ပိုင်ချောင် ၏ သေဆုံးမှုသည် သမားတော်ဟူ ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
သူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် နင်ချန်၏ ရှေ့သို့ ရောက်အောင် တွားသွားရန် ကြိုးစားလိုက်သည်။ သို့သော် ဟွိုက်အန်းက ချက်ချင်း ဝင်တားလိုက်သည်။
သမားတော်ဟူသည် မျက်ရည်၊ နှပ်ချေးများ ရောထွေးနေသော မျက်နှာဖြင့် ငိုကြွေးကာ အော်ဟစ်လိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး အသုံးမကျလို့ စုကျယ်ယွီရဲ့ ကိုယ်ဝန်အခြေအနေကို မသိလိုက်တာပါ။ ဒါပေမဲ့ တော်ဝင်မျိုးဆက်ကို ထိခိုက်စေမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး။ ဟူမိသားစုရဲ့ ရာစုနှစ်ချီ ဂုဏ်သိက္ခာနဲ့ ကျိန်ဆိုရဲပါတယ်။ အကယ်၍ ကျွန်တော်မျိုးသာ တော်ဝင်မျိုးဆက်ကို လုပ်ကြံခဲ့ရင် ဟူမိသားစုရဲ့ ဆေးပညာ ဒီမှာတင် ရပ်တန့်ပါစေ၊ ဆေးလောကမှာ ဟူမိသားစု နေရာမရှိပါစေနဲ့"
ဒီခေတ်တွင် ဤကဲ့သို့ ကျိန်ဆိုခြင်းသည် အလွန် ပြင်းထန်သော ကျိန်စာဖြစ်သည်။
သမားတော်ဟူ၏ စကားလုံးတိုင်းသည် ရိုးသားမှန်ကန်ပြီး စုကျယ်ယွီ၏ ကလေးကို ထိခိုက်စေလိုစိတ် မရှိကြောင်း သိသာသည်။
နင်ချန် မျက်လွှာချလိုက်ပြီး တည်ငြိမ်စွာပင် သမားတော်ကျန်းဘက်သို့ လှည့်မေးလိုက်သည်။
"သမားတော်ကျန်း... မင်းအမြင်အရ ဆေးပညာအရ မှားယွင်းစစ်ဆေးမိတာ ဖြစ်
နိုင်လား။
"အရှင်မင်းကြီး... ဆေးဝါးတစ်ခုခုရဲ့ လွှမ်းမိုးမှုကြောင့် မှားယွင်းစစ်ဆေးမိတာ ဖြစ်နိုင်ပါတယ်။ တချို့ဆေးတွေ၊ အဆိပ်တွေက အစွမ်းထက်ပြီး ရောဂါမကျွမ်းရင် မသိနိုင်ပါဘူး။ စုကျယ်ယွီရဲ့ ကိုယ်ဝန်က အဆုံးထိ ရောက်နေပြီမို့ အခုမှ သိသာလာတာပါ။”
သမားတော်ကျန်း၏ စကားသည် မှန်ကန်သော်လည်း လုပ်ဖော်ကိုင်ဖက်ချင်းမို့ သမားတော်ဟူဘက်မှ ကူညီပြောပေးလိုက်ခြင်း ဖြစ်သည်။
နင်ချန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ရည်ကျနေသော သမားတော်ဟူကို ပြန်ကြည့်ကာ ပြောလိုက်သည်။
"ဟူရှို့ယွမ်... မင်း ဆေးပညာ ညံ့ဖျင်းလို့ နန်းတော်ထဲမှာ ဆက်နေခွင့် မရှိတော့ဘူး။ သမားတော်ရာထူးကို ရုပ်သိမ်းပြီး သာမန်အရပ်သားအဖြစ် ပြောင်းလဲလိုက်တယ်။ ဟူမိသားစု မျိုးဆက်တွေ နောက်နောင် နန်းတွင်းသမားတော် ရွေးချယ်ပွဲ ဝင်ရောက်ခွင့် မပြုဘူး။ ဒီနေ့ကစပြီး မြို့တော်ကနေ ထွက်ခွာသွားတော့။ ဘယ်တော့မှ ပြန်မလာနဲ့"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး... ကျေးဇူးတင်ပါတယ်"
သမားတော်ဟူ ငိုကြွေးလျက် ဦးခိုက်လိုက်သည်။
သူ့အသက်ကို ချမ်းသာပေးခြင်းသည် တော်ဝင်မျိုးဆက်၏ စည်းကမ်းချက်အရ ဖြစ်ပြီး မဖြစ်မနေမှလွဲ၍ သမားတော်များကို သတ်ဖြတ်ခြင်း မပြုရပေ။
အကယ်၍ ဧကရာဇ်သည် သမားတော်များကို အကြောင်းမဲ့ သတ်ဖြတ်နေလျှင် တိုင်းပြည်အတွင်းရှိ ဆေးပညာရှင်များ နန်းတော်သို့ လာရောက်အမှုထမ်းရဲတော့မည် မဟုတ်ပေ။
ပိုင်ချောင်တစ်ယောက် သေဆုံးပြီး သမားတော်ဟူ နန်းတော်မှ ထွက်ခွာရခြင်းသည် ယဲ့ယွင်၏ ရည်ရွယ်ချက် မဟုတ်သေးပေ။
သူမ သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။
"စုကျယ်ယွီက တကယ် မိုက်မဲတာပဲ။ ကိုယ့်သားသမီးအရင်းကို သတ်ပစ်လိုက်သလို ဖြစ်နေပြီ။ သဘာဝတရားကို ဆန့်ကျင်ပြီး ကလေးယူရင် ဘယ်ကောင်းကျိုးရမလဲ။ တော်သေးတာပေါ့ အစ်မတော်ယိက စောစောစီးစီး ရိပ်မိလိုက်လို့။ မဟုတ်ရင် ပြဿနာ ဘယ်လောက်တက်ဦးမလဲ မသိဘူး။ တတိယမင်းသားပါ ထိခိုက်နိုင်တယ်"
"နန်းတော်ထဲမှာ ညီမလေးမင်လို စိတ်ထားဖြူစင်တဲ့သူ ရှားပါတယ်။ ဒီလိုကိစ္စမျိုး ဖြစ်လာတော့ ဒီချန်းချဲ့လည်း စိတ်မကောင်းပါဘူး။”
ယိရှိုးယွမ် မျက်ရည်သုတ်လိုက်ပြီး နင်ချန်ကို ကြည့်ကာ ပြောလိုက်သည်။
"အရှင်မင်းကြီး... ဒီချန်းချဲ့လည်း မိခင်တစ်ယောက်မို့ ကလေးတွေ ဒုက္ခရောက်တာ မကြည့်ရက်ပါဘူး။ အခု စုကျယ်ယွီ ကိုယ်ဝန်ပျက်ကျတော့ ဒီချန်းချဲ့ရဲ့ ပထမဆုံး ကလေးလေး အကြောင်းမဲ့ ပျက်ကျခဲ့ရတာကို ပြန်သတိရမိတယ်။ အဲ့ဒီတုန်းက တရားခံကို မဖော်ထုတ်နိုင်ခဲ့ဘူး။ တတိယမင်းသားကို ကိုယ်ဝန်ဆောင်တုန်းကလည်း ပျက်ကျလုနီးပါး ဖြစ်ခဲ့တယ်။ အဲ့ဒီတုန်းက ဖန်းရှိုးယွမ်နဲ့ ပတ်သက်နေခဲ့တာပါ။ ဒီချန်းချဲ့က အကြောင်းမဲ့ သံသယဝင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ တိုက်ဆိုင်လွန်းနေလို့ပါ။ အခုတော့ဒီချန်းချဲ့ရဲ့ ကလေး နောက်
တစ်ခါထပ်ပြီး ဒုက္ခရောက်မှာ တကယ်ကိုစိုးရိမ်မိပါတယ်။”
နင်ချန် စိတ်ရှုပ်ထွေးနေသည်။
နှစ်ကုန်ပိုင်း ရောက်နေပြီဖြစ်သည့်အတွက် မိဖုရားခေါင်ကြီးသာ် ဒဏ်ရာကြောင့်အနားယူနေခဲ့သည်။ တိုင်းပြည်ရေးရာကိစ္စများကလည်း ရှုပ်ထွေးနေချိန်တွင် အခု အနောက်ဆောင်ကိစ္စကိုပါ ထပ်ပြီး စုံစမ်းရမည်ဆိုပါက ပို၍စိတ်ရှုပ်စရာဖြစ်လာလိမ့်မည်။
ထို့အပြင် ယောင်ရှန်းအပေါ်ထားရှိသော ကျေးဇူးကြွေးကလည်း ရှိနေသေးသည်။
နင်ချန်သည် စုံစမ်းရမလား၊ မစုံစမ်းရဘူးလား၊ အပြစ်ပေးရမလား၊ မပေးရဘူးလား ဆိုတာ ဝေခွဲမရ ဖြစ်နေသည်။
နင်ချန်၏မျက်နှာထား ပြောင်းလဲနေသည်ကို မြင်သောအခါ ယိရှိုးယွမ် ထပ်ပြောရန် ပြင်လိုက်စဉ် ယဲ့ယွင် ချောင်းဟန့်ပြီး တားလိုက်ကာ အလောတကြီး မလုပ်ရန် မျက်ရိပ်ပြလိုက်သည်။ ထို့နောက် နင်ချန်ရှေ့တွင်ဒူးညွှတ်အရိုအသေပြုလိုက်သည်။
"အရှင်မင်းကြီး... ဒီချန်းချဲ့ ဒီနေ့ လန့်သွားလို့ အရင် ပြန်နှင့်ပါရစေ။ အရှင်မင်းကြီးလည်း ကျန်းမာရေး ဂရုစိုက်ပါဦး။ အရမ်း ဝမ်းနည်းမနေပါနဲ့။ ကျန်းမာသန်စွမ်းတဲ့ မင်းသား၊ မင်းသမီးတွေက အရှင်မင်းကြီးရဲ့ အကာအကွယ်ကို လိုအပ်နေပါတယ်။”
"ဒါဆို ဒီချန်းချဲ့လည်း ပြန်ပါရစေ"
ယိရှိုးယွမ် တွန့်ဆုတ်နေသော်လည်း လိုက်ပြောလိုက်သည်။
နင်ချန် စိတ်ရှုပ်စွာဖြင့် လက်ကာပြလိုက်သည်။
ယိရှိုးယွမ်သည် ယွင်ရှို့ကို မျက်ရိပ်ပြလိုက်ရာ ယွင်ရှို့က ကြမ်းပြင်ပေါ်တွင် ကြောင်တောင်တောင်ဖြစ်နေသော ယွင်ရှီးကို ဆွဲထူလိုက်သည်။
အရှင်မင်းကြီးက ယွင်ရှီးကို ဘယ်လိုစီရင်ရမလဲ မပြောခဲ့သောကြောင့် ကိုယ့်ဘာသာ ခေါ်သွားပြီး စီရင်ရတော့မည်။
နှစ်ယောက်သား အဆောင်မကြီးမှ ထွက်လာပြီး စုကျယ်ယွီရှိနေသော ဘေးဆောင်ဘက်သို့ တညီတညွတ်တည်း လှမ်းကြည့်လိုက်ကြသည်။
အခုတော့ ငြိမ်သက်သွားပြီး ဟွိုက်အန်းက လူခေါ်ပြီး စုကျယ်ယွီကို ဝေါယာဉ်ဖြင့် သယ်ထုတ်ရန် ပြင်ဆင်နေသည်။
ဒီနေရာမှာ ကလေးပျက်ကျလို့ဆိုပြီး နားနေလို့ မဖြစ်ဘူးလေ။ အရှင်မင်းကြီး ခွင့်မပြုရင် သတိလစ်နေရင်တောင် သယ်ထုတ်သွားရမှာပဲ။
လူရှင်းသော နေရာသို့ ရောက်မှ ယိရှိုးယွမ် စကားစပြောသည်။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်ရှိုးရုန်။ ဒီကျေးဇူးကို မှတ်ထားပါ့မယ်"
ယဲ့ယွင် ပြုံးလိုက်သည်။
"ရပါတယ်။ လောကကြီးမှာ ထာဝရ ရန်သူဆိုတာ မရှိပါဘူး"
ဒါပေမဲ့ထာဝရ မိတ်ဆွေဆိုတာလည်း မရှိပါဘူး။
နောက်ဆုံးစာကြောင်းကို ထုတ်မပြောသော်လည်း ယိရှိုးယွမ် နားလည်ပေသည်။
ဆိုလိုသည်မှာ သူတို့နှစ်ဦးသည် အပြန်အလှန် အကျိုးစီးပွားအတွက် ခေတ္တပူးပေါင်းခြင်းသာ ဖြစ်ပြီး အမှန်တကယ် မဟာမိတ်ဖွဲ့ခြင်း မဟုတ်ပေ။
နားလည်မှုရသွားသဖြင့် နှစ်ဦးစလုံး စိတ်ပေါ့ပါးသွားကြသည်။
"မင်ရှိုးရုန် အမြင်အရ အရှင်မင်းကြီးက ဒီကိစ္စကို စုံစမ်းမလား။ ယောင်မျိုးရိုးကို ဘယ်လို အပြစ်ပေးလောက်မလဲ။”
"စုံစမ်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ သေချာတယ်"
ယဲ့ယွင် မျက်ခုံးပင့်လိုက်သည်။
"အကုန်ပြောပြရင် စိတ်ဝင်စားစရာ မကောင်းတော့ဘူးလေ။ အရှင်မင်းကြီးရဲ့ အမိန့်ကို စောင့်ကြည့်ကြတာပေါ့"
ယိရှိုးယွမ် ကြောင်သွားပြီးနောက် ရယ်မောလိုက်သည်။
ယဲ့ယွင် ယဉ်ကျေးစွာ နှုတ်ဆက်ပြီး လမ်းခွဲထွက်ခွာသွားကြသည်။
....
ထင်ထားသည့်အတိုင်းပင် စုကျယ်ယွီ ကိုယ်ဝန်ပျက်ကျသည့် သတင်းမှ အားလုံး သတိမဝင်ခင်မှာပင် နေ့လည်ခင်း၌ အရှင်မင်းကြီးသည် ဝေ့ရွယ်ဆောင်သို့ ကြွချီသွားသည်။
ယောင်ရှန်း သည်အလွန်စိတ်လှုပ်ရှားနေသည်။ သို့သော် သူမအနေဖြင့် သဲလွန်စ မကျန်အောင် ရှင်းလင်းထားသည်ဟု ယုံကြည်သဖြင့် တည်ငြိမ်နေသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ယောင်ရှန်း ရိုသေစွာ နှုတ်ဆက်လိုက်သည်။
သို့သော် နင်ချန်က ထခွင့်မပေးပေ။
ခဏကြာအောင် တောင့်ခံနေရသဖြင့် ယောင်ရှန်း စိတ်တည်ငြိမ်နေသော်လည်း ခန္ဓာကိုယ် ယိမ်းယိုင်လာသည်။
နောက်ဆုံးတွင် နင်ချန် စကားစပြောသည်။
"စူးမျိုးရိုးရဲ့ ကိုယ်ဝန်ကိစ္စမှာ မင်း ဘယ်လောက် ပါဝင်ပတ်သက်လဲ။”
ယောင်ရှန်း အံ့ဩသွားပြီး မော့ကြည့်လိုက်သည်။
"အရှင်မင်းကြီး... မဟုတ်ရပါဘူး။ ဒီချန်းချဲ့ ဘယ်လုပ်ရဲပါ့မလဲ။ စုကျယ်ယွီရဲ့ ကိုယ်ဝန်နဲ့ ဒီချန်းချဲ့ ဘာမှ မသက်ဆိုင်ပါဘူး"
"ဒါဆို ဘာလို့ သမားတော်ဟူကို ညွှန်ပေးရတာလဲ။”
နင်ချန် အေးစက်စွာ မေးလိုက်သည်။
"စုကျယ်ယွီက ဗိုက်နာတယ် ပြောလို့ပါ။ ဒီချန်းချဲ့က သမားတော်ဟူနဲ့ ရင်းနှီးပြီး သူက အမျိုးသမီးရောဂါ ကျွမ်းကျင်တယ်ဆိုလို့ ညွှန်ပေးလိုက်တာပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး။”
ယောင်ရှန်းချက်ချင်းပင် ငြင်းဆန်လိုက်သည်။
"သမားတော်ဟူနဲ့ စုကျယ်ယွီ ကိုယ်ဝန်ပျက်ကျတာ ဘာဆိုင်လို့လဲ။ အရှင်မင်းကြီး... ယုံကြည်ပေးပါ။ ဒီချန်းချဲ့ ဘယ်တော့မှ မကောင်းမှု မလုပ်ပါဘူး"
သူမ၏ လေသံက ရိုးသားပြီး မျက်နှာထားက ယုံကြည်ရလောက်သော်လည်း နင်ချန် ဂရုမစိုက်ပေ။
ပြီးခဲ့သော တစ်ခေါက် ယိရှိုးယွမ် ကိုယ်ဝန်ပျက်ကျလုနီးပါး ဖြစ်စဉ်က အစေခံ၏ လက်ချက်ဟု ဆိုသော်လည်း ယခုတစ်ကြိမ် သူမ ထပ်ပါလာပြန်သည်။
ဧကရာဇ်၏ သံသယစိတ်က သူမကို ဆက်လက်ယုံကြည်ရန် ခွင့်မပြုတော့ပေ။
"ယောင်မျိုးရိုး... မင်းနဲ့ မင်းမိသားစုရဲ့ ကောင်းမှုကုသိုလ်တွေ၊ ပြီးတော့ မယ်တော်ကြီးနဲ့ ဖိန်ဝမ်တို့ရဲ့ မျက်နှာကို ထောက်ပြီး ဒီတစ်ခါတော့ အပြစ်မယူတော့ဘူး။ မင်း လုပ်တာ ဟုတ်မဟုတ် ကျန်း မစုံစမ်းတော့ဘူး။ နောက်တစ်ခါ မင်းနဲ့ ပတ်သက်တဲ့ ကိစ္စမျိုး ထပ်မကြားချင်ဘူး။ ကျန်း သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ"
နင်ချန်၏ အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ ယောင်ရှန်း လည်ချောင်းဆို့နင့်သွားပြီး စကားမပြောနိုင်တော့ပေ။
"ဖန်းရှိုးယွမ်က ရှေ့တော်မှောက်မှာ မသင့်လျော်တဲ့ အပြုအမူ လုပ်ခဲ့ပြီး အရှင်မင်းကြီးကို စော်ကားပြောဆိုခဲ့တဲ့အတွက် ဘွဲ့ထူးဂုဏ်ပုဒ် ရုပ်သိမ်းပြီး ကျယ်ယွီအဆင့်သို့ လျှော့ချလိုက်ပြီး သုံးလ အကျယ်ချုပ် ကျခံစေ။”
***