ဤနှစ် အတွင်းစည်းတပည့်ပြိုင်ပွဲ၏ ဆုလာဘ်များသည် အလွန်ကောင်းမွန်လှရာ မည်သည့်ဆုမျိုးမဆို ချူးယွင်ဖန်းအတွက် အရေးတကြီး လိုအပ်နေသော အရာများဖြစ်သည်။
"ကြည့်ရတာ ဝမ်ယိဖန်က ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ သေချာပေါက် ဆုံးဖြတ်ထားပုံပဲ" ချူးယွင်ဖန်းက ဆိုသည်။
"ဒီလိုဆုတွေ အများကြီးပေးတာ အရင်က ရှိဖူးလား"
"ရှိဖူးပါတယ်။ အရင်ကလည်း တပည့်အရင်းတစ်ယောက်က သူယုံကြည်တဲ့ တပည့်တစ်ယောက်ကို ပြိုင်ပွဲဝင်ခိုင်းတဲ့အခါ သူဩဇာကိုသုံးပြီး ဆုတွေကို တိုးမြှင့်ခိုင်းလေ့ ရှိပါတယ်" ယုချူးယွမ်က ရှင်းပြသည်။
ချူးယွင်ဖန်းက ပြုံးလိုက်မိသည်။ ဤအခြေအနေသည် အတော်စိတ်ဝင်စားဖွယ်ကောင်းလှ၏။ ယုချူးယွမ်၏ ပြောပြချက်အရ ဤကိစ္စသည် လူမသိသူမသိ လက်ခံထားကြသည့် အစဉ်အလာတစ်ခုဖြစ်နေပုံရသည်။ ယခုပြိုင်ပွဲသည် အစစ်အမှန်တပည့်များ၏ အာရုံစိုက်မှုကို မရရှိသည့်အပြင် ဂိုဏ်း၏ အထက်လူကြီးများသည်လည်း အနည်းငယ်ပင် ဂရုမစိုက်ကြပေ။
အပြင်စည်းတပည့်များနှင့် အတွင်းစည်းတပည့်များသည် ဂိုဏ်းတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် အရေအတွက် များပြားလေ ပို၍ကောင်းမွန်လေဖြစ်သည်။ သို့သော် အကြီးအကဲများ၏ အသိအမှတ်ပြုမှုကို အမှန်တကယ် ရရှိနိုင်ရန် အနည်းဆုံးလျှင် အထူးချွန်ဆုံးတပည့်အဆင့် သို့မဟုတ် ထိုထက် မြင့်မားသည့်အဆင့်သို့ရောက်ရှိရန် လိုအပ်ပေသည်။ ဤအချက်ကြောင့် အစစ်အမှန်တပည့်များ ကြားဝင်စွက်ဖက်ရန် အခွင့်အရေးများရရှိလာစေသည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အထက်လူကြီးများသည် ဤအခြေအနေကို သိရက်နှင့် မျက်ကွယ်ပြုထားခြင်းဖြစ်ကြောင်း ချူးယွင်ဖန်း အလွယ်တကူ ခန့်မှန်းမိလိုက်သည်။ အစစ်အမှန်တပည့်များက ၎င်းတို့၏ ကိုယ်ပိုင်အင်အားစုများကို ဗြောင်ကျကျ ပျိုးထောင်နေခြင်းနှင့်ပတ်သက်၍ အကြီးအကဲများက ဂရုမစိုက်ကြချေ။ ဤသည်မှာ စမ်းသပ်မှုတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပေလိမ့်မည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်အဆင့်သည် တစ်ဦးတစ်ယောက်တည်း ရုန်းကန်နိုင်သည့် ရာထူးမျိုး မဟုတ်ဘဲ နောက်ကွယ်တွင် ထောက်ပံ့ပေးမည့် ကျွမ်းကျင်သူအမြောက်အမြား ရှိနေရန် လိုအပ်သည်။
"တချို့ နှစ်တွေမှာဆိုရင် တပည့်အရင်း စီနီယာ နှစ်ယောက်၊ သုံးယောက်လောက်က ပြိုင်ပွဲထဲကို တစ်ပြိုင်နက်တည်း ဝင်ရောက်စွက်ဖက်တာမျိုးတောင် ရှိတတ်တယ်။ အဲလိုဖြစ်လာပြီဆိုရင်တော့ ပြိုင်ပွဲက ပိုပြီးတော့တောင် ပြင်းထန်လာတတ်တယ်" ယုချူးယွမ်က ပြောလိုက်သည်။
"ဒါပေမယ့် အဲဒီလို အခြေအနေမျိုးက ခဏခဏတော့ သိပ်မဖြစ်ဘူး။ တပည့်အရင်းတွေအတွက် အတွင်းစည်းတပည့်တွေဆိုတာ နိမ့်ကျလွန်းသေးတယ်။ သူတို့ တကယ် မျက်စိကျတဲ့သူမျိုး မဟုတ်ရင် ဒီလိုအဆင့်နိမ့်ပြိုင်ပွဲမျိုးထဲကို ဝင်စွက်ဖက်လေ့မရှိကြဘူး။ နောက်ပြီးတော့ သူတို့အနေနဲ့ စိတ်ထင်တိုင်း ဝင်စွက်ဖက်နေရင် အရင်းအမြစ်တွေ အများကြီး ကုန်ဆုံးသွားနိုင်တယ်လေ"
ဤကိစ္စ၏ နောက်ကွယ်တွင် ရှုပ်ထွေးလှသည့် အကျိုးစီးပွား ဖလှယ်မှုများ ရှိနေရမည်ဖြစ်ကြောင်း ချူးယွင်ဖန်း ချက်ချင်း နားလည်လိုက်သည်။ သို့မဟုတ်ပါက အထက်လူကြီးများက ကြယ်ကြွေကောင်းကင်အသီးကို အဘယ်ကြောင့် ဆုလာဘ်အဖြစ် ပေးအပ်ကြမည်နည်း။ အကျိုးစီးပွား တစ်ခုခုနှင့် လဲလှယ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။ ဝမ်ယိဖန်သည်လည်း ယခုနှစ်ပြိုင်ပွဲတွင် တစ်စုံတစ်ယောက်ကို အနိုင်ရရှိရန် လောင်းကြေးထပ်ထားခြင်းဖြစ်ပေလိမ့်မည်။
ယုချူးယွမ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အထက်အောက် စနစ်ယန္တရားများကို ပိုမို ရှင်းလင်းစွာ သဘောပေါက်သွားသည်။ ဤလောကသည် ပြင်းထန်သည့် တိုက်ပွဲများဖြင့် ပြည့်နှက်နေ၍ ဂိုဏ်းအတွင်း၌လည်း အုပ်စုအမျိုးမျိုးဖြင့် ကွဲပြားလျက်ရှိသည်။ အစစ်အမှန်တပည့်များနှင့် အကြီးအကဲများသည် အုပ်စုငယ်များဖြစ်ကြ၍ ထိုအုပ်စုငယ်များ စုစည်းပြီးနောက် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကြီးမားလှသော အခြေခံအုတ်မြစ်များ ဖြစ်လာပေလိမ့်မည်။
"စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဒါဖြင့်ရင်တော့ ကျုပ် ဒီနှစ်ပြိုင်ပွဲမှာ အနိုင်ရမှဖြစ်တော့မယ်" ချူးယွင်ဖန်းက လှောင်ပြုံးပြုံးသည်။
"ဝမ်ယိဖန် မြှောက်ပင့်ပေးနေတဲ့ တပည့်ကို ခင်ဗျား သိလား"
"စီနီယာဝမ်ယိဖန် မြှောက်ပင့်နေတဲ့သူက ယွီဝမ်ရှင်းပါ။ သူက စီနီယာ့ထက် တစ်သုတ်စောပြီး လွန်ခဲ့တဲ့ သုံးနှစ်က ဂိုဏ်းထဲကို င်လာတာပါ။ သူက အရမ်းပါရမီရှိပြီး ကျင့်ကြံမှုကလည်း လွန်ခဲ့တဲ့ သုံးနှစ်ကတည်း တော်တော်လေး ပြိုင်ဘက်ကင်းတယ်လို့ ပြောကြပါတယ်။ ဒီနှစ်မှာ သူ အနိုင်ရဖို့ ရည်မှန်းထားပုံပဲ။ သာမန်အတွင်းစည်း ဒြပ်မဲ့လေ့လာသူအဆင့်တောက် သူနဲ့ ယှဉ်နိုင်လောက်မယ် မထင်ဘူး။ စီနီယာဝမ်က တပည့်အရင်းဖြစ်တာ သိပ်မကြာသေးတော့ သူ့ဆီမှာ အရည်အချင်းရှိတဲ့တပည့်တော့ အများကြီးမရှိဘူး” ယုချူးယွမ်က သတင်းပို့ပြီးနောက် ဆက်မေးလိုက်သည်။
“ယွီဝမ်ရှင်းရဲ့ သိုင်းပညာတွေအကြောင်း ကျွန်တော် စုံစမ်းပေးရမလား၊ စီနီယာချူး”
ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။
"မလိုပါဘူး။ ယွီဝမ်ရှင်းက ဘယ်သူပဲဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး။ ဘာတွေပဲဖြစ်ဖြစ် ဝမ်ယိဖန်ကို နှစ်ခါရှုံးအောင် လုပ်ပြမယ်။ ခင်ဗျားလည်း ဒီအတောအတွင်း သေချာကျင့်ကြံထားဦး။ အချိန်ကျရင် ခင်ဗျားလည်း ပြိုင်ပွဲ ရလဒ်ကောင်းတွေ ရလိမ့်မယ်"
"ဟုတ်ကဲ့ စီနီယာချူး"
ယုချူးယွမ်သည် သူ၏စိတ်ထဲရှိ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။ ချူးယွင်ဖန်းလက်အောက်သို့ ခိုလုံခြင်းသည် အချိန်အတော်ကြာ စဥ်စားပြီးနောက် ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည်။ မည်သူထံမဆို ဝင်ရောက်ခိုလုံနိုင်သော်လည်း နှင်းတောထဲတွင် မီးသွေး ပေးကမ်းခြင်းသည် ဘိုကိတ်ဝတ်ရုံပေါ်တွင် ပန်းပွင့်များရေးဆွဲခြင်းထက် ပို၍ ကောင်းမွန်ပေသည်။ ယုချူးယွမ် ထွက်ခွာသွားပြီးနောက် ချူးယွင်ဖန်းသည် သီးသန့်ကျင့်ကြံရန် ဆက်လက်လုပ်ဆောင်လိုက်သည်။ အခြားလူများ၏ အမြင်တွင် သူသည် ဝမ်ယိဖန်ကို စိန်ခေါ်ထားသဖြင့် သေလူတစ်ဦးကဲ့သို့ဖြစ်နေသော်လည်း ချူးယွင်ဖန်း ကိုယ်တိုင်သာလျှင် သူ၏ရန်သူအစစ်အမှန်သည် လီရှန်ယွမ်ဖြစ်ကြောင်း သိထားသည်။
"စီယွီ၊ ကိုယ်လာနေပါပြီ..." ချူးယွင်ဖန်းက လက်သီးကို ကျစ်ကျစ် ဆုပ်ပြီးနောက် ပြန်လွှတ်ချလိုက်သည်။ ပြီးနောက် မျက်လုံးမှိတ်၍ ကျင့်ကြံမှုအတွင်းသို့ နစ်မြုပ်သွားလေသည်။
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၍ တစ်လအကြာတွင် အတွင်းစည်းတပည့်ပြိုင်ပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်ယံမှ ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ပြိုင်ပွဲစတင်တော့မည်ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။ ဂိုဏ်း၏ အလယ်ဗဟိုတွင် ရွှေရောင်အလင်းတန်းကြီးတစ်ခု ပေါ်ပေါက်လာ၍ တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ပြိုင်ပွဲကျင်းပမည့် နယ်မြေငယ်တစ်ခုဆီ ဦးတည်နေသော တံခါးဖြစ်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ နယ်မြေသည် အလွန်ကျယ်ပြောလှသော်လည်း လက်တွေ့တွင် အပြင်ပန်းမှ မြင်တွေ့ရသည်ထက် အဆပေါင်း ပိုမိုကြီးမားပေသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ဗဟိုနန်းဆောင်ကို အလယ်ဗဟိုပြု၍ သေးငယ်သော ကမ္ဘာငယ်အမြောက်အမြားဖြင့် ချိတ်ဆက်ထားသောကြောင့် လူအများသည် တယ်လီပို့လမ်းကြောင်းများကို အသုံးပြုကာ သွားလာလှုပ်ရှားရသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ထိုကဲ့သို့ အတိုင်းအဆမဲ့သည် ကမ္ဘာငယ်ပေါင်း မည်မျှရှိသည်ကို မည်သူမျှ မသိကြပေ။
ယခုတစ်ကြိမ်တွင် ဖွင့်လှစ်လိုက်သည့် နယ်မြေသည် အတွင်းစည်းတပည့် ပြိုင်ပွဲကျင်းပမည့် နယ်မြေဖြစ်သည်။ ကြိုတင်ပြင်ဆင်ထားကြသည့် အတွင်းစည်းတပည့်ပေါင်းများစွာသည် အလင်းတန်းများကို နင်းလျှောက်၍ ထိုအလင်းတံခါးရှိရာ အရပ်ဆီသို့ ဦးတည်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ ကြီးမားသော မျက်နှာပြင်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ထိုမျက်နှာပြင်ပေါ်တွင် နယ်မြေငယ်အတွင်းမှ မြင်ကွင်းများကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်။ တပည့်ပေါင်းများစွာသည် ဤအလင်းမျက်နှာပြင်များမှတစ်ဆင့် ပြိုင်ပွဲကို စောင့်ကြည့်နိုင်ကြသည်။ အထူးသဖြင့် ပြိုင်ပွဲဝင်ရန် အစီအစဉ်မရှိကြသည့် အပြင်စည်းတပည့်များနှင့် အတွင်းစည်းတပည့်များအတွက်မူ ဤကဲ့သို့သော တိုက်ပွဲမျိုးကို အချိန်တိုင်း မြင်တွေ့နိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် ထိုတိုက်ပွဲများကို စောင့်ကြည့်လေ့လာခြင်းဖြင့် တိုက်ခိုက်မှုအတွေ့အကြုံများနှင့် တိုက်ပွဲဆိုင်ရာ နားလည်သဘောပေါက်မှုများကို တိုးတက်အောင် လုပ်ဆောင်နိုင်ကြသည်။
ကောင်းကင်ယံတွင် အလင်းတန်းများ ပေါ်ထွက်လာ၍ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် အလင်းလိုက်ကာကြီးတစ်ခုအသွင် ဖြစ်ပေါ်လာသောကြောင့် အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။ ထိုအခါ အလင်းမျက်နှာပြင်အမြောက်အမြားနှင့် မလှမ်းမကမ်းတွင် လာရောက်ကြည့်ရှုကြသည့် တပည့်များစွာ ပေါ်ပေါက်လာကြသည်။
***