ယိရှိုးယွမ် စိတ်မကြည်မလင်နှင့် လက်ကာပြလိုက်ပြီး မျက်ဝန်းများ စူးရှသွားသည်။
"ထားလိုက်ပါ။ ယဲ့မျိုးရိုးက အခု အချစ်ခံနေရတာဆိုတော့ ငြင်းလိုက်ရင် အရှင်မင်းကြီးဆီ သွားတိုင်နေဦးမယ်။ ဝင်လာခိုင်းလိုက်။”
"သူ ဘာလှည့်ကွက်တွေ သုံးဦးမလဲ ကြည့်ရသေးတာပေါ့။”
တတိယမင်းသားကို အရင်ခေါ်ထုတ်သွားခိုင်းလိုက်ပြီး အဝတ်အစားများ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်လိုက်သည်။ ထို့နောက် ယဲ့ယွင်ကို ဝင်ခွင့်ပြုလိုက်သည်။
"ဒီချန်းချဲ့... ရှိုးယွမ်ကို ဂါရဝပြုပါတယ်။ ရုတ်တရက် ရောက်လာတဲ့အတွက် ခွင့်လွှတ်တော်မူပါ။”
ယဲ့ယွင်က ယဉ်ကျေးစွာ ပြောလိုက်သည်။ "ပြုံးပြနေတဲ့သူကို ပါးမရိုက်ရဘူး" ဟူသော စကားပုံရှိသည် မဟုတ်လား။
ယိရှိုးယွမ်သည် ယဲ့ယွင် ဒီလောက် ယဉ်ကျေးလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ပို၍ သတိထားနေမိသည်။
"မင်ရှိုးရုန် ထိုင်ပါ။ ဒီနေ့ရောက်လာတာ ကိစ္စရှိလို့လား။”
ထိုကဲ့သို့တိုက်ရိုက်မေးလိုက်ခြင်းသည် စကားမြန်မြန်ပြောပြီး မြန်မြန်ပြန်စေချင်သော သဘောဖြစ်သည်။
သူမ၏ သဘောကို ယဲ့ယွင် နားလည်သော်လည်း မသိဟန်ဆောင်၍ ပြုံးလျက် ဝင်ထိုင်ကာ ပြောလိုက်သည်။
"ရှိုးယွမ်က ဒီချန်းချဲ့ကို လက်ဖက်ရည်တောင် မတိုက်တော့ဘူးလား။ လာရတာ မလွယ်ဘူးလေ။ ရှိုးယွမ်ဆီက ရွှယ်တင်းဟန်ချွေ လက်ဖက်ရည်က နာမည်ကြီးတယ်လို့ ချန်းချဲ့ကြားဖူးနေတာကြာပါပြီ။”
"လက်ဖက်ရည်တော့ ရှိပါတယ်။ မင်ရှိုးရုန် ရောက်လာတာ ရှားလို့ အံ့ဩသွားတာပါ"
ယိရှိုးယွမ်က အပြုံးတစ်ခု အတင်းလုပ်ယူလိုက်သည်။ စိတ်အခြေအနေကို ပြန်ထိန်းလိုက်ပြီး လက်ကာပြလိုက်ရာ ယွင်ရှို့ က လက်ဖက်ရည် လာငှဲ့ပေးသည်။
ယဲ့ယွင် တစ်ငုံသောက်လိုက်ပြီး အရသာခံနေသည်။ သူမ၏ အေးဆေးတည်ငြိမ်နေပုံကြောင့် ယိရှိုးယွမ် စိတ်မရှည်တော့ပေ။
"မင်ရှိုးရုန် ဒီကို လာတာ လက်ဖက်ရညသောက်ရုံ သက်သက်တော့ မဟုတ်
လောက်ဘူးထင်ပါတယ်။”
"သေချာတာပေါ့"
ယဲ့ယွင် သူမကို ကြည့်ပြီး ပြုံးပြလိုက်သည်။ ထို့နောက်ဟွေယွဲ့ နှင့် နန်ကျစ်ကို လက်ယပ်ခေါ်လိုက်သည်။
"ဒီချန်းချဲ့ ပိတ်စ အသစ်တွေ ရထားတယ်။ ချည်ထိုးဌာနက လူတွေပြောတာတော့ ဒီအစက နူးညံ့ပြီး ကလေးအဝတ်အစား ချုပ်ရင် ကောင်းတယ်လို့ ပြောလို့လေတတိယမင်းသားအတွက် လာပို့ပေးတာပါ။ ပြီးတော့ ကလေးကစားစရာတွေလည်း ပါတယ်။ ဒါချန်းချဲ့အဘိုးအိမ်က ရှာဖွေစုဆောင်းထားတာလေးတွေပါ"
အစေခံနှစ်ဦး ရှေ့တိုးလာပြီး ပစ္စည်းများကို ပြသလိုက်သည်။
ကစားစရာများက သစ်သားဖြင့် ပြုလုပ်ထားပြီး ဆန်းသစ်သော်လည်း တန်ဖိုးမကြီးလှပေ။ သို့သော် ပိတ်စများကတော့ တကယ့်ကို အကောင်းစား ရွှယ်ရှားကျင်ပိတ်စများဖြစ်ကြသည်။
ယိရှိုးယွမ်သည် ယဲ့ယွင်၏ ရည်ရွယ်ချက်ကို နားမလည်နိုင် ဖြစ်သွားသည်။ သူမနဲ့မိတ်ဆွေဖွဲ့ချင်တာလား။ ဒါပေမဲ့ ရုတ်တရက်ကြီးဖြစ်မနေဘူးလား? သူမလက်သင့်ခံသင့်မခံသင့်စဉ်းစားဖို့လိုသေးတယ်လေ။
"ဒါဆို တတိယမင်းသား ကိုယ်စား ကျေးဇူးတင်ပါတယ် မင်ရှိုးရုန်။ ဒီလို ပစ္စည်းကောင်းတွေက တကယ်ရှားပါးပါတယ်"
"ရှိုးယွမ်က အမြင်မကောင်းတာမဟုတ်ဘူးပဲ။ ပစ္စည်းကောင်း၊ မကောင်းကို တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။ ဒါပေမဲ့ လူ့စိတ်ကောင်း၊ မကောင်းကိုရော ခွဲခြားနိုင်ရဲ့လား။”
ယဲ့ယွင် ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်သည်။ ထိုစကားကြောင့် ယိရှိုးယွမ် ကြောင်သွားပြီး ချက်ချင်း သတိထားလိုက်ပြီး ပြုံးသလိုလိုနှင့် ကြည့်ကာ မေးလိုက်သည်။
"မင်ရှိုးရုန် ဘာကို ဆိုလိုတာလဲ။ တို့တော့ နားမလည်တော့ဘူးရယ်။”
"ဘာမှ မဟုတ်ပါဘူး။ ဒီအတိုင်း ပြောကြည့်တာပါ။”
ယဲ့ယွင် ပေါ့ပါးစွာ ပြောလိုက်သော်လည်း သူမ၏ အကြည့်များသည် အနောက်ဘက်တွင် ရပ်နေသော ယွင်ရှီးထံသို့ ရောက်ရှိသွားသည်။
"လူ့စိတ်ကို ဝမ်းဗိုက်ခြားထားတယ်။ ပစ္စည်းတွေလို အပြင်ပန်းကြည့်ရုံနဲ့ ကောင်းမကောင်း ခွဲခြားဖို့ ခက်တာအမှန်ပဲလေ။”
သူမ၏ အကြည့်ပြောင်းလဲမှုသည် မသိသာသော်လည်း ယိရှိုးယွမ်က သူမကို စိုက်ကြည့်နေသဖြင့် သတိထားမိလိုက်သည်။
မျက်လုံးထောင့်ကနေ ကြည့်လိုက်ရာ ယွင်ရှီး၏ မျက်နှာထား တောင့်တင်းသွားသည်ကို တွေ့လိုက်ရသည်။
ယဲ့ယွင်သည်လည်း ယိရှိုးယွမ် စဉ်းစားနေ၍ သူမ၏အချက်ပြမှုကို သဘောပေါက်သည်ကိုမြင်သောအခါ ဆက်မပြောတော့ပေ။
ထို့ကြောင့်လက်ဖက်ရည်ကုန်အောင် သောက်ပြီး မတ်တတ်ရပ်လိုက်သည်။
"ပစ္စည်းတွေ ပို့ပြီးပြီဆိုတော့ ဒီချန်းချဲ့ ပြန်ပါတော့မယ်။ ရှိုးယွမ်မှာ တတိယမင်းသား ရှိနေတာပဲ။ မိခင်တစ်ယောက်
အနေနဲ့ ပိုပြီး သတိထားသင့်ပါတယ်။”
ပြောပြီးသည်နှင့် ဒူးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
လန်ဟွာနန်းဆောင်မှ ထွက်လာပြီးနောက် ဟွေယွဲ့က လှည့်ကြည့်လိုက်သည်။
"ရှိုးရုန်... အခုကိစ္စက သူ မယုံရင် အလကား ဖြစ်သွားမှာပေါ့"
"ငါ ပြောသင့်တာ ပြောပြီးပြီ။ သူ အကွက်ဆင်ခံရရင်တော့ တော်တော် တုံးလို့ပဲ။ ငါတို့တောင် ယွင်ရှီးနဲ့ ဖန်းရှိုးယွမ်ရဲ့ လူတွေ ဆက်သွယ်နေတာကို သတိထားမိတာပဲ။ သူ သေချာစုံစမ်းကြည့်ရင် သိမှာပါ။ ဒါပေမဲ့ ယွင်ရှီးက သူ့ရဲ့ ငယ်ကျွန်ဆိုတော့ သူက ယုံကြည်နေရင်တော့ ငါ့စေတနာ ရေထဲပစ်လိုက်သလို ဖြစ်သွားမှာပေါ့"
ယဲ့ယွင် ဝေါယာဉ်ပေါ်တွင် ထိုင်ရင်း ကျောက်စရစ်လမ်းကို ငေးကြည့်နေသည်။ သူမ၏ မျက်ဝန်းများ မရေမရာ ဖြစ်
နေသည်။ ယိရှိုးယွမ် သူမကို မယုံကြည်မည်ကို ထည့်တွက်ပြီး နောက်ဆုံးတွင် တတိယမင်းသားအကြောင်း ထည့်ပြောလိုက်ခြင်း ဖြစ်သည်။
မိခင်တိုင်း ကိုယ့်သားသမီးကို တန်ဖိုးထားကြသည်။ အထူးသဖြင့် နန်းတွင်းမှ အမျိုးသမီးများသည် အချစ်ခံရမှုကို တစ်သက်လုံး အားကိုး၍ မရသော်လည်း သားသမီး (အထူးသဖြင့် သားယောက်ျားလေး) ကို အားကိုးနိုင်သည်။
ယိရှိုးယွမ်သည် ကိုယ့်ကိုယ်ကိုယ်အတွက် မဟုတ်လျှင်တောင်မှ ကလေးဘေးကင်းရေးအတွက် သေချာပေါက် စစ်ဆေးလိမ့်မည်။
ကျန်တာကတော့ သူမ၏ ငယ်ကျွန်အပေါ်
မည်မျှယုံကြည်သလဲ ဆိုသည့်အပေါ် မူတည်သည်။
ယဲ့ယွင် ခန့်မှန်းသည့်အတိုင်းပင် သူမ ထွက်သွားပြီး ခဏအကြာတွင်ယိရှိုးယွမ်
သည် သေချာစဉ်းစားပြီးနောက် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
"ယွင်ရှို့... ယွင်ရှီး... နင်တို့နှစ်ယောက် လန်ဟွာနန်းဆောင်က အစေခံတွေကို သေချာ စစ်ဆေးပါ။ အထူးသဖြင့် တတိယမင်းသားနားက လူတွေကို တစ်ယောက်မကျန် စစ်ဆေး။”
ပြောနေစဉ် သူမ၏ အကြည့်များသည် ယွင်ရှီးအပေါ်တွင် တည်ရှိနေသည်။
သို့သော် ယွင်ရှီးသည် တခြားလူများကို စစ်ဆေးရမည် ဆိုသည့်အချက်ကိုသာ အာရုံစိုက်နေပြီး သတိမထားမိပေ။
သခင်မက သူမကို သံသယမဝင်ဘူးဟု တွေးကာ စိတ်သက်သာရာ ရသွားသည်။
သို့သော် ထိုသို့ပေါ့ဆမှုက ယိရှိုးယွမ်၏ သံသယကို ပိုမို ကြီးထွားလာစေသည်။
......
ညဘက်တွင် ယွင်ရှို့ ညကင်းစောင့်ချိန်တွင် ယွင်ရှီး ထွက်သွားပြီးနောက် ယိရှိုးယွမ်သည် ယွင်ရှို့နှင့် စကားပြောလေသည်။
"ဒီရက်ပိုင်း ယွင်ရှီး ထူးခြားတာ တစ်ခုခု ရှိလား။”
ယွင်ရှို့ စဉ်းစားလိုက်ပြီး အမှန်အတိုင်း ဖြေသည်။
"ဘာမှ ထူးခြားတာ မတွေ့ပါဘူး။ ပြောရရင် ဒီရက်ပိုင်း သူ ပိုကြိုးစားလာတယ်။ အရင်တုန်းက ကျွန်တော်မျိုးမက သူ့ကို မေ့တတ်တယ်လို့ ပြောနေကျလေ။ ဒီရက်ပိုင်း သူက စားဖိုဆောင်ကို ကိုယ်တိုင်သွားပြီး အစားအသောက် ယူလာပေးတယ်။ ရှိုးယွမ်နဲ့ တတိယမင်းသား ဘေးကင်းရေးအတွက် ကိုယ်တိုင် သွားကြည့်မှ စိတ်ချရမယ်လို့ ပြောပါတယ်"
"သူ တကယ် စေတနာနဲ့ ဆိုရင်တော့ ကောင်းပါတယ်။ တခြား အကြံအစည် ရှိနေရင်တော့..."
ယိရှိုးယွမ် စကားရပ်လိုက်ပြီး မျက်ဝန်းများ မဲမှောင်သွားသည်။
"နှစ်ပေါင်းများစွာ သံယောဇဉ်ရှိရင်တောင် ငါ သူ့ကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး"
ထိုစကားကြောင့်ယွင်ရှို့ လန့်ဖျပ်သွားပြီး မျက်နှာဖြူဖျော့သွားသည်။
"ရှိုးယွမ်က ယွင်ရှီး သစ္စာဖောက်တယ်လို့ သံသယဝင်နေတာလား။ မဖြစ်နိုင်ပါဘူး။ ကျွန်တော်မျိုးမနဲ့ ယွင်ရှီးက ငယ်ငယ်ကတည်းက ရှိုးယွမ်နဲ့ အတူ ကြီးပြင်းလာတာပါ..."
"လူ့စိတ်ကို ဝမ်းဗိုက်ခြားထားတယ်လေ။ ဒီနေ့ ယဲ့မျိုးရိုးက အကြောင်းမဲ့ လာပြောတာ မဟုတ်ဘူး။ ပြီးတော့ ဒီနေ့ ယွင်ရှီးရဲ့ အမူအရာက ထူးခြားနေတယ်။ ငါက နင်တို့ကို သံသယမဝင်ချင်ပါဘူး။ ဒါပေမဲ့ ငါ့ဘေးနားက လူတွေတောင် စိတ်မချရတော့ဘူးဆိုရင် ငါ ဒီနန်းတော်ထဲမှာ ဘယ်လို ဆက်အသက်ရှင်ရမလဲ ယွင်ရှို့"
ယိရှိုးယွမ် သက်ပြင်းချလိုက်ပြီး ယွင်ရှို့လက်ကို ဆုပ်ကိုင်ကာ မျက်လုံးချင်းဆုံကြည့်လိုက်သည်။
"နင် သိပါတယ်။ ယွင်ရှီးက စိတ်မြန်
လက်မြန် ရှိတာကို ငါက နင့်ကို ပိုအားကိုးတယ်။ ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး။ သေချာ စုံစမ်း။ ငါကိုယ်တိုင်လည်းငါတို့တွေ စိတ်ဝမ်းမကွဲကြဖို့ မျှော်လင့်ပါတယ်"
"သိပါပြီ ရှိုးယွမ်။ စိတ်ချပါ။ အကယ်၍ ယွင်ရှီး တကယ်သာဆို….နူးဘီလည်း သူ့ကို ဖုံးကွယ်ပေးမှာ မဟုတ်ပါဘူး"
ယွင်ရှို့ ခက်ခဲစွာ ခေါင်းညိတ်လိုက်သည်။
ညီအစ်မလို ရင်းနှီးခဲ့သူမို့ စိတ်မကောင်း ဖြစ်မိသော်လည်း သခင်မက သူမတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်။ အကယ်၍ ယွင်ရှီး အမှန်တကယ် သစ္စာဖောက်လျှင် သူမလည်း နှလုံးကွဲကြေရမည် ဖြစ်သည်။
သို့သော် စိတ်မကောင်း ဖြစ်သည့်ကြားမှ ယွင်ရှို့သည် သူမ၏ တာဝန်ကို သိသည်။ သခင်မ သံသယဝင်နေမှတော့ သူမကိုယ်တိုင်စစ်ဆေးရမည်သာ ဖြစ်သည်။
***