"ဒီနှစ် ပြိုင်ပွဲမှာ ဝမ်ယိဖန် ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ထားတယ်လို့ ကျုပ်ကြားတယ်။ ချန်ပီယံကတော့ ယွီဝမ်ရှင်းဖြစ်ဖို့ များနေပြီပဲ။ ဆုတွေကလည်း တကယ့်ကို အံ့မခန်းပဲလေ"
"ဟာ... ဒီလူတွေရဲ့ ပါရမီက ကြောက်စရာကောင်းလွန်းတယ်။ ဒါ့အပြင် သူတို့က တပည့်ရင်းတွေရဲ့ အသိအမှတ်ပြုမှုကိုတောင် ရရှိထားကြတာ။ တပည့်ရင်းတွေသာ ဝင်ပါလာရင် သူတို့ ရွေးချယ်ထားတဲ့သူကလွဲလို့ တခြားဘယ်သူမှ ချန်ပီယံဖြစ်လာမှာ မဟုတ်ဘူး"
လူတိုင်းက တက်ကြွစွာ ဆွေးနွေးနေကြသော်လည်း လူအများ မျှော်လင့်ချက်ထားသူသည် ယွီဝမ်ရှင်းဖြစ်သည်။ ထူးချွန်သော ပါရမီ မရှိပါက အတွင်းစည်းတပည့်တစ်ဦးအနေဖြင့် တပည့်ရင်းတစ်ဦး၏ အာရုံစိုက်မှုကို ရရှိရန် ခဲယဉ်းလှသည်။ ထို့ပြင် ၎င်းတို့သည် အလွန်ပါရမီထူးသူများဖြစ်သည့်အပြင် တပည့်ရင်းများ၏ အပြည့်အဝ ပျိုးထောင်မှုကိုပင် ရရှိထားကြရာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကို မည်သူမျှ မသိနိုင်ပေ။ အတိတ်က အခြေအနေများအရ ထိုကဲ့သို့သော တပည့်မျိုး ပါဝင်နေသရွေ့ ချန်ပီယံသည် တခြားသူတစ်ယောက်ဖြစ်ရန် မဖြစ်နိုင်သလောက် နည်းပါးပေသည်။
"ယွီဝမ်ရှင်းက ဂိုဏ်းထဲဝင်လာတာ သုံးနှစ်ပဲ ရှိသေးတာကို ပထမဆုံးအကြိမ်နဲ့တင် ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်မှာတော့ပေါ့"
"တပည့်ဟောင်းတွေက ဘာများ အရေးပါလို့လဲ။ အခု တပည့်သစ်တွေက ပိုပိုပြီး သန်မာလာကြပြီ။ ထိပ်တန်းဆယ်ယောက် စာရင်းတောင် ပြောင်းလဲသွားမလား မသိဘူး။ ဒီနှစ် တပည့်သစ်တွေထဲမှာ ထူးထူးခြားခြား အစွမ်းထက်တဲ့ လူနှစ်ယောက်ရှိတာ ခင်ဗျားတို့မသိဘူးလား။ ဟွာရှန်းယွမ်က ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လို့ ပြောကြပြီး သူ့ရဲ့ ကျင့်စဉ်အဆင့်က တန်တူကျင့်ကြံသူတွေကြားမှာတောင် ပြိုင်ဘက်ကင်းပဲ။ တချို့ဆိုရင် သူက ပထမနှစ်မှာတင် ထိပ်တန်းဆယ်ယောက်စာရင်းထဲ ဝင်နိုင်တယ်လို့ ပြောနေကြတာ။ နောက်ပြီး အရင်တစ်သုတ်ရဲ့ ထိပ်တန်းဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ စုဟုန်ချင်းကို အနိုင်ယူခဲ့တဲ့ ချူးယွင်ဖန်းလည်း ရှိသေးတယ်။ စုဟုန်ချင်းရဲ့ ကျင့်စဉ်က တော်တော်လေး နက်ရှိုင်းပေမယ့် သူ အလွယ်တကူ ရှုံးသွားတာလေ"
"ဟုတ်တယ်။ စုဟုန်ချင်းကတော့ သိက္ခာကို အဖတ်ဆယ်လို့ မရအောင်ဖြစ်သွားပြီ။ သူ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စိတ်ပါမှာတောင် မဟုတ်တော့ဘူး။ ကျုပ်ထင်တာတော့ ဒီတစ်ကြိမ် သူ အရှက်တကွဲဖြစ်ခဲ့ရတာကို လက်စားချေဖို့အတွက် ဒြပ်မဲ့ကျွမ်းကျင်အဆင့်ရောက်အောင် သီးသန့်ကျင်ကြံပြီး အစွမ်းကုန် ကြိုးစားတော့မယ် ထင်တယ်"
"မှန်တယ်၊ သူတို့တွေက ဒြပ်မဲ့ကျွမ်းကျင်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့ပေမယ့် တမင် အဆင့်မတက်ဘဲနေနေကြတာ။ သူတို့က အရင်ဆုံး အခြေခံခိုင်မြဲအောင် လေ့ကျင့်ချင်ကြတာ။ အခု စုဟုန်ချင်းတော့ ဆက်ပြီး သည်းခံနေမှာ မဟုတ်တော့ဘူး။ ချူးယွင်ဖန်း သက်ရှိထင်ရှား ရှိနေသရွေ့ သူ မျက်နှာပန်း ပြန်ရမှာမဟုတ်ဘူး"
"ဒါပေမယ့် ကျုပ်ကြားတာတော့ ချူးယွင်ဖန်းက ဒြပ်မဲ့လေ့လာသူအဆင့်ကိုတောင် မရောက်သေးဘူးဆိုပဲ"
"တကယ်လို့ အဲဒါသာ အမှန်ဆိုရင်တော့ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းသွားပြီ။ စီနီယာဝမ်ယိဖန် မျက်စိကျနေတဲ့ ယွီဝမ်ရှင်း၊ ထူးခြားတဲ့ ခန္ဓာကိုယ်ရှိပြီး အံ့အားသင့်စရာ ကံကောင်းမှုတွေ ကြုံတွေ့ထားတဲ့ ဟွာရှန်းယွမ်၊ နောက်ပြီး ဒြပ်မဲ့လေ့လာသူအဆင့်ကိုတောင် မရောက်သေးဘဲ စုဟုန်ချင်းကို ချေမှုန်းခဲ့တဲ့ ချူးယွင်ဖန်း။ ဒီတစ်သုတ်က တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ"
အတွင်းစည်းတပည့်နှင့် အပြင်စည်းတပည့် အများအပြားသည် အတွင်းစည်းတပည့် ပြိုင်ပွဲဝင်များနှင့် ပတ်သက်၍ အားလပ်ချိန်များတွင် ထိုသို့ မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြသည်။ ခြံဝင်းအတွင်းရှိ ချူးယွင်ဖန်းသည် ခေါင်းလောင်းသံကို ကြားသောအခါ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
'တစ်လတောင် ကုန်သွားပြီလား။ ငါ နောက်ထပ် အဆင့်တက်ဖို့ နည်းနည်းပဲ လိုတော့တာကို' ချူးယွင်ဖန်းက အနည်းငယ် နှမြောတသဖြစ်မိသွားသည်။ အဆင့်ဖြတ်ကျော်ရန် အခွင့်အရေးသည် မိမိ ရှေ့မှောက်၌ ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဒြပ်မဲ့အဆင့်မှ ဒြပ်မဲ့လေ့လာသူအဆင့်သို့ ကူးပြောင်းရန် နီးစပ်နေပြီဖြစ်သည်။ သူသည် ဒြပ်မဲ့အဆင့် ကျင့်စဉ်ဖြင့် အတွင်းစည်းတပည့် ပြိုင်ပွဲကို ဝင်ပြိုင်ရဲသည့် ပထမဆုံးသော တပည့်တစ်ဦးဖြစ်ပေလိမ့်မည်။
'ကောင်းပြီ၊ အချိန်တန်ပြီ။ ကြယ်ကြွေကောင်းကင်းဂိုဏ်းကို ရောက်တာ နှစ်လောက်ရှိပြီဆိုတော့ လူတိုင်း ကျုပ်အကြောင်း သိသွားအောင် ပြရတာပေါ့' ချူးယွင်ဖန်းသည် မတ်တတ်ရပ်ပြီးနောက် အလင်းတန်းတစ်ခုကို စီးနင်းလျက် ကောင်းကင်ယံရှိ ကြီးမားသော အလင်းတံခါးဆီ ဦးတည်သွားလေသည်။
ချူးယွင်ဖန်းသည်သာ ကောင်းကင်ယံကို ဖြတ်ကျော်နေသည့် မရေတွက်နိုင်သော အလင်းတန်းများအနက်တစ်ခုဖြစ်သည်။ ချူးယွင်ဖန်းသည် လူမသိအောင် နေထိုင်သဖြင့် မည်သူမျှ သတိပြုမိကြမည် မဟုတ်ပေ။ သူသည် မကြာမီ တံခါးဝကို ဖြတ်ကျော်လိုက်သောအခါ ၎င်းနောက်ကွယ်ရှိ ကြီးမားသော ပြိုင်ကွင်းကြီးနှင့်အတူ ၎င်းကို ဝန်းရံထားသည့် ထိုင်ခုံတန်းများကို တွေ့လိုက်ရသည်။ ထိုထိုင်ခုံများပေါ်တွင် မသဲမကွဲ လူရိပ်များရှိနေသည်။ သာမန်လူများသည် တစ်ခုခုဖြင့် ကာဆီးခံရသကဲ့သို့ ၎င်းတို့၏မျက်နှာကို မမြင်တွေ့နိုင်ကြသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို မြင်တွေ့နေရသည်။ ထိုလူများသည် ဂိုဏ်း၏ ထူးချွန်တပည့်များဖြစ်ကြသည်။
ထိုသူတစ်ဦးချင်းစီသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့သည် ပြိုင်ပွဲဝင်မည့် ထောင်ပေါင်းများစွာသော အတွင်းစည်းတပည့်များကို မြင့်မြတ်သောအဆင့်မှ ကြည့်ရှုနေကြသည်။ သို့သော် ပြိုင်ပွဲဝင်များအနက် နောက်ဆုံးတွင် ချန်ပီယံတစ်ဦးတည်းသာ ရှိမည်ဖြစ်၍ အနည်းငယ်သော တပည့်များသာ ထင်ရှားကျော်ကြားလာပေလိမ့်မည်။
လူအနည်းငယ်သာ ထူးချွန်တပည့် အသိုင်းအဝိုင်းသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီကြသည်။ ဒြပ်မဲ့လေ့လာသူအဆင့်နှင့် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သည် ခြေတစ်လှမ်းသာ ကွာခြားသည်ဟု ထင်မှတ်ရသော်လည်း လူတိုင်း ထိုအဆင့်ကို မကျော်ဖြတ်နိုင်ကြပေ။
စုဟုန်ချင်းကဲ့သို့သော တပည့်များသည် အဆင့်ဖြတ်ကျော်နိုင်ခြေ မြင့်မားစေရန်အတွက် ၎င်းတို့၏ အခြေခံကို အဆက်မပြတ် သွေးနေကြသည်။ သို့သော်လည်း အဆင့်ဖြတ်ကျော်မည်ဟု အာမခံချက် မရှိပေ။ ဒြပ်မဲ့လေ့လာသူအဆင့်၏ အထွတ်အထိပ်ထက် ကျော်လွန်၍ အလွန်ခိုင်မာသော အခြေခံရှိသူများသာ ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းနိုင်ကြသည်။
ထို့ကြောင့် ဤထူးချွန်တပည့်များသည် အတွင်းစည်းတပည့်များကို အထက်စီးမှ ကြည့်နိုင်သည့် အခွင့်အရေးရှိနေကြခြင်းဖြစ်သည်။ ၎င်းတို့သည်လည်း ဤနေရာမှတစ်ဆင့် နဂါးတံခါးဝကို ကျော်ဖြတ်ကာ ဂိုဏ်းမှ တန်ဖိုးထားရသည့် ထူးချွန်တပည့်များ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
သာမန် အစစ်အမှန်တပည့်များသည် ဤအဆင့်ရှိ ပြိုင်ပွဲကို ဂရုစိုက်မည် မဟုတ်သော်လည်း ထူးချွန်တပည့်များက ထိုသို့ မဟုတ်ပေ။ ၎င်းတို့အနက် အများအပြားသည် ပါဝင်ဆင်နွှဲရန် အပြေးအလွှား ပြန်လာခဲ့ကြသည်။ ပြိုင်ပွဲတွင် လူကြိုက်များသော ပြိုင်ပွဲဝင်များစွာရှိသော်လည်း ၎င်းတို့၏ အရည်အချင်းသည် အစစ်အမှန်တပည့်များ ရွေးချယ်ထားသော နောက်လိုက်များကဲ့သို့ မသန်မာကြပေ။
ထိုလူများသည် ကြီးမားသော ကွင်းပြင်ကြီးထဲတွင် စုဝေးထိုင်နေကြသော်လည်း လူကျပ်နေပုံ မပေါ်ပေ။ ချူးယွင်ဖန်း၏ အကြည့်များ အတွင်းစည်းတပည့်များဆီသို့ ရောက်သွားသောအခါ ထိုထောင်ပေါင်းများစွာသော တပည့်များသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းတို့နက် အလယ်အလတ်အဆင့် ဒြပ်မဲ့လေ့လာသူအဆင့် များပါဝင်ကြသော်လည်း အရေအတွက်သည် မများပြားလှပေ။ အများစုသည် နှောင်းပိုင်း ဒြပ်မဲ့လေ့လာသူအဆင့်များဖြစ်ကြ၍ အထွတ်အထိပ်အဆင့် ဒြပ်မဲ့လေ့လာသူအဆင့် ကျင့်ကြံသူများပင် အတော်အတန် ပါဝင်ကြသည်။ ထိုသူများသည် ၎င်းတို့၏ အစွမ်းကို ဖုံးကွယ်ထားကြသော်လည်း ချူးယွင်ဖန်း၏ အမြင်အာရုံမှ မည်သို့မျှ ဖုံးကွယ်နိုင်မည်နည်း။
၎င်းတို့အနက် ချူးယွင်ဖန်းသည် ဟွာရှန်းယွမ်ကို ချက်ချင်း တွေ့ရှိသွားသည်။ သူသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ လူအုပ်ကြားထဲတွင် တစ်ယောက်တည်း ရပ်တန့်နေသည်။ မည်သူမျှ သူနှင့် နီးနီးကပ်ကပ် မနေဝံ့ဘဲ ခပ်ခွာခွာ ရပ်နေကြသည်။ အခြားတစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် သတ်ဖြတ်လိုစိတ် ပြင်းပြသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည် လူငယ်တစ်ဦးသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေကြောင်း မြင်တွေ့လိုက်ရသည်။ ထိုလူငယ်သည် သူ၏ သတ်ဖြတ်လိုစိတ်ကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သားကောင်ကို စိုက်ကြည့်နေသကဲ့သို့ စိန်ခေါ်လိုသော အရိပ်အမြွက်များ ပါရှိနေသည်။
ချူးယွင်ဖန်းက ထိုလူငယ်၏ အကြည့်ကို တုံ့ပြန်ကြည့်လိုက်သော်လည်း အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။ ဤလူငယ်၏ အရှိန်အဝါသည် သာမန် ဒြပ်မဲ့လေ့လာသူ အထွတ်အထိပ်အဆင့်ထက် များစွာ သန်မာသောကြောင့် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုအပ်ပေသည်။ ဤလူသည် ယွီဝမ်ရှင်းသာဖြစ်ပေလိမ့်မည်။
***