တစ်ချိန်တည်းမှာပင် ကောင်းကင်ယံထက်တွင် လှိုင်းဂယက်များ တုန်ခါသွားပြီးနောက် ပြင်းထန်သော တုန်ခါမှုတစ်ခုနှင့်အတူ ၎င်း၏အလယ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုပုံရိပ်ကို မြင်တွေ့လိုက်ရသောအခါ ကျီဟွမ်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိတော့သည်။
"လျို... လျိုယန်! ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းက တော်တော် နောက်ကျမှ ပြန်ဝင်စားရမှာ မဟုတ်ဘူးလား"
အမှန်ပင် သူတို့ရှေ့တွင် ပေါ်လာသော ပုံရိပ်ကား အခြားသူမဟုတ်ပဲ တစ်ချိန်က ကမ္ဘာမြေကို ကျူးကျော်ရန် စစ်တပ်တစ်ခုကို ဦးဆောင်ခဲ့ပြီး အဆုံးတွင် ရွှယ်အန်း၏ မီးဖြင့် သန့်စင်ခြင်းကို ခံခဲ့ရသော လီဟန်အရှင်သခင်၏ သားတော် ယဲ့လျိုယန်ပင် ဖြစ်လေသည်။
ကျီဟွမ်သည် လီဟန်အရှင်သခင်က ယဲ့လျိုယန်ကို ပြန်လည်ဝင်စားစေရန် သူ၏ ကြွင်းကျန်နေသော နတ်ဘုရားအာရုံကို ပြုစုပျိုးထောင်ပေးနေကြောင်း သိထားသော်လည်း အနည်းဆုံး နှစ်တစ်ထောင်ခန့် အချိန်ယူရမည်ဖြစ်ရာ ယခုကဲ့သို့ စောစီးစွာ ပေါ်လာခြင်းကို သူမ လုံးဝ နားမလည်နိုင်ဘဲ ဖြစ်နေသည်။ ထို့အပြင် သူမရှေ့ရှိ ယဲ့လျိုယန်ထံမှ ထူးဆန်းသော အငွေ့အသက်တစ်ခုကို ခံစားနေရသည်။
ယဲ့လျိုယန်က ကျီဟွမ်ကို လျစ်လျူရှုကာ ရွှယ်အန်းကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
"ရွှယ်အန်း... မတွေ့ရတာ ကြာပြီနော်"
သူ၏ အသံမှာ အေးစက်လှသဖြင့် ကျီဟွမ် တစ်ကိုယ်လုံး တုန်ယင်သွားကာ သူမ ထိတ်လန့်နေရသည့် အကြောင်းရင်းကို သဘောပေါက်သွားတော့သည်။ သူမရှေ့ရှိ ယဲ့လျိုယန်မှာ ခန္ဓာကိုယ်နှင့် အသွင်အပြင်က အတူတူပင် ဖြစ်သော်လည်း အခြားလူတစ်ယောက်၏ ဝိညာဉ် ရောနှောနေသည့်အလား ခံစားချက်တစ်ခုကို ထုတ်လွှတ်နေသည်။ အထူးသဖြင့် ထိုအသံမှာ ယဲ့လျိုယန်၏ အသံမဟုတ်ကြောင်း သူမ သိလိုက်လေသည်။
ရွှယ်အန်းက မတုန်မလှုပ်ဘဲ ယဲ့လျိုယန်ကို စောင့်ကြည့်နေရာမှ အေးစက်စွာ ရယ်မောလိုက်သည်။
"စိတ်ဝင်စားစရာပဲ... မင်းကို ယဲ့လျိုယန် လို့ ခေါ်ရမလား၊ ဒါမှမဟုတ် ကျီဝေ့ နတ်ဘုရားသားတော်လို့ ခေါ်ရမလား"
မှန်ပေသည်။ ယဲ့လျိုယန် ဤမျှ မြန်မြန်ဆန်ဆန် ပြန်လည်ဝင်စားနိုင်ခြင်းမှာ သူသည် ကျဆုံးသွားသော ကျီဝေ့ နတ်ဘုရားသားတော်နှင့် ပေါင်းစပ်သွားသောကြောင့်ပင် ဖြစ်သည်။ ယဲ့လျိုယန်က လှောင်ပြုံးပြုံးလိုက်သည်။
"ရွှယ်အန်း... မင်းက တကယ်ကို အစွမ်းထက်တာပဲ၊ ငါတို့ရဲ့ မူလဇာစ်မြစ်ကို တစ်ချက်ကြည့်ရုံနဲ့ သိမြင်နိုင်တယ်ပေါ့၊ ဒါပေမဲ့ ပြန်လည်ဝင်စားပြီးနောက်မှာ မင်း ပြန်ရထားတဲ့ စွမ်းအားလေးလောက်နဲ့ စကြဝဠာ နယ်ပယ်ပေါင်းစုံမှာ တကယ်ပဲ ပြိုင်ဘက်ကင်းနိုင်မယ်လို့ မင်း ထင်နေတာလား၊ ဒါမှမဟုတ်... မင်းကိုယ်မင်း အရင်တုန်းက ကြာပန်းနီ အင်မော်တယ် အရှင်သခင်လို့ ထင်နေတုန်းပဲလား"
"ကြာပန်းနီ အင်မော်တယ် အရှင်သခင်!"
ဤဘွဲ့နာမက အဆုံးတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ အကယ်၍ စကြဝဠာ နယ်ပယ်ပေါင်းစုံမှ အစွမ်းထက် ပုဂ္ဂိုလ်များသာ ဤနေရာတွင် ရှိနေပါက ဤဘွဲ့နာမကြောင့် ထိတ်လန့်တကြား ဒူးထောက်သွားကြမည်မှာ သေချာလှပေသည်။
အဘယ်ကြောင့်ဆိုသော် ဤဘွဲ့နာမသည် စကြဝဠာတစ်ခုလုံးရှိ အစွမ်းအထက်ဆုံးသော တည်ရှိမှုကို ကိုယ်စားပြုသောကြောင့်ပင်။ သူသည် ပြိုင်ဘက်ကင်းခြင်း၏ သင်္ကေတ ဖြစ်သည်။ ရွှယ်အန်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အပြုံးဖျော့ဖျော့လေး ပြုံးလိုက်သည်။
"အဲ့ဘွဲ့နာမကို မကြားရတာ တော်တော်ကြာပြီပဲ၊ မင်းက အရာအားလုံးကို သိနေတဲ့ပုံပဲ"
"ဒါပေါ့!"
ယဲ့လျိုယန်၏ မျက်လုံးထဲတွင် အမုန်းတရားများ လက်ကနဲ ဖြစ်သွားသည်။
"ရွှယ်အန်း... မင်းက တကယ်ကို အသက်ပြင်းတာပဲ၊ မင်း သေသွားပြီဆိုတဲ့ သတင်းက စကြဝဠာတစ်ခုလုံးကို ပြန့်နှံ့သွားပြီး လူတိုင်းက မင်းသေပြီလို့ ထင်ခဲ့ကြတာ၊ ဒါပေမဲ့ မင်းက အသက်ရှင်နေသေးတဲ့အပြင် စွမ်းအားတွေတောင် ပြန်ရနေပြီလို့ သူတို့ မမျှော်လင့်ထားခဲ့ဘူး"
"ဒါပေမဲ့ မင်းက ငါတို့ရဲ့ နတ်ဘုရားနယ်ပယ်ကို မဆန့်ကျင်သင့်ဘူး"
ယဲ့လျိုယန်က နက်ရှိုင်းသော နာကြည်းမှုများဖြင့် ဆက်ပြောလိုက်သည်။
"အခုချိန်မှာ မင်းက ပြိုင်ဘက်ကင်း အင်မော်တယ် အရှင်သခင် မဟုတ်တော့ဘူး၊ ဒါတောင် မင်းက ငါတို့ နတ်ဘုရားမျိုးနွယ်စုကို ဆန့်ကျင်ပြီး ငါတို့ နှစ်ယောက်စလုံးကို သတ်ရဲသေးတယ် မင်းက သေလမ်းကို ရှာနေတာပဲ"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ငါ သေလမ်းကို ရှာနေတာလား ဆိုတဲ့ ကိစ္စကို ခဏထားလိုက်ဦး... ငါ့ကို အဲဒီလို ပြောဖို့ မင်းမှာ အရည်အချင်း ရှိလို့လား"
ယဲ့လျိုယန် စကားမဆုံးမီမှာပင် ရွှယ်အန်းက သူ၏အနောက်တွင် ရုတ်တရက် ပေါ်လာပြီး လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်ရာ သူ့ကို လွင့်စင်သွားစေတော့သည်။ ယဲ့လျိုယန်မှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား မိုင်ဆယ်ချီခန့် လွင့်ပျံသွားပြီး သွေးများအန်ကာ ရွှယ်အန်းကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်လိုက်လေသည်။ ကိုယ်ပိုင်ကျင့်ကြံမှုကို ဖိနှိပ်ထားသော ရွှယ်အန်းသည် ရုပ်ပိုင်းဆိုင်ရာခွန်အားသက်သက်ဖြင့် သူ့ကို လွင့်စင်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ရွှယ်အန်းက လေဟာနယ်ထဲတွင် မားမားမတ်မတ် ရပ်နေလျက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်းတို့ နှစ်ယောက် ပေါင်းစပ်ပြီး ပြန်လည်ဝင်စားနိုင်တယ်ဆိုကတည်းက... မင်းတို့ရဲ့ အဖေတွေက အစောကြီးကတည်းက ပူးပေါင်းနေခဲ့ကြပြီဆိုတာကို ပြနေတာပဲ"
ထို့နောက် ရွှယ်အန်းက ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ပြောရရင်... ဒါက အစကတည်းက ခင်ဗျားတို့ ဆင်ထားတဲ့ ထောင်ချောက်တစ်ခုပဲ မဟုတ်လား၊ လီဟန် အရှင်သခင်၊ ကျီဝေ့ ကြယ်သခင်!"
ရွှယ်အန်း ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အေးစက်သော ရယ်မောသံနှင့် သက်ပြင်းချသံတို့ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားလေသည်။ မူလက မီးခိုးရောင် သန်းနေသော ကောင်းကင်ကြီးမှာ ရုတ်တရက် မှောင်မိုက်သွားပြီး ဧရာမ ကြယ်ကြီးများ ထွက်ပေါ်လာသည်။ ထိုကြယ်ရောင်စုံ ကောင်းကင်ကြီး၏ အလယ်ဗဟိုတွင် လမင်းကြီးအလား တောက်ပနေသော ခရမ်းရောင် ကြယ်ကြီးတစ်လုံး ရှိနေလေသည်။
ကြယ်အလင်းရောင်အောက်တွင် ခရမ်းရောင် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော ခန့်ညားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူသည် ကောင်းကင်ယံမှ ဆင်းသက်လာသော ဧကရာဇ်တစ်ပါးအလား တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲလှသော ဩဇာတိက္ကမများဖြင့် ပြည့်နှက်နေသည်။
သူ၏ မျက်နှာချင်းဆိုင်တွင်လည်း တောက်ပသော အလင်းတန်းများ ပေါင်းစပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသော အခြားအမျိုးသားတစ်ဦး၏ ပုံရိပ် ပေါ်လာပြန်သည်။ သူ၏ ပတ်လည်ရှိ နတ်အလင်းတန်းများကြောင့် လေဟာနယ်မှာပင် ပြိုကျသွားစေသည်။
မှန်ပေသည်။ ထိုရောက်ရှိလာသူ နှစ်ဦးမှာ အခြားသူများ မဟုတ်ပဲ ကျီဝေ့ ကြယ်သခင်နှင့် လီဟန် အရှင်သခင် တို့ပင် ဖြစ်ကြလေသည်။ သူတို့နှစ်ဦး၏ အရှိန်အဝါမှာ အင်မော်တယ် ဘုရင်တစ်ပါး၏ စွမ်းအားနှင့် နီးပါးလောက် ချဉ်းကပ်နေပြီ ဖြစ်သည်။ ဤလွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားအောက်တွင် လူတိုင်း မြေပြင်ပေါ်၌ ဝပ်စင်းသွားကြသော်လည်း ရွှယ်အန်း တစ်ယောက်တည်းသာ မတုန်မလှုပ်ဘဲ မားမားမတ်မတ် ရပ်နေခဲ့သည်။
ကျီဝေ့ ကြယ်သခင်က လှောင်ပြုံးပြုံးလိုက်သည်။
"ရွှယ်အန်း... အင်မော်တယ် အရှင်သခင်ရွှယ်၊ ဟုတ်တယ်... ဒါက တကယ်ကို ငါတို့ အပြည့်အဝ ဆင်ထားတဲ့ ထောင်ချောက်ပဲ ဒါပေမဲ့ ဒီနေ့ ရောက်လာလိမ့်မယ်လို့ မင်း တစ်ခါလေးများ တွေးခဲ့ဖူးလား"
လီဟန် အရှင်သခင်ကလည်း သက်ပြင်းချလိုက်သည်။
"ကြာပန်းနီ အင်မော်တယ် အရှင်သခင်... ဒါတွေ အားလုံးက မင်းဘာသာမင်း ထောင်ချောက်ထဲ တိုးဝင်လာခဲ့တာပဲ၊ ဒီ ကွမ်ခို အားလန်ဆိုတာက ဟွာမျိုးနွယ်စုက အစွမ်းထက် ပုဂ္ဂိုလ်တွေ ဒီကိုလာပြီး သေကြဖို့ ငါ တမင်သက်သက် ချန်ထားခဲ့တာပဲ၊ ဒါပေမဲ့... စကြဝဠာတစ်ခုလုံးကို ကြီးစိုးခဲ့တဲ့ ကြာပန်းနီ အင်မော်တယ် အရှင်သခင်ကလည်း ဟွာမျိုးနွယ်စုဝင် ဖြစ်နေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးထားခဲ့မိဘူး”