ချီယန်ဂိုဏ်းနှင့် အဆက်အသွယ် ခက်ခက်ခဲခဲ ပြုလုပ်ထားနိုင်ခဲ့ပြီး ဂိုဏ်း၏ သဘောထားကိုပင် အတည်မပြုရသေးချိန်၌ နန်းတော်သခင်၏ တပည့်ရင်းတစ်ဦးကို လျှို့ဝှက်လဝန်းနန်းတော်က စေလွှတ်လိုက်လိမ့်မည်ဟု ရှိနေသူများ မမျှော်လင့်ထားကြပေ။
ထိုတပည့်ရင်း ကောင်းကင်ဝံပုလွေမြို့ဆီသို့ လေ့ကျင့်ရန်သက်သက် ရောက်လာခြင်းဖြစ်သည်ဟု သူတို့ ဧကန်မုချ မယူဆကြပေ။ ရွေးချယ်စရာ အခြားလေ့ကျင့်ရေးကွင်းများ အမြောက်အမြား ရှိပါသော်လည်း ကောင်းကင်ဝံပုလွေမြို့ကို သူတို့ တိုက်တိုက်ဆိုင်ဆိုင် ရွေးချယ်ခဲ့ကြ၏။
ကောင်းကင်ဝံပုလွေမြို့၌ ပုန်ကန်လိုသော ဆန္ဒများ ရှိနေသည်ကို လျှို့ဝှက်လဝန်းနန်းတော်က ကြိုတင်သိထားနှင့်ပြီး သူတို့ကို ခြိမ်းခြောက်ရန် နန်းတော်သခင်၏ တပည့်ရင်းကို အထူးတလည် စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
သတိပေးချက်တစ်ခုအဖြစ် မိသားစုအချို့မှ လူအနည်းငယ်ကို ကွပ်မျက်ကာ စံနမူနာပြရန် လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ ထိုတပည့်ရင်း ရောက်လာခြင်းလည်း ဖြစ်နိုင်၏။
ထိုအတွေးနှင့်အတူ ရှိနေသော မိသားစုခေါင်းဆောင်အချို့လည်း မထိန်းချုပ်နိုင်စွာဖြင့် ချွေးစေးများ ပြန်လာကြတော့သည်။
သတိပြန်ဝင်လာလျှင် လျှိုယောင်ရှန်က တိန့်ချင်းဖုန်းကို
“မြို့တော်ဝန်တိန့်... ကျုပ်တို့ အခု ဘာဆက်လုပ်ရမလဲ”
လျှိုယောင်ရှန်
“ချီယန်ဂိုဏ်းဆီကနေ အခုထိ ဘာသတင်းမှ မရှိသေးဘူး။ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်း တကယ်ရောက်လာရင် ကျုပ်တို့ ကောင်းကင်ဝံပုလွေမြို့ သွေးချောင်းစီးသွားမှာကို စိုးရိမ်မိတယ်။”
လျှိုယောင်ရှန်၏ စကားအဆုံးတွင် အခြားသော မိသားစုခေါင်းဆောင်များလည်း စတင် ပြောဆိုလာကြ၏။
မိသားစုခေါင်းဆောင်တစ်ဦးက
“မှန်တယ် မြို့တော်ဝန်တိန့်... လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်က သူ့ရဲ့တပည့်ရင်းကို စေလွှတ်တယ်ဆိုတော့ သူတို့ တစ်ခုခုကို သိသွားလို့ပဲ ဖြစ်ရမယ်။”
နောက်တစ်ဦး
“သွားပါပြီ... သွားပါပြီ။ အခု ဘာလုပ်ကြမလဲ...”
အခြားတစ်ဦးက
“ကောင်းကင်ဝံပုလွေမြို့ကနေ အပြီးအပိုင်ပဲ ထွက်သွားကြရအောင်လား။”
ထိတ်လန့်နေကြသော ထိုသူများကို မြင်လျှင် တိန့်ချင်းဖုန်း ခပ်ဖွဖွ ရယ်မောလိုက်၏။
တိန့်ချင်းဖုန်းက
“ခင်ဗျားတို့ ကြောက်နေကြပုံကိုလည်း ကြည့်ကြပါဦး။ လျှို့ဝှက်လဝန်းနန်းတော်ကို ခင်ဗျားတို့က လက်တွေ့မှာ သစ္စာမှ မဖောက်ရသေးတာပဲ။ ဘာကို ကြောက်နေစရာ လိုလို့လဲ။”
“လျှို့ဝှက်လဝန်းနန်းတော်က အင်အားကြီးပေမဲ့ သူ့ရဲ့ နယ်မြေတစ်ခုလုံးကို ထိန်းချုပ်ဖို့ ကျုပ်တို့လို မိသားစုတွေ လိုအပ်တယ်။ ဘာသက်သေမှမရှိပဲ လျှို့ဝှက်လဝန်းနန်းတော်က မိသားစုတစ်စုကို မဆင်မခြင် သုတ်သင်လိုက်ရင် လူအများကြားမှာ ထိတ်လန့်မှုတွေ ဧကန်မုချ ဖြစ်ပေါ်စေမှာပဲ။”
“အဲ့ဒီအခါကျရင် လျှို့ဝှက်လဝန်းနန်းတော်အတွက် ဘယ်သူက အသက်စွန့်ပြီး လုပ်ပေးတော့မှာလဲ။”
“စတင်တည်ထောင်ကတည်းက လျှို့ဝှက်လဝန်းနန်းတော်က မိသားစုတစ်စုကို ပေါ့ပေါ့ဆဆ မျိုးဖြုတ်ခဲ့တာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။”
တိန့်ချင်းဖုန်း၏ စကားများကို ကြားလျှင် ခန်းမအတွင်းရှိ လူများ အနည်းငယ် တည်ငြိမ်သွားကြ၏။ အမှန်စင်စစ် သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်ကို လက်တွေ့၌ သစ္စာမဖောက်ရသေးသဖြင့် လျှို့ဝှက်လဝန်းနန်းတော်က သူတို့ကို တိုက်ရိုက် အရေးယူမည် မဟုတ်ပေ။
ထို့နောက် တိန့်ချင်းဖုန်း ဆက်လက်၍
“အခု လျှို့ဝှက်လဝန်းနန်းတော် လူလွှတ်လိုက်ပြီဆိုတော့ သူတို့ တစ်ခုခုကို အရိပ်အမြွက် သိထားပြီး စုံစမ်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တာပဲ။”
“တကယ်လို့ သူတို့မှာ တိုက်ရိုက်သက်သေသာရှိရင် လူတစ်ယောက်တည်း လာမှာမဟုတ်ဘူး။ လျှို့ဝှက်လဝန်းနန်းတော် ကျင့်ကြံသူတွေ အုပ်စုလိုက်ကြီး လာကြမှာ။”
ထိုအရာကို ကြားလျှင် တစ်စုံတစ်ဦးက
“ဒါဆိုရင် ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်သင့်လဲ မြို့တော်ဝန်တိန့်။”
“ကျုပ်တို့ ချီယန်ဂိုဏ်းက တပည့်တွေနဲ့ အဆက်အသွယ်တွေကို ယာယီဖြတ်တောက်ထားပြီး အခြေအနေကို အရင်စောင့်ကြည့်ကြတာပေါ့။”
ထိုအခိုက်အတန့်တွင် လျှိုယောင်ရှန်က
“ဒါပေမဲ့ ကျုပ်တို့ သူတို့ဆီ ဝင်ချင်တဲ့အကြောင်း ချီယန်ဂိုဏ်းကို ပြောပြီးသားလေ။ အခုမှ ရုတ်တရက်ကြီး အဆက်အသွယ် ဖြတ်လိုက်ရင် ချီယန်ဂိုဏ်းက...”
လျှိုယောင်ရှန်၏ စကားမဆုံးမီ တိန့်ချင်းဖုန်း ကြားဖြတ် ပြောလိုက်၏။
“လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်း ကောင်းကင်ဝံပုလွေမြို့ကို လာနေတယ်ဆိုတာ ချီယန်ဂိုဏ်းက မသိဘူးလို့ ခင်ဗျား ထင်နေတာလား။”
ထိုအရာကို ကြားလျှင် လျှိုယောင်ရှန် ချက်ချင်း ပြောလိုက်၏။
“မြို့တော်ဝန်တိန့် ပြောတာ မှန်ပါတယ်”
တိန့်ချင်းဖုန်း ဆက်လက်၍
“လာမယ့်သူက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သာမန်တပည့် မဟုတ်ဘူး... နန်းတော်သခင်ရဲ့ တပည့်ရင်း။ သူ တစ်ခုခုဖြစ်သွားရင် နန်းတော်သခင် ဧကန်မုချ အမျက်ထွက်မှာပဲ။ ချီယန်ဂိုဏ်း ကောင်းကင်ဝံပုလွေမြို့ကို တကယ်လိုချင်ရင်တောင် အခုအချိန်မှာတော့ ချီယန်ဂိုဏ်းထဲကို သွတ်သွင်းနိုင်မှာ မဟုတ်ဘူး။”
အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်၏ သာမန်တပည့်သာဆိုလျှင် သူ သေဆုံးသွားပါကလည်း သာမန်တပည့်တစ်ဦးအတွက်နှင့် ချီယန်ဂိုဏ်းကို လျှို့ဝှက်လဝန်းနန်းတော်က စစ်ကြေညာမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်တွင် လူဦးရေ နည်းပါးလာသဖြင့် အင်အားကြီးနှစ်ခုကြား အသေအကြေ စစ်ပွဲဖြစ်ပွားခြင်းက ရှားပါး၏။ များသောအားဖြင့် လျှို့ဝှက်စွာသာ ကြိုးကိုင်ခြယ်လှယ်ကြခြင်း ဖြစ်သည်။
သို့သော် နန်းတော်သခင်၏ တပည့်ရင်း တစ်ခုခု ဖြစ်သွားပါကတော့ အခြေအနေ သဘောသဘာဝက ပြောင်းလဲသွားပေလိမ့်မည်။
ထိုအင်အားကြီးနှစ်ခုကြား စစ်ပွဲဖြစ်ပွားပါက ကောင်းကင်ဝံပုလွေမြို့သည် ပထမဆုံး ဒုက္ခရောက်မည့်နေရာ ဖြစ်၏။
ထို့ကြောင့် ဤအခြေအနေကို အရင်ဆုံး မီးစင်ကြည့်က၍ ကျော်ဖြတ်ရန် တိန့်ချင်းဖုန်း စဉ်းစားထား၏။
မည်သို့ပင်ဆိုစေ လာမည့်သူသည် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သဖြင့် ကောင်းကင်ဝံပုလွေမြို့၌ ထာဝရ နေထိုင်မည် မဟုတ်ပေ။ ထို့ပြင် ထိုသူက လေ့ကျင့်ရန် လာခြင်းဖြစ်၏။ နတ်တစ်ပါးသည် လူ့လောကသို့ လေ့ကျင့်ရန်လာရင်း တစ်နေရာတည်း၌ ထာဝရ နေထိုင်သွားသည်ဟု တစ်ခါမှ မကြားဖူးပေ။
လုချန်းသည် ကောင်းကင်ဝံပုလွေမြို့တွင် ဆယ်နှစ်ထက်ပို၍ နေမည်မဟုတ်ပဲ နောက်ဆုံးတွင် ထွက်ခွာသွားလိမ့်မည်ဟု တိန့်ချင်းဖုန်း ခန့်မှန်းထား၏။ လုချန်း ထွက်သွားပါက သူတို့၏ အစီအစဉ်ကို ဆက်လက် လုပ်ဆောင်နိုင်ပေသည်။
ရှိနေသောသူများကို တိန့်ချင်းဖုန်း နောက်တစ်ကြိမ် ကြည့်လိုက်ပြီး အေးစက်စွာ သတိပေးလိုက်၏။
“ကျုပ် သတိမပေးဘူးလို့ မပြောကြပါနဲ့ဦး။ သံတမန် မရောက်လာခင်မှာ အစအနတွေကို ရှင်းလင်းထားကြပါ။ ဘာမှ ထွက်မလာစေနဲ့။ အဲ့ဒီလိုမှမဟုတ်ပဲ တစ်ခုခုဖြစ်လာရင် ခင်ဗျားတို့ကို ကျုပ် မကာကွယ်ပေးနိုင်ဘူးလို့ အပြစ်မတင်ကြပါနဲ့။”
လူအားလုံးက
“ဟုတ်ကဲ့ပါ...မြို့တော်ဝန်”
ဟု တပြိုင်နက်တည်း တုံ့ပြန်ကြ၏။
“ကောင်းပြီ...ခင်ဗျားတို့ အားလုံး အခု ပြန်လို့ရပြီ”
ထို့နောက် လူများ မတ်တတ်ရပ်လိုက်ကြပြီး စိုးရိမ်ပူပန်သော မျက်နှာများဖြင့် မြို့တော်ဝန်စံအိမ်မှ အသီးသီး ထွက်ခွာသွားကြ၏။
သူတို့၏ ကျောပြင်ကို ကြည့်လျက် တိန့်ချင်းဖုန်း လှောင်ပြောင် ရယ်မောလိုက်၏။
“အရမ်း စိတ်လောနေကြတာပဲ။ ကောင်းကင်ဝံပုလွေမြို့ကို ချီယန်ဂိုဏ်းပိုင်အဖြစ် တရားဝင် မသတ်မှတ်ရသေးခင်မှာတင် သူတို့ရဲ့ မိသားစုတပည့်တွေကို ချီယန်ဂိုဏ်းဆီ လွှတ်နေကြပြီ။ တကယ့်ကို သေတွင်းတူးနေတာပဲ။”
ထျန်းရန်နတ်ဘုရား နယ်မြေ၌ နယ်နိမိတ်များကို တိကျစွာ သတ်မှတ်ထားပြီး လူသားမြို့များကို စီမံခန့်ခွဲရန် ထိုမိသားစုများကို လျှို့ဝှက်လဝန်းနန်းတော် ထောက်ပံ့ပေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့က လျို့ဝှက်လဝန်း နန်းတော်ကို ကျောခိုင်း၍ ချီယန်ဂိုဏ်းထဲသို့ ဝင်လိုနေကြ၏။
ဤအရာက လျှို့ဝှက်လဝန်းနန်းတော်ကို ပြောင်ပြောင်တင်းတင်း သစ္စာဖောက်ခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် ပြောရလျှင် နတ်ဂိုဏ်းတစ်ဂိုဏ်းသည် ထိုသို့သော သစ္စာဖောက်မှုကို သည်းခံလိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ထိုမိသားစုများ၏ လုပ်ရပ်အတွက် အဓိက အကြောင်းရင်းတစ်ခု ရှိနေ၏။ ထိုအရာက လျှို့ဝှက်လဝန်းနန်းတော်သည် အမျိုးသမီးတပည့်များကိုသာ သီးသန့်နီးပါး ခေါ်ယူခြင်း ဖြစ်၏။
လူ့လောက၌ အမျိုးသမီးများသည် မိသားစုမှ ထွက်ခွာ၍ နတ်လမ်းစဉ်သို့ လျှောက်လှမ်းကာ စွမ်းအားများ ရရှိလာသည့်အခါ သူတို့၏ မိသားစုများဆီသို့ ပြန်လာရန် မဖြစ်နိုင်သလောက် ဖြစ်သည်။ ထို့ပြင် ထိုမိသားစုများရှိ အမျိုးသားများကတော့ လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများသို့သာ ဝင်ရောက်နိုင်ကြ၏။
လျှို့ဝှက်လဝန်းနန်းတော်နှင့် နှိုင်းယှဉ်ပါက ထိုလက်အောက်ခံ အင်အားစုများသည် တူညီသော အင်အားအဆင့်နှင့် ကျင့်စဉ် အရင်းအမြစ်များကို မပေးစွမ်းနိုင်ကြပေ။
ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်သည် ကောင်းကင်ဝံပုလွေမြို့နှင့် အလွန်ဝေးကွာပြီး ချီယန်ဂိုဏ်းတော့ အနီးနားတွင်ရှိကာ သုံးရက်တာ ခရီးမျှသာ ဝေးကွာ၏။
ထိုမိသားစုများသည် ကျင့်ကြံရန်အတွက် သူတို့၏ မိသားစုဝင်များကို ချီယန်ဂိုဏ်းဆီသို့ စေလွှတ်ရန် စဉ်းစားခဲ့ကြ၏။ ချီယန်ဂိုဏ်းထဲသို့ ဝင်ရောက်သည့် မိသားစုဝင်များ ပိုများပြားလာသည်နှင့်အမျှ ထိုမိသားစုများ၌ ရဲတင်းသော အတွေးတစ်ခု ပေါ်လာခဲ့တော့သည်။
အဘယ်ကြောင့် ချီယန်ဂိုဏ်းထဲသို့ တိုက်ရိုက် မဝင်ရောက်ရသနည်း ဟူသော အတွေးပင်။
မည်သို့ပင်ဆိုစေ သူတို့၏ လုပ်ရပ်များသည် လျှို့ဝှက်လဝန်းနန်းတော်အပေါ် သစ္စာဖောက်ခြင်းဟု ဆိုလိုသည်။
မိသားစုခေါင်းဆောင်များ မြို့တော်ဝန်စံအိမ်မှ ထွက်ခွာသွားပြီးနောက် အတူတကွ စုဝေးကာ သံတမန် ရောက်ရှိလာမည့် ကိစ္စကို ဆွေးနွေးခဲ့ကြ၏။ ထိုအခိုက်အတန့်တွင် လူနှစ်ဦး လူအုပ်ထဲမှ ခွဲထွက်သွားပြီး အခြားလမ်းတစ်ခုသို့ သွားကြ၏။
ဝမ်မိသားစုခေါင်းဆောင် ဝမ်ယုံရှန်က လျှိုမိသားစုခေါင်းဆောင် လျှိုယောင်ရှန်ကို ကြည့်လျက်
“လျှိုသခင်ကြီး... ကျုပ်တို့ ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား။”
ဝမ်ယုံရှန်က
“တခြားမိသားစုတွေကတော့ အဆင်ပြေကောင်း ပြေလိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ မိသားစုနှစ်စုကတော့ ချီယန်ဂိုဏ်းဆီကို မိသားစုတပည့်တွေ အမြောက်အမြား ပို့ထားတာလေ။ အဲ့ဒီသံတမန် ရောက်လာတာနဲ့ ကျုပ်တို့ လူမိဖို့ သေချာသလောက်ပဲ။ အဲ့ဒီအခါကျရင် ကျုပ်တို့ မိသားစုတွေဆီကို အန္တရာယ် ကျရောက်လာလိမ့်မယ်။”
ဝမ်ယုံရှန်၏ စကားများကို ကြားလျှင် လျှိုယောင်ရှန် တိတ်ဆိတ်သွား၏။ အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက
“ချီယန်ဂိုဏ်းဆီ အကူအညီတောင်းဖို့ စာတစ်စောင်ပဲ ရေးရတော့မယ် ထင်တယ်”
ဝမ်ယုံရှန်က သက်ပြင်းချလိုက်ရင်း
“ချီယန်ဂိုဏ်းက ကျုပ်တို့ကို ကူညီမှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်။ ဘာပဲဖြစ်ဖြစ် လာမယ့်သူက လျှို့ဝှက်လဝန်း နန်းတော်သခင်ရဲ့ တပည့်လေ။”
ချီယန်ဂိုဏ်းသည် ကောင်းကင်ဝံပုလွေမြို့ အတွက်နှင့် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်ရင်းကို ရှင်းလင်းကာ သူတို့ဂိုဏ်းနှစ်ဂိုဏ်းကြား ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက်လိမ့်မည်ဟု ဝမ်ယုံရှန် မယူဆပေ။
***