်သွားသဖြင့် လုကျန့်ကျီ ပြုံးလိုက်ပြီး
“ချန်းလု... လေးစားအပ်တဲ့ စီနီယာရဲ့ တပည့် ဖြစ်လာတာ ဂုဏ်ယူပါတယ်။”
“နောက်နောင် တစ်ခုခု လိုအပ်တာ ရှိရင် မြို့ဝန်နန်းတော်ကို အချိန်မရွေး လာပြောနိုင်ပါတယ်။ ကျုပ်တို့ တတ်နိုင်သမျှ ကူညီပေးပါ့မယ်။”
“ကျုပ်ရဲ့ ဆရာက ခဏလောက် ဒီမှာ နေဦးမှာဆိုတော့ ကျုပ်လည်း အမွေးဖြူမြို့မှာပဲ ခဏ နေဦးမယ်။ မြို့စားမင်း လု... ကျုပ်အတွက် အခန်းတစ်ခန်းလောက် စီစဉ်ပေးပါ။”
လုကျန့်ကျီက
“ကောင်းပါပြီ... ကျုပ် ချက်ချင်း စီစဉ်ပေးပါ့မယ်”
ဟု အမြန် ပြန်ပြောလိုက်၏။
ထို့နောက် သူက မြို့ဝန်နန်းတော်၏ အိမ် တော်ထိန်းကို ခေါ်လိုက်ပြီး ဒုတိယ အကြီးဆုံးခန်းမတွင် လုချန်း နေထိုင်ရန် စီစဉ်ပေးလိုက်၏။
နောက်ပိုင်း ရက်များတွင် ကျင့်ကြံခြင်းဖြင့် လုချန်း အချိန်ကုန်ဆုံးခဲ့သည်။
ထျန်းရန် နတ်ဘုရား နယ်မြေသို့ မပြန်သည်မှာ ကြာပြီဖြစ်သောကြောင့် ထိုနေရာရှိ သိပ်သည်းလွန်းသော စိတ်ဝိညာဉ်စွမ်းအားများက သူ့အတွက် အနည်းငယ် နေရခက်စေ၏။
ထို့ကြောင့် ယခုရက်ပိုင်းအတွင်းတော့ ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင်သာ အဓိက လုပ်ဆောင်နေခဲ့ခြင်းသာ ဖြစ်၏။
အမွေးဖြူမြို့၏ အထပ်မြင့် အဆောက်အဦးတစ်ခုပေါ်မှနေ၍ ကစဉ့်ကလျား ပင်လယ်ရှိရာ ဘက်သို့ ယွမ်ယုတိ နေ့တိုင်းလိုလို မျှော်ကြည့်နေသည်ကို လုချန်း သတိထားမိသည်။
သူမသည် ယွမ်ချင်းရှုကို လွမ်းဆွတ်တမ်းတနေပုံ ရ၏။
ယွမ်ယုတိ၏ မျက်ဝန်းများတွင် ဝမ်းနည်းမှုနှင့် မျှော်လင့်ချက် အနည်းငယ် ရောထွေးနေသည်ကို လုချန်း မြင်နိုင်သည်။
သူ၏ သိလိုစိတ်ကို မထိန်းချုပ်နိုင်သဖြင့် တစ်နေ့တွင် လုချန်းလည်း ထိုအထပ်မြင့် အဆောက်အဦးပေါ်သို့ တက်လာခဲ့၏။
လုချန်း ရောက်ရှိလာသည်ကို အာရုံခံမိသဖြင့် ယွမ်ယုတိက လှည့်မကြည့်ပဲ
“ဘာကိစ္စ ရှိလို့လဲ”
“ ဆရာက ဘာလို့ ဒီရက်ပိုင်း ကစဉ့်ကလျား ပင်လယ်ဘက်ကိုပဲ ကြည့်နေရတာလဲ တပည့် သိချင်လို့ပါ။”
ထိုမေးခွန်းကို ကြားလျှင် ယွမ်ယုတိက အေးစက်စွာ တုံ့ပြန်လိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းတစ်သောင်းကျော်က ငါ တံခါးပိတ် ကျင့်စဉ် ဝင်နေတုန်း မိစ္ဆာသူခိုး တစ်ယောက်က ငါ့ရဲ့ အစ်မကို ကစဉ့်ကလျား ပင်လယ်ထဲ ခေါ်သွားခဲ့တယ်။”
***