ဤရိုးရှင်းသော သိုင်းကွက်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ တောင်တန်းချုပ်နှောင်ချိပ်စည်း၏ အစွမ်းပကားသည် ချူးယွင်ဖန်း၏လက်ထဲတွင် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ သူ၏ပြိုင်ဘက်သည် သာမန်အတွင်းစည်းတပည့်တစ်ဦး မဟုတ်ဘဲ အတွင်းစည်းတပည့်များကြားတွင် နာမည်ကျော်လှသော စုဟုန်ချင်းဖြစ်သည်။ သို့သော် အဆုံးသတ်တွင် စုဟုန်ချင်းသည် ချူးယွင်ဖန်း၏ ဤသိုင်းတစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပေ။ မြင်ကွင်းတစ်ခုလုံး အလွန်တိတ်ဆိတ်သွားသည်။
"သူက တော်တော်သန်မာတာပဲ… ကြောက်စရာကောင်းလိုက်တာ" တစ်စုံတစ်ဦးက မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"ချူးယွင်ဖန်းက ဘယ်လောက်တောင် သန်မာတာလဲ" နောက်တစ်ဦးက မေးလိုက်သည်။
"ချူးယွင်ဖန်းနဲ့ ဟွာရှန်းယွမ်တို့က အတွင်းစည်းတပည့်ပြိုင်ပွဲရဲ့ ပထမနေရာအတွက် တိုက်ခိုက်ဖို့ သဘောတူထားကြတာလေ။ ကြည့်ရတာတာတော့ သူတို့တွေ နောက်ပြောင်နေတာ မဟုတ်ဘူးပဲ"
အချို့လူများသည် ချူးယွင်ဖန်းနှင့် ဟွာရှန်းယွမ်တို့ကြားက ကတိကဝတ်ကို ပြန်သတိရသွားကြသည်။ ထိုစဉ်က လူအများအပြားသည် ၎င်းကို မယုံကြည်ခဲ့ကြပေ။ ၎င်းတို့နှစ်ဦးသည် စုဟုန်ချင်း ပြောခဲ့သည့်အတိုင်း ကောင်းကင်နှင့် မြေကြီး၏ အတိုင်းအဆကို မသိသေးသော လူသစ်နှစ်ယောက်ဟုသာ လူတိုင်း ထင်မှတ်ခဲ့ကြသည်။ သို့သော် ယခုမူ အခြေအနေများသည် ထင်သလောက် မရိုးရှင်းကြောင်း ပေါ်လွင်လာသည်။ ချူးယွင်ဖန်းသည် စုဟုန်ချင်းကို သိုင်းကွက်တစ်ကွက်တည်းဖြင့် ဖြေရှင်းနိုင်ခဲ့သည်။
"သူ ဒြပ်မဲ့လေ့လာသူအဆင့်ကို မရောက်လောက်သေးပါဘူးနော်။ တစ်နှစ်ခွဲလောက်အတွင်း ဒီအဆင့်ထိ ရောက်တက်လာတာက တကယ့်ကို ထိတ်လန့်စရာပဲ" လူတစ်ဦးက အံ့ဩတုန်လှုပ်စွာ ပြောလိုက်သည်။
"ချူးယွင်ဖန်းက ဒီလောက် ကြောက်စရာကောင်းနေရင် ဟွာရှန်းယွမ်ကလည်း သိပ်အားနည်းလောက်မယ် မထင်ဘူး"
လူအများအပြားက ဟွာရှန်းယွမ်နှင့်ပတ်သက်၍ တွေးမိသွားကြသည်။ ၎င်းတို့၏ အမြင်တွင် လက်ရှိ ဟွာရှန်းယွမ်၏ ခွန်အားသည် ချူးယွင်ဖန်းနှင့် သိပ်ကွာခြားမည် မဟုတ်ပေ။
"အသုံးမကျတဲ့ကောင်။ ကျုပ်ရှေ့မှာ လာမောက်မာရဲရတယ်လို့။ ကိုယ့်အဆင့်ကိုယ် မသိဘူးပဲ" ချူးယွင်ဖန်းက စုဟုန်ချင်းကို ကြည့်ကာ ပြောလိုက်သည်။
ချူးယွင်ဖန်း၏ စကားကို ကြားသောအခါ စုဟုန်ချင်းသည် အလွန်ဒေါသထွက်သွားသဖြင့် သွေးတစ်ပွတ် ထပ်မံထွေးထုတ်ပြီးနောက် သတိလစ်သွားသည်။ စုဟုန်ချင်းသည် ရန်လိုသော အပြုအမူဖြင့် ရောက်လာခဲ့သော်လည်း ချူးယွင်ဖန်း၏ လျှပ်စီးအလား မြန်ဆန်သော သိုင်းကွက်ကြောင့် ရှုံးနိမ့်သွားရသည်။ သူသည် ချူးယွင်ဖန်းကို အနည်းငယ်မျှပင် ခြိမ်းခြောက်မှု မပေးအပ်နိုင်ခဲ့ပေ။ ဤသည်မှာ သူ မျှော်လင့်ထားသော ရလဒ်မဟုတ်ပေ။ ဤတိုက်ပွဲရလဒ်သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း တစ်ဂိုဏ်းလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အထူးသဖြင့် အတွင်းစည်းတပည့်ပြိုင်ပွဲကို စိတ်ဝင်စားသူများကြားတွင် ပို၍ပင် ဂယက်ထသွားလေသည်။ ထူးခြားသော လူငယ်တစ်ဦး ပေါ်ထွက်လာ၍ စုဟုန်ချင်းကို ခဏအတွင်း အနိုင်ယူလိုက်ကြောင်း လူတိုင်း သိသွားကြသည်။ လူတိုင်းသည် ထိုလူငယ်ကို ကွဲပြားသော အမြင်သစ်ဖြင့် ကြည့်လာကြသည်။
"ဒီလိုမျိုး တကယ်ဖြစ်သွားတာလား။ ချူးယွင်ဖန်းက တပည့်သစ် မဟုတ်ဘူးလား။ တပည့်သစ်တွေက ဒီလောက်တောင် သန်မာနေကြပြီလား"
"ဟုတ်မယ်ထင်တယ်။ ဟွာရှန်းယွမ်ရဲ့ ခွန်အားလည်း တိုးတက်လာတယ်လို့ ကျုပ် ကြားတယ်။ ဒီနှစ်အတွင်းစည်းတပည့် ပြိုင်ပွဲကတော့ အတော်လေး စည်ကားတော့မယ်ထင်တယ်"
"ချူးယွင်ဖန်းရဲ့ အစွမ်းက ကြောက်စရာပဲ..."
"ပါရမီရှိတော့ ဘာများထူးမှာလဲ။ ကျုပ်သိသလောက်တော့ သူက စီနီယာ ဝမ်ယိဖန်ကို စော်ကားထားတာတဲ့။ စီနီယာဝမ်ကို စော်ကားပြီးရင် ဘယ်လိုအဆုံးသတ်မျိုး ဖြစ်မလဲဆိုတာ မင်းတို့ မသိဘူးလား"
"ဟုတ်တယ်၊ စီနီယာဝမ်က တပည့်အရင်းတစ်ယောက်။ ချူးယွင်ဖန်းက ဘာမို့လို့လဲ"
လူတိုင်းက အားတက်သရော ဆွေးနွေးနေကြသော်လည်း ချူးယွင်ဖန်းနှင့် ဟွာရှန်းယွမ်တို့သည် ထိုဆွေးနွေးမှုများကို ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ပြင်ပလောကကို မတုံ့ပြန်သည့်အပြင် စီနီယာတပည့်အချို့၏ ရန်စမှုများကိုလည်း လျစ်လျူရှုထားကြသည်။ ချူးယွင်ဖန်းသည် ကျင့်ကြံမှုအဆင့် ခိုင်မြဲစေရန်အတွက် ဒြပ်မဲ့လေ့လာသူအဆင့်သို့ မတက်လှမ်းမီ လူတစ်ဦး သူ၏နေအိမ်သို့ ရောက်ရှိလာသည်။
"ကျွန်တော် ယုချူးယွမ်ပါ။ ကျွန်တော့်ကို အချိန်နည်းနည်းလောက်ပေးနိုင်မလား စီနီယာချူး"
"ဝင်ခဲ့ပါ" ချူးယွင်ဖန်း၏ အသံသည် ခြံဝင်းအတွင်းမှ ထွက်ပေါ်လာသည်။
ယုချူးယွမ်သည် ခြံဝင်းအတွင်းသို့ အလျင်အမြန်ဝင်သွားခဲ့ရာ နောက်ဖေးခြံထဲရှိ ကျောက်ခုံတစ်ခုပေါ်တွင် ထိုင်နေသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ချူးယွင်ဖန်းသည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေသည်။ ယုချူးယွမ်၏အရှေ့တွင် တောင်ကြီးတစ်စင်း ငြိမ်သက်စွာ ရပ်တည်နေသကဲ့သို့ ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ပေးစွမ်းနေသည်။ ချူးယွင်ဖန်းက ခြေသံများ ကြားလိုက်သောအခါ ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ အရပ်ရှည်ရှည်နှင့် သွယ်လျသော လူငယ်တစ်ဦး သူဆီ တည့်တည့်လျှောက်လာကြောင်း မြင်တွေ့လိုက်ရသည်။
"ဂါရဝပြုပါတယ် စီနီယာချူး"
ဤလူငယ်သည် ချူးယွင်ဖန်းထက် အသက်ကြီးသော်လည်း ချူးယွင်ဖန်းကို သူ၏စီနီယာအဖြစ် မဆိုင်းမတွ အသိအမှတ်ပြုလိုက်သည်။ ဤလောကတွင် ခွန်အားကြီးမားသူသည်သာ လေးစားခံရပေသည်။
"ယုချူးယွမ် ဟုတ်လား" ချူးယွင်ဖန်းက ထိုအမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။
"အကြောင်းကိစ္စမရှိဘဲ ဘုရားကျောင်းကို မလာကြဘူးဆိုတဲ့ စကားပုံရှိတဲ့အတိုင်း ခင်ဗျား ပြောစရာရှိရင် တည့်တည့်ပဲ ပြောပါ"
"ကောင်းပါပြီ။ စီနီယာက ပွင့်လင်းတဲ့သူဆိုတော့ ကျွန်တော်လည်း လိုရင်းကိုပဲ ပြောပါ့မယ်။ ကျွန်တော် စီနီယာ့လက်အောက်မှာ အမှုထမ်းချင်ပါတယ်" ယုချူးယွမ်က မဆိုင်းမတွ ပြောလိုက်သည်။
ချူးယွင်ဖန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ ဤသည်မှာ ယုချူးယွမ်၏ ရည်ရွယ်ချက်ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားပေ။
"ပြောပါဦး၊ ခင်ဗျားက ဘာလို့ ကျုပ်လက်အောက်ကို ဝင်ချင်ရတာလဲ။ ဝမ်ယိဖန်က ကျုပ်ကို ရှင်းချင်နေတာ လူတိုင်း သိတယ်။ ဒီလိုအချိန်မှာ ကျုပ်ဘက်က ရပ်တည်မယ်ဆိုရင် ခင်ဗျားလည်း ပစ်မှတ်ထားခံရလိမ့်မယ်" ချူးယွင်ဖန်းက ဆိုလိုက်သည်။
"ဘေးအန္တရာယ်ကြားကနေ စည်းစိမ်တွေ ရလာနိုင်တဘ်ဆိုတဲ့ စကားပုံရှိသလိုပဲ စီနီယာပြသခဲ့တဲ့ ပါရမီတွေအရ စီနီယာက အနှစ်တစ်ရာမှာ တစ်ယောက်သာ ပေါ်ထွက်လာတဲ့ ပါရမီရှင်ဆိုတာ သက်သေပြနေတယ်လေ။ စီနီယာရဲ့ အောင်မြင်မှုတွေက တပည့်အရင်အဆင့်ထက် ပိုပြီးမြင့်မားလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ယုချူးယွမ်က ပြောလိုက်သည်။
"ဝမ်ယိဖန်ရဲ့ အရှိန်အဝါကြောင့် လူအများအပြားက စီနီယာနဲ့ နီးစပ်ဖို့ မဝံ့ရဲကြပေမယ့် သူ့ကို မကြောက်တဲ့လူတွေလည်း ရှိပါတယ်၊ စီနီယာ" ယုချူးယွမ်က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
ချူးယွင်ဖန်းက ယုချူးယွမ်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ယုချူးယွမ်သည် ဒြပ်မဲ့လေ့လာသူအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်ပြီဖြစ်၍ သူ၏ခွန်အားသည် အလွန်ကောင်းမွန်လှသည်။ သူ၏ကျင့်ကြံမှုသည် အလယ်အလတ်အဆင့်တွင် ရှိနေသောကြောင့် ချူးယွင်ဖန်းထက်ပင် တစ်ဆင့်မြင့်မားပေသည်။ သို့သော် တိုက်ခိုက်ရေးစွမ်းရည်တစ်ခုတည်းဖြင့်ဆိုလျှင် ချူးယွင်ဖန်းသည် ဤအဆင့်ရှိသော စစ်သည်တစ်ရာကို လက်တစ်ဖက်တည်းနှင့် နှိမ်နင်းနိုင်သည်။ ဤကဲ့သို့သော တပည့်တစ်ဦးသည် အတွင်းစည်းတပည့်များကြားတွင် အကောင်းဆုံးမဟုတ်သော်လည်း ယုချူးယွမ်သည် ထိပ်တန်းစာရင်းဝင် တပည့်တစ်ဦးဖြစ်ပေသည်။
ကနဦးတွင် ယုချူးယွမ်သည် အဘယ်ကြောင့် မိမိလက်အောက်တွင် ခိုလှုံရန် ရောက်လာသနည်းဟု ချူးယွင်ဖန်း သိချင်နေခဲ့သော်လည်း ယခု စဉ်းစားကြည့်သောအခါ ချက်ချင်း နားလည်သဘောပေါက်သွားသည်။ အကြောင်းမှာ ယုချူးယွမ် ပြောခဲ့သော ဘေးအန္တရာယ်ကြားမှ ရရှိလာသော စည်းစိမ်ဟူသည့် ရိုးရှင်သောစကားဖြစ်သည်။
လူအများစုသည် ဝမ်ယိဖန်ကြောင့် သူနှင့် မပတ်သက်ချင်ကြသော်လည်း သာမန်ဘဝတွင် မနေလိုဘဲ စွန့်စားလိုသူများရှိနေဆဲဖြစ်သည်။ သမိုင်းတစ်လျှောက်တွင်လည်း ဤကဲ့သို့သော အဖြစ်အပျက်များစွာရှိခဲ့သည်။ လူတစ်ဦး အောင်မြင်မှုရသောအခါ သူနှင့် ပတ်သက်သူများပင် အကျိုးကျေးဇူးများ ခံစားရတတ်သည်ဟူသော စကားပုံရှိသည့်အတိုင်း ချူးယွင်ဖန်း အောင်မြင်သည်နှင့် သူ၏နောက်လိုက်များသည်လည်း အောင်မြင်ဖြစ်ထွန်းပေလိမ့်မည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် အလွန်ကြီးမား၍ အတွင်းစည်းတပည့် အမြောက်အမြားရှိသည့်အတွက် လူတိုင်းသည် ဝမ်ယိဖန်နှင့် တစ်လေသံတည်း ရှိနေကြသည် မဟုတ်ပေ။
"ဝမ်ယိဖန်က ခင်ဗျားကို ပစ်မှတ်ထားလာမှာကို မကြောက်ဘူးလား" ချူးယွင်ဖန်းက မေးလိုက်သည်။
"မကြောက်ပါဘူး။ အောင်မြင်နေတဲ့သူကို ကူညီပေးတာက လွယ်ကူပေမယ့် ဒုက္ခရောက်နေချိန် အကူအညီပေးတာက ပိုခက်ခဲပါတယ်။ ဒါ့အပြင် ကျွန်တော် သိရသလောက်တော့ စီနီယာက စီနီယာယီယွင်ယောင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လေ။ စီနီယာဝမ်ယိဖန်က စီနီယာချူးကို နှိမ်နင်းဖို့ ကြံစည်နေတာကို စီနီယာယီယွင်ယောင်က ဒီအတိုင်း ကြည့်နေမယ်လို့တော့ ကျွန်တော် မထင်ဘူး" ယုချူးယွမ်သည် မည်သည်ကိုမျှ ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။ သူသည် ဤနေရာသို့ မလာမီ အရာအားလုံးကို ကြိုတင်စုံစမ်းထားခြင်းကြောင်း သိသာထင်ရှားသည်။
***