လုချန်း၊ ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့ သူတို့၏ အခန်းသို့ ပြန်ရောက်လျှင် အမျိုးသမီးနှစ်ဦးကို လုချန်းက
“ကျုပ်တို့ မနက်ဖြန် ကောင်းကင်ဝံပုလွေမြို့ကို သွားကြမယ်”
ကောင်းကင်ဝံပုလွေမြို့သို့ သွားမည့်အကြောင်း လုချန်း ပြောသည်ကို ကြားလျှင် အမျိုးသမီးနှစ်ဦး အနည်းငယ် အံ့အားသင့်သွားကြ၏။ လုချန်းနှင့် ကုန်သည်အဖွဲ့ အစောင့်များအကြား ပြောဆိုခဲ့သည်များကိုလည်း သူတို့လည်း ကြားခဲ့ကြ၍ဖြစ်သည်။
ထိုအရာများကို ကြားပြီးနောက် လုချန်းအနေနှင့် ပြန်လှည့်သွားရန် သို့မဟုတ် အခြေအနေကို စောင့်ကြည့်ရန် ကျန့်နင်မြို့တွင်သာ နေထိုင်ရန် စဉ်းစားလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။
ရှောင်ရွှီရင်က ဇဝေဇဝါဖြစ်လျက်
“မောင်လေးချန်း... ကောင်းကင်ဝံပုလွေမြို့ရဲ့ အခြေအနေက မသေချာသေးဘူး။ အခုသွားရင် အန္တရာယ်ရှိနိုင်တယ်။”
ကောက်ရှီယွမ်ကလည်း
“ကုန်သည်အစောင့်တွေ ပြောတာ အဓိပ္ပာယ်ရှိတယ်။ ကောင်းကင်ဝံပုလွေမြို့က မိသားစုကြီးတွေ သူတို့ရဲ့ လုပ်ငန်းတွေကို တောင်ဘက်ကို မချဲ့ထွင်ဘူးဆိုတာ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်။”
“ကောင်းကင်ဝံပုလွေမြို့ကို ချီယန်ဂိုဏ်းက သိမ်းပိုက်ထားပြီးတာလည်း ဖြစ်နိုင်တယ်။”
လုချန်းက ပြုံးလျက်
“ဆရာက ကျုပ်အတွက် အကာအကွယ်ပေးမယ့် ကျောက်စိမ်းလိပ် သုံးခု ထားပေးခဲ့တယ်။ တစ်ခုခုဖြစ်လာရင် အဲဒါတွေထဲက တစ်ခုကို သုံးလိုက်ရုံပဲ။”
ထိုအရာကို ကြားလျှင် အမျိုးသမီးနှစ်ဦး ခဏခန့် ငြိမ်သက်သွားကြ၏။ နန်းတော်သခင်၏ တပည့်ရင်း တစ်ဦးအနေနှင့်အကာအကွယ်ပစ္စည်းများ ဧကန်မုချ ရှိမည်ဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြ၏။ အကာအကွယ်ပစ္စည်းများ ရှိနေသည့်အတွက် မြို့ထဲဝင်ရောက်လျှင်ပင် ပြဿနာ မကြီးနိုင်ပေ။
ထိုသို့တွေးတောရင်း ရှောင်ရွှီရင်က
“ကောင်းပါပြီ...မနက်ဖြန် ကောင်းကင်ဝံပုလွေမြို့ကို သွားကြတာပေါ့။”
……..
ကောင်းကင်ဝံပုလွေမြို့။
မြို့တော်ဝန်စံအိမ်။
သစ်သားကုလားထိုင်ပေါ်တွင် ထိုင်နေသော တိန့်ချင်းဖုန်းက လက်တင်ကို ရိုက်လိုက်ရင်း
“လျှိုမျိုးနွယ်နဲ့ ဝမ်မျိုးနွယ်တွေ... ဘယ်လောက်တောင် သတ္တိရှိလို့ ခွင့်ပြုချက်မရှိပဲ ကောင်းကင်ဝံပုလွေမြို့ကနေ ထွက်သွားကြတာလဲ။”
ထိုအခိုက်အတန့်တွင် တိန့်ချင်းဖုန်း စိတ်ထဲ ဒေါသများဖြင့် ပြည့်နှက်နေပြီး မျက်နှာကလည်း များစွာပျက်ယွင်းနေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က လျှိုမိသားစုနှင့် ဝမ်မိသားစုတို့သည် မြို့တော်ဝန်ဖြစ်သူ သူ့ကို ဖုံးကွယ်၍ သူတို့၏ ဆွေမျိုးသားချင်းများကို ခေါ်ဆောင်ကာ ချီယန်ဂိုဏ်း နယ်မြေထဲသို့ တိတ်တဆိတ် ထွက်ပြေးသွားခဲ့ကြ၏။
ထိုမိသားစုတို့၏ အကြံအစည်ကို သူ အပြည့်အဝ နားလည်သည်။ သံတမန်က သူတို့နှင့် ချီယန်ဂိုဏ်းတို့၏ နီးကပ်သော ဆက်ဆံရေးကို သိသွားပြီး ဥပမာအဖြစ် အပြစ်ပေးခံရမည်ကို ကြောက်ရွံ့ကာ အကာအကွယ်ရရန် ကြိုတင်၍ သစ္စာဖောက်သွားကြခြင်း ဖြစ်၏။ သူတို့ ထွက်ပြေးသွားကြသော်လည်း ကောင်းကင်ဝံပုလွေမြို့တွင် ကျန်ရစ်သူများမှာတော့ အကျိုးဆက်ကို ခံစားကြရပေလိမ့်မည်။
ချီယန်ဂိုဏ်း နယ်မြေသို့ ထွက်ခွာသွားသူများက မိသားစုငယ်လေးများသာ ဖြစ်ပါက ကိစ္စမရှိပေ။ သို့သော် လျှိုမိသားစုနှင့်
ဝမ်မိသားစုတို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ ထောက်ပံ့မှုကို ရရှိထားကြပြီး နန်းတော်နှင့်လည်း ပတ်သက်မှုများ ရှိသည့်အပြင် သူတို့၏ မိသားစုဝင်များမှာလည်း နန်းတော်၏ တပည့်များ ဖြစ်နေကြသောကြောင့် ကိစ္စက ထူးခြားသွား၏။
လက်ရှိအထိ လျှို့ဝှက်လဝန်းနန်းတော်တွင် ကောင်းကင်ဝံပုလွေမြို့ သစ္စာဖောက်နေသည်ဟု အထောက်အထား မရှိသေးသော်လည်း သံတမန် ရောက်လာချိန်တွင် မိသားစုနှစ်စု ချီယန်ဂိုဏ်းဘက်သို့ ကူးပြောင်းသွားသည်ကို တွေ့ရှိသွားပါက ကောင်းကင်ဝံပုလွေမြို့ သစ္စာဖောက်ရန် ပြင်ဆင်နေကြောင်း ထင်ရှားသွားပေလိမ့်မည်။
ထိုထွက်ပြေးမှုများကို အကြောင်းပြချက် အဖြစ်အသုံးချ၍ သံတမန်က ကောင်းကင်ဝံပုလွေမြို့ကို အကြီးအကျယ် ရှင်းလင်းရေး ပြုလုပ်နိုင်၏။ မြို့တော်ဝန်လည်း အပြစ်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုအရာကို တွေးတောမိကာ တိန့်ချင်းဖုန်း ဒေါသအလိပ်လိပ် ထွက်လာပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ယူကာ မြေပြင်ပေါ်သို့ ရိုက်ခွဲလိုက်ရင်း
“ဒီလူယုတ်မာတွေ”
ဟု ကျိန်ဆဲလိုက်၏။
သို့သော် ထိုအခိုက်အတန့်တွင်
“ဘယ်သူက မြို့တော်ဝန်တိန့်ကို ဒီလောက်အထိ ဒေါသထွက်အောင် လုပ်လိုက်တာလဲ”
ဟူသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
ထိုအသံကို ကြားလျှင် တိန့်ချင်းဖုန်း တုန်လှုပ်သွားသည်။
သူသည် လူနတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။ ယခု မြို့တော်ဝန်စံအိမ်ထဲသို့ တစ်စုံတစ်ယောက် တိတ်တဆိတ် ဝင်ရောက်လာနိုင်ခြင်းက ထိုသူသည် သူ့ထက် စွမ်းအားကြီးသော နတ်စွမ်းအားရှင် တစ်ဦး သာ ဧကန်မုချ ဖြစ်ရပေမည်။
တိန့်ချင်းဖုန်းက သတိထားလျက်
“ဘယ်သူလဲ”
သူ၏ အသံဆုံးသည်နှင့် အခန်းထဲတွင် လူရိပ်တစ်ရိပ် ရုတ်တရက် ပေါ်လာသည်။ ရောက်ရှိလာသူကို မြင်လျှင် တိန့်ချင်းဖုန်း၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး ကြမ်းပြင်ပေါ်သို့ အမြန်ဒူးထောက်ကာ
“ဂါရဝပြုပါတယ် နတ်စွမ်းအားရှင်”
တိန့်ချင်းဖုန်းသည် စီကုန်းယုဖုန်းကို မတွေ့ဖူးသော်လည်း သူ၏ ဝတ်စုံကို ကြည့်ခြင်းဖြင့် ချီယန်ဂိုဏ်းမှ ဖြစ်ကြောင်း သိနိုင်သည်။ ချီယန်ဂိုဏ်းအတွင်းရှိ စီကုန်းယုဖုန်း၏ အဆင့်အတန်းကို သူ မသိသော်လည်း စီကုန်းယုဖုန်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါအရ သူသည် သာမန်ပုဂ္ဂိုလ် မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။
ချီယန်ဂိုဏ်းက ယခုအချိန်တွင် ကောင်းကင်ဝံပုလွေမြို့သို့ ဘာကြောင့် လူလွှတ်လိုက်သည်ကို တိန့်ချင်းဖုန်း နားမလည်နိုင်ပေ။
မြို့ကို သိမ်းပိုက်ရန် ကြံစည်နေခြင်းများလား။
“နတ်စွမ်းအားရှင် ကောင်းကင်ဝံပုလွေမြို့ကို ဘာကိစ္စနဲ့ ကြွလာတာလဲဆိုတာ သိပါရစေ။ ကျုပ် က နတ်စွမ်းအားရှင်ကို အတတ်နိုင်ဆုံး ကူညီပါ့မယ်။”
စီကုန်းယုဖုန်းက ခပ်အေးအေးပင်
“ဘာမှမဟုတ်ပါဘူး။ လူတစ်ယောက်ကို လာရှာတာပါ”
စီကုန်းယုဖုန်း၏ အဖြေကို ကြားလျှင် တိန့်ချင်းဖုန်း အံ့အားသင့်သွား၏။
လူရှာတာလား။
ဘယ်သူ ဖြစ်မလဲ။
တိန့်ချင်းဖုန်းက
“ဘယ်သူ့ကို ရှာနေတာလဲဆိုတာ သိခွင့်ရှိမလား”
စီကုန်းယုဖုန်းက
“လျှို့ဝှက်လဝန်းနန်းတော်က သံတမန်ကိုပဲ”
ထိုအရာကို ကြားလျှင် တိန့်ချင်းဖုန်း ထိတ်လန့်သွားသည်။
ချီယန်ဂိုဏ်းက လူတွေက ကောင်းကင်ဝံပုလွေမြို့မှာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သံတမန်ကို ရှာနေကြတာလား။
သံတမန်သည် လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်ကြောင်း သူတို့ သိသွားပြီး ပြဿနာရှာရန် ကြံစည်နေခြင်းများလား။
အကယ်၍ ထိုသံတမန် တစ်ခုခုဖြစ်သွားပြီး နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းအကြား စစ်ပွဲဖြစ်ပွားပါက သာမန်မြို့တော်ဝန် တစ်ယောက်သာဖြစ်သော သူသည်သာ အပြစ်တင်ခံရပေလိမ့်မည်။
ထိုအရာကို တွေးတောမိကာ တိန့်ချင်းဖုန်းက
“နတ်စွမ်းအားရှင်က သံတမန်နဲ့ ဘာကိစ္စရှိလို့လဲဆိုတာ သိပါရစေ”
ဟု ထပ်မံ မေးမြန်းလိုက်၏။
စီကုန်းယုဖုန်းက တည်ငြိမ်သော မျက်နှာထားဖြင့်
“မမေးသင့်တာ မမေးနဲ့...သူ့ကိုပဲ ရှာပေးစမ်း”
လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်းသည် ကောင်းကင်ဝံပုလွေမြို့ကို စုံစမ်းစစ်ဆေးရန် ရောက်ရှိနေသည့်အတွက် သူ့အနေနှင့် လွယ်လွယ်နှင့် ပြန်သွားမည် မဟုတ်ကြောင်း စီကုန်းယုဖုန်း ယူဆထားသည်။ ထို့ပြင် သူသည် သူ့ကိုယ်သူ အလွယ်တကူ ထုတ်ဖော်ပြမည် မဟုတ်ပဲ တိတ်တဆိတ် စုံစမ်းစစ်ဆေးလိမ့်မည်ဖြစ်သည်။ မိသားစုကြီးများ သစ္စာဖောက်သည့် အထောက်အထားများ ရရှိပြီးမှသာ ပေါ်ထွက်လာရန် ကြံစည်ထားပေလိမ့်မည်။
ထို့ကြောင့် သူ့ကို ရှာဖွေတွေ့ရှိရန် အလွန်အရေးကြီးသည်။ သူသည် ရွှေနတ်အဆင့် ဖြစ်သဖြင့် နတ်အာရုံကို အဝေးကြီးအထိ ဖြန့်ကျက်နိုင်သော်လည်း နတ်စွမ်းအားရှင် တစ်ဦးက သူ၏ အရှိန်အဝါကို ဖုံးကွယ်ကာ သာမန်လူအဖြစ် ဟန်ဆောင်ထားပါက သူ သတိမထားမိနိုင်ပေ။
ထို့ပြင် တစ်ဖက်လူသည် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သည့်အတွက် သူ၏ အရှိန်အဝါကို ဖုံးကွယ်ရန် အဆင့်မြင့် ရတနာများ ဧကန်မုချ ပိုင်ဆိုင်ထားပေလိမ့်မည်။
လက်ရှိတွင် ကောင်းကင်ဝံပုလွေမြို့၏ အင်အားအားလုံးကို အသုံးပြု၍ ရှာဖွေရန်သာ ရွေးချယ်စရာ ရှိတော့၏။
ကောင်းကင်ဝံပုလွေမြို့က လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခြင်း ရှိ မရှိ စုံစမ်းရန် ထိုသူ ရောက်လာခြင်း ဖြစ်သဖြင့် မြို့တော်ဝန် တိန့်ချင်းဖုန်းနှင့် မိသားစုကြီးအချို့ထံတွင် ထိုသူစုံစမ်းမှုများ ပြုလုပ်နေသည့် ခြေရာလက်ရာများ ကျန်ရစ်မည်မှာ သေချာသည်။
စီကုန်းယုဖုန်းထံမှ ထွက်ပေါ်နေသော ဖိအားများကို ခံစားရသောကြောင့် တိန့်ချင်းဖုန်းလည်း
“ကောင်းပါပြီ နတ်စွမ်းအားရှင်... ကျုပ် လူလွှတ်ပြီး ရှာခိုင်းလိုက်ပါ့မယ်”
ဟုသာ ပြောလိုက်ရတော့၏။
ထိုအချိန်တွင် တိန့်ချင်းဖုန်းက တစ်ခုခုကို သတိရသွားကာ
“ဒါပေမဲ့ နတ်စွမ်းအားရှင်... သံတမန်က ကောင်းကင်ဝံပုလွေမြို့ကို မရောက်သေးဘူးထင်တယ်”
“သူတို့ ရောက်နေကြပြီ”
ထိုအရာကို ကြားလျှင် တိန့်ချင်းဖုန်း အံ့အားသင့်သွား၏။
ရောက်နှင့်နေပြီလား။
အဓိပ္ပာယ်က သံတမန်သည် ကောင်းကင်ဝံပုလွေမြို့ကို တိတ်တဆိတ် စုံစမ်းနေပြီဟု ဆိုလိုခြင်းလား။
သွားပြီ.....
ဒီတစ်ခါတော့ တကယ်ကို ဒုက္ခရောက်ပေပြီ။
သူ၏အဆင့်အတန်းကို မဖော်ပြပဲ တိတ်တဆိတ် ရောက်ရှိလာခြင်းက ကောင်းကင်ဝံပုလွေမြို့၏ အခြေအနေကို ကြိုတင်သိထား သိထားပြီး သက်သေများ စုဆောင်းနေခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။
ဖြစ်လာမည့် အရာများကို တွေးတောကြောက်ရွံ့နေသော တိန့်ချင်းဖုန်းလည်း
အခြေအနေကို သဘောပေါက်သွားပြီး မတွန့်ဆုတ်ပဲ စီကုန်းယုဖုန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အားယူလိုက်၏။
တုန်လှုပ်ချောက်ချားနေသော တိန့်ချင်းဖုန်း၏ မျက်နှာပေါ်မှ ချွေးစေးများကို ကြည့်လျက် စီကုန်းယုဖုန်းက ခပ်အေးအေးပင်
“ကောင်းကင်ဝံပုလွေမြို့မှာ ဘာတွေဖြစ်နေလဲဆိုတာ လျှို့ဝှက်လဝန်းနန်းတော်က ဘာမှမသိဘူးလို့ ခင်ဗျားတကယ်ထင်နေတာလား။”
“နန်းတော်သခင်က သူ့ရဲ့ တပည့်ရင်းကို လွှတ်လိုက်တာဟာ ခင်ဗျားတို့လို သစ္စာဖောက်တွေကို ရှင်းလင်းဖို့ပဲ။”
“ တကယ်ကျင့်ကြံဖို့ လာတာသက်သက်ဆိုရင် သူ့ကို ကောင်းကင်ဝံပုလွေမြို့မှာ ခဏပဲ နေခိုင်းပြီး ပြန်သွားခိုင်းမှာ မဟုတ်ဘူး။”
စီကုန်းယုဖုန်း၏ စကားအဆုံးတွင် တိန့်ချင်းဖုန်း နားလည်သွား၏။ အကယ်၍ သံတမန်သည် ကျင့်ကြံရန် လာခြင်းသာ ဖြစ်ပါက စမ်းသပ်မှုများ ဧကန်မုချ ရှိမည်ဖြစ်သည်။
အကယ်၍ သံတမန်က ကောင်းကင်ဝံပုလွေမြို့တွင် ခဏခန့်သာ နေထိုင်ပြီး ပြန်သွားမည်ဆိုလျှင် ထိုအရာက မည်သို့သော ကျင့်ကြံမှုမျိုး ဖြစ်သွားမည်နည်း။
ထိုသို့ဆိုလျှင် ကောင်းကင်ဝံပုလွေမြို့က နန်းတော်သခင်၏ တပည့်အတွက် ဓားသွေးကျောက် ဖြစ်နေပြီလား။
***