လျှိုယောင်ရှန်က ဆက်လက်၍
“ကောင်းကင်ဝံပုလွေမြို့အတွက်နဲ့ ချီယန်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်နဲ့ ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက်မှာ မဟုတ်ဘူး။ အလားတူပဲ မိသားစု တစ်စုနှစ်စု သစ္စာဖောက်သွားတာနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကလည်း ချီယန်ဂိုဏ်းနဲ့ ဆက်ဆံရေးကို အပြီးတိုင် ပျက်ပြားသွားစေမှာ မဟုတ်ဘူး။”
လျှို့ယောင်ရှန်၏ စကားကို ကြားလျှင် ဝမ်ယုံရှန် စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။
“လျှို သခင်ကြီး ဆိုလိုတာက...”
ဝမ်ယုံရှန် တွေဝေသွားသော်လည်း လျှိုယောင်ရှန် ဖော်ပြလိုသည့် အဓိပ္ပာယ်ကို သူ ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။
“အခုပဲ ချီယန်ဂိုဏ်းဆီ စာရေးကြရအောင်။ အဲ့ဒီ အထူးသံတမန် မရောက်လာခင်မှာ ကျုပ်တို့ မိသားစု နှစ်စုလုံးကို ချီယန်ဂိုဏ်းရဲ့ နယ်မြေထဲ ပြောင်းရွှေ့နိုင်ဖို့ ရည်ရွယ်ထားတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် သံတမန် ရောက်လာရင်တောင် ကျုပ်တို့ မိသားစု နှစ်စုကို သူတို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။”
ထိုအခိုက်တွင် လျှိုယောင်ရှန်က ခပ်ဖွဖွပြုံးလိုက်ပြီး
“ကျုပ်သား ချီယန်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတစ်ယောက်ရဲ့ တပည့်ရင်း ဖြစ်လာတာနဲ့ အတော်ပဲ။ သူ့ရဲ့ ဆရာကိုသာ အကူအညီတောင်းရင် သူ့ဆရာက ကျုပ်တို့ မိသားစုနှစ်စုကို ချီယန်ဂိုဏ်းရဲ့ နယ်မြေထဲ ပြောင်းရွှေ့ခွင့်ပြုဖို့ သဘောတူလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။”
ထိုအရာကို ကြားလျှင် ဝမ်ယုံရှန် သက်ပြင်းချလိုက်သည်။
“နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို စွန့်လွှတ်ရမှာ နှမြောစရာပဲ။”
လျှို့ယောင်ရှန်က
“ဘာကို စိုးရိမ်နေတာလဲ။ သံတမန် ထွက်သွားပြီး ကောင်းကင်ဝံပုလွေမြို့က ချီယန်ဂိုဏ်းထဲကို တရားဝင် ဝင်ရောက်သွားတာနဲ့ ကျုပ်တို့ ကောင်းကင်ဝံပုလွေမြို့ကို ပြန်လာလို့ရပြီ။ ကျုပ်သားရဲ့ ဆရာ အနောက်မှာ ရှိနေရင် ကောင်းကင်ဝံပုလွေမြို့က မိသားစုတွေဟာ ကျုပ်တို့ရဲ့ စီးပွားရေးတွေကို သိမ်းပိုက်ရဲမှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်။”
ဝမ်ယုံရှန်က အလျင်အမြန်ပင်
“လျှိုသခင်ကြီး ပြောတာ မှန်တယ်။ စာရေးဖို့ မြန်မြန် ပြန်ကြရအောင်။”
“ကောင်းပြီ။”
ထို့နောက် လျှိုယောင်ရှန်နှင့် ဝမ်ယုံရှန်တို့လည်း အိမ်သို့ အမြန်ပြန်ကြပြီး မိသားစု နှစ်စုလုံး အကာအကွယ် ရရှိရန်အတွက် ချီယန်ဂိုဏ်း နယ်မြေထဲသို့ ပြောင်းရွှေ့နိုင်ဖို့ ကြားဝင် ကူညီပေးရန် ချီယန်ဂိုဏ်း၌ ရှိနေသော သူတို့၏ ဆွေမျိုးများထံသို့ စာစရေးကြလေတော့သည်။
…..
သုံးရက် ကြာပြီးနောက်
ချီယန်ဂိုဏ်း
ချောက်ကမ်းပါးတစ်ခုပေါ်တွင် ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ကောင်းကင်ဝံပုလွေမြို့ဘက်သို့ လှမ်းကြည့်နေသည်။ ထိုအခိုက်အတန့်တွင် တပည့်တစ်ဦး သူ၏ နောက်ဘက်မှ ချဉ်းကပ်လာပြီး
“ဂါရဝပြုပါတယ် ဆရာ”
တပည့်၏ အသံကို ကြားလျှင် စီကုန်းယုဖုန်း က ခေါင်းမလှည့်ပဲ
“ဘာကိစ္စလဲ။”
လျှိုယဲ့က
“ဆရာ... ကျုပ် မိသားစုက စာရေးလိုက်ပါတယ်။ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည်ရင်းက လေ့ကျင့်ဖို့အတွက် ကောင်းကင်ဝံပုလွေမြို့ကို ရောက်တော့မယ်လို့ ဆိုပါတယ်။ အဲ့ဒီလူ ကောင်းကင်ဝံပုလွေမြို့ကို ရောက်တာနဲ့ ကျုပ်တို့ တစ်မိသားစုလုံး သူတို့ သုတ်သင်တာကို ခံရနိုင်ပါတယ်။ ဒါကြောင့် လျှိုမိသားစုကို အကာအကွယ်ပေးဖို့အတွက် ချီယန်ဂိုဏ်းရဲ့ နယ်မြေထဲ ပြောင်းရွှေ့ခွင့် ပေးစေလိုပါတယ်။”
ထိုအရာကို ကြားလျှင် စီကုန်းယုဖုန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး လျှိုယဲ့ကို လှည့်ကြည့်လိုက်သည်။
“လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်း ဟုတ်လား။ သတင်းက ခိုင်လုံရဲ့လား။”
“လျှို့ဝှက်လဝန်းနန်းတော်က ကောင်းကင်ဝံပုလွေမြို့တော်ဝန်ဆီ သတင်းပို့ပြီးပါပြီ။ ဒါက တကယ် ဖြစ်ဖို့ များပါတယ်။ နန်းတော်သခင်ရဲ့ တပည့်ရင်းဟာ တစ်လမပြည့်ခင် ကောင်းကင်ဝံပုလွေမြို့ကို ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။”
ထိုအရာကို ကြားလျှင် စီကုန်းယုဖုန်း၏ ပါးစပ်ဖျားတွင် လျှို့ဝှက်သော ခပ်ဖွဖွပြုံး အပြုံးတစ်ခု ပေါ်လာ၏။
“လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းက တကယ့် အချိန်ကောင်းမှာ ရောက်လာတာပဲ။”
ထိုအရာကို ကြားလျှင် သူ၏ဆရာ ဟာသပြောနေခြင်းဟု လျှိုယဲ့ ထင်မှတ်လိုက်သည်။ အကယ်၍ ထိုလူ ရောက်မလာခဲ့လျှင် ကောင်းကင်ဝံပုလွေမြို့သည် မကြာမီ ချီယန်ဂိုဏ်းထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့က အခုမှ ရောက်လာခြင်းဖြစ်သည်။
ထိုအခိုက်တွင် လျှိုယဲ့က
“ ဆရာ... အဲ့ဒီလူက ကောင်းကင်ဝံပုလွေမြို့မှာ ကြာကြာနေမှာ မဟုတ်ပါဘူး။ သူ ထွက်သွားတာနဲ့ ကောင်းကင်ဝံပုလွေမြို့က ချီယန်ဂိုဏ်းထဲကို ဝင်လာဦးမှာပါ။”
မည်သို့ပင်ဆိုစေ ချီယန်ဂိုဏ်းနဲ့ လျှို့ဝှက်လဝန်းနန်းတော်ကြား အတော်ကွာဝေးသော်လည်း ကောင်းကင်ဝံပုလွေမြို့ကတော့ ချီယန်ဂိုဏ်းနဲ့ အလွန်နီး၏။
ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်သည် အမျိုးသမီးတပည့်များကိုသာ လက်ခံသည့် ဂိုဏ်းဖြစ်ပြီး ကောင်းကင်ဝံပုလွေမြို့ရှိ မိသားစုများသည် လျှို့ဝှက်လဝန်းနန်းတော်အပေါ် မကျေနပ်မှုများ အစောကတည်းက ရှိနေခဲ့ကြသည်။ ကောင်းကင်ဝံပုလွေမြို့ရှိ မိသားစု အများစုသည် လျှို့ဝှက်လဝန်းနန်းတော်တွင် ဆက်နေမှာလား သို့မဟုတ် ချီယန်ဂိုဏ်းသို့ ဝင်မှာလား ဆိုသည်ကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။
ထိုအခိုက်တွင် စီကုန်းယုဖုန်းက
“တပည့်... မင်း ကိုယ်တိုင် ပြန်သွားပြီး ပြောလိုက်ပါ။ ချီယန်ဂိုဏ်းက ဒီအတိုင်း ကြည့်မနေဘူးလို့ မင်းရဲ့ မိသားစုကို ပြောလိုက်။ မင်းရဲ့ မိသားစုအတွက် ယာယီနေထိုင်စရာ နေရာတစ်ခုကို ငါ စီစဉ်ပေးမယ်။”
စီကုန်းယုဖုန်း သဘောတူသည်ကို မြင်လျှင် လျှိုယဲ့က ချက်ချင်းပင်
“ကျေးဇူးတင်ပါတယ်...လေးစားရတဲ့ ဆရာ”
အစက သူ၏ ဆရာ သဘောမတူမှာကို လျှိုယဲ့ အလွန် စိုးရိမ်ခဲ့သည်။ လျှိုမိသားစုကို လက်ခံလိုက်ခြင်းက လျှို့ဝှက်လဝန်းနန်းတော်ကို ထိပါးစော်ကားခြင်း ဖြစ်သည်။
အထူးသဖြင့် ချီယန်ဂိုဏ်းသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် အပြီးတိုင် ဆက်ဆံရေး ဖြတ်တောက်ရမည့် အခြေအနေတွင် မရှိသေးသဖြင့် သူ၏ ဆရာဘက်က သဘောတူချင်မှ တူလိမ့်မည်။ ကောင်းကင်ဝံပုလွေမြို့ကိုပင် ထိန်းချုပ်နိုင်ခြင်း မရှိသေးသဖြင့် သေးငယ်သော မိသားစုတစ်ခုအတွက်ကြောင့် လျှို့ဝှက်လဝန်းနန်းတော်နှင့် ဆက်ဆံရေး ပျက်ပြားစရာ တကယ် မလိုပေ။
ကောင်းကင်ဝံပုလွေမြို့ ချီယန်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့လျှင်တော့ သူတို့ကို ကာကွယ်ပေးခြင်းက ပို၍ အဓိပ္ပာယ်ရှိပေလိမ့်မည်။
ငြင်းပယ်ခံရဖို့ ပြင်ဆင်ထားခဲ့သော လျှိုယဲ့ကို အံ့သြသွားစေသည်က သူ၏ ဆရာ ဤမျှ လွယ်လွယ်ကူကူ သဘောတူလိုက်ခြင်းဖြစ်သည်။
စိတ်လှုပ်ရှားစွာဖြင့် လျှိုယဲ့လည်း သတင်းပေးရန် ချီယန်ဂိုဏ်းမှ ထွက်ခွာပြီး ကောင်းကင်ဝံပုလွေမြို့သို့ ပြန်ခဲ့သည်။
ထွက်ခွာသွားသော လျှိုယဲ့၏ ကျောပြင်ကို ကြည့်ရင်း စီကုန်းယုဖုန်း၏ ပါးစပ်ဖျားတွင် အပြုံးတစ်ခု ပေါ်လာ၏။ တဖြည်းဖြည်းနှင့် သူ၏ မျက်နှာပေါ်တွင် ပို၍ ထင်ရှားသော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ယွမ်ယုတိရဲ့ တပည့်ရင်း ကောင်းကင်ဝံပုလွေမြို့မှာ သေဆုံးသွားမယ်ဆိုရင် ချီယန်ဂိုဏ်းနှင့် လျှို့ဝှက်လဝန်းနန်းတော် အပြင်းအထန် တိုက်ပွဲဝင်ဖို့ ဧကန်မုချ ဖြစ်လာမှာပဲ...”
….
မျက်စိတစ်မှိတ်အတွင်းမှာပင် လုချန်းနှင့် သူ၏ အပေါင်းအပါများသည် ကောင်းကင်ဝံပုလွေမြို့နှင့် မဝေးသော လော့ရှားတောင် ဆီသို့ နတ်လှေဖြင့် ရောက်ရှိလာကြသည်။ လုချန်းသည် နတ်လှေအတွင်း၌ တစ်လနီးပါး ကျင့်ကြံနေခဲ့သည်။
တကယ်တော့ သူ ကျင့်ကြံနေသည်ဟု ဆိုသော်လည်း သူ၏ အာရုံက ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့အပေါ်တွင်သာ ရှိနေသည်။
သူတို့ နှစ်ဦးသည် နတ်လှေပေါ်တွင် အများအားဖြင့် ရပ်နေတတ်ကြပြီး ရံဖန်ရံခါ ကျင့်ကြံခြင်းဆိုင်ရာ အမြင်များကို ဆွေးနွေးတတ်ကြသော်လည်း လက်တွေ့တွင် ကျင့်ကြံခြင်း မရှိသလို လုချန်းကိုလည်း စတင်၍ ချဉ်းကပ်ခြင်း မရှိကြပေ။
တကယ်တော့ ကိုယ့်အပေါ် အာရုံအစိုက်ဆုံးများက ရန်သူများသာ ဖြစ်တတ်သည် မဟုတ်ပါလား။
ယဲ့ချူယောင်သည် သူ့အပေါ် အာဃာတ ထားရှိပြီး သူ လုချန်းဖြစ်ကြောင်း သက်သေပြရန် အမြဲ ကြိုးစားနေသည်။
ဤနှစ်ဦးကတော့ သူ့အပေါ် အကောင်းမြင် သော်လည်း သူ လုချန်း ဟုတ် မဟုတ် အတည်ပြုရန် ရည်ရွယ်ချက် သို့မဟုတ် ဆန္ဒ မရှိကြပေ။
သူတို့နှင့် နည်းစပ်ရန် မည်သို့ အခွင့်အရေး ရှာရမလဲ မသေချာသဖြင့် လုချန်းစိတ်ထဲ သက်ပြင်းချလိုက်သည်။ ကောင်းကင်ဝံပုလွေမြို့ကို ရောက်ပြီးနောက် ထိုအမျိုးသမီး နှစ်ဦးနှင့် နှစ်ယောက်ချင်း ရှိနေမည့် အခွင့်အရေးကို သူ ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။
လုချန်းက ထိုသို့ တွေးလိုက်သည့် ခဏမှာပင် သူတို့၏ နတ်လှေဆီသို့ တစ်စုံတစ်ဦး အလျင်အမြန် ချဉ်းကပ်လာသည်ကို ရုတ်တရက် အာရုံရလိုက်သည်။ ထိုအခိုက်အတန့်တွင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့လည်း ၎င်းကို အာရုံရလိုက်ကြ၏။ သူတို့က ချက်ချင်းပင် သူတို့၏ နတ်ဓားများကို ထုတ်ယူကာ သတိကြီးစွာဖြင့် ရှေ့သို့ ကြည့်လိုက်ကြသည်။
နောက်တစ်ခဏတွင် အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး သူတို့၏ နတ်လှေရှေ့၌ ရုတ်တရက် ပေါ်လာသည်။ ရှောင်ရွှီရင်က အေးစက်စွာ မေးလိုက်၏။
“ရှင်က ဘယ်သူလဲ။”
ထိုလူလတ်ပိုင်း အမျိုးသားက ချက်ချင်း မလှုပ်ရှားပဲ လှေကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက်
“ဒီနတ်လှေပေါ်မှာ ပါလာတာ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းလား။”
ထိုအရာကို ကြားလျှင် လုချန်း ခဏခန့် အံ့သြသွားသည်။
ကောင်းကင်ဝံပုလွေမြို့မှ ကျင့်ကြံသူတစ်ဦးက သူ့ကို လာကြိုတာများလား။
ကောင်းကင်ဝံပုလွေမြို့ အနီး၌ လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အင်အားစုများစွာ ရှိသည်။ သူတို့ ခရီးမထွက်ခင်က ကောင်းကင်ဝံပုလွေမြို့ကို အကြောင်းကြားထားပြီးသား ဖြစ်သဖြင့် ကောင်းကင်ဝံပုလွေမြို့ အနီးရှိ လက်အောက်ခံ အင်အားစုများလည်း သတင်းရရှိထားကာ သူ ရောက်ရှိလာမည်ကို သိထားပေလိမ့်မည်။
များသောအားဖြင့် လျှို့ဝှက်လဝန်းနန်းတော် သြဇာလွှမ်းမိုးသော နယ်မြေအတွင်း မည်သည့် အင်အားစုကမှ နန်းတော်သခင်၏ တပည့်ရင်းကို ဤအချိန်တွင် ရန်စရဲမှာ မဟုတ်သဖြင့် ရှောင်ရွှီရင်က စီကုန်းယုဖုန်း၏ မေးခွန်းကို ဖြေရန် ပြင်လိုက်သည်။
သို့သော် နောက်တစ်ခဏတွင် နတ်လှေ၏ အခန်းထဲမှ လုချန်း ထွက်လာပြီး
“ကျုပ်က ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ ချန်မိသားစုဝင် တစ်ယောက်ပါ။ ဒီနေရာကို ဖြတ်သွားနေတာပါ။ မိတ်ဆွေပြောနေတဲ့ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်ရဲ့ တပည့်ရင်းက ဘယ်သူလဲ ဆိုတာ ကျုပ် သိပါရစေ။ ပြီးတော့ ကျုပ်တို့ကိုလည်း မိတ်ဆက်ပေးနိုင်မလား။”
လုချန်း၏ စကားကို ကြားလျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ နှစ်ဦးလုံး အံ့သြသွားကြသည်။
ထျန်းရှ နတ်ဘုရား နိုင်ငံတော် ဟုတ်လား။
သူတို့ရဲ့ ဂျူနီယာ မောင်လေးက ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကလား။
***