ရွှယ်အန်း၏ စကားကို ကြားသောအခါ ကျီဟွမ်၏ မျက်နှာတွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။
"အရှင်... ဒီက အစောင့်တွေ အားလုံးက လီဟန် အရှင်သခင်ရဲ့ ကိုယ်ရေးကိုယ်တာ အနီးကပ် လူယုံတွေပါ၊ ပုံမှန်ဆိုရင် သူတို့က ကျွန်မကို လေးစားကြပေမဲ့... ကျွန်မရဲ့ အဆင့်အတန်းနဲ့ သူတို့ကို အမိန့်ပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ၊ အဲဒါကြောင့်..."
"ဒါကြောင့် မင်းက လီဟန် အရှင်သခင်ရဲ့ အမိန့်တော်ကို အတုလုပ်ခဲ့တာပေါ့"
ရွှယ်အန်းက အေးတိအေးစက်ဖြင့် ထောက်ပြလိုက်သည်။ ကျီဟွမ်က ခေါင်းငုံ့ကာ နောက်သို့ ဆုတ်သွားသည်။
"ကျွန်မမှာ တခြား ရွေးချယ်စရာ မရှိလို့ပါ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်"
ရွှယ်အန်းက မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ပေ။ ကျီဟွမ်သည် သူ၏အတွက် ဆန္ဒအလျောက် လုပ်ဆောင်ပေးမည် မဟုတ်ကြောင်းကို သူ သိပြီးသား ဖြစ်သည်။ အမှန်တကယ်တော့ သူ ချန်ထားခဲ့သော ဓားဆန္ဒ၏ ပြင်းထန်သော ဖိနှိပ်မှုသာ မရှိပါက သူမသည် ယခုလောက်ဆိုလျှင် သူုံ အရှင်သခင်ထံ သတင်းပေးပြီးလောက်ပြီ ဖြစ်သည်။
ကျီဟွမ်၏ ပြင်းထန်သော ဖိနှိပ်မှုသာ မပါပါက အစောင့်များမှာ အတုအယောင် အမိန့်တော်ကို ယုံကြည်မည် မဟုတ်ပေ။ သို့သော် ရွှယ်အန်းက ယခုအချိန်တွင် ဤအရာများကို ဂရုစိုက်မနေတော့ဘဲ နတ်ဘုရား အကျဉ်းထောင်ထဲမှ ဟွာမျိုးနွယ်စု နတ်ဘုရားကို ကယ်တင်နိုင်ဖို့သာ အာရုံစိုက်ထားသည်။
ကျီဟွမ်ကမူ ရွှယ်အန်း စိတ်အလိုမကျဖြစ်ပြီး သူမ၏ အသိစိတ်ပင်လယ်ထဲမှ ဓားဆန္ဒကို အသက်သွင်းလိုက်မည်ကို အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။ ဤသို့ဆိုလျှင် သူမသည် တကယ်ကို မတရားသဖြင့် သေဆုံးရမည် ဖြစ်သည်။
သူမက ခေါင်းမော့ကာ စကားကောင်း ပြောရန် ကြိုးစားလိုက်စဉ်မှာပင် ရွှယ်အန်းသည် ခန်းမကြီး၏ အလယ်ဗဟိုသို့ လျှောက်သွားပြီး တစ်စုံတစ်ရာကို အာရုံခံနေသည့်အလား မျက်လုံးများကို စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
"အရှင်... ဒါက..."
ကျီဟွမ် စကားပြောရန် ပြင်လိုက်ချိန်မှာပင် ဆွေ့မန်က စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းကာ ဟန့်တားလိုက်သည်။
"ပါးစပ်ပိတ်ထားလိုက်စမ်း၊ သခင် အလုပ်ရှုပ်နေတာ မမြင်ဘူးလား၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့"
ကျီဟွမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဆွေ့မန်အား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ အတိတ်က ဆွေ့မန်သည် သူမကို မြင်လျှင် ကြောင်တွေ့သော ကြွက်အလား ကြောက်ရွံ့ခဲ့သော်လည်း ယခုမူ သူမကို ဆူပူရန် ဝံ့ရဲနေခဲ့ရာ ကျီဟွမ် လုံးဝ လက်မခံနိုင်လောက်အောင် ဖြစ်နေလေသည်။ ဆွေ့မန်ကမူ ကျီဟွမ်ကို ဂရုမစိုက်ဘဲ ရွှယ်အန်းကိုသာ စိုးရိမ်တကြီး စောင့်ကြည့်နေသည်။
ထိုအချိန်မှာပင် ရွှယ်အန်းက ရုတ်တရက် မျက်လုံးများကို မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ တောက်ပလင်းလက်နေပြီး အစွမ်းထက်လှသော နတ်ဘုရားအာရုံ လှိုင်းလုံးကြီးတစ်ခု ဒီရေအလား ပေါက်ကွဲထွက်လာလေသည်။ ထိုအဟုန်မှာ ပြင်းထန်လွန်းလှသဖြင့် အနီးနားရှိ လူများကိုပင် အသက်ရှူကျပ်သွားစေသည်။
တစ်ချိန်တည်းမှာပင် လှိုင်းထနေသော နတ်ဘုရားအာရုံက လေထဲတွင် သံမဏိလက်သီးဆုပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်သို့ ပြင်းထန်စွာ ထိုးချလိုက်လေသည်။
ဘုန်း!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေကြီးမှာ တုန်ခါသွားပြီး အက်ကွဲကြောင်းများ ရှုပ်ယှက်ခတ်သွားလေသည်။ သို့သော် ၎င်းတို့ကို ရွှယ်အန်းက သူ၏ နတ်ဘုရားအာရုံဖြင့် အလွန်သေးငယ်သော ဧရိယာအတွင်းသာ ထိန်းချုပ်ထားရာ ပြင်ပလောကမှ လုံးဝ မသိရှိနိုင်ချေ။
နောက်ထပ် လက်သီးတစ်ချက်ကြောင့် မြေပြင်ပေါ်တွင် ဧရာမ တွင်းကြီးတစ်ခု ပေါ်လာပြီး လေဟာနယ်ပင်လျှင် ခေါက်ချိုးရာများ ပေါ်လာလေသည်။ တွင်း၏ အောက်ခြေမှ အမည်းရောင် စွမ်းအင်များ ထွက်ပေါ်လာပြီး အရာအားလုံးကို အသည်းအသန် ပြန်လည် ပြုပြင်ရန် ကြိုးစားနေသည်။ ရွှယ်အန်းက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။
"ပွင့်စမ်း"
သူ၏ နတ်ဘုရာစအာရုံက လက်သီးမှ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း ဖြတ်တောက်ချလိုက်ရာ လေဟာနယ်များမှာ အပိုင်းအစများအဖြစ် ကွဲအက်သွားတော့သည်။ ထို့နောက် ထူထဲသော မြူမည်းများကို မှုတ်ထုတ်နေသည့် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု လူတိုင်း၏ ရှေ့တွင် ပေါ်ထွက်လာလေသည်။
ငရဲမှ တွင်းနက်ကြီးနှင့် တူသော အက်ကွဲကြောင်းကို ကြည့်ကာ ကျီဟွမ်မှာ တုန်ရီသွားလေသည်။ ထိုအက်ကွဲကြောင်းအောက်တွင် အဆုံးအစမဲ့ ကြမ်းကြုတ်မှုများ ပုန်းကွယ်နေသည့်အလား သူမ ခံစားလိုက်ရသောကြောင့်ပင်။ ရွှယ်အန်းက လူတိုင်းကို ပြုံးဖျော့ဖျော့ တစ်ချက် ကြည့်လိုက်သည်။
"သွားကြစို့"
ရှောင်ထျန်းနှင့် ဆွေ့မန်တို့က ရှေ့သို့ တက်လှမ်းလိုက်ကြသော်လည်း ကျီဟွမ်က နောက်သို့ ခြေလှမ်းဆုတ်လိုက်သည်။
"အ... အရှင်၊ ကျွန်မ နတ်ဘုရား အကျဉ်းထောင်ကိုလည်း ရှာတွေ့အောင် လုပ်ပေးပြီးပါပြီ၊ ကျေးဇူးပြုပြီး... အရှင့်ရဲ့ ဓားဆန္ဒကို ဖယ်ရှားပေးပြီး ကျွန်မကို သွားခွင့်ပြုပါ"
"သွားခွင့်ပြုရမယ် ဟုတ်လား"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"အခုချိန်မှာ မင်းက ထွက်သွားလို့ရသေးတယ်လို့ ထင်နေတာလား"
ရွှယ်အန်း၏ နတ်ဘုရားအာရုံများ ဒီရေအလား ရိုက်ခတ်လာကာ ကျီဟွမ်ကို တင်းကျပ်စွာ ရစ်ပတ်ဖမ်းဆီးလိုက်လေသည်။ အော်ဟစ်သံ တစ်ချက်နှင့်အတူ သူမသည် လေဟာနယ် အက်ကွဲကြောင်းထဲသို့ ချက်ချင်း ဆွဲသွင်းခံလိုက်ရလေသည်။ ထို့နောက် ရွှယ်အန်းလည်း အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားလေသည်။
လေဟာနယ် အတားအဆီးကို ဖြတ်ကျော်ပြီးနောက် မြင်ကွင်းထဲ ဝင်လာသည်မှာ ထူထပ်သည့် မြူမည်းကြီးများပင် ဖြစ်သည်။ ပတ်ဝန်းကျင်မှာ လွန်စွာ တိတ်ဆိတ်နေသဖြင့် ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။ လီဟန် ကောင်းကင်ဘုံနှင့် စကြဝဠာ နယ်ပယ်ပေါင်းစုံကို ဆက်သွယ်ထားသော ဤလေဟာနယ် ကွက်လပ်မှာ ခြေတစ်လှမ်း မှားသည်နှင့် ပျက်ကိန်းဆိုက်နိုင်ပေသည်။
ကျီဟွမ်မှာ ကြောက်လန့်တကြား မလှုပ်မယှက် ရပ်နေမိသည်။ ဆွေ့မန်နှင့် အခြားသူများကလည်း ရွှယ်အန်းထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြသည်။ ဤအချိန်တွင် ရွှယ်အန်းက သူ၏ လက်ကို မြှောက်လိုက်သည်။
ရုတ်တရက် ရွှယ်အန်း၏ လက်ဝါးမှ အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး မီးအိမ်တစ်လုံးကဲ့သို့ လင်းလက်လာသည်။ ၎င်းမှာ ချီယု နတ်ဘုရားစစ်သူကြီးထံမှ ရွှယ်အန်း အတင်းအဓမ္မ လုယူခဲ့သော နတ်ဘုရားမျက်လုံးပင် ဖြစ်လေသည်။
ရွှယ်အန်းက ခပ်အေးအေးပင် ပြောလိုက်ပြီး နတ်မျက်လုံး၏ အလင်းရောင်နောက်သို့ လိုက်ပါသွားလေသည်။
သူတို့ မည်မျှကြာအောင် လျှောက်လာခဲ့သည်ကို မသိတော့ချေ။ လေဟာနယ် အက်ကွဲကြောင်းများထဲတွင် အချိန်ဆိုသည်မှာ အဓိပ္ပာယ်မဲ့နေခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားမျက်လုံး၏ အမြန်နှုန်း ရုတ်တရက် မြင့်တက်သွားသောအခါ ရွှယ်အန်းက ဟိန်းဟောက်လိုက်သည်။
"အမှီလိုက်ခဲ့ကြ!"
သူတို့သည် ထူထဲသော မြူမည်းအလွှာကို ဖြတ်သန်းသွားသောအခါ လေဟာနယ်က လှိုင်းဂယက်များအဖြစ် ထသွားပြီးနောက် နတ်ဘုရားမျက်လုံးမှာ ပျောက်ကွယ်သွားလေသည်။ ရွှယ်အန်းနှင့် အခြားသူများ လိုက်ပါသွားကြသောအခါ သူတို့ရှေ့တွင် ပေါ်လာသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ကမ္ဘာကြီးတစ်ခု ဖြစ်သည်။
မြေပြင်မှာ ရှုပ်ယှက်ခတ်နေပြီး ဧရာမ အက်ကွဲကြောင်း အမျိုးမျိုးဖြင့် ဖုံးလွှမ်းနေလေသည်။