နောက်တစ်နေ့ နံနက်စောစောတွင် ယဲ့ချူယောင် ရောက်လာမည့်အချိန်ကို အဆောင်တံခါးဝ၌ လုချန်း စောင့်နေ၏။ သူ့တွင် ထုပ်ပိုးစရာ များများစားစား မရှိပေ။ ပစ္စည်းအတော်များများက အာကာသလက်စွပ်ထဲ၌ ရှိနေ၏။
သူ့ကို စောင့်ကြည့်ရန် မည်သို့သော တပည့်မျိုးကို ယဲ့ချူယောင် စီစဉ်ထားမည်နည်းဟု သူ တွေးတောနေစဉ်မှာပင် သင်းပျံ့သော လေပြေတစ်ချက် တိုက်ခတ်သွား၏။ အလွန် လှပချောမောသော အမျိုးသမီးနှစ်ဦး လုချန်းရှေ့တွင် ပေါ်လာသော်လည်း လုချန်းကို မြင်လိုက်ရသည့် ခဏ၌ သူတို့ မှင်တက်သွားကြ၏။ ထိုအမျိုးသမီးနှစ်ဦး၏ လှပမှုကို မြင်ပြီးနောက် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း စနစ်ကို အသုံးပြု၍ လုချန်း ချက်ချင်း စစ်ဆေးလိုက်၏။
[အမည် : ရှောင်ရွှီရင်]
[အချက်အလက်: လျှို့ဝှက်လဝန်းနန်းတော် အတွင်းစည်း တပည့်၊ ကောင်းကင်နတ်အဆင့်၊ ယခင်က ထျန်းရှနတ်ဘုရား နိုင်ငံတော် နန်းတွင်းရှိ အစေခံတစ်ဦးဖြစ်သည်။ သူမသည် နန်းတွင်း၌ ငယ်စဉ်ကတည်းက နှိပ်စက်ခံခဲ့ရပြီး တိုက်ဆိုင်မှုတစ်ခုကြောင့် ဒဏ်ရာများဖြင့် ပြည့်နှက်နေသော သူမကို သခင်က တွေ့ရှိခဲ့ကာ ထျန်းရှနတ်ဘုရား နိုင်ငံတော် နန်းတွင်းမှ သူမကို ခေါ်ထုတ်ခဲ့ပြီး လွတ်လပ်ခွင့်ရရန် ဝိညာဉ်သလင်းကျောက် အချို့ကို လျော်ပေးခဲ့သည်။ ထို့နောက် သူမသည် တိုက်ဆိုင်မှုတစ်ခုကြောင့် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့် ဖြစ်လာခဲ့သည်။]
[ရမှတ် : ၉၃]
[နှစ်သက်မှု: ၉၀]
ရှောင်ရွှီရင်၏ အချက်အလက်များကို မြင်လျှင် လုချန်း ခဏခန့် တုံ့ခိုင်းသွား၏။ အမှန်အတိုင်းပြောရလျှင် သူ အတိတ်က ပြုလုပ် လေ့ ရှိခဲ့သော ထိုသို့သော ကျေးဇူးတရား အသေးအမွှားလေးများကို သူ မေ့လျော့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ရှောင်ရွှီရင်က သူ့ကို ကြည့်နေသော အကြည့်ကို မြင်လျှင် သူမ သူ့ကို မှတ်မိနေကြောင်း လုချန်း သိလိုက်၏။ ထို့နောက် ဘေးနားရှိ အမျိုးသမီးထံသို့ သူ၏ အကြည့်များ ရောက်ရှိသွား၏။
[အမည် : ကောက်ရှီယွမ်]
[အချက်အလက် : လျှို့ဝှက်လဝန်းနန်းတော် အတွင်းစည်းတပည့်၊ ကောင်းကင်နတ်အဆင့်၊ အစက လျှို့ဝှက်လဝန်း ကျောင်းတော်၏ တပည့်ဖြစ်သည်။ သူမသည် တစ်ကြိမ်တွင် ယွမ်ချင်းရှုနှင့်အတူ နဂါးမူလအစ လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ဖူးသည်။ သင်သည် နဂါးမူလအစ လျှို့ဝှက်နယ်မြေအတွင်း၌ ယွမ်ချင်းရှုနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံခဲ့ရင်း ဘေးဒုက္ခနှင့် ကြုံတွေ့နေရသော လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များကို တစ်ခါတစ်ရံ ကူညီပေးခဲ့ဖူးသည်။ နဂါးမူလအစ လျှို့ဝှက်နယ်မြေအတွင်း၌ ကောက်ရှီယွမ် အသက်အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရစဉ် သခင်က သူမ၏ အသက်ကို ကယ်တင်ပေးခဲ့ဖူးရာ သူမက သခင့်ကို အမြဲတမ်း မှတ်မိနေခဲ့သည်။ ယွမ်ယုတိက ကိုယ်ပိုင်ဂိုဏ်းထောင်ရန် လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားလျှင် ကောက်ရှီယွမ်သည်လည်း သူမ၏ နောက်သို့ လိုက်ပါသွားခဲ့သည်။]
[ရမှတ် :၉၄]
[နှစ်သက်မှု :၇၀]
သူ့ကို ကာကွယ်ရန် ဤအမျိုးသမီးနှစ်ဦးကို စေလွှတ်လိုက်သော သူ၏ စီနီယာအစ်မက သူ့အကြောင်းကို တကယ် နားလည်ပါပေသည်ဟုတွေးရင်း လုချန်း စိတ်ထဲကျိတ်၍ ရယ်မောမိ၏။
ထိုအခိုက်အတန့်တွင် ယဲ့ချူယောင် လုချန်းရှေ့၌ ပေါ်လာသည်။ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်ကို လုချန်း စိုက်ကြည့်နေသည်ကို မြင်လျှင် ယဲ့ချူယောင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
ယဲ့ချူယောင်က လုချန်းအား
“မောင်လေး... ဒီနှစ်ယောက်က မောင်လေးကို ကာကွယ်ဖို့ အစ်မ စီစဉ်ပေးလိုက်တဲ့သူတွေပါ။ သူတို့နှစ်ယောက်လုံးက ကောင်းကင်နတ်အဆင့် စွမ်းအား ရှိကြပြီး သာမန် ခြိမ်းခြောက်မှုတွေကို ဖြေရှင်းနိုင်ကြတယ်။”
မှင်တက်နေဆဲဖြစ်သော အမျိုးသမီးများကို လုချန်း ပြုံးပြလိုက်၏။
လုချန်းက
“စီနီယာအစ်မတို့ကို နှုတ်ဆက်ပါတယ်။ ကျုပ်နာမည် ချန်းလုလို့ ခေါ်ပါတယ်။”
လုချန်း၏ မိတ်ဆက်စကားကို ကြားလျှင် ထိုအမျိုးသမီးနှစ်ဦး သတိပြန်ဝင်လာပြီး လုချန်းကို သံသယဖြင့် ကြည့်လိုက်ကြ၏။ သူတို့၏ စိတ်ထဲ၌ မလွှဲမရှောင်သာသော အတွေးတစ်ခုလည်း ပေါ်ပေါက်လာ၏။
ချန်လုတဲ့လား။
သူက တကယ်ပဲ အဲ့ဒီလူ မဟုတ်ဘူးလား။
ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တူနေရတာလဲ။
ရှောင်ရွှီရင် သတိပြန်ဝင်လာပြီး အေးစက်သော မျက်နှာထားဖြင့်
“ကျွန်မက ရှောင်ရွှီရင်ပါ”
ကောက်ရှီယွမ်ကလည်း နောက်မှ လိုက်ကာ မိတ်ဆက်၏။
“ကျွန်မက ကောက်ရှီယွမ်ပါ”
“စီနီယာအစ်မတို့ရဲ့ စောင့်ရှောက်မှုကို အားကိုးရပါဦးမယ်။”
ထိုအမျိုးသမီးနှစ်ဦး နောက်ထပ် ဘာမှ မပြောကြတော့ပေ။ ဤသူသည် လုချန်းနှင့် ရုပ်ချင်းဆင်တူရုံသာဖြစ်ပြီး လုချန်းကိုယ်တိုင် မဟုတ်သဖြင့် သူတို့ များများစားစား ပြောရန် မလိုဟု မြင်ကြ၏။ သူတို့၏ တာဝန်မှာ သူ့ကို စောင့်ကြည့်ရန်သာ ဖြစ်သည်။
ယဲ့ချူယောင်က
“မောင်လေး အဆင်သင့်ဖြစ်ပြီဆိုရင် တို့တွေ စထွက်ကြတာပေါ့”
ပြောပြောဆိုဆိုဖြင့် အာကာသလက်စွပ်ထဲမှ နတ်လှေတစ်စင်းကို ယဲ့ချူယောင် ထုတ်ယူလိုက်၏။
လုချန်းက ယဲ့ချူယောင်ကို
“စီနီယာအစ်မ... ကျုပ် ကောင်းကင်ဝံပုလွေမြို့ကို သွားတော့မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး။”
ထိုစကားများနှင့်အတူ ကောင်းကင်ဝံပုလွေမြို့သို့ ဦးတည်မောင်းနှင်ရန် ပြင်ဆင်လျက် နတ်လှေပေါ်သို့ လုချန်း တွန့်ဆုတ်ခြင်းမရှိပဲ ခုန်တက်လိုက်၏။
“မောင်လေး... ကောင်းကင်ဝံပုလွေမြို့မှာ အကူအညီလိုရင် စီနီယာအစ်မတို့ကိုပဲဖြစ်ဖြစ် အစ်မဆီကိုပဲဖြစ်ဖြစ် အကြောင်းကြားလိုက်ပါ။ အစ်မ မောင်လေးကို မုချ ကူညီမှာပါ။”
လုချန်းက ပြုံးလျက်
“ကောင်းပါပြီ စီနီယာအစ်မ”
ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့လည်း နတ်လှေပေါ်သို့ ခုန်တက်ကြပြီးနောက် ကောင်းကင်ဝံပုလွေမြို့ဆီသို့ လုချန်း တိုက်ရိုက် ထိန်းချုပ်မောင်းနှင်လိုက်၏။
ထျန်းရန်နတ်ဘုရား နယ်မြေသည် အလွန်ကျယ်ပြောပြီး ကောင်းကင်ဘုံ လမ်းစဉ်၏ ကန့်သတ်ချက်များကြောင့် နတ်များပင်လျှင် သူတို့၏ အစွမ်းကို အပြည့်အဝ မထုတ်ဖော်နိုင်ကြပေ။ ကောင်းကင်ဝံပုလွေမြို့သို့ ခရီးစဉ်က တစ်လခန့် ကြာမြင့်မည် ဖြစ်သည်။ အမှန်စင်စစ် နတ်များအတွက်တော့ တစ်လဆိုသည်က မကြာလှသော အချိန်သာ ဖြစ်သည်။
နတ်လှေပေါ်သို့ ရောက်သည်နှင့် လုချန်း၏ ဘေးနားတွင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ လှုပ်ရှားမှုမရှိပဲ ရပ်နေကြ၏။
ထိုအလှပဂေးနှစ်ဦးကို မြင်လျှင် သူတို့အား သူ တကယ်မည်သူဖြစ်ကြောင်းကို ဘယ်လို ထုတ်ဖော်ပြလျှင် ကောင်းမလဲဟု လုချန်း စတင် တွေးတောလိုက်၏။
သို့သော် သူတို့၏ သူ့အပေါ် နှစ်သက်မှုက ရာနှုန်းပြည့် မရှိသေးသည့်အပြင် ယဲ့ချူယောင်က သူတို့အား မည်သည့်အရာများ ပြောထားမှန်းလည်း မသိရပေ။ ယဲ့ချူယောင်က သူ့ကို စောင့်ကြည့်ရန် ထိုနှစ်ယောက်အား လွှတ်ထားခြင်း ဖြစ်သည်။
အကယ်၍ သူ မည်သူမည်ဝါဖြစ်ကြောင်းကို ဇွတ်အတင်း ထုတ်ဖော်ပြလိုက်ပါက သူတို့က ယဲ့ချူယောင်ကို ပြန်ပြောပြနိုင်သဖြင့် ဒုက္ခရောက်သွားနိုင်၏။
သူတို့တစ်ယောက်ချင်းအား တစ်လှည့်စီ ထုတ်ဖော်ပြနိုင်မည့် နည်းလမ်းကို သူ စဉ်းစားရန် လိုအပ်၏။
“စီနီယာအစ်မတို့... အတွင်းခန်းထဲမှာ သွားပြီး ကျင့်ကြံပါလား။ ကောင်းကင်ဝံပုလွေမြို့ကို ရောက်ရင် ကျွန်တော် အကြောင်းကြားပေးပါ့မယ်။”
ထိုအခါ ရှောင်ရွှီရင်က မျက်နှာသေဖြင့် တုံ့ပြန်လိုက်၏။
“မောင်လေးသာ သွားပြီး ကျင့်ကြံပါ။ မောင်လေးက မြေနတ်အဆင့်ကို အခုလေးတင် အဆင့်တက်ထားတာဆိုတော့ မင်း ရဲ့ နယ်ပယ်ကို တည်ငြိမ်အောင် လုပ်ဖို့ လိုအပ်တယ်။”
ရှောင်ရွှီရင်၏ စကားကို ကြားလျှင် ထိုကိစ္စကို လုချန်း ဆက်မပြောတော့ပေ။
“ကောင်းပါပြီ။ ဒါဆိုရင်လည်း စီနီယာအစ်မတို့ကို ဒုက္ခပေးရဦးမယ်”
ထိုသို့ပြောပြီးနောက် နတ်လှေပေါ်ရှိ အခန်းတစ်ခုဆီသို့ လုချန်း တိုက်ရိုက် လျှောက်သွား၏။ လုချန်း အခန်းထဲသို့ ဝင်သွားပြီးနောက် နတ်လှေအား ထိန်းချုပ်မှုကို ရှောင်ရွှီရင် လွှဲပြောင်းယူလိုက်ပြီး ကောင်းကင်ဝံပုလွေမြို့ဆီသို့ ဆက်လက် မောင်းနှင်လိုက်၏။
…….
ထိုအတောအတွင်း...
ကောင်းကင်ဝံပုလွေမြို့ မြို့တော်ဝန် စံအိမ်၏ အစည်းအဝေးခန်းမအတွင်း၌...
အဓိကဝင်ပေါက်ကို မျက်နှာမူလျက် မြို့တော်ဝန် တိန့်ချင်းဖုန်း ထိုင်နေပြီး ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကောင်းကင်ဝံပုလွေမြို့ရှိ အထင်ကရ မိသားစုကြီး အသီးသီးမှ ပြောရေးဆိုခွင့်ရှိသူများ ထိုင်နေကြ၏။
ထိုအခိုက်အတန့်တွင် လျှိုမိသားစုခေါင်းဆောင် လျှိုယောင်ရှန်က
“မြို့တော်ဝန်... ဘာလို့ ကျုပ်တို့ကို အခုလို အရေးတကြီး စုခေါ်လိုက်ရတာလဲ။ ဘာတွေ ဖြစ်ပျက်နေတာလဲ။”
ကောင်းကင်ဝံပုလွေမြို့၌ စစ်ပွဲမရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ မြို့တော်ဝန်ရုံးက မြို့ရှိ အဓိကမိသားစုခေါင်းဆောင်များကို အရေးတကြီး ခေါ်ယူခဲ့ခြင်း မရှိတာ ကြာပြီဖြစ်သည်။
ထို့ကြောင့် ကြီးမားသော အရာတစ်ခုခု ဖြစ်ပျက်တော့မှာ ထင်ရှားလှသည်။
ကောင်းကင်ဝံပုလွေမြို့ မြို့တော်ဝန် တိန့်ချင်းဖုန်းက
“အထက်ဂိုဏ်းက သတင်းပို့လာတာကတော့ နောက်တစ်လနေရင် နန်းတော်သခင်ရဲ့ တိုက်ရိုက်တပည့်တစ်ယောက်က ကောင်းကင်ဝံပုလွေမြို့ဆီကို လေ့ကျင့်ဖို့ ရောက်လာမယ်တဲ့။”
ထိုသတင်းကြောင့် ရှိနေသူအားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြ၏။ တိုက်ရိုက်တပည့် မဆိုထားနှင့် လျှို့ဝှက်လဝန်းနန်းတော်က အပြင်စည်း တပည့်တစ်ဦးကို သံတမန်အဖြစ် ကောင်းကင်ဝံပုလွေမြို့ဆီသို့ စေလွှတ်လျှင်ပင် သူတို့ စိုးရိမ်ကြရမည်ဖြစ်သည်။
ထိုမိသားစုများသည် ကောင်းကင်ဝံပုလွေမြို့ရှိ ပါရမီရှင်လူသားများကို လေ့ကျင့်ရန်အတွက် ဂိုဏ်းအချို့နှင့် ပူးပေါင်းကာ ထိုဂိုဏ်းများဆီသို့ စေလွှတ်နေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ အချို့မိသားစုများကတော့ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ရန်ပင် ကြံစည်နေကြ၏။
နတ်ဘုရင်တစ်ပါးရှိသည့် အင်အားစုက လျှို့ဝှက်လဝန်းနန်းတော် တစ်ခုတည်း မဟုတ်ပေ။ ကောင်းကင်ဝံပုလွေမြို့နှင့် မနီးမဝေးတွင် နတ်ဘုရင်တစ်ပါးရှိသော အခြားအင်အားစုတစ်ခု ရှိနေ၏။
အရေးကြီးဆုံး အချက်က ထိုအင်အားစုသည် ကောင်းကင်ဝံပုလွေမြို့နှင့် ပို၍ နီးကပ်နေခြင်း ဖြစ်သည်။
လူဦးရေအမြောက်အမြားရှိသည့် မြို့ကြီးတစ်မြို့ဖြစ်သော ကောင်းကင်ဝံပုလွေမြို့သည် မည်သည့်ဂိုဏ်းအတွက်မဆို ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်သည်။ အကယ်၍ သူတို့သာ လျှို့ဝှက်လဝန်းနန်းတော်မှ ခွဲထွက်လိုကြောင်း ဖော်ပြပါက ချီယန်ဂိုဏ်းက သူတို့ကို လက်ခံနိုင်ဖွယ်ရှိသည်။
အဝေးက လျှို့ဝှက်လဝန်းနန်းတော်ထက် ပို၍ နီးကပ်သော ချီယန်ဂိုဏ်းထဲသို့ ဝင်ရန် သူတို့က ပို၍ ဆန္ဒရှိကြ၏။ တကယ်တော့လည်း ချီယန်ဂိုဏ်းက သူတို့ကို လက်ခံလိမ့်မည်ဟု သူတို့ အပြည့်အဝ မသေချာနိုင်ကြပေ။
ကောင်းကင်ဝံပုလွေမြို့ရှိ မိသားစုများသည် နှစ်ပေါင်းများစွာတိုင်အောင် ချီယန်ဂိုဏ်း၏ သဘောထားကို စမ်းသပ်နေခဲ့ကြသည်။ သူတို့သာမကပဲ အစက လျှို့ဝှက်လဝန်းနန်းတော်နှင့် ဆက်နွှယ်နေသော အနီးနားရှိ ဂိုဏ်းများပင်လျှင် ချီယန်ဂိုဏ်း တပည့်များနှင့် လျှို့ဝှက်စွာ အဆက်အသွယ်ရှိနေကြောင်း မကြာသေးမီက သိခဲ့ရသဖြင့် လျှို့ဝှက်လဝန်းနန်းတော်မှ ခွဲထွက်ရန် ဆုံးဖြတ်ချက်က သူတို့စိတ်ထဲ ပို၍ ခိုင်မာလာခဲ့၏။
***