ရာသီခွင်မိစ္ဆာများသည် နတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားကြသူများဖြစ်ကြသောကြောင့် လူမကျ တစ္ဆေမကျသော အခြေအနေသို့ ရောက်ရှိနေကြသည်။ ၎င်းတို့ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်များ အလွန်မြင့်တတ်နေသောကြောင့် သာမန်နတ်ဆိုးကြီးများနှင့် ယှဉ်လျှင်ပင် အားမနည်းလှပေ။ သို့သော် ယခုအခါ ချူးယွင်ဖန်း၏ ဟုတ်သားရဲနှင့် တွေ့ဆုံချိန်တွင် ၎င်းတို့အားလုံး ကံဆိုးမိုးမှောင်ကျသွားခဲ့သည်။ ၎င်းတို့သည် ရန်သူအစစ်အမှန်နှင့် တွေ့ဆုံသွားခြင်းဖြစ်သည်။
"မင်း အကြာကြီး တောင့်ခံနိုင်မယ်လို့ ကျုပ် မယုံဘူး"
ချူးယွင်ဖန်းသည် သူ၏ ရဲဘော်အချို့ကို အချိန်တိုအတွင်း သတ်ဖြတ်လိုက်သဖြင့် ဒေါသစိတ်ကြောင့် နဂါးမိစ္ဆာ၏ မျက်လုံးများ ချက်ချင်း နီရဲလာသည်။ ချူးယွင်ဖန်းတွင် အလွန်မြင့်မားသော အသွင်ပြောင်းလဲမှု သိုင်းပညာတစ်ခုရှိနေခြင်းကို သူ မြင်တွေ့နိုင်သည်။ ၎င်းသည် တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည့် သိုင်းပညာတစ်ခုဖြစ်သည်။ ချူးယွင်ဖန်းသည် မိမိကဲ့သို့ လူမဟုတ် တစ္ဆေမဟုတ်သည့် ကြီးမားသော ဘေးထွက်ဆိုးကျိုးကို ခံစားရပုံ မပေါ်ပေ။ ထိုအချက်ကို သိလိုက်ရသည်နှင့် နဂါးမိစ္ဆာ၏ မျက်လုံးများသည် ပို၍ပင် နီမြန်းလာသည်။ သူသည် ဤကဲ့သို့ ရေနဂါးအသွင်သဏ္ဌာန်ကို ကျွမ်းကျင်ပိုင်နိုင်စေရန်အတွက် များစွာ ပင်ပန်းဆင်းရဲခံခဲ့ရ၍ မိမိကိုယ်ကိုယ် နတ်ဆိုးတစ်ကောင်အဖြစ်ပင် ပြောင်းလဲခဲ့ရသည်။ ဤဂိုဏ်းကြီးများရှိ တပည့်များသည် အတွင်းစည်းတပည့်များသာဖြစ်ကြသော်လည်း ဤမျှ ကောင်းမွန်သော နတ်ကျင့်စဉ်များကို အမှန်တကယ် ပိုင်ဆိုင်ထားနိုင်ကြသည်။
‘ဘာလို့လဲ၊ ဘာလို့လဲ’ သူ၏နှလုံးသားထဲတွင် ဒေါသနှင့် မနာလိုမှုများ လောင်မြိုက်နေသည်။
ချူးယွင်ဖန်း၏ အသွင်ပြောင်းသိုင်းပညာသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ ဆင်းသက်လာသော သိုင်းပညာဟု ထင်မှတ်သောကြောင့် နဂါးမိစ္ဆာသည် မနာလိုဖြစ်နေသည်။ ဤဂိုဏ်းကြီးများမှ တပည့်များသည် များပြားလှသော အခွင့်အရေးများရှိကြသည်။ ၎င်းတို့သည် နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းနေသည့် လေလွင့်ကျင့်ကြံသူများဖြစ်သော ၎င်းတို့နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
"ခင်ဗျားကို သတ်ဖို့အတွက်တော့ ကျုပ်ခွန်အားက လုံလောက်တာထက်တောင် ပိုပါသေးတယ်"
ချူးယွင်ဖန်းက လှောင်ပြုံးပြုံး၍ သူ၏ ကြီးမားသော လက်သည်းများဖြင့် မြွေမိစ္ဆာကို မြေပြင်ပေါ်သို့ ဖိချလိုက်သည်။ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဆွဲဖဲ့လိုက်သောအခါ ဧရာမမြွေကြီး နှစ်ပိုင်းကွဲထွက်သွားသည်။ မြွေကြီးသည် အနည်းငယ် ရုန်းကန်ပြီးနောက် မကြာမီ အသက်ရှူရပ်သွားခဲ့သည်။
ချူးယွင်ဖန်းသည် စကားပြောပြီးနောက် အရူးအမူး သတ်ဖြတ်မှုများ စတင်လိုက်သည်။ ဤရာသီခွင်မိစ္ဆာများသည် သူ၏ အရှိန်ကို မမီနိုင်သောကြောင့် ခဏအတွင်း အားလုံး အသတ်ခံလိုက်ရသည်။ အဓိကအချက်မှာ ချူးယွင်ဖန်း၏ သတ်ဖြတ်မှုနှုန်းသည် အလွန် မြန်ဆန်နေခြင်းဖြစ်သည်။ သူသည် ရန်သူတစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်။ ဟုတ်သားရဲ၏ ခွန်အားကို ရင်ဆိုင်ရာတွင် ရာသီခွင်မိစ္ဆာများ နတ်ဆိုးအသွင်သို့ မပြောင်းလဲလျှင် ကိစ္စမရှိသော်လည်း နတ်ဆိုးအသွင်သို့ ပြောင်းလဲလိုက်သည်နှင့် ၎င်းတို့၏ မျိုးရိုးအရ ဖိနှိပ်ချုပ်ချယ်မှုများ ပို၍ ပြင်းထန်လာသည်။
ဟုတ်သားရဲသားရဲဟူသည် အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်နေသော ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခုဖြစ်သည်။ အတိအကျပြောရလျှင် ဤမိစ္ဆာများသည် ဟုတ်သားရဲ၏ အစာအဖြစ် သတ်မှတ်ခံထားရသူများဖြစ်သည်။ ထိုမျိုးရိုးဖိနှိပ်မှုသည် မည်မျှ ထိတ်လန့်စရာကောင်းမည်ကို ခန့်မှန်းကြည့်နိုင်သည်။ မကြာမီတွင် နဂါးမိစ္ဆာတစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ သူသည် ဒေါသထွက်နေသော်လည်း ချူးယွင်ဖန်း၏ အရှိန်အဟုန်ကို မလိုက်နိုင်ပေ။ သူသည် ချူးယွင်ဖန်းကို ရံဖန်ရံခါ တိုက်ခိုက်နိုင်သော်လည်း တောင်မြစ်ဆေးမီးဖိုကြောင့် အချည်းနှီးသာဖြစ်ခဲ့ရသည်။ သူ၏ တိုက်ခိုက်မှုများကို ထိုဆေးမီးဖိုကြောင့် ဗလာနတ္ထိအဖြစ်သို့ ပျောက်ကွယ်သွားလေသည်။
"ရပ်စမ်း၊ ချီးပဲ" နဂါးမိစ္ဆာက ဟိန်းဟောက်လိုက်သည်။
ချူးယွင်ဖန်းက ရပ်တန့်ပြီးနောက် နဂါးမိစ္ဆာကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
“စိတ်မပူပါနဲ့၊ အခု ခင်ဗျားအလှည့်ပဲ"
နဂါးမိစ္ဆာသည် အရှေ့သို့ ဟိန်းဟောက်၍ ပြေးဝင်လာစဉ် ဟုတ်သားရဲအသွင် ပြောင်းလဲထားသော ချူးယွင်ဖန်းက မတ်တတ်ရပ်၍ အံ့ဖွယ်လက်သီးရှစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
ဘန်း
နဂါးမိစ္ဆာ ပြင်းထန်စွာ လွင့်ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွား၍ အကြေးခွံများလည်း ကြေမွသွားသည်။ သူသည် ဒဏ်ရာ အလွန်ပြင်းထန်သော အခြေအနေသို့ ရောက်ရှိသွားသည်။ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် အခြားရာသီခွင်မိစ္ဆာများ ချူးယွင်ဖန်းအရှေ့တွင် အဘယ်ကြောင့် ဤမျှ အားနည်းနေရသည်ကို နဂါးမိစ္ဆာ နားလည်သွားသည်။ ၎င်းတို့သည် အမှန်တကယ်ပင် အဆင့်အတန်းချင်း မတူညီကြပေ။
အခြားရာသီခွင်မိစ္ဆာများသည် ဒြမ်မဲ့ကျွမ်းကျင်အဆင့်သို့ပင် မရောက်သေးသောကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ချူးယွင်ဖန်းကို မည်သို့မျှ တားဆီးနိုင်ကြမည်နည်း။ ချူးယွင်ဖန်း အဘယ်ကြောင့် ဤမျှသန်မာနေသည်ကို မသိသော်လည်း သူသည် ယခုကဲ့သို့ အရှုံးပေးရန် ဆန္ဒမရှိပေ။ ချူးယွင်ဖန်းသည် ဤအသွင်သဏ္ဌာန်ကို အချိန်ကြာကြာ ထိန်းချုပ်ထားနိုင်မည်မဟုတ်ကြောင်း သူ သိနေသည်။ ထို့ကြောင့် ချူးယွင်ဖန်း၏ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသည့်အချိန်အထိ သူ အချိန်ဆွဲရန် ကြံစည်လိုက်သည်။ သို့သော် ချူးယွင်ဖန်းသည် သူ့ကို ထို့သို့သော အခွင့်အရေးမျိုးပေးမည် မဟုတ်ပေ။ ချူးယွင်ဖန်း၏ ကြီးမားသော ခန္ဓာကိုယ်သည် လေပေါ်သို့ မြင့်တတ်သွားပြီးနောက် အောက်သို့ ပြင်းထန်စွာ နင်းချလာသည်။
"ငရဲကိုးထပ်ခြေလှမ်း"
အဆုံးမဲ့သော ငရဲပြည်၏ ရေလှိုင်းများ ထိုနင်းချက်နှင့်အတူ ထွက်ပေါ်လာ၍ နဂါးမိစ္ဆာကို ပြင်းထန်စွာ လွှမ်းခြုံသွားသည်။
နဂါးမိစ္ဆာသည် မတ်တတ်ထရန် ပြင်ဆင်နေချိန် ကြီးမားသော ကျင်းကြီးတစ်ခုဖြစ်သွားသည်အထိ မြေကြီးထဲသို့ နင်းချခံလိုက်ရသည်။ ထိုအခါ သူ့ခန္ဓာကိုယ်ရှိ အရိုးအားလုံး ကျိုးကြေသွားသည်။ အံ့ဖွယ်လက်သီးရှစ်ချက်နှင့် ငရဲကိုးထပ်ခြေလှမ်းသည် နဂါးမိစ္ဆာ ခုခံနိုင်သော သာမန်သိုင်းပညာများ မဟုတ်ကြပေ။ ထိုကဲ့သို့သော သိုင်းပညာများနှင့် နှိုင်းယှဉ်လျှင် နဂါးမိစ္ဆာ သင်ယူထားသော သိုင်းပညာများသည် အမှိုက်များသရိုက်များဖြစ်ကြသည်။
"ကျုပ် လက်မခံဘူး"
နဂါးမိစ္ဆာသည် ရုန်းထရန် ကြိုးစားသော်လည်း လေထဲတွင် ဓားအလင်းရောင်တစ်ခု ပေါ်ပေါက်လာကြောင်း မြင်တွေ့လိုက်ရသည်။ ထိုဓားအလင်းရောင်သည် လျှပ်စီးများဖြင့် တဖျတ်ဖျတ် တောက်ပနေ၍ သူ၏ဦးခေါင်းကို ချက်ချင်းပင် ဖြတ်တောက်ပစ်လိုက်သည်။ နဂါးမိစ္ဆာ၏ အလွန်ကြီးမားသော နဂါးခေါင်းကြီးပေါ်ရှိ မျက်လုံးများ ပြူးကျယ်နေဆဲဖြစ်သည်။ သူသည် အခြေအနေကို မယုံကြည်နိုင်ဖြစ်နေပုံပေါ်သည်။ ဤသေးနုတ်သော အတွင်းစည်းတပည့်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ အမျိုးမျိုးသော နတ်သိုင်းပညာများနှင့် ထူးခြားသော စွမ်းရည်များသည် နဂါးမိစ္ဆာကို မျက်စိလည်သွားစေရန် လုံလောက်ပေသည်။ သူသည် အမှန်တကယ် ရှုံးနိမ့်သွားခဲ့သည်။ အကယ်၍ ဤအခြေအနေကို ကြိုသိခဲ့လျှင် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အနီးအနားသို့ ထွက်ပြေးလာခဲ့မည် မဟုတ်ပေ။
နဂါးမိစ္ဆာကို သတ်ပြီးနောက် ချူးယွင်ဖန်းသည် လူသားအသွင်သို့ ပြန်ပြောင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ချွေးများဖြင့် စိုရွှဲနေသည်။ ဟုတ်သားရဲအဖြစ် အသွင်ပြောင်းခြင်းသည် စွမ်းအင်များစွာ ကုန်ဆုံးစေသော်လည်း ယခင်အကြိမ်နှင့် နှိုင်းယှဉ်လျှင် စွမ်းအင်ကုန်ဆုံးမှုများ ပို၍နည်းပါးလာသည်။ သူ၏ ခွန်အား တိုးတက်လာ၍ အတွေ့အကြုံများ တိုးပွားလာသည်။ သို့သော် ဤသည်မှာ ချူးယွင်ဖန်း၏ ဝှက်ဖဲဖြစ်သောကြောင့် အခြားလူများအရှေ့တွင် အလွယ်တကူ ထုတ်ဖော်ပြသမည် မဟုတ်ပေ။
မည်သို့ဆိုသော် သူ့တွင် ရန်သူ အလွန်များပြားလွန်းသဖြင့် ရန်သူများကို အလစ်အငိုက် ဖမ်းဆီးရန် လိုအပ်သည်။ အကယ်၍ အခြားလူများသာ သူ၏ဝှက်ဖဲကို သိရှိသွားပါက ပစ်မှတ်ထားခြင်း ခံရနိုင်ပေသည်။ ချူးယွင်ဖန်းသည် တာဝန်ပြီးမြောက်ကြောင်း သက်သေအဖြစ် လူသားအသွင် ပြန်ပြောင်းသွားသော ရာသီခွင်မိစ္ဆာများ၏ ဦးခေါင်းများကို ဖြတ်ယူလိုက်သည်။ ပြီးနောက် လွန်းပျံယာဥ်တစ်ခုလုံးကို မီးရှို့ပစ်လိုက်သည်။ နတ်ဆိုးများ ကျက်စားရာ အသိုက်အမြုံသည် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များအတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားလေသည်။
တာဝန်ပြီးဆုံးပြီးနောက် ချူးယွင်ဖန်းသည် ဂုဏ်ပြုမှတ်တမ်းဆောင်သို့ အမြန်ပြန်သွားခဲ့ရာ အစောပိုင်းက တပည့်နှင့်ပင် တွေ့ဆုံခဲ့သည်။ ချူးယွင်ဖန်းသည် တစ်ရက်ပင် မပြည့်သေးဘဲ ပြန်ရောက်လာကြောင်း မြင်သောအခါ ထိုတပည့်သည် သူ၏အတွေးများ မှန်ကန်သည်ဟု ထင်မှတ်သွားသည်။ ချူးယွင်ဖန်းသည် ကြိုတင်စုံစမ်းစစ်ဆေးမှု မပြုလုပ်ခဲ့ဘဲ လက်လျှော့၍ ပြန်လာခြင်းဖြစ်မည်ဟု သူ သတ်မှတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ရာသီခွင်မိစ္ဆာများကို တစ်ရက်အတွင်း ရှာဖွေခြင်းသည် မလွယ်ကူလှပေ။
"ဘယ်လိုလဲ။ မစ်ရှင်ကို လက်လျှော့တော့မှာလား" ထိုတပည့်က မေးလိုက်သည်။
"မဟုတ်ပါဘူး၊ မစ်ရှင်ပြီးမြောက်ကြောင်း လာသတင်းပို့တာ" ချူးယွင်ဖန်းက စကားပြောနေစဥ် ရာသီခွင်မိစ္ဆာများ၏ ဦးခေါင်းများကို ကောင်တာပေါ်သို့ ပစ်တင်လိုက်သည်။
"ဘာ။ မစ်ရှင်ပြီးဆုံးပြီ ဟုတ်လား" ထိုတပည့်သည် ချူးယွင်ဖန်းကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။
သူသည် အတည်ပြုရန်အတွက် ဦးခေါင်းများကို ချက်ချင်း ယူသွားလေသည်။ တပည့်သည် ခဏအကြာတွင် ရလဒ်များနှင့်အတူ ပြန်ထွက်လာသည်။ ၎င်းတို့သည် အမှန်တကယ်ပင် ရာသီခွင်မိစ္ဆာများ၏ ဦးခေါင်းများဖြစ်ကြသည်။ ထိုတပည့်သည် ချူးယွင်ဖန်းကို အံ့ဩတုန်လှုပ်စွာ ကြည့်နေမိသည်။ ချူးယွင်ဖန်းသည် ဤအတွင်းစည်းတပည့်အနက် အထူးချွန်ဆုံးတပည့်များပင် မလုပ်ဆောင်နိုင်သည့် တာဝန်ကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့သည်။
"စီနီယာ၊ မစ်ရှင်ကို အတည်ပြုပြီးပါပြီ။ ဒီမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ပါ"
ထိုတပည့်သည် အိတ်တစ်အိတ်ကို အမြန်လက်ကမ်းပေးလိုက်သည်။ ထိုအိတ်ထဲတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ရှိနေသည်။ ချူးယွင်ဖန်းသည် အိတ်ကို လက်ခံပြီးနောက် လည်ပတ်နေသော မစ်ရှင်ဘုတ်ပြားကို ညွှန်ပြ၍ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး၊ ဒီမစ်ရှင် ကျုပ်ကို ပေးပါ၊ ပြီးတော့ ဒါကိုရောပဲ"
***