ထျန်းရန် နတ်ဘုရား နယ်မြေတွင် မျိုးဆက်ပြန့်ပွားရန် ခက်ခဲလာသည့် ပြဿနာများ ပေါ်ပေါက်လာကတည်းက လူဦးရေ ထူထပ်သော လူသားမြို့တော်များကို နတ်များ အာရုံစိုက်လာကြ၏။ ယခုအခါတွင် နတ်ဘုရား နယ်မြေရှိ အင်အားကြီး အဖွဲ့အစည်းများမှ နတ် အများစုမှာ ယခင်က လူသားများသာ ဖြစ်ကြသည်။
လျှို့ဝှက်လဝန်းနန်းတော်ရှိ တပည့် အများစုမှာလည်း လူသားမြို့တော်များမှ လာကြခြင်း ဖြစ်၏။
လူဦးရေ များပြားသော ကောင်းကင်ဝံပုလွေမြို့ ကဲ့သို့သော မြို့များကို ဂိုဏ်းများစွာက စိတ်ဝင်စားကြသည်။ ထိုဂိုဏ်းများကို ယွမ်ယုတိက နှိမ်နင်းထားသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အားစုများအဖြစ် ၎င်းတို့ အညံ့ခံထားကြသော်လည်း နတ်အမြောက်အမြားကတော့ ယွမ်ယုတိအပေါ် စိတ်ထဲမှ တကယ် ကြောက်ရွံ့ ရိုသေခြင်း မရှိကြချေ။
အစက ကောင်းကင်ဝံပုလွေမြို့ကဲ့သို့ လူဦးရေ ထူထပ်သော မြို့များမှ တပည့်စုဆောင်းခွင့်ကို လျှို့ဝှက်လဝန်းနန်းတော် တစ်ခုတည်းကသာ ရရှိထားသော်လည်း ယခုအခါ အချို့သော ဂိုဏ်းများသည်လည်း ကောင်းကင်ဝံပုလွေမြို့ကို မျက်စိကျလာကြသည်။
မကြာသေးမီက ပတ်ဝန်းကျင်ရှိ လက်အောက်ခံ အင်အားစုများ စည်းကမ်းတကျ ရှိစေရန်အတွက် ကောင်းကင်ဝံပုလွေမြို့သို့ သံတမန်တစ်ဦး စေလွှတ်ရန် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများက စဉ်းစားခဲ့ကြသည်။
လုချန်းက လူ့လောကသို့ ကျင့်စဉ်ကျင့်ရန် သွားမည်ဖြစ်သဖြင့် ယဲ့ချူယောင်က သူ့ကို ကောင်းကင်ဝံပုလွေမြို့သို့ သွားစေလို၏။ လုချန်းသည် ယွမ်ယုတိ၏ တပည့်ရင်း ဖြစ်သဖြင့် နန်းတော်သခင် ယွမ်ယုတိက သူ၏ တပည့်ရင်းကို ကောင်းကင်ဝံပုလွေမြို့သို့ စေလွှတ်လိုက်သည်ကို ထိုလက်အောက်ခံ အင်အားစုများ မြင်တွေ့လျှင် သူတို့၏ လှုပ်ရှားမှုငယ်လေးများကို ယွမ်ယုတိ သိနေပြီဖြစ်ကြောင်း နားလည်သွားကြလိမ့်မည်။ ဤနည်းဖြင့် ထိုလက်အောက်ခံ အင်းအားစုများသည် သူတို့ကိုယ်သူတို့ ထိန်းသိမ်းရန် သိသွားကြပေမည်။
ယဲ့ချူယောင်၏ အကြံပြုချက်ကို ယွမ်ယုတိ ခဏခန့် စဉ်းစားပြီးနောက်
“ကောင်းပြီ... ချန်းလု။ မင်းရဲ့ လူ့လောက ကျင့်စဉ်အတွက် ကောင်းကင်ဝံပုလွေမြို့ကို ရွေးချယ်လိုက်ပါ။”
လုချန်းက
“ဟုတ်ကဲ့ပါ ဆရာ”
ယဲ့ချူယောင်နှင့် လုချန်းကို ယွမ်ယုတိ ကြည့်လိုက်ပြီးနောက်
“တခြား ဘာမှမရှိတော့ရင် ငါ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်တော့မယ်။”
ယဲ့ချူယောင်နှင့် လုချန်းက တစ်ပြိုင်နက်တည်း
“ဆရာကို နှုတ်ဆက်ပါတယ်”
သူတို့ စကားပြောပြီးသည်နှင့် ယွမ်ယုတိ၏ ခန္ဓာကိုယ်လည်း ရေခဲပွင့်များအဖြစ် ပြောင်းလဲသွားပြီး ခန်းမအတွင်းမှ ပျောက်ကွယ်သွား၏။
ယွမ်ယုတိ ထွက်သွားပြီးနောက် ယဲ့ချူယောင်က လုချန်းကို ကြည့်ကာ
“မောင်လေး...ကောင်းကင်ဝံပုလွေမြို့ အနီးက လက်အောက်ခံ အင်အားစုတွေဟာ အခုတလော မငြိမ်မသက် ဖြစ်နေကြတယ်။ မင်းက ဆရာရဲ့ တပည့်ရင်း ဆိုပေမဲ့ သူတို့ကို သတိထားဖို့ လိုသေးတယ်။”
ယဲ့ချူယောင်၏ သတိပေးမှုကို ကြားလျှင် လုချန်းက ရယ်မောလိုက်ပြီး
“အစ်မက ကောင်းကင်ဝံပုလွေမြို့ အန္တရာယ်များမှန်း သိရက်နဲ့ ဘာလို့ ကျုပ်ကို အဲဒီပို့နေတာလဲ။”
ယဲ့ချူယောင်က တည်ငြိမ်စွာပင်
“အဲဒီနေရာက အန္တရာယ်များလို့ပဲ မင်းအတွက် ထိရောက်တဲ့ လေ့ကျင့်မှု ဖြစ်မှာပေါ့။ ဒါ့အပြင် မင်းဆီမှာ ဆရာ ပေးထားတဲ့ ကျောက်စိမ်းလိပ်ရှိတယ်။ အဲဒီ ကျောက်စိမ်းလိပ် သုံးခုရှိရင် နတ်ဘုရင် တစ်ပါး ရောက်လာရင်တောင် မင်း ထိခိုက်မှုမရှိပဲ လွတ်မြောက်နိုင်တယ်။”
“နောက်ပြီး ဆရာရဲ့ တပည့်ရင်း ဖြစ်တာကြောင့် ကောင်းကင်ဝံပုလွေမြို့မှာ မင်း ရှိနေတာဟာ ထိုရည်မှန်းချက်ကြီးတဲ့ အင်အားစုတွေကို လုံလောက်တဲ့ ခြိမ်းခြောက်မှု ဖြစ်စေလိမ့်မယ်။”
“ကောင်းပါပြီ အစ်မ ပြောတာ မှန်ပါတယ်”
ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်က ဆက်လက်၍
“ဒါ့အပြင် မင်းကို ကာကွယ်ဖို့ အတွက် အတွင်းစည်း တပည့် နှစ်ယောက်ကို စီစဉ်ပေးမယ်။ ဒါကြောင့် မင်း သိပ်စိတ်ပူစရာ မလိုပါဘူး။”
ထိုအရာကို ကြားလျှင် လုချန်း စိတ်ထဲမှ ပြုံးလိုက်၏။ သူ့ကို ကာကွယ်ရန် တပည့်နှစ်ဦး စေလွှတ်မည်ဟု ဆိုသော်လည်း သူ့ကို စောင့်ကြည့်ရန်သာ ဖြစ်နိုင်သည်။ သူနှင့် ပတ်သက်သည့် သံသယများကို ယဲ့ချူယောင် အပြည့်အဝ မဖယ်ရှားနိုင်သေးကြောင်း ထင်ရှားသည်။
“မောင်လေး....မင်း ပစ္စည်းတွေ သိမ်းပြီး မနက်ဖြန် မနက်စောစောကျ ထွက်သွားသင့်ပြီ။”
“ကောင်းပါပြီ အစ်မ”
မည်သည့်အရာကိုမှ အတင်းအကျပ် မတောင်းဆိုပဲ သူ၏ ဝါးရုံတော အဆောင်သို့ လုချန်း ပြန်သွား၏။
လုချန်း ထွက်သွားပြီးနောက် သူ့ကို စောင့်ကြည့်ရန် သို့မဟုတ် ကာကွယ်ရန် အတွက် မည်သည့်တပည့် နှစ်ဦးကို ရွေးချယ်ရမလဲဟု ယဲ့ချူယောင် ခဏခန့် စဉ်းစားနေ၏။
အတန်ကြာ စဉ်းစားပြီးနောက် ခန်းမအပြင်ဘက်သို့ ယဲ့ချူယောင် ထွက်လာပြီး စိတ်စွမ်းအားဖြင့် အတွင်းဆောင် တပည့်နှစ်ဦးကို ခေါ်ယူလိုက်သည်။
နောက်တစ်ခဏတွင် ထူးကဲစွာ လှပသော နတ်သမီးနှစ်ဦး ယဲ့ချူယောင်၏ ရှေ့မှောက်၌ ပေါ်လာ၏။
တစ်ဦးမှာ ခရမ်းရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ကျော့ရှင်း အေးစက်သော အမူအရာ ရှိသည်။
အခြားတစ်ဦးမှာ ရိုးရှင်းသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထား၏။ သူမ၏ ဆံပင်များကို တိမ်တိုက်ကဲ့သို့ အထစ်လိုက် မြင့်မားစွာ စည်းနှောင်ထားသဖြင့် သန့်ရှင်းသော နဖူးပြင်က ပေါ်လွင်နေပြီး မြင်းမြီးပုံစံ ဆံနွယ်များနှင့်အတူ အလွန်ပင် ဖျတ်လတ်သွက်လက်သည့် ပုံစံရှိသည်။
ထိုနှစ်ဦး ယဲ့ချူယောင် ရှေ့သို့ ရောက်လာသောအခါ
“အစ်မကို ဂါရဝပြုပါတယ်”
ဟု တစ်ပြိုင်နက်တည်း ပြောကြသည်။
ယဲ့ချူယောင်က ပြုံးလျက်
“မင်းတို့ နှစ်ယောက် အခုလောလောဆယ် အရေးကြီးကိစ္စ ဘာမှမရှိဘူး မဟုတ်လား။”
ထိုမေးခွန်းကို ကြားလျှင် ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက
“အစ်မ...ကျွန်မတို့ကို ခိုင်းစရာ တစ်ခုခု ရှိလို့လား။”
ယဲ့ချူယောင်က စကားကို လှည့်ပတ်
ပြောမနေပဲ
“မင်းတို့ နှစ်ယောက်အတွက် ဂိုဏ်းတာဝန် တစ်ခုရှိတယ်”
ဂိုဏ်းတာဝန် ဖြစ်ကြောင်း ကြားလျှင်
“အစ်မ... ကျွန်မတို့ကို ညွှန်ကြားပါ”
ဟု ထိုနှစ်ဦးက တစ်ပြိုင်နက်တည်း ပြန်ပြော၏။
ယဲ့ချူယောင်က
“ချန်းလု ကောင်းကင်ဝံပုလွေမြို့မှာ ကျင့်စဉ်ကျင့်နေတဲ့ အချိန်မှာ မင်းတို့ သူ့ကို ကာကွယ်ပေးရမယ်။”
ထိုအရာကို ကြားလျှင် ထိုနှစ်ဦး ခဏခန့် မှင်တက်သွားကြပြီး ခရမ်းရောင်ပိတ်ပါးဝတ်စုံ ဝတ်ဆင်ထားသော ရှောင်ရွှီရင်က
“ချန်းလုလား... နန်းတော်သခင်ရဲ့ တပည့် အသစ်လား။”
“ဟုတ်တယ်...သူပဲ”
ရှောင်ရွှီရင်က ဆက်၍
“ဒါပေမဲ့ သူ လျှို့ဝှက်လဝန်းနန်းတော်ကို ရောက်တာ မကြာသေးဘူး မဟုတ်လား။ ဆယ်နှစ်တောင် မပြည့်သေးဘူး ထင်တယ်။”
နတ်များ အတွက် ဆယ်နှစ်ဟူသော အချိန်သည် မျက်တောင်တစ်ခတ်စာမျှသာ ဖြစ်ပြီး တိုတောင်းလှ၏။ ဆယ်နှစ်အတွင်း တပည့်တစ်ဦးကို အပြင်သို့ ကျင့်စဉ်ကျင့်ရန် လွှတ်လိုက်ခြင်းကလည်း သူတို့ တစ်ခါမှ မကြားဖူးသော အရာပင် ဖြစ်သည်။
“မောင်လေးချန်းက မြေနတ်အဆင့်ကို ရောက်ရှိသွားလို့ လူ့လောက ကျင့်စဉ် လိုအပ်နေပြီ။ ကောင်းကင်ဝံပုလွေမြို့မှာလည်း စောင့်ကြပ်ကြည့်ရှုမယ့်သူ လိုနေတာနဲ့ အတော်ပဲ ဖြစ်နေလို့ သူ့ကို အဲဒီကို လွှတ်ဖို့ ဆရာ့ကို ငါ အကြံပေးလိုက်တာ။”
ယဲ့ချူယောင်၏ ရှင်းပြချက်ကို ကြားလျှင် ချန်းလု မြေနတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် လူ့လောက ကျင့်စဉ် လိုအပ်နေကြောင်း ထိုအမျိုးသမီး နှစ်ဦး နားလည်သွားကြသည်။
နန်းတော်သခင်၏ တပည့်ရင်း ဖြစ်ရသည်က တကယ်ပင် ထိုက်တန်လှပေသည်။ သူ၏ လျင်မြန်သော တိုးတက်မှု နှုန်းက အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှ၏။ သူတို့အတွက်မူ အဆင့်တစ်ခု တိုးတက်ရန် နှစ်ပေါင်း တစ်သန်းခန့် သို့မဟုတ် ထိုထက်မက ကြာမြင့်နိုင်ပေသည်။
နားလည်သွားပြီးနောက် ထိုနှစ်ဦးက
“မောင်လေးချန်းကို ကျွန်မတို့ ဧကန်မုချ ကာကွယ်ပေးပါ့မယ်”
ဟု တစ်ပြိုင်နက်တည်း တုံ့ပြန်လိုက်ကြသည်။
ယဲ့ချူယောင်က ခေါင်းညိတ်ပြပြီးနောက်
“ဒါ့အပြင် မင်းတို့ နှစ်ယောက်လုံးလည်း အဲဒီနားက အင်အားစုတွေရဲ့ လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့်ရမယ်”
ဟု သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ အစ်မ”
ယဲ့ချူယောင်က ဆက်လက်၍
“ဪ... နောက်ထပ် တစ်ခုရှိသေးတယ်။”
“ကောင်းကင်ဝံပုလွေမြို့ကို ရောက်တဲ့အခါ ချန်းလုကို အနီးကပ် စောင့်ကြည့်ပါ။ အကယ်၍ သူ မလျော်ကန်တဲ့ အပြုအမူတွေ လုပ်ခဲ့ရင် ငါ့ကို ချက်ချင်း အစီရင်ခံပါ။”
ဒါက...
ထိုနှစ်ဦး အနည်းငယ် အံ့အားသင့်သွားကြ၏။
“မလျော်ကန်တဲ့ အပြုအမူလား”
မလျော်ကန်တဲ့ အပြုအမူဆိုတာ ဘာကို ပြောတာပါလိမ့်။
ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ နှစ်ဦးစလုံးလည်း ယဲ့ချူယောင်ကို ဇဝေဇဝါဖြစ်လျက် ကြည့်နေကြရာ သူတို့၏ ရှုပ်ထွေးနေသော ပုံစံကို မြင်လျှင် ယဲ့ချူယောင်က
“ငါဆိုလိုတာက သူ ကောင်းကင်ဝံပုလွေမြို့မှာ ရှိနေစဉ် ကျင့်စဉ်အပေါ် အာရုံမစိုက်ပဲ အပျော်အပါးတွေ မက်မောနေရင်၊ အထူးသဖြင့် လူသားအမျိုးသမီးတွေကို အတင်းအကျပ် သိမ်းပိုက်တာမျိုးတွေ လုပ်ခဲ့ရင် မင်းတို့ ငါ့ကို ချက်ချင်း အသိပေးရမယ်”
ဟု ဖြည့်စွက် ပြောကြားလိုက်သည်။
ယဲ့ချူယောင်၏ စကားကို ကြားလျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့၏ အမူအရာများ အနည်းငယ် ပို၍ တည်ကြည်သွားကြ၏။ ယဲ့ချူယောင်၏ စကားအရ ချန်းလု၏ စရိုက် မကောင်းမွန်နိုင်ကြောင်း သူတို့ ခံစားမိသွားကြသည်။
ချန်းလုသည် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်နေသေးသည်။ အကယ်၍ သူ၏ အကျင့်စာရိတ္တ၌ တကယ် ပြဿနာရှိခဲ့ပါက နန်းတော်သခင်က သူ့ကို တပည့်ရင်း အဖြစ် လက်ခံခဲ့မည် မဟုတ်ပေ။ ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်တွင် အမျိုးသမီး တပည့်များသာ အဓိက ရှိနေသည်ကိုလည်း မမေ့သင့်ပေ။
အကယ်၍ ချန်းလုသည် တကယ်ပင် ကာမဂုဏ် လိုက်စားသူ တစ်ဦး ဖြစ်ခဲ့ပါက ထိုသို့သော သူကို လျှို့ဝှက်လဝန်းနန်းတော်သို့ ခေါ်ဆောင်လာခြင်းက မည်မျှများပြားသော နတ်သမီးလေးများကို ဒုက္ခရောက် စေမည်မှန်း မည်သူ သိနိုင်ပါမည်နည်း။
ကောက်ရှီယွမ်က
“အစ်မ...မောင်လေးချန်းက အဲ့ဒီလောက်အထိတော့ မဆိုးလောက်ပါဘူး။ ကျွန်မ ကြားတာကတော့ သူ လျှို့ဝှက်လဝန်းနန်းတော်ကို ရောက်ကတည်းက ကျင့်စဉ်အပေါ်မှာပဲ အာရုံစိုက်နေပြီး ဘယ်အစ်မတွေ၊ ညီမတွေနဲ့မှ တွေ့ဆုံတာ မရှိဘူးလို့ သိရတယ်။”
“ယေက်ျားတွေက ဟန်ဆောင်တာ အရမ်းတော်ကြတယ်။ တိုတောင်းလှတဲ့ ဆယ်နှစ်အတွင်းမှာ သူက ဘယ်လိုလူလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ ဘာပဲဖြစ်ဖြစ် သူ့ကို စောင့်ကြည့်ရုံပဲ။”
“နားလည်ပါပြီ”
“ကောင်းပြီ... ဒါဆိုရင် ပြီးပြီ။ မင်းတို့ နှစ်ယောက် ပြန်ပြီး ပြင်ဆင်ကြတော့။ မနက်ဖြန်ကျရင် မင်းတို့ကို သူ့ဆီ ခေါ်သွားပေးမယ်”
ထိုနှစ်ဦးက
ဟု တစ်ပြိုင်နက်တည်း ပြန်ပြောလိုက်ကြသည်။
ထိုစကားများနှင့်အတူ သူတို့ ထွက်ခွာသွားကြ၏။
ထွက်ခွာသွားသော သူတို့၏ ကျောပြင်ကို ကြည့်လျက် ယဲ့ချူယောင်က
“ကောင်းကင်ဝံပုလွေမြို့ကို ရောက်တဲ့အခါမှာလည်း သူ အခုအတိုင်းပဲ ရှိနေပါစေလို့ မျှော်လင့်ရတာပဲ။ မဟုတ်ရင်တော့... ဟွန်း ဟွန်း...”
ဟု တစ်ဦးတည်း ရေရွတ်လိုက်၏။
***