ယခုနှစ် အတွင်းစည်းတပည့်ပြိုင်ပွဲသည် ပုံမှန်ထက် ပိုမိုပြင်းထန်ကြောင်း လူတိုင်းသိကြသည်။ ဤသည်မှာ တစ်ဦးချင်းပြိုင်ပွဲ မဟုတ်ဘဲ လူအများတစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဆုလာဘ်များသည်လည်း ပုံမှန်ထက် ပို၍မြင့်မားပေသည်။ ကြီးမားလှသော ကွင်းပြင်ကြီးအတွင်း၌ အလင်းတန်းများ ကောင်းကင်သို့ ပျံသန်းသွားကြ၍ လွင့်စင်လာသော တိုကင်ပြားများကို လှမ်းဖမ်းနေကြသည်။ ထိုတိုကင်ပြားများသည် လေထုထဲ၌ ဝဲပျံနေကြသည်။ အတွင်းစည်းတပည့် ထောင်ပေါင်းများစွာ စတင်တိုက်ခိုက်ကြသည်နှင့် အမျိုးမျိုးသော လက်ဖဝါးရိပ်ကြီးများ ကောင်းကင်ယံသို့ ချက်ချင်းပင် ဖြတ်သန်းသွားကြသည်။
ချူးယွင်ဖန်းသည် ထိုလူများကြားတွင် တိုက်ခိုက်ရန် အလျင်မလိုသေးဘဲ ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်သည်။ သူသည် အနီရောင်တိုကင်တစ်ခုကို မြင်လိုက်ရသည့်အခါ အလင်းတန်းတစ်ခုကို စီးနင်း၍ ၎င်းထံသို့ ပျံသန်းသွားလေသည်။ တစ်ချိန်တည်းမှာပင် အခြားသော တပည့်ဒါဇင်ခန့်သည်လည်း ထိုအနီရောင်တိုကင်ရှိရာသို့ ဦးတည်နေကြသည်။ ၎င်းတို့တစ်ဦးချင်းစီသည် အလွန်အမင်း အားကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ ထိုထိတ်လန့်ဖွယ်ရာ အရှိန်အဝါများသည် ဝန်းကျင်ရှိ ရှောင်တိမ်းရန် အချိန်မမီလိုက်သော အတွင်းစည်းတပည့်များကို တွန်းထုတ်ပစ်သည့် အရောင်အဝါနယ်မြေတစ်ခု ဖြစ်ပေါ်သွားစေသည်။
ဤလူများသည် ဒြပ်မဲ့လေ့လာသူအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူများဖြစ်ကြ၍ ဤအဆင့်သို့ ရောက်ရှိနေသူများသာ အနီရောင်တိုကင်ပြားများကို လုယူဝံ့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနီရောင်တိုကင်ပြားသည် ထိပ်တန်း (၁၀) ယောက်စာရင်းကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။
"ချူးယွင်ဖန်း၊ မင်းရဲ့ ကံကောင်းမှုတွေ ဒီမှာပဲ အဆုံးသတ်ပြီ"
လူရိပ်တစ်ခု ကောင်းကင်ကို ဖြတ်သန်းလာ၍ ချူးယွင်ဖန်းကို ပိတ်ဆို့လိုက်သည်။ သူသည် ကြည့်ကောင်းသော ရုပ်ရည်အသွင်အပြင်ရှိ၍ အလယ်အလတ် ကိုယ်ခန္ဓာ အရွယ်အစားနှင့် ထက်မြက်သော အကြည့်များရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။
"ခင်ဗျားက ဘယ်သူလဲ" ချူးယွင်ဖန်းက မေးလိုက်သည်။
"ကျုပ်နာမည်က ဝမ်ကျီမင်" ချူးယွင်ဖန်းကို တားဆီးနေသည့် အမျိုးသားက ပြောလိုက်သည်။
"ကျုပ် သူငယ်ချင်း စုဟုန်ချန်းကို မင်း အလစ်တိုက်ခိုက်ပြီး ပြိုင်ပွဲမှာ မပါဝင်နိုင်အောင် လုပ်ခဲ့တယ်လို့ ကျုပ် ကြားတယ်။ သူ့အတွက် ကျုပ် တရားမျှတမှု ပြန်ရှာပေးရမယ်”
ချူးယွင်ဖန်းသည် ခေတ္တမျှ မှင်သက်သွားသည်။ ဤအမျိုးသားသည် စုဟုန်ချန်း၏ မိတ်ဆွေဖြစ်ကြောင်း သူ ချက်ချင်းပင် နားလည်လိုက်သည်။ သို့သော် စုဟုန်ချန်းသည် ဝမ်ကျီမင်ထံ အမှန်တရားကို မပြောပြခဲ့ပေ။ ချူးယွင်ဖန်းက ချောင်းမြောင်းတိုက်ခိုက်သည်ဟူသော စကားများသည် မိမိ အရှက်သိက္ခာကို ဖုံးကွယ်ရန် ဆင်ခြေပေးခဲ့ခြင်းသာဖြစ်သော်လည်း ဝမ်ကျီမင်သည် ၎င်းကို ယုံကြည်နေခဲ့သည်။
"ဝမ်ကျီမင်က ချူးယွင်ဖန်းကို ချက်ချင်း ရှာတွေ့သွားလိမ့်မယ်လို့ မထင်ထားဘူး။ စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ။ ကျင့်ကြံမှုအပိုင်းအရ ဝမ်ကျီမင်က စုဟုန်ချန်းထက် ပိုပြီးခိုင်မာတယ်။ ချူးယွင်ဖန်း သူ့ကို လွယ်လွယ်နဲ့ အနိုင်ရမှာ မဟုတ်ဘူး"
"ပိုအရေးကြီးတာက သတိမထားရင် တိုကင် (၁၀) ခုလုံး ဆုံးရှုံးသွားနိုင်တယ်။ ကျင့်ကြံမှု အမြင့်ဆုံးလူကပဲ အနီရောင်တိုကင် (၁၀) ခုကို ရလိမ့်မယ်ဆိုပြီး ဘယ်သူတပ်အပ် ပြောနိုင်မှာလဲ။ နည်းဗျူဟာနဲ့ နည်းလမ်းတွေကိုလည်း ဂရုစိုက်ရမှာ"
ပြိုင်ကွင်းအပြင်ဘက်ရှိ အတွင်းစည်းနှင့် အပြင်စည်းတပည့်များစွာသည် မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြသည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့် ပြိုင်ကွင်းထဲက ပါရမီရှင်များကဲ့သို့ မမြင့်မားသော်လည်း ၎င်းတို့တွင် နည်းဗျူဟာပိုင်းဆိုင်ရာ အမြော်အမြင်များ ရှိကြသည်။ ချူးယွင်ဖန်းသည် ယခုပြိုင်ပွဲတွင် မျက်စိအကျဆုံး တပည့်များအနက် တစ်ဦးဖြစ်သည်။ သူ၏ ခွန်အားကြောင့်သာမကဘဲ သူ၏ ထူးခြားမှုကြောင့်လည်းဖြစ်ပေသည်။ သူသည် ဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်ကပင် တပည့်အသစ်များကြားတွင် အထူးခြားဆုံးဖြစ်ခဲ့သည်။ ချူးယွင်ဖန်းသည် ရွှေအမတေပြီးပြည့်စုံအဆင့်တွင် ရှိနေစဉ် မျိုးစေ့တပည့် (၁၀) ဦးအနက် တစ်ဦးဖြစ်လာခဲ့သည်။
ပြိုင်ကွင်းအပြင်ဘက်ရှိ တပည့်သစ်များစွာသည် ဖန်သားပြင်မှတစ်ဆင့် ချူးယွင်ဖန်းကို မနာလိုစွာ စောင့်ကြည့်နေကြသည်။ သူသည် ၎င်းတို့နှင့်အတူ ဂိုဏ်းထဲသို့ တစ်ချိန်တည်း ဝင်လာခဲ့သော်လည်း ၎င်းတို့အားလုံး ဝင်ရောက်ယှဉ်ပြိုင်ရန်ပင် သတ္တိမရှိချိန် ချူးယွင်ဖန်းက ပြိုင်ပွဲဝင်နိုင်ပြီဖြစ်သည်။ မျိုးစေ့တပည့်များသာလျှင် ဤပြိုင်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိသည်။ သို့သော် ချူးယွင်ဖန်းနှင့် ဟွာရှန်းယွမ်တို့မှလွဲ၍ ကျန်မျိုးစေ့တပည့်များသည် ဤအတွင်းစည်းတပည့်များအတွက် သာမန်မျှသာဖြစ်သည်။ ထိုတပည့်များအတွက် ထိပ်တန်းအယောက် (၅၀၀) စာရင်းဝင်ရန်ပင် အလွန်ခက်ခဲလှသည်။
ဤအချိန်တွင် ၎င်းတို့အားလုံး စိတ်ပျက်အားငယ်မှုများ ခံစားလိုက်ရသည်။ ၎င်းအချင်းချင်းကြားရှိ ကွာခြားချက်သည် များပြားလွန်းလှသည်။ ၎င်းတို့သည် ပါရမီရှင်များဖြစ်လျှင်ပင် ချူးယွင်ဖန်းနှင့် ဟွာရှန်းယွမ်တို့သည် ဒဏ္ဍာရီလာ မွန်းစတားများဖြစ်ကြသည်။ လူသားများအနေဖြင့် မွန်းစတားများကို မည်သို့မှ ယှဉ်နိုင်မည်နည်း။
နောက်တစ်ခဏတွင် ဝမ်ကျီမင်သည် ချူးယွင်ဖန်းကို စတင်တိုက်ခိုက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကြီးမားလှသော လက်ဖဝါးကြီးတစ်ခု ကောင်းကင်ကို ဖြတ်သန်းပြီးနောက် ချူးယွင်ဖန်းအပေါ်သို့ ကြိတ်ဆုံကြီးတစ်ခုကဲ့သို့ ကျဆင်းလာသည်။ ဤလက်ဖဝါးကြီတွင် စစ်မှန်သော သိုင်းစွမ်းအင်များ ပါဝင်နေသည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ထူးခြားသော သိုင်းပညာဖြစ်သည့် မဟာကြယ်ကြွေကောင်ကင်ဖမ်းဆီးသူဖြစ်သည်။ ဤသည်မှာ ဂိုဏ်း၏ ထူးခြားသော သိုင်းပညာတစ်ခုဖြစ်၍ ဒြပ်မဲ့အဆင့်အထက် ကျင့်ကြံသူများသာ အသုံးပြုနိုင်သည်။ ၎င်း၏ စွမ်းအင်သည် ကျင့်ကြံသူ၏ ကျင့်စဥ်ပေါ်မူတည်၍ ကွဲပြားခြားနားလေ့ရှိသည်။ ဝမ်ကျီမင်၏ လက်ထဲတွင်မူ ၎င်းသည် အမှန်တကယ်ပင် အင်အားကြီးမားလှသည်။
"ဒီလှုပ်ရှားမှု တစ်ခုတည်းနဲ့တင် ဝမ်ကျီမင်ရဲ့ အစွမ်းက ဒြပ်မဲ့လေ့လာသူအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုတာ သက်သေပြနေတာပဲ"
မြင့်မြတ်လှပါသော ဒြပ်မဲ့လေ့လာသူအဆင့် လက်ရွေးစင်တပည့်များပင် ဤလှုပ်ရှားမှုကို မြင်တွေ့ရသည့်အခါ အထင်ကြီးသွားကြသည်။ သာမန်အတွင်းစည်းတပည့်များသည် ၎င်းတို့အတွက် စိတ်ဝင်စားစရာ မဟုတ်သော်လည်း ဤထိပ်တန်းလေ့လာသူများသည် ကွဲပြားခြားနားကြသည်။ ၎င်းတို့သည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ တက်လှမ်း၍ ၎င်းတို့နှင့် တန်းတူ လက်ရွေးစင်တပည့်များဖြစ်လာနိုင်သည့် အလားအလာရှိကြသည်။ ထို့ကြောင့် လူတိုင်းက အာရုံစိုက်နေကြသည်။
သို့သော်လည်း ထိုအချိန်တွင် ချူးယွင်ဖန်း၏ အရှိန်အဝါသည်လည်း အမြင့်ဆုံးသို့ မြင့်တက်လာ၍ သူ၏ လက်သီးကို ဝှေ့ယမ်းလိုက်သည်။ တခဏချင်း ချူးယွင်ဖန်း၏ နောက်ကျောဘက်၌ အသူရကာယ်တစ်ပါး ပေါ်ပေါက်လာသည်။ ၎င်းသည် ကောင်းကင်ယံရှိ လက်ဖဝါးကြီးကို ချက်ချင်း ဆွဲဖြဲပစ်ပြီးနောက် ဝမ်ကျီမင်ကို အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်သည်။
ဘန်း
ဝမ်ကျီမင်သည် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ အနောက်သို့ လွင့်စဉ်သွားကာ သွေးများ အန်ထုတ်နေသည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရသွား၍ ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းအကာအကွယ်တစ်ခု ပေါ်ပေါက်လာ၍ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝန်းရံလိုက်သည်။ ဤသည်မှာ တပည့်များ အသတ်မခံရစေရန် ပြုလုပ်ပေးထားသည့် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ကာကွယ်ရေး ဖွဲ့စည်းပုံဖြစ်သည်။ ၎င်းသည် တပည့်တစ်ဦး အန္တရာယ်ရှိလာသည့်အခါ အပြင်သို့ ချက်ချင်း ပို့ဆောင်ပေးမည်ဖြစ်သည်။
"သိုင်းကွက်တစ်ကွက်တည်းနဲ့လား... ဝမ်ဇီမင် တကယ် ရှုံးသွားတာလား"
ဤမြင်ကွင်းကို ကြည့်နေသူများ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ဝမ်ကျီမင်နှင့် ချူးယွင်ဖန်းတို့၏ တိုက်ပွဲသည် အလွန်ပြင်းထန်လိမ့်မည်ဟု လူတိုင်း ထင်မှတ်ထားခဲ့သည်။ ဝမ်ကျီမင်သည် ဒြပ်မဲ့လေ့လာသူ အထွတ်ထိပ်တစ်ဦးဖြစ်၍ ချူးယွင်ဖန်းသည် လူအများ အာရုံစိုက်နေသော တပည့်သစ်တစ်ဦးဖြစ်သည်။ လူအများ၏ အမြင်တွင် ၎င်းတို့နှစ်ဦးလုံး၏ ခွန်အားသည် ထူးခြားသော်လည်း ချူးယွင်ဖန်းသည် ဝမ်ကျီမင်အောက် အားနည်းမည်ဟု ယူဆခဲ့ကြသည်။ သို့သော် ဝမ်ကျီမင်သည် ချူးယွင်ဖန်း၏ သိုင်းတစ်ကွက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။
"ဒါက... ဒါက..."
လူတိုင်း ဆွံ့အသွားကြသည်။ ၎င်းတို့ သိထားသော အချက်အလက်များအရ ဝမ်ကျီမင်သည် သိုင်းပညာနှင့် ကျင့်ကြံမှုအဆင့်တွင် အသာစီးရနေသင့်သည်။
"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ လက်သီးချက်လဲ။ ဒါက ဘယ်လို လက်သီးသိုင်းပညာလဲ။ အဲဒီထဲမှာ တာအို အရိပ်အမြွက်တချို့တောင် မြင်လိုက်ရသလိုပဲ"
"ဒါက ကျုပ်တို့ဂိုဏ်းရဲ့ သိုင်းပညာနဲ့ မတူဘူး" လူများစွာသည် ထိတ်လန့်တကြား ဆွေးနွေးနေကြသည်။
***