လုချန်း၏ လှည့်စားမှုကို ခံလိုက်ရသည်ဟူသော အတွေးက စီကုန်းယုဖုန်း၏ ရင်ထဲ ဒေါသမီးများ တောက်လောင်သွားစေသည်ဟု ဆိုရမည်။
ထို့ကြောင့် နည်းနည်းမှ မတွေဝေတော့ပဲ လုချန်းကို ခြုံခိုတိုက်ခိုက်သတ်ဖြတ်ရန် ရည်ရွယ်လျက် နောက်သို့လှည့်ကာ ကောင်းကင်ဝံပုလွေမြို့ဆီသို့ စီကုန်းယုဖုန်း အမြန်ဦးတည် သွားလိုက်တော့သည်။
နန်းတော်သခင်၏ တပည့်သည် ကောင်းကင်ဝံပုလွေမြို့သို့ သွားနေခြင်း ဖြစ်သောကြောင့် ထိုနေရာသို့ ဧကန်မုချ ရောက်လာမည်မှာ သေချာ၏။ မည်သူမှ သံသယမဝင်စေရန် လုချန်း ကောင်းကင်ဝံပုလွေမြို့သို့ မရောက်မီ ကြားဖြတ်ရှင်းလင်းရန် စီကုန်းယုဖုန်း အစက ရည်ရွယ်ခဲ့ခြင်းဖြစ်၏။
ချီယန်ဂိုဏ်းတွင် သူ အချိန်အတန်ကြာ ဆက်လက်ပုန်းအောင်းနေရန် လိုအပ်နေသေး၏။ ထို့ကြောင့် အချိန်မတိုင်မီ သူ၏ ဇာတိရုပ် ဖော်ထုတ်ခံရပါက သူ့အတွက် ကောင်းကျိုး ဖြစ်စေမည် မဟုတ်ပေ။
သို့သော် လျှို့ဝှက်လဝန်းနန်းတော်သခင်၏ တပည့်ရင်းကို သူ မမြင်ဖူးသည့်အတွက် အခွင့်အရေးကိုသာ စောင့်ကြည့်ရန် စီကုန်းယုဖုန်း ဆုံးဖြတ်လိုက်သည်။
ထိုသို့တွေးရင်း ကောင်းကင်ဝံပုလွေမြို့ဆီသို့ သူ၏ အမြန်ဆုံး အရှိန်ဖြင့် စီကုန်းယုဖုန်း ပြေးထွက်သွားတော့သည်။
ထိုအချိန်တွင် နတ်လှေကို သိမ်းဆည်းရန် ရှောင်ရွှီရင်ကို လုချန်း ပြောထားပြီးဖြစ်သည်။ သူတို့သည် ဓားပျံကို အသုံးပြုကာ ခပ်နိမ့်နိမ့် ပျံသန်း၍ ကောင်းကင်ဝံပုလွေမြို့ဆီသို့ ဆက်လက်ထွက်ခွာလာကြ၏။
ဖြစ်ပျက်နေသည့်အရာကို စီကုန်းယုဖုန်း ရိပ်မိသွားနိုင်ကြောင်း လုချန်း ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ ရိပ်မိသွားသည်နှင့် သူတို့နောက်သို့ အမြန်ဆုံးနှုန်းဖြင့် လိုက်လာမည်မှာ ဧကန်မုချ ဖြစ်၏။
ရွှေရောင်နတ် အဆင့်ရှိသည့် စီကုန်းယုဖုန်းထက် သူတို့၏ သွားနှုန်း ပိုမမြန်နိုင်တာသေချာ၏။ ထို့ကြောင့် နတ်လှေကို စွန့်ပယ်ပြီး ရုပ်ဖျက်ကာ ကောင်းကင်ဝံပုလွေမြို့သို့ သွားခြင်းကသာ အကောင်းဆုံးဖြစ်သည်။
လမ်းခရီး၌ လုချန်းက ဇဝေဇဝါဖြစ်စွာဖြင့်
“ဘာလို့ ကောင်းကင်ဝံပုလွေမြို့မှာ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ မရှိရတာလဲ။”
ထျန်းရန် နတ်ဘုရား နယ်မြေသည် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်းရှိ စကြဝဠာထက် များစွာကျယ်ပြောလှသဖြင့် ခရီးသွားလျှင် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံများကို အကြိမ်ရေ အမြောက်အမြား အသုံးပြုကြရ၏။
ဝေးကွာလှသော ကောင်းကင်ဝံပုလွေမြို့ကဲ့သို့ နေရာမျိုးကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ ရှိသင့်သည်ဟု လုချန်း တွေးတောမိသည်။ သို့မှသာ လျှို့ဝှက်လဝန်းနန်းတော်မှ လူများ ကောင်းကင်ဝံပုလွေမြို့သို့ လျင်မြန်စွာ ရောက်ရှိနိုင်မည် ဖြစ်၏။
ရှောင်ရွှီရင်က
“အရင်ကတော့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာအတွင်း မြို့တော်တော်များများက နည်းဗျူဟာပုံစံတွေ ပျက်စီးသွားပြီး ဘယ်သူမှ ပြန်မပြင်ကြတော့ဘူး။ အဲ့ဒါတွေကိုသာ အကုန်ပြန်ပြင်မယ်ဆိုရင် ဝိညာဉ်ကျောက်တုံးတွေ အမြောက်အမြား ကုန်ကျမှာမယ့်အပြင် ထိန်းသိမ်းစရိတ်ကလည်း ကြီးလွန်းလို့ မပြင်ပဲ ထားလိုက်တာက ပိုလွယ်လို့ပါ။”
လျှို့ဝှက်လဝန်းနန်းတော်၏ အုပ်ချုပ်မှုအောက်တွင် ရေတွက်မကုန်နိုင်သော မြို့များစွာ ရှိနေ၏။ ထို့ကြောင့် မြို့တိုင်း၌ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ ထားရှိပါက ဝိညာဉ်ကျောက်တုံး အသုံးစရိတ် အလွန်များပြားမည်ဖြစ်ကြောင်း လုချန်း နားလည်သွား၏။
ယင်းသည် စီးပွားရေးအရ တွက်ချက်မှုတစ်ခုသာဖြစ်သည်။ မပြင်နိုင်၍ မဟုတ်ပဲ မလိုအပ်ပဲ အကုန်အကျ မခံလိုခြင်းသာ ဖြစ်၏။
လုချန်းနှင့် စကားပြောပြီးနောက် ရှောင်ရွှီရင်က
“ဂျူနီယာမောင်လေးချန်းက... တကယ်ပဲ ထျန်းရှ နတ်ဘုရား နိုင်ငံတော်က လာတာလား။”
ထိုအရာကို ကြားလျှင် ကောက်ရှီယွမ်ကလည်း သူမ၏ အရှိန်ကို လျှော့ချလိုက်ကာ လုချန်း၏ အဖြေကို စိတ်ဝင်တစား နားစွင့်နေ၏။
ဓားပျံဖြင့် ဆက်လက်ထွက်ခွာရင်း လုချန်းက
“ကျုပ် အဲ့ဒါကို လုပ်ကြံပြောလိုက်တာပါ။ ကျုပ်က ထျန်းရန် နတ်ဘုရား နယ်မြေထဲမှာ နှစ်သန်းပေါင်းများစွာ လှည့်လည်သွားလာနေခဲ့တာဆိုတော့ ကိုယ့်ကိုယ်ကို ဘယ်ကလာလဲဆိုတာကိုတောင် မေ့နေပါပြီ။”
လုချန်း၏ စကားကို ကြားရသောအခါ အမျိုးသမီးနှစ်ဦး အနည်းငယ် စိတ်ပျက်သွားကြ၏။ ဤချန်းလုသည် လုချန်း၏ ဘဝကူးဝင်စားခြင်း ဖြစ်နိုင်မလားဟု သူတို့ အစက တွေးတောခဲ့ကြသေး၏။
သို့သော် ယခု ပြန်လည်စဉ်းစားကြည့်ပါက ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားလျှင် နတ်ဧကရာဇ်တစ်ပါး၏ စိတ်အာရုံပင် ပျောက်ကွယ်သွားရမည်ဖြစ်ရာ နတ်ဘုရင်တစ်ပါးက မည်သို့မည်ပုံ ဘဝကူးဝင်စားလို့ ရနိုင်မည်နည်း။
ချန်းလုသည် ချန်းလုသာဖြစ်ပြီး လုချန်းနှင့် မည်သို့မှ မပတ်သက်ချေ။ ထိုသို့ဖြင့် အမျိုးသမီးနှစ်ဦးလည်း သူတို့၏ အတွေးလွန်နေမှုများကို ရပ်တန့်လိုက်ကြတော့၏။
ရက်အနည်းငယ် ခရီးနှင်ပြီးနောက် ကောင်းကင်ဝံပုလွေမြို့သို့ သူတို့ ရောက်ရှိလာကြသော်လည်း မြို့တံခါးသို့ ရောက်သည့်အခါ ချက်ချင်း မဝင်ကြသေးပေ။ လုံခြုံရေးကို တင်းကျပ်ထားသည့် ပုံစံအရ ကောင်းကင်ဝံပုလွေမြို့ အပြင်ဘက်တွင် စစ်သည်အမြောက်အမြား ရှိနေမှာ ထင်ရှား၏။
သံတမန်ကို အန္တရာယ်ပြုမည့်သူများ ရှိလာမည်ကို စိုးရိမ်သဖြင့် သံတမန် လာမည့်ခရီးအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ကောင်းကင်ဝံပုလွေမြို့ဘက်မှ အကြောင်းပြထားပြီး ကင်းစောင့်များကိုလည်း တိုးမြှင့်ထားသည်။
သို့သော် ကောင်းကင်ဝံပုလွေ မြို့တော်ဝန်၏ ရည်ရွယ်ချက်က သက်သက်ရှိ၏။ တကယ်တော့ လူအုပ်ကြားထဲမှ မြို့ထဲသို့ သူတို့ ခိုးဝင်သွားမည်ကိုသာ မြို့တော်ဝန် စိုးရိမ်နေခြင်း ဖြစ်ကြောင်း လုချန်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ထို့ကြောင့် သံတမန်၏ လုံခြုံရေးကို အကြောင်းပြကာ စစ်ဆေးနေခြင်း ဖြစ်သည်။
သူ၏ စိတ်အာရုံကို အသုံးပြု၍ လုချန်း စူးစမ်းကြည့်လိုက်ရာ မြို့တံခါးအနီးတွင် သာမန်လူများသာ ရှိနေသော်လည်း မြို့ရိုးပေါ်တွင်မူ ကောင်းကင်နတ် တစ်ပါး ရှိနေသည်ကို တွေ့လိုက်ရသည်။ ရိပ်မိမသွားစေရန် သူ၏ စိတ်အာရုံကို လုချန်း ချက်ချင်း ပြန်ရုပ်သိမ်းလိုက်၏။
မြို့တံခါးကို စောင့်ကြပ်နေသည့် လူအမြောက်အမြားကို တွေ့ရသောအခါ ရှောင်ရွှီရင်က
“အခု တို့ ဘာဆက်လုပ်ကြမလဲ”
ခဏခန့် စဉ်းစားပြီးနောက် ကောက်ရှီယွမ်က
“တို့တတွေ အပြင်မှာပဲ အမြဲ နေနေလို့ မရဘူးလေ။ တို့ တကယ်ဘယ်သူလဲ ဆိုတာကိုပဲ ထုတ်ဖော်လိုက်ရင် ပိုကောင်းမလား။”
“ကောင်းကင်ဝံပုလွေမြို့ တစ်မြို့လုံးကို ချီယန်ဂိုဏ်းက အပြည့်အဝ ထိန်းချုပ်ထားသလားဆိုတာ မသေချာသေးဘူး။ အခုအချိန်မှာ တို့ ဘယ်သူလဲ ဆိုတာကို ထုတ်ဖော်လိုက်ရင် တို့အတွက် အခြေအနေ မဟန်ဖြစ်သွားနိုင်တယ်။”
လုချန်း အတန်ကြာ တွေးတောလိုက်၏။ ကောင်းကင်ဝံပုလွေမြို့သို့ သူတို့ ရောက်ရှိနေပြီဖြစ်ရာ မြို့ထဲသို့ မဝင်ပဲနေပါက အတွင်းပိုင်း အခြေအနေမှန်ကို သိနိုင်မည် မဟုတ်ပေ။
ကောင်းကင်ဝံပုလွေမြို့ အပြင်ဘက်တွင် သွားလာနေကြသည့် လူသားများကို လုချန်း ကြည့်လိုက်ပြီးနောက် လတ်တလော ဖြစ်ပျက်နေသည့် အကြောင်းအရာများကို မေးမြန်းရန် လမ်းပေါ်ရှိ လူသားတစ်ဦးထံသို့ ချဉ်းကပ်သွား၏။ ကောင်းကင်ဝံပုလွေမြို့၏ အခြေအနေကို အခြားလူများထံ၌လည်း သူတို့ အစောကတည်း မေးမြန်းခဲ့ပြီး ဖြစ်၏။
လောလောဆယ်တွင် ကောင်းကင်ဝံပုလွေမြို့သည် အမည်ခံအားဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ အောက်တွင် ရှိနေဆဲဖြစ်ပြီး မြို့သူမြို့သားများကလည်း ထိုအတိုင်းပင် ယုံကြည်နေကြဆဲ ဖြစ်၏။
လုချန်းနှင့် သူ၏ အဖော်များ မြို့ထဲဝင်ရန် တွန့်ဆုတ်နေရခြင်းမှာ မြို့တော်ဝန်နှင့် ကောင်းကင်ဝံပုလွေမြို့ရှိ အချို့သော မိသားစုများ ပုန်ကန်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ချီယန်ဂိုဏ်းမှ လူများ လျှို့ဝှက်လဝန်းနန်းတော် နယ်မြေအတွင်းသို့ ဝင်ရောက်၍ သူတို့ကို ရှာဖွေနေခြင်းက ကောင်းကင်ဝံပုလွေမြို့အတွင်း၌ ပူးပေါင်းဆောင်ရွက်သူများ တကယ်ရှိနေသောကြောင့်သာ ဖြစ်ရမည်။ ယခုအချိန်တွင် မြို့ထဲသို့ ဝင်ရောက်ခြင်းက ထောင်ချောက်ထဲသို့ ကိုယ်တိုင်တိုးဝင်ခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။
ထိုလူနှင့် စကားပြောပြီးသောအခါ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ လုချန်းထံသို့ လျှောက်လာကြပြီး ရှောင်ရွှီရင်က
“ဂျူနီယာမောင်လေးချန်း... အခြေအနေက တစ်မျိုးကြီး ဖြစ်နေသလိုပဲ။ တို့ ပြန်သင့်တယ် ထင်တယ်”
လုချန်းက
“ကျုပ်က လျှို့ဝှက်လဝန်းနန်းတော်က စေလွှတ်လိုက်တဲ့ သံတမန်ဖြစ်တာကြောင့် ကျုပ်ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရလိမ့်မယ်။”
“ကျုပ်တို့ အနီးနားက မြို့တွေကို သွားပြီးတော့ ကောင်းကင်ဝံပုလွေမြို့ရဲ့ လက်ရှိအခြေအနေကို စုံစမ်းကြည့်လို့ ရတာပဲ။”
ကောင်းကင်ဝံပုလွေမြို့၏ အနီးနားတွင် အခြားမြို့အနည်းငယ် ရှိနေသေး၏။ ဤနေရာရှိ အခြေအနေများက ရှုပ်ထွေးနေသဖြင့် အခြားမြို့များကို အရင် စစ်ဆေးကြည့်ခြင်းက ပို၍ ပညာရှိရာ ရောက်ပေလိမ့်မည်။ သူသည် ကျင့်စဉ်အတွက်သာ ကောင်းကင်ဝံပုလွေမြို့သို့ လာခြင်းဖြစ်ပြီး မြို့ထဲသို့ မဖြစ်မနေ ဝင်ရန် မလိုအပ်ချေ။
ပညာရှိသောသူသည် ဘေးအန္တရာယ်ရှိသည့် နေရာသို့ မသွားတတ်ပေ။ ကောင်းကင်ဝံပုလွေမြို့သည် အန္တရာယ်ရှိနေနိုင်ပြီး သူ့အတွက် အကာအကွယ် မရှိကြောင်း သိထားသဖြင့် လုချန်း ဇွတ်အတင်း ဝင်ရောက်မည် မဟုတ်ချေ။
လုချန်း၏ အကြံပြုချက်ကို ကြားသောအခါ အမျိုးသမီးနှစ်ဦးလည်း သင့်တော်သည်ဟု ယူဆကြသဖြင့် ကောင်းကင်ဝံပုလွေမြို့မှ ထွက်ခွာခဲ့ပြီး မလှမ်းမကမ်းရှိ ကျန့်နင်မြို့သို့ ဦးတည်ထွက်ခွာလာကြ၏။
ကျန့်နင်မြို့သည် မြို့ငယ်လေးတစ်မြို့သာ ဖြစ်သော်လည်း နတ်တစ်ပါးအတွက်မူ ကောင်းကင်ဝံပုလွေမြို့မှ တစ်နာရီပင် မကြာသော ခရီး ဖြစ်သည်။ လူသားများအတွက်မူ ကျန့်နင်မြို့မှ ကောင်းကင်ဝံပုလွေမြို့သို့ အနည်းဆုံး နှစ်ရက်ကြာ ခရီးနှင်ရမည် ဖြစ်၏။
ကောင်းကင်ဝံပုလွေမြို့သို့ သွားကြသည့် လူသားကုန်တင်ယာဉ်တန်းများသည် ကျန့်နင်မြို့၌ တစ်ညတာ အနားယူလေ့ရှိကြသဖြင့် ထိုနေရာတွင် ကောင်းကင်ဝံပုလွေမြို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာ ရှိနေသည်ကတော့ အမှန်ပင် ဖြစ်၏။
ကျန့်နင်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် အခြေချပြီးနောက် ရှောင်ရွှီရင်၊ ကောက်ရှီယွမ်တို့နှင့်အတူ ကုန်သည်များ လာရောက်တတ်သည့် အရက်ဆိုင်တစ်ဆိုင်သို့ သွားရောက်ကာ အရက်သောက်ရင်း လူများ၏ စကားဝိုင်းကို လုချန်း နားစွင့်နေလိုက်၏။
“ဘာတွေ ဖြစ်ကုန်တာလဲ မသိဘူး။ မကြာသေးခင်ကပဲ ကောင်းကင်ဝံပုလွေမြို့က ရုတ်တရက်ကြီး ပိတ်လိုက်တယ်။ ကျုပ်တို့ရဲ့ ကုန်တင်ယာဉ်တန်းတွေတောင် ဝင်လို့မရတော့ဘူး။ လာဘ်ထိုးရင်တောင် မရဘူးဗျ။”
“ခင်ဗျား မကြားမိဘူးလား...လျှို့ဝှက်လဝန်းနန်းတော်က သံတမန် လာတော့မယ်လို့ ပြောနေကြတယ်။ သံတမန်ကို တစ်ယောက်ယောက်က ကုန်တင်ယာဉ်တန်းတွေနဲ့အတူ ရောနှောဝင်ရောက်ပြီး အန္တရာယ်ပြုမှာကို ကောင်းကင်ဝံပုလွေ မြို့တော်ဝန်က စိုးရိမ်နေတာကြောင့် အခုလို ပိတ်လိုက်တာတဲ့။”
“ငါတို့က သာမန်လူတွေပဲလေ။ နတ်တစ်ပါးကို အန္တရာယ်ပြုဖို့ ငါတို့မှာ ဘာစွမ်းအား ရှိမှာလဲ။ တကယ်လို့ တစ်ယောက်ယောက်က သံတမန်ကို အန္တရာယ်ပြုချင်တယ်ဆိုရင်တောင် အဲဒီလူက နတ်တစ်ပါးပဲ ဖြစ်မှာပေါ့။”
“အမှန်ပဲ။ သံတမန်ကို အန္တရာယ် အပြုနိုင်ဆုံးက ကောင်းကင်ဝံပုလွေမြို့ထဲက အထက်တန်းလွှာ မိသားစုတွေပဲ ဖြစ်လိမ့်မယ်။”
ထိုစကားများကို ကြားလိုက်ရသဖြင့် အရက်အိုးကြီး တစ်လုံးကို ကိုင်ကာ ဘေးစားပွဲသို့ လုချန်း လျှောက်သွားလိုက်၏။ လုချန်း ရောက်လာသည်ကို မြင်သောအခါ လူသားများ ဇဝေဇဝါဖြစ်စွာဖြင့် ကြည့်နေကြ၏။
ကုန်တင်ယာဉ်တန်း၏ အစောင့်တပ်မှူးက လုချန်းကို ကြည့်ကာ လုချန်းကို
“လူငယ်လေး... မင်း ဘာလိုချင်လို့လဲ”
***