ယုချူးယွမ်သည် ဤနေရာသို့ မလာမီက ဘေးအန္တရာယ်ကို ကြိုတင်ဆန်းစစ်ခဲ့ပြီးဖြစ်သည်။ ချူးယွင်ဖန်းသည် ဝမ်ယိဖန်၏ ပစ်မှတ်ထားမှုကြောင့် အန္တရာယ်ရှိသော အခြေအနေတွင်ရှိနေပုံရသော်လည်း ဝမ်ယိဖန်သည် စိတ်အလိုကျ လွယ်ကူစွာ တိုက်ခိုက်နိုင်မည်မဟုတ်ပေ။ ထို့ပြင် ချူးယွင်ဖန်းတွင် အစစ်အမှန်တပည့်တစ်ဦးဖြစ်သည့် ယီယွင်ယောင်၏ ထောက်ခံမှုရှိနေခြင်းကြောင့် ဝမ်ယိဖန်၏ ခြိမ်းခြောက်မှုသည် အနည်းဆုံးအဆင့်သို့ လျှော့ကျသွားသည်။ အန္တရာယ်ရှိနေဆဲဖြစ်သော်လည်း ချူးယွင်ဖန်းအနေဖြင့် အနိုင်ရရှိရန် မဖြစ်နိုင်ခြင်း မဟုတ်ပေ။
"ဒါဆို ခင်ဗျားကို ကျုပ်က ဘာလို့ လက်ခံသင့်တာလဲဆိုတာ ပြောပါဦး။ ခင်ဗျား ကျုပ်အတွက် ဘာလုပ်ပေးနိုင်လဲ" ချူးယွင်ဖန်းသည် ယုချူးယွမ်ကို အပြုံးဖျော့ဖျော့ဖြင့် ကြည့်၍ မေးလိုက်သည်။
"စီနီယာက သန်မာတယ်ဆိုပေမယ့် တချို့အရာတွေမှာ အတူတူလက်တွဲလုပ်တာ ပိုကောင်းပါတယ်။ ကျွန်တော် စီနီယာ့အတွက် လုပ်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။ သတင်းအချက်အလက်တွေ စုဆောင်းပေးနိုင်သလို နောင်တစ်ချိန် စီနီယာ တပည့်အရင်းဖြစ်လာတဲ့အခါ တောင်ပေါ်စံအိမ်ကို စီမံခန့်ခွဲရာမှာလည်း ကူညီပေးနိုင်ပါတယ်။ အဲဒါတင်မကသေးပါဘူး၊ အတွင်းစည်းတပည့်ပြိုင်ပွဲပြီးရင် ထိပ်တန်းတပည့်တစ်ယောက်ဖြစ်လာဖို့ဆိုတာ စီနီယာအတွက် အချိန်အတိုင်းအတာတစ်ခုပဲ လိုမှာပါ။ စာပေပညာနဲ့ပဲဖြစ်ဖြစ်၊ သိုင်းပညာနဲ့ပဲဖြစ်ဖြစ် စီနီယာက ကြီးမြတ်တဲ့တရှရဲ့ တော်ဝန်နန်းတော်ကို ဧကန်မုချ ဝင်မှာပါ။ အဲဒီအခါ စီနီယာ့ကို ကူညီဖို့ ကိုယ်ပိုင်လူယုံတွေ လိုအပ်လာလိမ့်မယ် မဟုတ်လား" ယူချူးဘွင်က ပြောလိုက်သည်။
"အရေးကြီးဆုံးကတော့ စီနီယာသာ ဂိုဏ်းခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက်ရှိမယ်ဆိုရင် ကျွန်တော့်ဘက်က အရှိန်အဝါရအောင် ကူညီပေးရုံတင်မကဘဲ အင်အားကြီးမားတာ မကြီးမားတာကို သက်သေပြဖို့ တပည့်အရင်းတိုင်းရဲ့ စီမံခန့်ခွဲမှုစွမ်းရည်ကိုလည်း စစ်ဆေးကြမှာလေ။ ဘာပဲဖြစ်ဖြစ် ကြယ်ကြွေကောင်းကင်ဂိုဏ်းကို ကျင့်ကြံမှုပဲ သိထားတဲ့ သိုင်းသမားတစ်ယောက်ရဲလက်ထဲကို ထည့်မှာမဟုတ်ဘူးလေ"
ယုချူးယွမ်၏ ပွင့်လင်းသော စကားများကြောင်း ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်များသည် စာပေပညာနှင့် သိုင်းပညာ နှစ်ရပ်လုံးတွင် ထူးချွန်ကြသူများဖြစ်ကြောင်း သူ နားလည်ထား၏။ ၎င်းတို့သည် ကျင့်ကြံခြင်းနှင့် မည်သို့ တိုက်ခိုက်ရမည်ကိုသာ သိထားသည့် သိုင်းသမားများသာ မဟုတ်ကြပေ။ အစစ်အမှန်တပည့်များသည် ၎င်းတို့၏ လက်အောက်ခံအင်အားစုများကို မည်မျှကောင်းမွန်စွာ စီမံနိုင်သနည်းဟူသည့်အချက်သည်လည်း အရေးကြီးသော ဆန်းစစ်မှုတစ်ခုဖြစ်သည်။ မှန်သည်၊ အချို့လူများကမူ ဤအချက်ကို ဂရုမစိုက်ဘဲ သိုင်းပညာတိုးတက်မှုကိုသာ အာရုံစိုက်လေ့ရှိသည်။
"ကောင်းပြီလေ" ချူးယွင်ဖန်းက ခေါင်းညိတ်၍ ယုချူးယွမ်ကို ကြည့်လိုက်သည်။
ယုချူးယွမ် စကားပြောနေစဉ်အတွင်း လိမ်ညာခြင်း ရှိ၊ မရှိ သေချာစေရန် ချူးယွင်ဖန်းသည် သေချာ စိုက်ကြည့်နေခဲ့သည်။ ချူးယွင်ဖန်း၏ လက်ရှိစွမ်းရည်ဖြင့်ပင် မမြင်တွေ့နိုင်ပါက ယုချူးယွမ်၏ သရုပ်ဆောင်မှုသည် အလွန်ကောင်းမွန်သည်ဟုသာ ဆိုရပေလိမ့်မည်။ သို့သော်လည်း ဤအကြောင်းအရာများကို သူ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ယုချူးယွမ်က ပြန်လည်တိုက်ခိုက်လိုလျှင်ပင် သူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်မဟုတ်ကြောင်း ယုံကြည်ထားသောကြောင့်ဖြစ်သည်။ ယုချူးယွမ်၏ စကားများသည် အဓိပ္ပာယ်ရှိပေသည်။ ချူးယွင်ဖန်းအနေဖြင့် ကိုယ်ပိုင်အဖွဲ့ဝင်အချို့ ပျိုးထောင်ရန် လိုအပ်၏။
"ဒါဆိုရင် ခင်ဗျား အခုကစပြီး ကျုပ်နောက်ကို လိုက်လို့ရပြီ။ နောင်တစ်ချိန် ကျုပ် ကံကောင်းလို့ အကျိုးအမြတ်တွေရတဲ့အခါ ခင်ဗျားလည်း ဝေစုတစ်ခုရမှာပါ" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို" ယုချူးယွမ်က ဆိုသည်။
ချူးယွင်ဖန်းသည် စကားပြောနေစဥ် လက်ချောင်းကို ဝေ့ယမ်းလိုက်ရာ ယုချူးယွမ်၏ လက်ထဲသို့ ဆေးလုံးတစ်လုံး ရောက်ရှိလာသည်။
"ဒါက ဒြပ်မဲ့ယန်ဆေးလုံး။ ဒြပ်မဲ့အဆင့် ကျင့်ကြံခြင်းအတွက် အရမ်းအကျိုးရှိတယ်။ ဒီဆေးက ခင်ဗျားကို ဒြပ်မဲ့လေ့လာသူအဆင့် နောက်ဆုံးအဆင့်ထိ ရောက်အောင် ကူညီပေးလိမ့်မယ်။ နှုတ်ဆက်လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ"
ဤဆေးများသည် ကောင်းကင်နတ်ဆိုးဆေးလုံးကို ဖော်စပ်စဉ်က ကျန်ရစ်ခဲ့သော အပိုင်းအစများဖြစ်သည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် သူ့တွင် ဤဆေးလုံးများစွာရှိသည်။ သာမန်ဒြပ်မဲ့အဆင့် ကျင့်ကြံသူများအတွက် အကျိုးသက်ရောက်မှု ကောင်းမွန်သော်လည်း သူ၏အင်အားသည် သာမန်ထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် ၎င်းသည် သူ့အတွက် အကျိုးသက်ရောက်မှုမရှိပေ။
ထို့ကြောင့် သူသည် ဤဆေးလုံးများကို နောင်တွင် လက်အောက်ငယ်သားများကို ဆုချရန် ဖော်စပ်ထားခြင်းဖြစ်သည်။ ဤမျှလျင်မြန်စွာ အသုံးပြုရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ထိပ်တန်းတပည့်ဖြစ်ချိန်မှ အသုံးဝင်လိမ့်မည်ဟု သူ ယူဆထားခဲ့သည်။ ဤဆေးလုံးများသည် ဘေးထွက်ပစ္စည်းများဖြင့် ဖော်စပ်ထားခြင်းဖြစ်သော်လည်း သာမန်အတွင်းစည်းတပည့်များအတွက် အလွန်ရှားပါးသော ဆေးများဖြစ်သည်။
"ကျေးဇူးတင်ပါတယ်၊ စီနီယာချူး" ယုချူးယွမ် ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားသည်။
လူအများအပြားသည် မည်သို့ကြောင့် အင်အားကြီးမားသူများကို ခစားချင်ရသနည်း။ အဆိုပါ ပါရမီရှင်များအရှေ့တွင် အလုပ်အကျွေးပြု၍ ဦးညွှတ်ရလျှင်ပင် အကျိုးကျေးဇူးများစွာရရှိနိုင်သောကြောင့်ဖြစ်သည်။ ၎င်းပါရမီရှင်များ မလိုအပ်သည့် ပစ္စည်းတစ်ခုလျှင်ပင် သာမန်လူများအတွက် ရှားပါးလှသော ရတနာတစ်ခုဖြစ်နေတတ်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ မဝင်ရောက်မီက မည်မျှမာန်မာနကြီးခဲ့ပါစေ၊ ဂိုဏ်းအတွင်းသို့ ရောက်ရှိသွားသည်နှင့် ထိုမာန်မာနများ လုံးလုံးလျားလျား ကျန်ရှိတော့မည်မဟုတ်ပေ။ တစ်ဦးတစ်ယောက်ချင်းစီ၏ မာနတရားတို့သည် ချောမွေ့သည်အထိ ပွတ်တိုက်ခံလိုက်ရသကဲ့သို့ ပျောက်ကွယ်သွားရစမြဲဖြစ်သည်။
ယုချူးယွမ်သည် သူ၏ဇာတိရပ်ရွာတွင် ကျော်ကြားသော ပါရမီရှင်တစ်ဦးဖြစ်ခဲ့ဖူး၏။ သို့သော် ကြယ်ကြွေကောင်းကင်ဂိုဏ်းအနက် သူကဲ့သို့သော ပါရမီရှင်များကို နေရာတိုင်း၌ တွေ့နိုင်ရုံသာမကဘဲ ထူးကဲဆန်းပြားသည့် မွန်းစတားကဲ့သို့ ပါရမီရှင်များပင် အလျှံပယ်ရှိနေသည်။ ထိုလူများသည် ကောင်းကင်ဘုံ၏ စစ်မှန်သော မျက်နှာသာပေးမှုကို ခံထားရသူများဖြစ်သည့်အတွက် ၎င်းတို့နှင့် ယှဉ်ပြိုင်ရန် လုံးလုံးလျားလျား ဖြစ်နိုင်မည်မဟုတ်ပေ။
ဆယ်စုနှစ်တစ်ခုစာ အတွေ့အကြုံများသည် သူ့ကို သင်ခန်းစာတစ်ခု ပေးခဲ့သည်။ အကျိုးမရှိသော အရာများကို တွေးတောနေမည့်အစား ပါရမီထူးချွန်သည့် မွန်းစတားတစ်ကောင်ကိုသာ ရိုးရိုးသားသား အမှီသဟဲပြုနေခြင်းက ပို၍ကောင်းမွန်ကြောင်း သူ နားလည်သွားသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏ ကျင့်စဉ်တိုးတက်မှုသည် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။ ၎င်းသည် အကျိုးအရှိဆုံးနည်းလမ်းတစ်ခု မဟုတ်လေသလော။
အကယ်၍သာ ဤဒြပ်မဲ့ယန်ဆေးလုံး မရှိဘဲ မိမိဘာသာ အားထုတ်ရမည်ဆိုပါက ဒြပ်မဲ့လေ့လာသူအဆင့်၏ နောက်ဆုံးအဆင့်သို့ တက်လှမ်းရန် အနည်းဆုံးလျှင် တစ်နှစ်ခန့် အချိန်ယူရမည်ဖြစ်သည်။ ယခုမူ အဆင့်ဖြတ်ကျော်ရန် အများဆုံး တစ်လသာ လိုအပ်တော့သည်။ ဒြပ်မဲ့လေ့လာသူအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိခြင်းသည် အတွင်းစည်းတပည့်များအတွင်းပင် ထူးချွန်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်ရာ ဤသည်မှာ အစပျိုးရုံမျှသာဖြစ်သည်။
"နောင်တစ်ချိန် စီနီယာ့အတွက်ဆိုရင် မီးထဲပဲဖြစ်ဖြစ်၊ ရေထဲပဲဖြစ်ဖြစ် ဖြတ်ကျော်ဖို့ အဆင်သင့်ပါပဲ" ယုချူးယွမ်က အလျင်အမြန် ကတိပြုလိုက်သည်။
"မီးထဲရေထဲ ဖြတ်ကျော်ဖို့ မလိုပါဘူး။ လောလောဆယ် ကျုပ်သိချင်တာ တစ်ခုပဲရှိတယ်။ ဒီနှစ် အတွင်းစည်းတပည့်ပြိုင်ပွဲမှာ ကျုပ်ဘယ်သူတွေကို သတိထားရမလဲ။ ခင်ဗျားက ဂိုဏ်းမှာနေတာ ကြာပြီဆိုတော့ ကျုပ်ထက် ပိုသိမှာပေါ့။ ပြီးတော့ ဒီနှစ်ပြိုင်ပွဲအတွက် ဆုတွေက အရင်ကထက် ပိုများတယ်လို့ ကြားထားတယ်၊ အဲ့ဒါဟုတ်လား" ချူးယွင်ဖန်းက ပြုံး၍ ပြောလိုက်သည်။
ယုချူးယွမ်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်၊ အရင်က အတွင်းစည်းပြိုင်ပွဲအတွက် ဆုတွေက သာမန်ပါပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ မတူတော့ဘူး။ စီနီယာဝမ်ယိဖန်က ဆုတွေကို အရင်ကထက် ပိုပေးဖို့ အကြံပြုထားတယ်လို့ ကျွန်တော် ကြားတယ်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းတင်မကဘဲ ကြယ်ကြွေကောင်းကင်အသီးနဲ့ အစွမ်းထက်တဲ့ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်တစ်ခုလည်း ပါဝင်ပါတယ်"
ချူးယွင်ဖန်းသည် သူသိထားသော အချက်အလက်များနှင့် နှိုင်းယှဥ်ကြည့်လိုက်ရာ ဆုလာဘ်များသည် အမှန်တကယ် ယခင်ကထက် များပြားလှပေသည်။ ယခင်နှစ်များတွင် အနိုင်ရရှိသူသည် အလယ်အလတ်အဆင့် ဝိညာဥ်ကျောက်တုံး ၂၀၀၀၀၀ သာ ရရှိလေ့ရှိသော်လည်း ဤနှစ်တွင်မူ ဝိညာဥ်ကျောက်တုံး တစ်သန်းပေးမည်ဟု သတ်မှတ်ထားခဲ့သည်။ ဤသည်မှာ အမှန်တယ် များပြားသော ပမာဏဖြစ်သည်။
"ကြယ်ကြွေကောင်းကင်အသီးဆိုတာက ဘာလဲ" ချူးယွင်ဖန်းက မေးလိုက်သည်။
"အဲဒီအသီးက ဂိုဏ်းရဲ့ ပင်မတောင်ထိပ်မှာရှိတဲ့ နတ်သစ်ပင်ကနေ သီးတဲ့အသီးပါ။ ၃၆ နှစ်မှာ တစ်ခါပဲ ပွင့်ပြီး အသီး ၃၆ လုံးပဲ ထွက်တာ။ ဂိုဏ်းရဲ့ မဟာအကြီးအကဲတွေပဲ စားသုံးခွင့်ရှိတဲ့ အသီးမျိုးပါ။ အဲဒါက သွေးကြောတွေကို သန့်စင်ပေးပြီး ကျင့်ကြံမှုအဆင့်အပြင် အရည်အချင်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဝယ်လို့ရတဲ့အရာမျိုး မဟုတ်ဘူး။ ဒါပေမယ့် ဘာလို့ ဒီနှစ်မှာ ဆုအဖြစ် ပေးတာလဲဆိုတာတော့ ကျွန်တော်လည်း စဉ်းစားလို့မရဘူးဖြစ်နေတယ်..." ယုချူးယွမ်က တွေးတောကာ ပြောလိုက်သည်။
***