ယဲ့ချူယောင်၏ အချက်အလက်များကို လုချန်း မြင်လိုက်ရသည့် ခဏ၌ သူ၏ နှလုံး အနည်းငယ် ရပ်တန့်သွားခဲ့၏။ လူဟောင်းတစ်ယောက်နှင့် တကယ် ဆုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ့ရှေ့မှ အမျိုးသမီးသည် တစ်ချိန်က ဝူကျန်းဝမ်၏ အနီးတွင်ရှိခဲ့သည့် အစေခံ ယဲ့ချူယောင်ပင် ဖြစ်သည်။
ယဲ့ချူယောင်သည် ဝိညာဉ်စစ်သည် နိုင်ငံတော်၏ နန်းတော်အတွင်း၌ ဝူကျန်းဝမ်နှင့်အတူ ညီအစ်မများကဲ့သို့ ကြီးပြင်းလာခဲ့၏။ ဝူကျန်းဝမ်သည် ဝိညာဉ်စစ်သည် နိုင်ငံတော်၏ မင်းသမီးတစ်ပါး ဖြစ်သော်လည်း လုံးဝ မျက်နှာသာပေးခြင်း မခံခဲ့ရပေ။
ထူးကဲသော ပါရမီရှိသော်လည်း သူမ၏ မိခင်သည် သာမန်လူသားတစ်ဦးဖြစ်ပြီး ဂုဏ်ငယ်သည့်အတွက်ကြောင့် ဝိညာဉ်စစ်သည် နိုင်ငံတော်တော်ဝင်မိသားစု၏ အာရုံစိုက်မှုကို သူမ မရရှိခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ဝူကျန်းဝမ်၏ ပါရမီသည် အလွန်မြင့်မားလှ၏။ ဝူဧကရာဇ်၏ သားသမီးအားလုံးထဲတွင် သူမ၏ ပါရမီသည် အကောင်းဆုံးဖြစ်ပြီး စွမ်းအားလည်း အကြီးဆုံး ဖြစ်၏။
ငယ်စဉ်ကတည်းက အေးစက်သော အကြည့်များကို ရင်ဆိုင်ခဲ့ရသဖြင့် ဝူကျန်းဝမ် စိတ်ထဲ အာဏာလိုချင်စိတ် အမြဲပြင်းပြခဲ့သည်။ တစ်နေ့တွင် ဝိညာဉ်စစ်သည် နိုင်ငံတော်၏ နောက်ထပ် အုပ်စိုးသူ ဖြစ်လာစေရန်အတွက် သူမ အပတ်တကုတ် ကျင့်ကြံခဲ့သည်။
ဝူကျန်းဝမ်နှင့်အတူ ကြီးပြင်းလာခဲ့သည့် ညီအစ်မကောင်းတစ်ဦးအနေနှင့် ဝိညာဉ်စစ်သည် နိုင်ငံတော် အုပ်စိုးသူ ရာထူးကို ရယူရန် ကြိုးပမ်းမှုကို ယဲ့ချူယောင် အမြဲတမ်း ထောက်ခံပေးခဲ့သည်။ ဝူကျန်းဝမ်၏ ပါရမီနှင့်ဆိုလျှင် အနာဂတ်တွင် ထီးနန်းကို ဧကန်မုချ ဆက်ခံနိုင်မည်ဟု သူမ ယုံကြည်ခဲ့၏။
သို့သော်လည်း တစ်နေ့တွင် အမျိုးသားတစ်ဦး ဝူကျန်းဝမ်၏ ဘဝထဲသို့ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာပြီး သူမ၏ နှလုံးသားကို သိမ်းပိုက်လိုက်သည်။ ထိုအချိန်မှစ၍ ဝူကျန်းဝမ်၏ ကျင့်စဉ်အပေါ် စိတ်ဝင်စားမှု လျော့နည်းသွားပြီး နိုင်ငံတော် အုပ်စိုးသူ ရာထူးသည်လည်း သူမအတွက် အရေးမပါတော့ပေ။
ဝူကျန်းဝမ် စိတ်ဓာတ်ပျက်ယွင်းသွားသည့် ပုံစံကို မြင်လျှင် ယဲ့ချူယောင် အလွန် စိုးရိမ်ပူပန်ခဲ့၏။ ထိုရာထူးအတွက် ဝူကျန်းဝမ် မည်မျှ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရသည်ကို သူမ သိထားပြီး ယခု အမျိုးသားတစ်ဦးအတွက်ကြောင့် အရာအားလုံးကို စွန့်လွှတ်တော့မည် ဖြစ်၏။
ဝူကျန်းဝမ် သတိဝင်လာစေရန် နည်းမျိုးစုံဖြင့် ယဲ့ချူယောင် ကြိုးစားခဲ့သော်လည်း အဆုံးတွင်တော့ ထိုအမျိုးသားက ဝူကျန်းဝမ်ကို ခေါ်ဆောင်သွားခဲ့သည်။ ပို၍ ဆိုးသည်က ဝူကျန်းဝမ်သည် ထိုအမျိုးသား၏ မိဖုရားဆောင်အတွင်းရှိ တစ်ဦးတည်းသော အမျိုးသမီး မဟုတ်ခဲ့ပေ။
ထို့ပြင် နတ်ဘုရား နိုင်ငံတော် အမြောက်အမြားက ထိုအမျိုးသားကို တိုက်ခိုက်ချိန်တွင် သူက ဝူကျန်းဝမ်ကိုပါ ခေါ်ဆောင်ပြီး ကစဉ့်ကလျား ပင်လယ်အတွင်းသို့ အတူတူ သေဆုံးရန် ဝင်ရောက်သွားခဲ့သည်။
သူမ၏ အစ်မကဲ့သို့ ရင်းနှီးချစ်ခင်ရသူ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်သွားစဉ်က ယဲ့ချူယောင် လိုက်သွားချင်ခဲ့သော်လည်း ထိုစဉ်က သူမ၏ စွမ်းအားသည် အလွန် အားနည်းလွန်းနေသည်။ သူမ၏ အဆင့်နှင့် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို မခံနိုင်ခဲ့ပေ။ အဆုံးတွင် ဝူကျန်းဝမ်၏ ပုံရိပ် ကစဉ့်ကလျား ပင်လယ်အတွင်း ပျောက်ကွယ်သွားသည်ကိုသာ သူမ ငေးကြည့်နေခဲ့ရရုံသာ ရှိတော့၏။
ဤဖြစ်ရပ်အားလုံးက ထိုအမျိုးသား၏ အမှားဟု ယဲ့ချူယောင် ယူဆခဲ့သည်။ အကယ်၍ ထိုအမျိုးသားသာ မရှိခဲ့လျှင် ဝူကျန်းဝမ်သည် နိုင်ငံတော်အုပ်စိုးသူ ရာထူးရယူရန် ကြိုးပမ်းခြင်းကို စွန့်လွှတ်မည် မဟုတ်သလို ထိုအမျိုးသားနှင့်အတူ သေရန်အတွက် ကစဉ့်ကလျား ပင်လယ်ထဲသို့လည်း ဝင်ရောက်သွားမည်လည်း မဟုတ်ပေ။
အကယ်၍ ထိုအမျိုးသားသာ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်မသွားခဲ့လျှင် သူမ သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်ခဲ့မည် ဖြစ်၏။
နှစ်ပေါင်း သန်းတစ်သောင်းကျော် ကြာသွားခဲ့ပြီး ထိုအမျိုးသားအပေါ်ရှိ သူမ၏ အမုန်းတရားများ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်သော်လည်း လုချန်းကို ထပ်မံ မြင်လိုက်ရသည့် အခိုက်အတန့်တွင်တော့ သူမ ချက်ချင်း မှတ်မိသွားခဲ့သည်။
ယဲ့ချူယောင်က ဓားကို ဆွဲထုတ်ရန် ပြင်လိုက်စဉ်မှာပင် လုချန်းက ရုတ်တရက် ပြုံးလိုက်ပြီး ယဲ့ချူယောင်ကို
“ဆရာ။ ဒါက စီနီယာအစ်မလား။ မဂ်လာပါ စီနီယာအစ်မ... ကျုပ်က ဆရာရဲ့ တပည့်သစ်ပါ။”
ထိုစကားကို ကြားလျှင် ယဲ့ချူယောင် ခဏခန့် မှင်တက်သွား၏။
တပည့်သစ် ဟုတ်လား။
ထိုအခိုက်အတန့်တွင် သူမ၏ စိတ်များ အနည်းငယ် ပြန်လည် ကြည်လင်လာသည်။ လုချန်းထံမှ ဝိညာဉ်နတ်အဆင့် အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ရုပ်ချင်းဆင်နေရုံသက်သက်များလားဟု ယဲ့ချူယောင် မတွေးပဲ မနေနိုင်ဖြစ်သွား၏။
ထိုစဉ် ယွမ်ယုတိကလည်း
“ယောင်ယောင်... ဒါက ငါ လက်ခံလိုက်တဲ့ တိုက်ရိုက်တပည့်သစ်ပဲ။ သူက မင်းရဲ့ ဂျူနီယာ မောင်လေးပေါ့။ နောက်ပိုင်း ငါ မရှိတဲ့အချိန်တွေမှာ သူ့ကို သေချာ လမ်းညွှန်ပေးလိုက်ဦး။ ကျင့်စဉ်နဲ့ ပတ်သက်ပြီး သူ နားမလည်တာရှိရင် မင်း ရှင်းပြပေးရမယ်။”
နတ်ဘုရင်တိုင်းသည် ပိုမိုမြင့်မားသော နယ်ပယ်များသို့ တက်လှမ်းလိုကြ၏။ နှစ်သန်းပေါင်းထောင်နှင့်ချီသော ကာလအတွင်း ယွမ်ယုတိ၏ တံခါးပိတ် ကျင့်စဉ်စခန်းက ပို၍ စိပ်လာခဲ့သည်။
ယခုတစ်ခေါက် သူမ၏ ညီမဖြစ်သူကို လွမ်းဆွတ်တမ်းတရန်အတွက် အမွေးဖြူမြို့သို့ သွားရောက်ပြီးနောက် တံခါးပိတ် ကျင့်စဉ် ပြန်ဝင်မည် ဖြစ်၏။ လုချန်းကို တိုက်ရိုက်တပည့်အဖြစ် လက်ခံခဲ့သော်လည်း သူမအနေနှင့် လုချန်းကို တိုက်ရိုက်သင်ကြားပေးနိုင်မည့် အချိန်က အလွန်နည်းပါးလှသည်။
ကံကောင်းသည်က သူမ၏ အခြားသော တပည့်ရင်းက ကောင်းကင်နတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆင့်တက်ရန် အဆင်သင့် ဖြစ်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူမ၏ တပည့်ရင်းကို လုချန်းအား သင်ကြားခိုင်းခြင်းက လုံလောက်သည်ထက်ပင် ပိုနေ၏။
ယဲ့ချူယောင်လည်း သူမ၏ ခံစားချက်များကို အစွမ်းကုန် ထိန်းချုပ်လိုက်ပြီး ရင်းနှီးဖော်ရွေသော မျက်နှာဖြင့်
“ဪ...ဂျူနီယာ မောင်လေးကိုး။”
ထို့နောက် ယွမ်ယုတိက
“ငါ့မှာ တခြားကိစ္စတွေ ရှိသေးတယ်။ ယောင်ယောင်...နင့်ရဲ့ မောင်လေးကို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားအောင် လိုက်ပြပေးပြီး နေစရာနေရာ စီစဉ်ပေးလိုက်ပါဦး။”
ယဲ့ချူယောင်က
“ဟုတ်ကဲ့ပါ ဆရာ”
နောက်တစ်ခဏတွင် ယွမ်ယုတိ၏ ခန္ဓာကိုယ် ထိုနေရာ၌ပင် ပျောက်ကွယ်သွားခဲ့သည်။
ယွမ်ယုတိ ထွက်သွားပြီးနောက် ယဲ့ချူယောင် လုချန်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သူမ မည်သို့ပင် ကြည့်ကြည့် ရှေ့က ဂျူနီယာမောင်လေးအား ထိုလူယုတ်မာဟုသာ ခံစားနေရ၏။
လုချန်းကို ဓားနှင့် တစ်ချက်တည်း ထိုးချလိုက်လိုသည့် စိတ်ဆန္ဒကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး
“ ဟင်းဟင်း... မောင်လေး... အစ်မနောက် လိုက်ခဲ့ပါ။ အစ်မ အရင်ဆုံး နေစရာနေရာ စီစဉ်ပေးမယ်။”
လုချန်းက မျက်နှာတွင် အပြုံးတစ်ခုဖြင့်
“ဟုတ်ကဲ့ပါ စီနီယာအစ်မ”
ဟု တုံ့ပြန်၏။
ထို့နောက် အတွင်းစည်း တပည့်များ နေထိုင်သည့် အဆောင်သို့ ယဲ့ချူယောင်၏ နောက်မှ လုချန်း လိုက်သွားခဲ့သည်။ သွားရာလမ်းတွင်
“ မောင်လေး... အစ်မနာမည်က ယဲ့ချူယောင်ပါ။ အစ်မ မောင်လေးရဲ့ နာမည်ကို မသိသေးဘူးနော်”
ဟု ယဲ့ချူယောင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လုချန်းက
“စီနီယာအစ်မယဲ့။ ကျုပ်ရဲ့ မျိုးရိုးနာမည်သည် ချန်းပါ။ နာမည်ကတော့ ချန်းလုပါ။”
ထိုအရာကို ကြားလျှင် ရှေ့မှ ယဲ့ချူယောင်၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားခဲ့သည်။
ချန်းလု ဟုတ်လား။
လုချန်း လား။
နောက်တစ်ခဏ၌ ယဲ့ချူယောင် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး လုချန်းကို ဓားနှင့် တည့်တည့် ချိန်လိုက်သည်။
လုချန်းက ထိတ်လန့်တုန်လှုပ်နေသော ပုံစံဖြင့်
“စီနီယာအစ်မ... ဘာလုပ်တာလဲ”
ယဲ့ချူယောင်က အံကြိတ်ပြီး
“လူယုတ်မာ... ရှင့်နာမည်ကို ပြောင်းပြန်လှန်ထားရုံနဲ့ ရှင့်ကို ကျွန်မ မှတ်မိမှာ မဟုတ်ဘူးလို့ မထင်နဲ့။”
ထိုသို့ပြောပြီးနောက် ယဲ့ချူယောင် လုချန်းကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
“စီနီယာအစ်မ... ဘာတွေပြောနေတာလဲ။ ဘယ်က လူယုတ်မာလဲ”
ဟု အမြန်ပြောလိုက်၏။
ယဲ့ချူယောင်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး
“လုချန်း...ဟန်ဆောင်မနေနဲ့တော့။ ရှင့်မျက်နှာ ခွေးချီသွားရင်တောင် ကျွန်မ မှတ်မိတယ်။”
စကားဆုံးသည်နှင့် ယဲ့ချူယောင်က သူမ၏ ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည်။ လုချန်းလည်း စကားတစ်ခွန်းမှ မပြောတော့ပဲ လှည့်ပြေးတော့သည်။ ပြေးရင်းဖြင့်
“ဆရာ...ကယ်ပါဦး။ စီနီယာအစ်မ ကျုပ်ကို သတ်တော့မယ်”
ဟု အော်ဟစ်လိုက်၏။
မည်သို့ပင်ဖြစ်စေ ယွမ်ယုတိသည် နတ်ဘုရင်တစ်ပါး ဖြစ်သဖြင့် လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးသည် သူမ၏ အာရုံခံနိုင်စွမ်း နယ်ပယ်အတွင်း၌ ရှိနေသည်။ သူ အနည်းငယ် အော်လိုက်ရုံနှင့် ယွမ်ယုတိ ကြားနိုင်သည်။
တကယ်လည်း လုချန်း ပြေးပြီး မကြာမီမှာပင် ယွမ်ယုတိ၏ ပုံရိပ် ယဲ့ချူယောင်၏ ရှေ့၌ ရုတ်တရက် ပေါ်လာပြီး ယဲ့ချူယောင်၏ ဓားဦးကို လက်ချောင်းနှစ်ချောင်းဖြင့် တိုက်ရိုက် ညှပ်ဖမ်းလိုက်သည်။
ယွမ်ယုတိက ယဲ့ချူယောင်ကို အေးစက်စွာ ကြည့်လိုက်ပြီး
“ယောင်ယောင်၊ မင်း ဘာလုပ်နေတာလဲ”
“ဆရာ... ကျွန်မမှာ ဒီလူယုတ်မာနဲ့ မပြေလည်နိုင်တဲ့ ရန်ငြိုးတွေ ရှိနေပါတယ်”
ဟု ခါးခါးသီးသီး ပြောလိုက်သည်။
ယဲ့ချူယောင်၏ စကားကို ကြားလျှင် ယွမ်ယုတိ အနည်းငယ် မှင်တက်သွား၏။
လူယုတ်မာ ဟုတ်လား။
ထို့နောက် သူမ လုချန်းကို ခပ်အေးအေး ကြည့်လိုက်သည်။
လုချန်းက အမြန်ပြောလိုက်၏။
“ဆရာ။ ကျုပ် စီနီယာအစ်မနဲ့ အရင်က တစ်ခါမှ မဆုံဖူးပါဘူး။ သူက ကျုပ်ကို စွပ်စွဲနေတာပါ”
ယဲ့ချူယောင်က နှာခေါင်းရှုံ့လိုက်ပြီး
“လုချန်း... လုပ်ရဲရင် ခံရဲရမှာပေါ့...ဟုတ်တယ်မလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းတစ်သောင်းက ရှင်ဟာ ထျန်းရန် နတ်ဘုရား နယ်မြေမှာ အကျော်ကြားဆုံး လူတစ်ယောက်ပဲ ရှင့်ရဲ့ နာမည်ဆိုးကို ဘယ်သူက မသိပဲ နေမှာလဲ။”
“လုချန်း” ဆိုသည့် နာမည်ကို ကြားလိုက်ရချိန်တွင် ယွမ်ယုတိ၏ ကိုယ်ပေါ်မှ နတ်ဘုရင် ဖိအားများ ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာပင် ယဲ့ချူယောင်နှင့် လုချန်း နှစ်ဦးစလုံးလည်း ထိုဖိအားကြောင့် လှုပ်ရှားမရနိုင်အောင် ဖိနှိပ်ခံလိုက်ရသည်။
ယွမ်ယုတိတွင်လည်း လုချန်းနှင့် ရန်ငြိုးရှိသည်ကို ယဲ့ချူယောင် မသိပေ။ ထို့ကြောင့် သူမက စကားကို မဆင်မခြင် ပြောသဖြင့် ယွမ်ယုတိ စိတ်ဆိုးနေသည်ဟု ထင်မှတ်ကာ ဖိအားကို အံတုရင်း ယွဲ့ချူယောင်က
“ဆရာ... ကျွန်မ လုချန်းရဲ့ ပုံစံကို မြင်ဖူးပါတယ်။ သူက လုချန်းနဲ့ တစ်ထေရာတည်း တူရုံတင်မကပဲ နာမည်ကို ပြောင်းပြန်လှန်လိုက်ရင်လည်း လုချန်း ဖြစ်နေပါတယ်။”
“သူဟာ ထျန်းရန် နတ်ဘုရား နယ်မြေမှာ မီးရှို့၊ လူသတ်၊ လုယက်မှုတွေ လုပ်ခဲ့ပြီး မရေတွက်နိုင်တဲ့ မိန်းလှလေးတွေကို ဖမ်းဆီးပြီး သူ့ရဲ့ပျော်ရွှင်ဖို့အတွက် ချုပ်နှောင်ထားခဲ့တဲ့သူပါ။ အခု ဆရာ့ အနားကို ချဉ်းကပ်လာတာကလည်း ကောင်းတဲ့ ရည်ရွယ်ချက် မဟုတ်တာ သေချာပါတယ်။ ဆရာ...ကျွန်မ သူ့ကို အခုပဲ သတ်ပါရစေ။”
***