ထိုကိစ္စကြောင့်ကျိုချန်နန်းဆောင်အတွင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
သေချာသည်မှာ ထိုကဲ့သို့သွေးဆိုးများကို နဂါးကုတင်ပေါ်တွင် ပေကျံခွင့်မပြုနိုင်ပေ။ ယွမ်ကျိုက အမြန် ညွှန်ကြားပြီး စုကျယ်ယွီကို ဘေးဆောင်သို့ ရွှေ့ပြောင်းစေလိုက်သည်။
ထမ်းစင်မရှိသဖြင့် မိန်းမစိုးတစ်ဦးကို ခေါ်ပြီး ကျောပိုးခိုင်းလိုက်ရသည်။
မကြာမီ ဘေးဆောင်မှ စုကျယ်ယွီ၏ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ခြောက်လနီးပါးရှိပြီဖြစ်သော ကလေး ပျက်ကျခြင်းသည် လွယ်ကူသောကိစ္စ မဟုတ်ပေ။
နင်ချန်သည် ဘေးဆောင်တွင် စောင့်မနေနိုင်ပေ။ ဒီဘက်တွင် သမားတော်ဟူ နှင့် ယွင်ရှီးကို စစ်ဆေးရဦးမည်။ ဘေးဆောင်သို့ လိုက်ပါသွားသော ပိုင်ချောင် ကိုလည်း ပြန်ခေါ်ထုတ်လာခဲ့သည်။
ပါဝင်သည့်လူတိုင်း လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပေ။ သမားတော်ဟူသည် ပထမဆုံး အစစ်ဆေးခံရသူ ဖြစ်သည်။
"နန်းတော်ထဲမှာ မင်းလို အရည်အချင်းမရှိတဲ့ သမားတော် ရှိလိမ့်မယ်လို့ ကျန်း မထင်ထားမိဘူး။ အဲ့ဒါကို ကိုယ်ဝန်အခြေအနေ ကောင်းတယ်လို့ ပြောရဲသေးတာလား"
ဒေါသထွက်နေသော နင်ချန်သည် ညှာတာခြင်းမရှိဘဲ သမားတော်ဟူ၏ ပခုံးကို ခြေထောက်ဖြင့် ကန်လိုက်သည်။
သမားတော်ဟူသည် အသက် ၅၀ ကျော်နေပြီဖြစ်၍ ကန်ခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ် လဲကျသွားပြီး မထနိုင်တော့ပေ။
ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး အချိန်ကိုက် ရှေ့တိုးကာ ဖျောင်းဖျလိုက်သည်။
"အရှင်မင်းကြီး... စိတ်လျော့ပါဦး။ ဒီချန်းချဲ့ ထင်တာကတော့ သမားတော်ဟူရဲ့ ဆေးပညာက ဒီလောက်တောင် ညံ့ဖျင်းမယ် မထင်ပါဘူး။ အရည်အချင်းမရှိလို့ မဟုတ်ရင် တမင် ဖုံးကွယ်ထားတာ ဖြစ်နိုင်ပါတယ်။”
"စုကျယ်ယွီရဲ့ ဗိုက်ထဲမှာ ရှိနေတာက အရှင်မင်းကြီးရဲ့ သွေးသားပါ။ သမားတော်တစ်ယောက်အနေနဲ့ ဒီလို လုပ်ရဲပါ့မလား။ နောက်ကွယ်မှာ ကျောထောက်နောက်ခံ ရှိနေလို့များလား"
ယိရှိုးယွမ်ကလည်း မျက်မှောင်ကြုတ်ပြီး ချက်ချင်း ထောက်ခံပြောဆိုလိုက်သည်။
"သမားတော်ဟူ... မင်းရဲ့ ခေါင်းက မင်းတစ်ယောက်တည်းကို ကာကွယ်ပေးတာ မဟုတ်ဘူး။ မင်းရဲ့ မိသားစုကိုလည်း ကာကွယ်ပေးရမှာ။ မှားယွင်းတဲ့ ဆုံးဖြတ်ချက် မချမိစေနဲ့။”
သူမတို့နှစ်ယောက်က ဘေးမှ သတိပေးနေသဖြင့် နင်ချန် နားမလည်ဘဲ မနေပေ။
ဒူးထောက်နေသော သုံးယောက်ကို ရွံရှာစွာ ကြည့်လိုက်ပြီး ဒေါသသံဖြင့် အမိန့်ပေးလိုက်သည်။
"မြန်မြန် ပြောစမ်း။ အမှန်တိုင်း ဝန်ခံရင် မင်းတို့မိသားစုရဲ့ အသက်ကို ချမ်းသာပေးမယ်။”
သမားတော်ဟူသည် တုန်လှုပ်နေပြီး ခေါင်းထဲတွင် မည်သို့ ဖြေရှင်းရမည်ကို အသည်းအသန် စဉ်းစားနေသည်။
အရှင်မင်းကြီးက သူ့မိသားစုကို လွှတ်ပေးမယ်ဆိုရင်တောင် ဟိုလူက လွှတ်ပေးပါ့မလား။ ထို့ကြောင့် ရုတ်တရက် ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာပြီး အမြန် ပြောလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး အရှင်မင်းကြီးကို လိမ်ညာဖို့ မရည်ရွယ်ပါဘူး။ ဒီရက်ပိုင်း စုကျယ်ယွီကို စစ်ဆေးပေးတုန်းက ထူးခြားတာ မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့... ဒါပေမဲ့ လွန်ခဲ့တဲ့ လဝက်လောက်က စုကျယ်ယွီ နေမကောင်းလို့ သွားကြည့်ပေးတုန်းက သူက မေးဖူးပါတယ်။ ဆေးဝါးနဲ့ အတင်းအဓမ္မ ကိုယ်ဝန်ယူရင် ဘေးထွက်ဆိုးကျိုး ရှိမလားလို့ မေးဖူးပါတယ်။ ကျွန်တော်မျိုး ထင်တာကတော့ စုကျယ်ယွီ ပြောတဲ့ ဆေးဝါးကြောင့် ဖြစ်မယ် ထင်ပါတယ်။”
သူ့စကားကို ကြားလိုက်ရသောအခါ ဘေးမှ ပိုင်ချောင်သည် ချက်ချင်းပင်မျက်နှာ ဖြူဖျော့သွားသည်။
ထင်သည့်အတိုင်းပင် ယိရှိုးယွမ်က ချက်ချင်း မေးခွန်းထုတ်လိုက်သည်။
"မင်းက စုကျယ်ယွီရဲ့ ငယ်ကျွန်ပဲ။ စုကျယ်ယွီ ကိုယ်ဝန်ဆောင်တုန်းက တကယ်ပဲ ဆေးသောက်ခဲ့တာလား။ ယွင်ရှီးဆီက ငါ့ရဲ့ ခွန်မြက်တွေကို ယူသွားတာ ဘာလုပ်မလို့လဲ"
ပိုင်ချောင် အံကြိတ်ထားပြီး စကားမပြောပေ။ ခေါင်းငုံ့ထားပြီး ကြမ်းပြင်ကို စိုက်ကြည့်နေကာ ဘာမှ မကြားသလို ဟန်ဆောင်နေသည်။
သူမ ဝန်ခံလို့ မဖြစ်ဘူး။ ဝန်ခံလိုက်ရင် သခင်မ ဘဝပျက်သွားလိမ့်မယ်။
တခြားလူတွေ မသိပေမဲ့ ချိုက်နွီအန်းရှီ ဘယ်လို ရာထူးချခံရသလဲ ဆိုတာ သူမ သိသည်။ အကယ်၍ သူမ သခင်မလည်း အဲ့ဒီဆေးကို သောက်ထားမှန်း အရှင်မင်းကြီး သိသွားရင် အန်းရှီထက် ပိုဆိုးသွားလိမ့်မည်။
လုပ်ကြံခံရလို့ ကိုယ်ဝန်ပျက်ကျတာနဲ့ ကိုယ့်ဘာသာ လုပ်ယူလို့ ပျက်ကျခြင်းသည်ကွာခြားပေသည်။
နင်ချန် အသံမြည်သည့်အထိ ပြင်းထန်စွာထိုးကာ လက်သီးဆုပ်၍အေးစက်စွာ ရယ်မောလိုက်သည်။
"မပြောဘူးပေါ့။ ယွမ်ကျို... အမှောင်အဖွဲ့ကို ခေါ်လိုက်။ ဘယ်လို နည်းလမ်းသုံးသုံး အမှန်တိုင်း ပြောအောင် လုပ်ခိုင်းလိုက်"
'အမှောင်အဖွဲ့' ဟူသောစကားကြောင့်ပိုင်ချောင် အလွန်ပင်ကြောက်လန့်သွားသည်။
နန်းတော်ထဲ ရောက်နေတာ ကြာပြီဖြစ်၍ သွေးမထွက်ဘဲ လူသတ်တတ်သော အမှောင်အဖွဲ့အကြောင်း ကြားဖူးပေသည်။ အမှောင်အဖွဲ့သာ နှိပ်စက်ပါက…. ပိုင်ချောင် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
"ပြောပါ့မယ်... ပြောပါ့မယ်။ ဒီအစေခံကိုစဉ်းစားခွင့် ပေးပါ"
ပိုင်ချောင် တစ်ကိုယ်လုံး တုန်ရီနေသည်။ ဖန်းရှိုးယွမ်ကို ရောင်းစားဖို့ ပထမဆုံး စဉ်းစားမိသော်လည်း ချက်ချင်း လက်လျှော့လိုက်သည်။
သူမနှင့် စုကျယ်ယွီ နန်းတွင်းသို့ ရောက်လာပုံ၊ မင်းသမီးတော်လန်ကို မကောင်းကြံခဲ့ပုံအစအဆုံးကို ဖန်းရှိုးယွမ် အကုန်သိပေသည်။ အကယ်၍ ဖန်းရှိုးယွမ်ကို ဆွဲထည့်လိုက်ပါက ငါးသေမှ ပိုက်ကွန်စုတ် ဆိုသလို ဖြစ်သွားလိမ့်မည်။
ထို့အပြင် ဖန်းရှိုးယွမ်က သဲလွန်စ မကျန်အောင် လုပ်တတ်သူမို့ သူမ ပြန်ပြီး စွပ်စွဲခံရနိုင်သလို ကျားစခ်ဒေသက မင်းသားကြီးကိုပါ ထိခိုက်နိုင်သည်။
သူမ သေချင်သေပါစေ၊ သခင်မကိုတော့ အထိခိုက်မခံနိုင်ဘူး။
မျက်နှာမရခဲ့တဲ့ အချိန်တွေတုန်းက သခင်မက သူမကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ အတူတူ စား၊ အတူတူ အိပ်ခဲ့ကြတဲ့ကျေးဇူးကိုထောက်ထားပြီး အခု အခြေအနေ ကောင်းလာမှ သခင်မကို ဒုက္ခပေးလို့ မဖြစ်ဘူး။
စဉ်းစားပြီးနောက် ပိုင်ချောင် ဆုံးဖြတ်ချက် ချလိုက်သည်။
မျက်လုံးစုံမှိတ်ပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။
"စုကျယ်ယွီက တကယ်ပဲ ဆေးသောက်ခဲ့ပါတယ်။ အဲ့ဒီဆေးက ကျားစခ်ဒေသက ယူလာတာပါ။ သောက်ရင် ကိုယ်ဝန်ရစေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ပြဿနာတက်မယ်လို့ မထင်ထားခဲ့ပါဘူး။ ကလေးကို မထိန်းနိုင်တော့ပေမဲ့ အလကား အဖြစ်မခံချင်ပါဘူး။ ယိရှိုးယွမ် ခွန်မြက် သောက်နေတယ်လို့ ကြားမိပါတယ်။ ခွန်မြက်က သွေးဆင်းစေပြီး ကိုယ်ဝန်ပျက်ကျစေနိုင်တယ်လေ။ ဒါကြောင့် ယွင်ရှီးကို လာဘ်ထိုးပြီး ယူခိုင်းတာပါ။ တကယ်လို့ စုကျယ်ယွီ ကိုယ်ဝန်ပျက်ကျသွားရင် ယိရှိုးယွမ်ကို လွှဲချမလို့ပါ"
သူမ စကားဆုံးသည်နှင့် နင်ချန် လှောင်ရယ်လိုက်သည်။
"မင်းက ကျန်းကို အရူးမှတ်နေတာလား။ မင်းတောင် စုကျယ်ယွီရဲ့ ကိုယ်ဝန်မှာ ပြဿနာရှိနေမှန်း သိနေရင် သမားတော်ဟူက မသိဘဲ နေမလား။ ဒါမှမဟုတ် မင်းတို့အားလုံး ပေါင်းပြီး တော်ဝင်မျိုးဆက်ရဲ့ အသက်ကို အသုံးချပြီး တခြားကိုယ်လုပ်တော်တွေကို အကွက်ဆင်နေကြတာလား"
ယဲ့ယွင် ရှေ့တိုးလာပြီး ပိုင်ချောင်နှင့် သမားတော်ဟူကို စူးစူးဝါးဝါး ကြည့်ကာ မေးလိုက်သည်။
"အရှင်မင်းကြီး... ဒီချန်းချဲ့ မှတ်မိသလောက်ဆိုရင် သမားတော်ဟူက လင်ရှီးဥယျာဉ်တော်ကို လိုက်သွားခဲ့တာလေ။ ဆိုလိုတာက စုကျယ်ယွီ စပြီး ကိုယ်ဝန်ရတုန်းက စစ်ဆေးပေးတဲ့သူက သမားတော်ဟူ မဟုတ်ဘူး။ ဘာလို့ ပြဿနာတက်ခါနီးမှ သမားတော်ဟူ ဖြစ်သွားရတာလဲ။”
ယိရှိုးယွမ်ကလည်း အလိုက်သင့် ဖြည့်စွက်ပြောသည်။
"ဒီချန်းချဲ့လည်း အခုမှကိစ္စတစ်ခု သတိရသွားတယ်။ သမားတော်ဟူက ဖန်းရှိုးယွမ်နဲ့ ရင်းနှီးပြီး ဝေ့ရွယ်ဆောင်ကို မကြာခဏ သွားလေ့ရှိတယ်။ နောက်တစ်ခုက ဖန်းရှိုးယွမ်နဲ့ စုကျယ်ယွီကလည်း ရင်းနှီးကြတယ်လေ"
သူမတို့ စကားဆုံးသည်နှင့် ပိုင်ချောင် တစ်ကိုယ်လုံး တုန်ခါသွားပြီး အရိုးအဆစ်များ ပြုတ်ထွက်တော့မတတ် ဖြစ်နေသည်။
"ဒီလောက် တုန်နေတာကို ကြည့်ရင်... ဒီကိစ္စက ဖန်းရှိုးယွမ်နဲ့ တကယ် ပတ်သက်နေပုံရတယ်"
ယိရှိုးယွမ် မျက်လုံးမှေးပြီး ဖိအားပေးလိုက်သည်။
ပိုင်ချောင် ခေါင်းကို အတင်းခါလိုက်သည်။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး။ မပတ်သက်ပါဘူး။ ဖန်းရှိုးယွမ်က သမားတော်ဟူကို ညွှန်ပေးရုံ သက်သက်ပါ။ ဘာမှ မလုပ်ပါဘူး"
ယဲ့ယွင် အေးစက်စွာ ပြုံးပြီး ချက်ချင်း ပြန်ပက်လိုက်သည်။
"ဒါဆိုရင် ဖန်းရှိုးယွမ်က သမားတော်ဟူကို ညွှန်ပေးလိုက်တယ်ပေါ့လေ။ ရလဒ်က စုကျယ်ယွီရဲ့ ကလေး ဗိုက်ထဲမှာ သေခါနီးဖြစ်နေတာတောင် သမားတော်ဟူက မသိဘဲ ကိုယ်ဝန်အခြေအနေ ကောင်းပါတယ်လို့ ပြောနေတယ်။ ဒါက အရည်အချင်းမရှိတဲ့ သမားတော်ကို တမင် ညွှန်ပေးတာလား၊ ဒါမှမဟုတ် ဖန်းရှိုးယွမ်မှာ တခြားရည်ရွယ်ချက် ရှိနေတာလား"
မှားပြောမိမှန်း သိလိုက်ရသောအခါ ပိုင်ချောင်၏ ခန္ဓာကိုယ် အေးစက်သွားသည်။
ဘေးဆောင်မှ စုကျယ်ယွီ၏ အော်ဟစ်သံများကို ကြားနေရပြီး သူမကိုယ်တိုင် ရေခဲတိုက်ထဲ ရောက်နေသလို ခံစားနေရသည်။
ပြောလေ မှားလေ၊ များလေ မှားလေဖြစ်ကာစိတ်ဂယောင်ချောက်ချားဖြစ်လာသည်။
ဒါဆိုရင် ဘာမှမပြောတာပဲ သေတာကကောင်းမယ်!
ထိုသို့ တွေးမိပြီး ပိုင်ချောင်သည် စိတ်ဆုံးဖြတ်လိုက်ကာ ခေါင်းပေါ်မှ ဆံထိုးကို ဆွဲနုတ်ပြီး လည်ပင်းကို အားကုန် ထိုးစိုက်လိုက်သည်။
ချက်ချင်းပင် မျက်လုံးပြူးကာ ကြမ်းပြင်ပေါ် လဲကျသွားပြီး ကုန်းပေါ်ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ အသက်ကို ခက်ခက်ခဲခဲ ရှူရှိုက်နေသည်။
အသံအက်အက်ဖြင့် ရှူရှိုက်သံနှင့်အတူ သွေးရဲရဲ အမြှုပ်များ ပါးစပ်မှ ထွက်ကျလာပြီး လည်ပင်းမှ အပေါက်ကြီးက သွေးများ ပန်းထွက်နေသည်။
ဘေးနားတွင် ဒူးထောက်နေသော ယွင်ရှီးသည်ကြောက်လန့်တကြား အော်ဟစ်ပြီး ဘေးသို့ တွားသွားကာ ရှောင်တိမ်းလိုက်သည်။
ယွမ်ကျို အပြေးအလွှား သွားကြည့်ရာ ပိုင်ချောင် အသက်မရှိတော့ကြောင်း တွေ့လိုက်ရသည်။
သေချင်ဇောဖြင့် အားကုန် ထိုးစိုက်လိုက်သဖြင့် လည်ပင်းသွေးကြောမကြီးကို ထိမှန်သွားရာ ဘယ်ဘုရားသခင်မှ ကယ်တင်နိုင်မည် မဟုတ်တော့ပေ။
***