ယွင်ရှို့ နှင့် ယွင်ရှီးသည် ငယ်စဉ်ကတည်းက အတူကြီးပြင်းလာသူများ ဖြစ်သောကြောင့် ယွင်ရှီးအကြောင်း ယွင်ရှို့ အသိဆုံးဖြစ်သည်။
စုံစမ်းကြည့်ပြီးနောက် အချိန်တစ်ခုအကြာတွင် သံသယဝင်စရာများကို တွေ့ရှိလာသည်။
ပထမဆုံးအနေဖြင့် ယွင်ရှီး၏ ဗီရိုထဲတွင် အရည်အသွေးကောင်းမွန်သော ကျောက်စိမ်းလက်ကောက်တစ်စုံကို တွေ့ရှိခဲ့သည်။
ယွင်ရှီးက သူမ၏ ကိုယ်ပိုင်စုဆောင်းငွေဖြင့် ဝယ်ယူထားပြီး မင်္ဂလာဆောင်သည့်အခါ အသုံးပြုရန် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း ဝေ့လည်ကြောင်ပတ် ဖြေရှင်းသော်လည်းယွင်ရှို့ကမူ သူမလိမ်ပြောနေမှန်း အတပ်သိနေသည်။
ယိရှိုးယွမ်၏ အစေခံချင်း အတူတူ လစာဘယ်လောက်ရပြီး ဘယ်လောက်စုမိမလဲဆိုသည့်အချက်ကို သူမ အသိဆုံးပင်။
ထိုကဲ့သို့အရည်အသွေးကောင်းကျောက်စိမ်းလက်ကောက်မျိုး ဝယ်နိုင်လောက်အောင် စုဆောင်းထားနိုင်စရာ အကြောင်းမရှိပေ။
သို့သော် သူမ၏ နောက်ကွယ်မှ ကြိုးကိုင်သူကို သိချင်သဖြင့် ချက်ချင်း ဖော်ထုတ်ခြင်း မပြုခဲ့ပေ။ လက်ကောက်ကို တွေ့ရှိခဲ့သော ညတွင် ယွင်ရှီးသည်တိတ်တဆိတ် အပြင်ထွက်သွားခဲ့သည်။
ယွင်ရှို့သည်အဝေးမှ စောင့်ကြည့်နေပြီး တစ်ဖက်လူကို သေချာမမြင်ရသော်လည်း ယွင်ရှီး ပြန်ရောက်သည်နှင့် ဖမ်းဆီးပြီး ယိရှိုးယွမ်ရှေ့သို့ ခေါ်ဆောင်သွားသည်။
ယိရှိုးယွမ်သည် ဒေါသထွက်လွန်း၍ ယွင်ရှို့သာမတားပါက ဓားဖြင့် ထိုးသတ်မိမတတ် ဖြစ်သွားသည်။
နှစ်ပေါင်းများစွာ သံယောဇဉ်ကို လစ်လျူရှုပြီး ကျေးဇူးကန်းသော မြွေပွေးမကို မွေးထားမိသလို ဖြစ်နေသည်။
တစ်ညလုံး စစ်ဆေးမေးမြန်းပြီးနောက် နောက်တစ်နေ့ နံနက်တွင် ယိရှိုးယွမ်သည် ယွင်ရှီးကို ခေါ်ဆောင်ပြီး ကျိုချန်နန်းဆောင်သို့ သွားရောက်ခဲ့သည်။
တိုက်ဆိုင်စွာပင် မနေ့ညက ယဲ့ယွင်သည်နင်ချန်နှင့်အတူအိပ်ဆောင်ဝင်ခဲ့ပြီး နင်ချန် ညီလာခံဆင်းချိန်အထိ စောင့်ဆိုင်းနေသောကြောင့် ယဲ့ယွင် ရှိနေသည်။
ယိရှိုးယွမ်၏ နောက်တွင် ကြောက်ရွံ့တုန်လှုပ်နေသော ယွင်ရှီး ပါလာသည်ကို မြင်လိုက်ရသောအခါ ယဲ့ယွင် သဘောပေါက်သွားသည်။ တကယ်ကိုအချိန်ကိုက် ဖြစ်သွားပြီ။
"အရှင်မင်းကြီး... ဒီချန်းချဲ့ အရေးကြီးကိစ္စ လျှောက်တင်စရာ ရှိပါတယ်။ တော်ဝင်မျိုးဆက်နဲ့ ဒီချန်းချဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေလို့ ထိမ်ချန်မထားရဲပါဘူး"
ယိရှိုးယွမ် စိတ်တည်ငြိမ်အောင် ထိန်းပြီး ပြောလိုက်သည်။
နင်ချန် မျက်မှောင်ကြုတ်လိုက်ပြီး ဘေးမှ ယဲ့ယွင်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် ဘာမှမပြောဘဲ ယိရှိုးယွမ်ဘက် လှည့်ကာ ပြောခွင့်ပြုလိုက်သည်။
"ပြောပါ"
ယိရှိုးယွမ် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်နှာထား လေးနက်သွားသည်။
"စုကျယ်ယွီရဲ့ အနီးကပ်အစေခံ ပိုင်ချောင်က ဒီချန်းချဲ့ရဲ့ အစေခံ ယွင်ရှီးဆီကနေ ခွန်မြက် (သားအိမ်ကျုံ့ဆေး) တွေကို အကြိမ်ကြိမ် ယူဆောင်သွားခဲ့ပါတယ်။ ခွန်မြက်ဆိုတာ သွေးလှည့်ပတ်မှု ကောင်းမွန်စေတဲ့ ဆေးတစ်မျိုးပါ။ ဒီချန်းချဲ့က ရာသီမမှန်လို့ သောက်နေတဲ့ ဆေးထဲမှာ ဒီဆေးပါဝင်နေပါတယ်။ ဒါပေမဲ့ စုကျယ်ယွီက ကိုယ်ဝန်ဆောင်ထားတာဆိုတော့ ဒီဆေးကို လုံးဝ မသုံးစွဲသင့်ပါဘူး။ ဒီကိစ္စမှာ တစ်စုံတစ်ယောက်က တော်ဝင်မျိုးဆက်ကို လုပ်ကြံဖို့ ကြိုးစားနေတာ ဟုတ်မဟုတ် ဒီချန်းချဲ့ သေချာမတွေးဝံ့ပါဘူး။”
စကားဆုံးသည်နှင့် နင်ချန်၏ မျက်လုံးများ အေးစက်သွားသည်။
"တော်ဝင်မျိုးဆက်ကို လုပ်ကြံတာ သေဒဏ်ပဲ။ ယိရှိုးယွမ်... မင်း သေချာ စုံစမ်းပြီးပြီလား။ ဘယ်မှာလဲ သက်သေတွေ?”
"ဒီချန်းချဲ့က နန်းတွင်းစည်းကမ်းကို လိုက်နာပြီး စုကျယ်ယွီရဲ့ ကလေးကို ဒုက္ခပေးလိုစိတ် လုံးဝ မရှိပါဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ဆီက အကွက်ချတာကို ခံရမှာ စိုးရိမ်လို့ပါ။ အစေခံကိုတော့ ခေါ်လာခဲ့ပါတယ်။ အရှင်မင်းကြီး အလိုရှိသလို စီရင်နိုင်ပါတယ်"
ယိရှိုးယွမ် ဒူးညွှတ်အရိုအသေပြုပြီး အနောက်ကို မျက်ရိပ်ပြလိုက်ရာ ယွင်ရှို့က ယွင်ရှီးကို တွန်းထုတ်လိုက်သည်။
ယွင်ရှီး ကြောက်လန့်တကြား ဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး... အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ... ကျွန်တော်မျိုးမက ခွန်မြက်ရဲ့ အာနိသင်ကို မသိပါဘူး။ စုကျယ်ယွီရဲ့ အစေခံ ပိုင်ချောင်က တောင်းလို့ ပေးလိုက်မိတာပါ။ သူက ဒီအစေခံလိုက်လျောပေးရင် ကျောက်စိမ်းလက်ကောက်တစ်စုံ ပေးမယ်ဆိုလို့ လောဘစိတ်မွှန်ပြီး ပေးလိုက်မိတာပါ။ ဒီအစေခံ မေးကြည့်ပါသေးတယ်။ ပိုင်ချောင်က စုကျယ်ယွီရဲ့ ကိုယ်ဝန်အခြေအနေ ကောင်းမွန်ပါတယ်တဲ့။ ဒါကြောင့် ခွန်မြက်ကို မသောက်ဘူးလို့ ထင်မိတာပါ။ အရှင်မင်းကြီး ယုံကြည်ပေးပါ"
"ကိုယ်ဝန်အခြေအနေ ကောင်းမကောင်း ဆိုတာကို သမားတော် ခေါ်စစ်ဆေးကြည့်ရင် သိနိုင်ပါတယ်။ အစေခံတစ်ယောက်ရဲ့ စကားကို ယုံကြည်လို့ မရပါဘူး။ သမားတော် စစ်ဆေးလိုက်ရင် ဒီချန်းချဲ့လည်း စိတ်သက်သာရာ ရပါလိမ့်မယ်"
ယိရှိုးယွမ်က လျင်မြန်စွာထောက်ပြလိုက်သည်။ ထို့အပြင်ယွင်ရှီးကို ကြည့်သော အကြည့်များတွင် ရွံရှာမှုများ ပါဝင်နေသည်။
ဒီကိစ္စက ဘယ်လိုပဲ အဆုံးသတ်ပါစေ၊ ယွင်ရှီးကတော့ အသုံးမဝင်တော့ပေ။ ယိရှိုးယွမ် သူမကို ဘယ်တော့မှ ပြန်အသုံးပြုတော့မှာမဟုတ်ပေ။ နင်ချန်လည်း သဘောတူခဲ့သည်။
ချက်ချင်းပင် ယွမ်ကျိုကို စေလွှတ်ပြီး စုကျယ်ယွီကို သွားခေါ်ခိုင်းလိုက်သည်။ ထို့အပြင်သတင်းမပေါက်ကြားစေရန်လည်း မှာကြားလိုက်သည်။
ယဲ့ယွင် မျက်လုံးမှေးလိုက်ပြီး အချိန်ကိုက် ဝင်ပြောလိုက်သည်။
"စုကျယ်ယွီကို ကုသပေးနေတဲ့ သမားတော်က ဘယ်သူလဲမသိဘူး။ သူက စုကျယ်ယွီရဲ့ ကျန်းမာရေး အခြေအနေကို အသိဆုံး ဖြစ်မှာပါ။ သူ့ကိုပါ ခေါ်လိုက်ရင် ပိုကောင်းမယ် ထင်ပါတယ်"
"ကောင်းပြီ။ ဟွိုက်အန်း... မင်း သွားခေါ်လိုက်။ အရှင်မင်းကြီးက စုကျယ်ယွီရဲ့ ကိုယ်ဝန်အခြေအနေ သိချင်လို့ ခေါ်တာလို့ ပြောလိုက်"
နင်ချန် ခေါင်းညိတ်လိုက်သည်။
ယဲ့ယွင် ဝင်ပြောလိုက်သောအခါ ယိရှိုးယွမ် သဘောပေါက်သွားသည်။ ယဲ့ယွင်က သူမနှင့် ပူးပေါင်းပြီး အလုပ်လုပ်ချင်နေတာပဲ။
ဒါပေမဲ့ အချစ်မခံရတဲ့ စုကျယ်ယွီကို ပူးပေါင်းတိုက်ခိုက်စရာ လိုလို့လား။
ယိရှိုးယွမ် စဉ်းစားလိုက်သောအခါ လူတစ်ယောက်ကို ရုတ်တရက် သတိရလိုက်သည်။ ယောင်ရှန်း!
စဉ်းစားကြည့်လျှင် သူမနှင့် ယောင်ရှန်းတို့ ရန်ငြိုးဖွဲ့ခဲ့သည်မှာ ကြာပြီဖြစ်သည်။
နန်းတွင်းစားပွဲတစ်ခုတွင် သူမကို အရှက်ခွဲရန် ကြိုးစားခဲ့သူမှာ ယောင်ရှန်း ဖြစ်နိုင်သည်။ နောက်ပိုင်း သူမ ကိုယ်ဝန်ဆောင်စဉ် လုပ်ကြံခံရမှုတွင်လည်း ယောင်ရှန်း ပါဝင်ပတ်သက်နေနိုင်သည်။
အကယ်၍ ယောင်ရှန်းသာ အောင်မြင်ခဲ့လျှင် တတိယမင်းသားကို မွေးဖွားနိုင်ခဲ့မည် မဟုတ်ပေ။
ယခုကိစ္စတွင်လည်း ယောင်ရှန်းက နောက်ကွယ်မှ ကြိုးကိုင်ပြီး စုကျယ်ယွီ ကိုယ်ဝန်ပျက်ကျမှုအတွက် သူမကို ခေါင်းပုံချရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်။ ဒါဆိုရင်တော့ ရန်ငြိုးက ကြီးမားသွားပြီ။
.....
နာရီဝက်မကြာမီ စုကျယ်ယွီ ရောက်ရှိလာသည်။
အစပိုင်းတွင် အရှင်မင်းကြီးက သူမကို အရေးပေးလာပြီဟု ထင်မှတ်ပြီး ဝမ်းသာနေသော်လည်း ခန်းမထဲတွင် သမားတော်ဟူနှင့် အခြားသမားတော် နှစ်ဦးကို တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားသွားသည်။
အထူးသဖြင့် ခန်းမထဲရှိ လေထုက ထူးခြားနေပြီး ယိရှိုးယွမ်၏ အစေခံတစ်ဦး ဒူးထောက်နေသည်ကို တွေ့လိုက်ရသောအခါ ပို၍ စိုးရိမ်သွားသည်။
စုကျယ်ယွီက ယွင်ရှီးကို မမှတ်မိသော်လည်း ပိုင်ချောင်က ချက်ချင်း မှတ်မိလိုက်ပြီး ပိုင်ချောင် မျက်နှာဖြူဖျော့သွားသည်။
သို့သော် အမှားမခံနိုင်သဖြင့် အားတင်းပြီး သခင်မကို တွဲထူကာ ရှေ့တိုးသွားသည်။
အပြင်ပန်းကြည့်လျှင် စုကျယ်ယွီ နေမကောင်းဖြစ်နေပုံ မပေါ်ပေ။
ဗိုက်ကလည်း စူထွက်နေပြီး အရွယ်အစား သင့်တော်သည်။ မျက်နှာနည်းနည်း ဖြူဖျော့နေသော်လည်း ကိုယ်ဝန်ဆောင် အော့အန်ခြင်းကြောင့်ဟု ဆင်ခြေပေးနိုင်သည်။
"သမားတော်ဟူ... စုကျယ်ယွီရဲ့ ကိုယ်ဝန်အခြေအနေကို စစ်ဆေးပေးပါ"
နင်ချန် တိုက်ရိုက် အမိန့်ပေးလိုက်၍ မျက်နှာထား တင်းမာနေပြီး စိတ်မရှည်တော့ပေ။
ဆောင်းရာသီဖြစ်သော်လည်း သမားတော်ဟူ၏ ကျောပြင်တွင် ချွေးများ ရွှဲနစ်နေသည်။ အမိန့်နာခံပြီး ဟန်ဆောင်တည်ငြိမ်စွာဖြင့် သွေးစမ်းကြည့်သည်။
သူ့အခြေအနေကို ကြည့်ပြီး စုကျယ်ယွီလည်း တစ်ခုခု မှားယွင်းနေမှန်း ရိပ်မိလိုက်သည်။ သို့သော် ဘာမှမတတ်နိုင်သဖြင့် ငြိမ်ခံနေရသည်။
ယိရှိုးယွမ် ခဏကြာအောင် ကြည့်နေပြီး အေးစက်စွာ ရယ်မောလိုက်သည်။
"ဘာဖြစ်တာလဲ။ စုကျယ်ယွီရဲ့ သွေးခုန်နှုန်းက အဲ့လောက် ရှုပ်ထွေးနေတာလား။ သမားတော်ဟူက အမျိုးသမီးရောဂါ ကုသရာမှာ နာမည်ကြီးပါလျက်နဲ့ ဒီလောက်ကြာတာတောင် အဖြေမထွက်သေးဘူးလား။”
"သမားတော်ဟူ ဘာမှ မပြောနိုင်ရင် သမားတော်ကျန်း... ခင်ဗျား စစ်ဆေးကြည့်ပါ"
နင်ချန်၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။
သမားတော်ကျန်း လက်နှစ်ဖက် ယှက်ပြီး လေးနက်သော မျက်နှာထားဖြင့် ရှေ့တိုးလာသည်။
စုကျယ်ယွီ လက်ပြန်ရုတ်ချင်သော်လည်း အရှင်မင်းကြီးနှင့် ကိုယ်လုပ်တော်နှစ်ပါး၏ အကြည့်များအောက်တွင် မလှုပ်ရှားရဲဘဲ တောင့်ခဲနေသည်။
သမားတော်ကျန်း၏ လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် စုကျယ်ယွီ၏ မျက်နှာ ဖြူဖျော့သွားသည်။
သမားတော်ကျန်းသည် စစ်ဆေးရင်း လန့်ဖျပ်သွားပြီး သေချာအောင် ထပ်မံစစ်ဆေးပြီးမှ လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး အမှားမပါရင် စုကျယ်ယွီရဲ့ ဗိုက်ထဲက ကလေးက သေဆုံးနေပါပြီ။ နောက်ငါးရက်အတွင်း ကလေးပျက်ကျပါလိမ့်မယ်။”
"မဟုတ်ဘူး... မဖြစ်နိုင်ဘူး!"
စုကျယ်ယွီ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ငြင်းဆန်လိုက်သည်။
"ရှင် မှားနေတာ ဖြစ်ရမယ်။ သေချာပေါက် မှားနေတာ။ သမားတော်ဟူက မနေ့ကတောင် ကိုယ်ဝန်အခြေအနေ ကောင်းတယ်လို့ ပြောသေးတယ်။ ဒီနေ့မှ ဘယ်လိုလုပ် သေဆုံးသွားရမှာလဲ။ ရှင် မှားနေတာ!"
စုကျယ်ယွီ၏ ရုတ်တရက် ထအော်မှုကြောင့် အားလုံး လန့်သွားကြသည်။
သူမ၏ အမူအရာသည် ဟန်ဆောင်နေပုံ မရဘဲ တကယ် အံ့ဩဒေါသထွက်နေပုံ ပေါက်သည်။
ထိုသို့ လှုပ်ရှားလိုက်သဖြင့် ဗိုက်နာလာပြီး နာကျင်စွာဖြင့် ပြန်ထိုင်လိုက်ရသည်။
သူမ မတ်တတ်ရပ်ခဲ့သော နေရာတွင် အနီရောင်ရင့်ရင့် သွေးစက်များ ကျန်ရစ်ခဲ့သည်။
***