မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့၏။ လျှို့ဝှက်လဝန်းနန်းတော်တွင် အခြေချနေထိုင်စဉ်ကတည်းက ကျင့်စဉ်အပေါ်၌သာ အာရုံအားလုံးကို လုချန်း နှစ်မြှုပ်ထားခဲ့ပြီး နန်းတော်အတွင်းရှိ မည်သည့်ကိစ္စကိုမှ လုံးဝ ဂရုမစိုက်ခဲ့ပေ။
လျှို့ဝှက်လဝန်းနန်းတော်ကို အမျိုးသမီးတပည့်များဖြင့်သာ အဓိက ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နန်းတော်သခင်က အမျိုးသားတပည့်တစ်ဦးကို တပည့်ရင်းအဖြစ် လက်ခံလိုက်ကြောင်း ကြားရသည့်အခါ သူတို့အကြားတွင် သိလိုစိတ်များ အလွန် ပြင်းထန်လာခဲ့၏။
လုချန်းတွင် မည်သည့် ထူးခြားချက်များ ရှိနေသနည်းဆိုသည်ကို သူတို့ ကြည့်ချင်နေကြသည်။
သို့သော်လည်း သူ၏ အဆောင်အတွင်းမှ အပြင်သို့ ထွက်ရန် လုချန်း အမြဲတမ်း ဝန်လေးနေခဲ့၏။ လျှို့ဝှက်လဝန်းနန်းတော်မှ နှစ်စဉ် ကျင့်စဉ်အရင်းအမြစ်များ ခွဲဝေပေးရာတွင်ပင် သူကိုယ်တိုင် မသွားပဲ သူ၏ ဆောင်ရှိ အစေခံများကိုသာ ကိုယ်စား သွားရောက်ထုတ်ယူခိုင်းခဲ့သည်။
ချန်းလု တကယ် လုချန်း ဟုတ်မဟုတ်ကို သူ၏ အပြုအမူအချို့မှတစ်ဆင့် ယဲ့ချူယောင် အတည်ပြုလိုခဲ့သော်လည်း လုချန်းသည် ကျင့်ကြံရန်အတွက် အဆောင်အတွင်း၌သာ အမြဲအောင်းနေသဖြင့် သူမအတွက် သဲလွန်စ ရှာဖွေရန် ခက်ခဲနေခဲ့၏။
ဤဆယ်နှစ်အတွင်း ယွမ်ယုတိနှင့် လုချန်း သုံးကြိမ်သာ တွေ့ဆုံခဲ့ပြီး တွေ့ဆုံသည့် အကြိမ်တိုင်းတွင် ကျင့်စဉ်များ သို့မဟုတ် အရင်းအမြစ်အချို့ကို ယွမ်ယုတိက ပေးအပ်ခဲ့သည်။
လုချန်းကိုယ်တိုင်က နတ်ဘုရင်တစ်ပါး ဘဝကူးပြောင်းလာသူ ဖြစ်သဖြင့် အတိတ်ဘဝမှ မှတ်ဉာဏ်အမြောက်အမြားကို ပိုင်ဆိုင်ထား၏။ ကျင့်စဉ်ပိုင်းတွင် သူသည် လမ်းညွှန်မှု မလိုအပ်သလောက် ဖြစ်နေသဖြင့် ယွမ်ယုတိက သူ့ကို အရင်းအမြစ်များ ပေးရုံသာ လိုအပ်သည်။
သူမ၏ တပည့်သည် ထူးခြားသည့် ကျင့်စဉ်ပါရမီနှင့် ကံစွမ်းအား ကြီးမားသူဖြစ်၍ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ကြောင်း ယူဆကာ ဤအခြေအနေကို ထူးဆန်းသည်ဟု ယွမ်ယုတိ မထင်ခဲ့ပေ။ တကယ်တမ်းတွင်လည်း ကျင့်စဉ်၌ အလွန် ဝင်ရောက်စွက်ဖက်ခြင်းက သူ့အတွက် အကျိုးယုတ်စေနိုင်၏။
ဤဆယ်နှစ်အတွင်း မြေနတ်အဆင့်သို့ လုချန်း အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ထိုဆယ်နှစ်အတွင်း ထျန်းရှနတ်ဘုရားနိုင်ငံတော်မှ ကွမ်းရန်ဘုရင် လုကျင့်ဖူက ယွမ်ယုတိထံ ဖိတ်ကြားစာများ အကြိမ်ကြိမ် ပေးပို့ခဲ့သော်လည်း တံခါးပိတ်ကျင့်စဉ် ကျင့်နေသည်ဟု အကြောင်းပြကာ ယွမ်ယုတိက ငြင်းပယ်ခဲ့၏။
ထိုအကြောင်းကို ကြားလျှင် လုချန်း မထီမဲ့မြင် ပြုံးရုံသာ ပြုံးခဲ့ပြီး အလွန် ဂရုမစိုက်ခဲ့ပေ။ အတိတ်က သူရင်ဆိုင်ခဲ့ရသည့် တိုက်ခိုက်မှုက ကွမ်းရန်ဘုရင် လုကျင့်ဖူ၏ လက်ချက်ဖြစ်ကြောင်း သူ ကောင်းစွာ သိထား၏။
ဤရန်ကြွေးကို သူ ဧကန်မုချ ပြန်ဆပ်မည် ဖြစ်သော်လည်း လက်ရှိတွင် သူ၏ ကျင့်စဉ်အဆင့်က မြေနတ်အဆင့်သာ ရှိသေးပြီး ကွမ်းရန်ဘုရင်ကတော့ ရွှေနတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ချက်ချင်း လက်စားချေရန် မဖြစ်နိုင်သေးပေ။ လုကျင့်ဖူနှင့် စာရင်းမရှင်းမီ သူ၏ အင်အား နတ်ဘုရင်အဆင့်သို့ ပြန်ရောက်အောင် အချိန်စောင့်ရန် လိုအပ်၏။
……
ဝါရုံပင်တောအတွင်းရှိ အဆောင်ငယ်လေး၏ အပြင်ဘက်၌ ဖြစ်သည်။
အစိမ်းရောင် တိမ်တိုက်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ဝါးရုံပင်တော၏ အစပ်တွင် ရပ်နေပြီး သူမ၏ လှပသော မျက်ဝန်းများက လုချန်း၏ အဆောင်ကို စူးစိုက်ကြည့်နေ၏။
လုချန်းကို ယဲ့ချူယောင် ဆယ်နှစ်တိုင်တိုင် စောင့်ကြည့်ခဲ့သော်လည်း ဤဆယ်နှစ်အတွင်း သူတို့၏ ဆရာနှင့် တွေ့ဆုံခြင်းမှလွဲ၍ အဆောင်ပြင်သို့ လုချန်း ထွက်ခဲလှပြီး အမြဲတမ်း ကျင့်ကြံနေခဲ့သည်။ သူသည် ကျင့်စဉ်ကိုသာ ရူးသွပ်သူတစ်ဦးကဲ့သို့ ဖြစ်နေ၏။
နှစ်သန်းထောင်ချီ အသက်ရှည်ကြသည့် သူတို့ကဲ့သို့ နတ်များအတွက် ဆယ်နှစ်ဆိုသည်မှာ မျက်စိတစ်မှိတ်ခန့်သာ ဖြစ်သော်လည်း ဤသူက အမှန်တကယ် လုချန်းသာဆိုလျှင် ဤမျှ အထီးကျန်မှုကို ခံနိုင်ရည်ရှိရန် ခဲယဉ်းပေလိမ့်မည်။ လုချန်းသည် ကာမဂုဏ် မက်မောသူအဖြစ် ကျော်ကြားပြီး မည်သည့်အချိန်တွင်မဆို အမျိုးသမီး အခြံအရံ မပြတ်ခဲ့သူ ဖြစ်သည်။
အကယ်၍ ဤချန်းလု လုချန်းသာဆိုလျှင် သူ၏ ပင်ကိုယ်ဗီဇက အစောကတည်းက ပေါ်လွင်နေသင့်၏။ အမှန်စင်စစ် လျှို့ဝှက်လဝန်းနန်းတော်သည် လှပသော နတ်သမီးလေးများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။ အကယ်၍ လုချန်းသာ ဤနေရာ၌ ရှိနေပါက စိတ်မထိန်းနိုင် ဖြစ်နေလောက်ပြီ ဖြစ်သည်။
သူမ တကယ်ပဲ အထင်မှားမိနေသလားဟု ယဲ့ချူယောင် တွေးတောနေမိ၏။
ရုပ်ချင်း ဆင်တူနေရုံ သက်သက်လား။
ယဲ့ချူယောင် အတွေးထဲ နစ်မြောနေစဉ် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
“ယောင်ယောင်... ချန်းလု... ငါ့ရဲ့ ခန်းမဆီကို လာခဲ့ကြ”
ဟု ယွမ်ယုတိက ခေါ်လိုက်သည်။
ထိုအသံကို ကြားလျှင် ဝန်လေးခြင်းမရှိပဲ ယွမ်ယုတိ၏ ခန်းမဆီသို့ ယဲ့ချူယောင် တိုက်ရိုက် ဦးတည်သွားခဲ့ပြီး မကြာမီ လုချန်းလည်း ထိုနေရာသို့ ရောက်ရှိလာ၏။
ခန်းမအတွင်းရှိ ပလ္လင်ပေါ်တွင် အဖြူရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော ယွမ်ယုတိ ထိုင်နေပြီး ခန့်ညားထည်ဝါကာ မြင့်မြတ်သည့် အသွင်ကို ဆောင်နေ၏။
ခန်းမသို့ ရောက်ရှိသည့်အခါ လုချန်းက
“ဆရာ့ကို ဂါရဝပြုပါတယ်”
ယွမ်ယုတိက
“အင်း”
ယဲ့ချူယောင်က ယွမ်ယုတိကို
“ဆရာ... ကျွန်မတို့ကို တစ်ခုခု ခိုင်းစရာ ရှိလို့လား”
ယွမ်ယုတိက ယဲ့ချူယောင်နှင့် လုချန်းကို
“ငါ တံခါးပိတ်ကျင့်စဉ် စခန်းဝင်ဖို့ ပြင်နေတယ်။ ဒီတစ်ခေါက်က အချိန် တော်တော်ကြာနိုင်တယ်။”
ပြီးခဲ့သည့်အကြိမ် ပြန်ရောက်လာကတည်းက တံခါးပိတ်ကျင့်စဉ် ဝင်ရန် ယွမ်ယုတိ စီစဉ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမ၏ စိတ်အခြေအနေ မတည်ငြိမ်သေးသည့်အပြင် တပည့်သစ်တစ်ဦးကိုလည်း လက်ခံထားသဖြင့် ထိုတပည့်၏ အခြေအနေကို စောင့်ကြည့်လိုသောကြောင့် တံခါးပိတ်ကျင့်စဉ်ကို ရွှေ့ဆိုင်းထားခဲ့ခြင်း ဖြစ်၏။ ယခုအခါ သူမ၏ စိတ်အခြေအနေ တည်ငြိမ်သွားပြီ ဖြစ်ရာ တံခါးပိတ်ကျင့်စဉ် ဝင်ရန် အချိန်တန်ပြီ ဖြစ်သည်။
ယွမ်ယုတိ၏ စကားကို ကြားလျှင် ယဲ့ချူယောင်ရော လုချန်းပါ အံ့သြခြင်း မရှိကြပေ။ အကြောင်းမှာ ထျန်းရန်နတ်ဘုရားနယ်မြေတွင် တံခါးပိတ်ကျင့်စဉ် ကျင့်ခြင်းက သာမန်ကိစ္စတစ်ခုသာ ဖြစ်သောကြောင့်ဖြစ်၏။
ယွမ်ယုတိက ယဲ့ချူယောင်ကို
“ငါ တံခါးပိတ်ကျင့်စဉ် ကျင့်နေတုန်း လျှို့ဝှက်လဝန်းနန်းတော်ကို စီမံခန့်ခွဲဖို့ မင်းကို တာဝန်ပေးမယ်။ အကြီးအကဲတွေကိုလည်း ငါ ပြောထားပြီးပြီ။ သူတို့ မင်းကို ကူညီကြလိမ့်မယ်။ မင်းရဲ့ အမိန့်ကို မနာခံတဲ့သူ ရှိခဲ့ရင် သူတို့ရဲ့ နာမည်တွေကို မှတ်ထားလိုက်ရုံပဲ။”
ယဲ့ချူယောင်သည် ကောင်းကင်နတ်အဆင့်သာ ရှိသေးသော်လည်း နန်းတော်သခင်၏ တပည့်ရင်း ဖြစ်နေသဖြင့် လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများက သူမကို မလွန်ဆန် ဝံ့ကြပေ။
ယဲ့ချူယောင်သည် နောက်တက်မည့် နန်းတော်သခင် ဖြစ်လာလိမ့်မည်ဟူသော ကောလာဟလများ လျှို့ဝှက်လဝန်းနန်းတော်တွင် အမြဲ ပျံ့နှံ့နေခဲ့သည်။ လက်ရှိ နန်းတော်သခင်က အခြား တပည့်ရင်း တစ်ဦးကို လက်ခံလိုက်သော်လည်း ထိုတပည့်သည် အမျိုးသား ဖြစ်နေသည့်အပြင် လျှို့ဝှက်လဝန်းနန်းတော်ကလည်း အမျိုးသမီးများကိုသာ အဓိကထားသဖြင့် နန်းတော်သခင်က နောက်ဆုံးတွင် ယဲ့ချူယောင်ကိုသာ ဆက်ခံသူအဖြစ် ရွေးချယ်ရန် အခွင့်အလမ်း ပိုများနေ၏။
လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများသည် ယဲ့ချူယောင်အပေါ် အလွန် လေးစားကြပြီး ယွမ်ယုတိ မရှိသည့်တိုင်အောင် သူမကို မနာခံပဲ မနေဝံ့ကြသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ တည်ငြိမ်မှုအတွက် စိုးရိမ်စရာ မရှိပေ။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိက လုချန်းကို စူးစိုက်ကြည့်ကာ
“ချန်းလု... မင်း အခု မြေနတ်အဆင့်ကို ရောက်နေပြီဆိုတော့ တံခါးပိတ်ကျင့်စဉ်ကိုပဲ အကြာကြီး လုပ်နေတာက မင်းရဲ့ ကျင့်စဉ်အတွက် အကျိုးမရှိဘူး။ မင်းကို လူ့လောကထဲ လွှတ်ဖို့ ငါ စီစဉ်ထားတယ်။”
ထိုအရာကို ကြားလျှင် ယဲ့ချူယောင်ရော လုချန်းပါ အံ့အားသင့်သွားကြ၏။
လူ့လောကသို့ အတွေ့အကြုံ သွားယူရမှာလား။
လုချန်း လျှို့ဝှက်လဝန်းနန်းတော်သို့ ရောက်သည်မှာ ဆယ်နှစ်သာ ရှိသေးသော်လည်း လူ့လောကသို့ အတွေ့အကြုံယူရန် စေလွှတ်ခံရတော့မှာလား။
“သူ တံခါးပိတ်ကျင့်စဉ် ကျင့်နေတုန်း ငါက လျှို့ဝှက်လဝန်းနန်းတော်က နတ်သမီးလေးတွေကြားမှာ ပြဿနာရှာမှာကို ကြောက်လို့ ယွမ်ယုတိက ကြိုတင် နှင်ထုတ်လိုက်တာများလား” ဟု လုချန်း တွေးလိုက်မိ၏။
လုချန်း ထိုသို့ တွေးနေစဉ်မှာပင် ယဲ့ချူယောင်က
“မောင်လေး... မင်း မြေနတ်အဆင့်ကနေ ကောင်းကင်နတ်အဆင့်ကို တက်လှမ်းဖို့ဆိုရင် စိတ်ကို လေ့ကျင့်ဖို့ လူ့လောကက အတွေ့အကြုံတွေ လိုအပ်တယ်။ မဟုတ်ရင် ကောင်းကင်နတ်အဆင့်ကို တက်ဖို့ ခက်ခဲလိမ့်မယ်။”
ယဲ့ချူယောင်က ဆက်လက်၍
“ငါ ကောင်းကင်နတ်အဆင့်ကို တက်လှမ်းတုန်းကဆိုရင် လူ့လောကမှာ နှစ်ပေါင်း တစ်သိန်းလောက် အချိန်ဖြုန်းခဲ့ရတာ။”
ခဏခန့် လုချန်း မှင်တက်သွားခဲ့သည်။ သူ ချန်ဘုရင် ဖြစ်စဉ်က ကျင့်စဉ်သည် ရေသောက်သကဲ့သို့ လွယ်ကူလွန်းသဖြင့် လူ့လောက အတွေ့အကြုံများ မလိုအပ်ခဲ့ခြင်း ဖြစ်ကြောင်း ချက်ချင်း နားလည်သွား၏။ သို့သော်လည်း ထျန်းရန်နတ်ဘုရားနယ်မြေတွင် မြေနတ်အဆင့် ကျင့်ကြံသူ အမြောက်အမြားသည် သာမန်လူများကဲ့သို့ ဟန်ဆောင်ကာ မြို့ပြများတွင် နေထိုင်တတ်ကြကြောင်း သူ သိထားသည်။
ယွမ်ယုတိကို သူ အထင်လွဲခဲ့ပုံရ၏။
ထိုအချက်ကို သိသွားသည့်အခါ လုချန်းက ယွမ်ယုတိကို
“ဟုတ်ကဲ့ပါ ဆရာ”
ထို့နောက် ယွမ်ယုတိက အာကာသလက်စွပ်တစ်ကွင်းနှင့် ကျောက်စိမ်းပေလိပ်သုံးလိပ်ကို ထုတ်ယူကာ လုချန်းကို ကမ်းပေးရင်း
“ဒီအာကာသလက်စွပ်ထဲမှာ မင်း မြေနတ်အဆင့်ကနေ ကောင်းကင်နတ်အဆင့်ကို တက်လှမ်းဖို့ လိုအပ်တဲ့ ကျင့်စဉ်အရင်းအမြစ်တွေ ပါတယ်။ ကျောက်စိမ်းလိပ်သုံးလိပ်မှာတော့ ငါရဲ့ နတ်အာရုံတွေ ပါဝင်တယ်။ အကယ်၍ မင်း နတ်ဘုရင်အဆင့်အောက် ရန်သူတွေနဲ့ တွေ့ရင် ဒီကျောက်စိမ်းလိပ်သုံးခုက မင်းကို ထွက်ပြေးဖို့ ကူညီပေးလိမ့်မယ်။”
ယွမ်ယုတိ၏ စကားအဆုံးတွင် အာကာသလက်စွပ်နှင့် ကျောက်စိမ်းလိပ်သုံးလိပ် လုချန်းထံသို့ လွင့်ပျံလာ၏။ လက်စွပ်နှင့် စာလိပ်များကို ဖမ်းယူလိုက်ရင်း လုချန်းက
“ဆရာ့ကို ကျေးဇူးအများကြီး တင်ပါတယ်”
ယဲ့ချူယောင်က ယွမ်ယုတိကို အကြံပြုလိုက်၏။
“ဆရာ... ကောင်းကင်ဝံပုလွေမြို့ကို မောင်လေး အတွေ့အကြုံယူမယ့်နေရာအဖြစ် ရွေးချယ်ရင် မကောင်းဘူးလား။ မကြာသေးခင်က ကောင်းကင်ဝံပုလွေမြို့ ပတ်ဝန်းကျင်က အင်အားစုတွေဆီမှာ လှုပ်ရှားမှုတချို့ ရှိနေလို့ သူတို့ကို စောင့်ကြည့်ဖို့ လူတစ်ယောက် လိုအပ်နေတာ။”
ကောင်းကင်ဝံပုလွေမြို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ လူ့လောကမြို့တစ်မြို့ ဖြစ်ပြီး လူဦးရေ ထူထပ်လှ၏။ ထို့ပြင် မကြာသေးမီ နှစ်များအတွင်း နတ်ဘုရားနယ်မြေရှိ အင်အားစုငယ်အချို့အတွက် မက်မောစရာ နေရာတစ်ခုလည်း ဖြစ်နေခဲ့သည်။
***