အချိန်များလျင်မြန်စွာကုန်လွန်ပြီးနောက် နှစ်သစ်ကူးပမတ်လအစောပိုင်းသို့ရောက်လာခဲ့သည်။
ဖေဖော်ဝါရီလကတည်းက ရွေးချယ်ပွဲကျင်းပမည့်ရက်ကို သတ်မှတ်ထားပြီ ဖြစ်သည်။ မတ်လ ၁၂ ရက်နေ့တွင် စတင်ပြီး တစ်လကြာ ကျင်းပမည် ဖြစ်သည်။
ထို့ကြောင့်မတ်လအစောပိုင်းတွင် မြို့တော်၌ စည်ကားသိုက်မြိုက်နေခဲ့သည်။
ဒေသအသီးသီးမှ ရောက်လာသော လှပျိုဖြူလေးများသည် မြို့တော်ရှိ အဝတ်အစားဆိုင်၊ လက်ဝတ်ရတနာဆိုင်များတွင် ပြည့်နှက်နေကြသည်။
နန်ချီတွင် အကောင်းဆုံး အချက်တစ်ခုမှာ ရွေးချယ်ပွဲ ဝင်ရောက်ခြင်းသည် မိမိဆန္ဒသဘောထားအရသာဖြစ်ပြီး အရာရှိသမီးများကို မဖြစ်မနေ ဝင်ရောက်ရမည်ဟု အတင်းအကျပ် မလုပ်ပေ။
မဟုတ်လျှင် ဒီနှစ်တွင် အရွယ်ရောက်လာသော ယဲ့လျန်လည်း ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
နင်ချန်သည် အလုပ်များနေသဖြင့် အနောက်ဆောင်သို့ မလာသည်မှာ လဝက်ခန့် ရှိပြီဖြစ်သည်။ အရှင်မင်းကြီး မလာသဖြင့် ငြိမ်သက်နေသော အနောက်ဆောင်သည် ရွေးချယ်ပွဲ ကျင်းပတော့မည် ဆိုသောကြောင့် လှုပ်ရှားလာသည်။
ဂါရဝပြုပွဲတွင် မိဖုရားခေါင်ကြီးက ရွေးချယ်ပွဲအကြောင်း စ၍ပြောလာသည်။
"ဒီနှစ် ဝင်ပြိုင်မယ့် မိန်းမပျိုစာရင်းတွေရောက်လာပြီ။ ပန်းကုန်းကြည့်ရသလောက်တော့ အားလုံးက ရုပ်ရည်ရော အရည်အချင်းရော ပြည့်စုံကြတယ်။ လူသစ်တွေ ရောက်လာရင် အားလုံး သဘောထားကြီးကြဖို့ အကြံပေးချင်တယ်။ အနိုင်မကျင့်ကြနဲ့နော်ဟုတ်ပြီလား။ ပန်းကုန်းတို့ အနောက်ဆောင်မှာ မိသားစုဝင်တွေတိုးလာတာကလည်း ကောင်းပါတယ်"
"အို... မယ်မယ် ဒီစကားကို မင်ရှိုးရုန်ကိုပဲ ပြောလိုက်ပါ။ ချန်းချဲ့တို့က ဘယ်သူ့ကိုမှ အနိုင်မကျင့်ပါဘူး။ ဒီထဲမှာစိတ်အဆက်ဆုံးက မင်ရှိုးရုန်ပဲလေ"
ရှူးဖေးက စောင်းမြောင်း ပြောလိုက်သည်။
ယဲ့ယွင် သူမကို ကြည့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။
"ချန်းချဲ့ရဲ့ စိတ်က ငယ်ငယ်ကတည်းက ဒီအတိုင်းပဲဆိုတာ မသိတာကျလို့ရှင်။ နန်းတွင်းရောက်တာ သုံးနှစ်ရှိပြီးအကျင့်ကိုမပြုပြင်ဘူးဆိုပေမဲ့ ဒီချန်းချဲ့က ကိုယ့်ကို အရင်မထိရင် ဘယ်သူ့ကိုမှဦးအောင်သွားမထိခိုက်ဖူးပါဘူး။ ပြောချင်တာကတော့ ချန်းချဲ့ကို လာမရှုပ်သရွ့ဘယ်သူ့ကိုမှ ဂရုစိုက်မှာမဟုတ်ဘူး။”
ထို့နောက် အဓိက ထိုင်ခုံဘက် လှည့်ကြည့်လိုက်သည်။
"ဒါပေမဲ့ တစ်ယောက်ယောက်က စည်းကမ်းဖောက်ဖျက်ပြီး လာရှုပ်ရင်တော့ ဒီချန်းချဲ့လည်း ငြိမ်ခံနေမှာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား မယ်မယ်"
သူမဆိုလိုရင်းက ရှင်းပါသည်။ ကိုယ့်ကို မထိရင် ပြန်မထိဘူး။ လာထိရင်တော့ ညှာတာမှာ မဟုတ်ဘူး။ အကျင့်ကိုအာဏာနဲ့လာပြင်ခိုင်းနေတာလား။ ဒီဘဝမှာ စဉ်းကိုမစဉ်းစားနဲ့တော့။
မိဖုရားခေါင်ကြီး မျက်လွှာချလိုက်ပြီး ရယ်မောကာ ခေါင်းခါလိုက်သည်။
"မင်းကတော့လေ... အရှင်မင်းကြီး သဘောကျတာ မဆန်းပါဘူး။ အမြဲတမ်း ကလေးစိတ်နဲ့ ရိုးသားတယ်။ နန်းတွင်းမှာက အမှားအမှန် ခွဲခြားဖို့ လိုတယ်။ မင်ရှိုးရုန်
လည်း သတိထားပေါ့။”
"ကျေးဇူးတင်ပါတယ် မယ်မယ်။ ဒီချန်းချဲ့ စည်းကမ်းလိုက်နာပါ့မယ်"
ယဲ့ယွင် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ထို့နောက် မိဖုရားခေါင်ကြီးသည် အခြားတစ်ဖက်သို့ လှည့်လိုက်သည်။
"သယ့်ဖေး... ဒုတိယမင်းသား နေကောင်းရဲ့လား။ မတွေ့ရတာ ကြာပြီ"
"ကျေးဇူးတင်ပါတယ် မယ်မယ်။ ဒုတိယမင်းသားက ကျန်းမာသန်စွမ်းပြီး အရပ်မြန်မြန် ရှည်လာတယ်။ လမ်းလျှောက်တာလည်း ငြိမ်နေပြီ။ စကားတောင် ပြောတတ်နေပြီ။ မနေ့က ဒီချန်းချဲ့ကို 'မယ်မယ်' လို့ ခေါ်လိုက်လို့ ပျော်သွားတာ"
ပြောနေစဉ် ကျင်းသယ့်ဖေး၏ မျက်နှာတွင် နူးညံ့ပျော့ပျောင်းမှုများ လွှမ်းခြုံနေပြီး မျက်ဝန်းထဲတွင် မိခင်မေတ္တာ အပြည့်ရှိနေသည်။ ကြည့်ရသည်မှာ ဒုတိယမင်းသားကို သားအရင်းကဲ့သို့ ချစ်နေပုံရသည်။
သို့သော် ဒီမြင်ကွင်းက မိဖုရားခေါင်ကြီး၏ မျက်စိထဲတွင် စူးခလုတ်သဖွယ်ဖြစ်နေသည်။
သူမ ကိုယ်ဝန်ပျက်ကျဖူးသော်လည်း ယခုအချိန်ထိကလေးမွေးစားခွင့်မရသေးပေ။ သယ့်ဖေးကတော့ ဒုတိယမင်းသားကိုအဆင်ချောစွာ ရရှိလိုက်သည်။ သူမ လိုချင်ခဲ့သော လမ်းကြောင်းကို သူများ ယူသွားသဖြင့် မကျေမနပ် ဖြစ်နေသည်။
သို့သော် ဟန်ဆောင်ပြုံးကာ ပြောလိုက်သည်။
"ကောင်းပါတယ်။ သယ့်ဖေးက ကိုယ်တိုင် မမွေးဖူးတော့ ကလေးထိန်းတာ ပထမဆုံးအကြိမ်ဆိုတော့ ပင်ပန်းမှာပဲ။ သားရင်း မဟုတ်ပေမဲ့ ကျွေးမွေးပြုစုရတာကလည်း ကျေးဇူးကြီးတာပဲ။”
မိဖုရားခေါင်၏စကားကို ကြားလိုက်ရသောအခါ ကျင်းသယ့်ဖေး၏ အပြုံးများ မှေးမှိန်သွားသော်လည်း အထိုက်အလျောက်ပြန်ဖြေလိုက်သည်။
"မယ်မယ် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီချန်းချဲ့က ကံမကောင်းလို့ ကိုယ်ဝန်မရနိုင်တော့ပေမဲ့ အရှင်မင်းကြီး ပေးသနားတဲ့အတွက် အခုလိုဒုတိယမင်းသားနဲ့ သားအမိတော်စပ်ခွင့် ရတာပါ။ ချန်းချဲ့က ကိုယ်တိုင် မွေးနိုင်တဲ့ မယ်မယ်နဲ့တော့ ယှဉ်လို့မရပါဘူး။”
မိဖုရားခေါင်ကြီး မျက်ဝန်းများ အေးစက်သွားသော်လည်း ဆက်လက်ပြုံးထားပြီး အသံကတော့ တည်ငြိမ်သွားသည်။
"ပန်းကုန်းက မိဖုရားခေါင်ကြီးလေ။ မင်းသား၊ မင်းသမီး အားလုံးက ပန်းကုန်းသားသမီးတွေပါပဲ။ မွေးမွေး၊ မမွေးမွေး ပန်းကုန်းရဲ့ သားသမီးတွေလို့ပဲသက်မှတ်ထားတာ။”
"ဟုတ်ကဲ့ပါ မယ်မယ်"
ကျင်းသယ့်ဖေး ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ဘေးမှ နားထောင်နေသူများ အားလုံး သယ့်ဖေး၏ အပြောင်းအလဲကို သတိထားမိလိုက်ကြသည်။
ယခင်က ကျင်းသယ့်ဖေးသည် လူတိုင်းအပေါ် ကောင်းမွန်ပြီး ဘယ်သူ့ကိုမှ မဆန့်ကျင်တတ်ပေ။ အထက်လူကြီးကို ရိုသေပြီး အောက်လက်ငယ်သားကို ကြင်နာတတ်သည်။ သို့သော် ယနေ့တွင် မိဖုရားခေါင်ကြီးကို ပြန်လှန်ပြောဆိုရဲလာသည်။
လူတွေက တကယ်ကိုပြောင်းလဲတတ်ကြတာပဲ။ ဒုတိယမင်းသားကို ပြုစုခွင့်ရတဲ့အပြင် အဆင့်တစ် ဖေး ဖြစ်လာသဖြင့် သယ့်ဖေး၏ ယုံကြည်မှု တိုးပွားလာခြင်း ဖြစ်သည်။
ထို့နောက် မိဖုရားခေါင်ကြီးသည် သယ့်ဖေးကို ဆက်မမေးတော့ဘဲ အခြားမင်းသား၊ မင်းသမီးများအကြောင်း မေးမြန်းသည်။
တတိယမင်းသား၏ တစ်နှစ်ပြည့်မွေးနေ့ပွဲ ဒီလထဲ ကျင်းပရမည် ဖြစ်သည်။
ယိရွှင်ရုန်သည် ကိုယ်တိုင် စီစဉ်ခွင့် ရှိသော်လည်း မိဖုရားခေါင်ကြီးက ဝင်ရောက်စွက်ဖက်ချင်နေသည်။ သို့သော် ယိရွှင်ရုန်သည် ဧကရာဇ်၏မျက်နှာသာပေးခံရသူ၊ သားရှိသူ၊ မိသားစုအင်အားကြီးသူ ဖြစ်သဖြင့် ကျောရိုးတောင့်တင်းသည့်အတွက် လိမ္မာပါးနပ်စွာ ငြင်းပယ်လိုက်သောကြောင့် မိဖုရားခေါင်ကြီး လက်လျှော့လိုက်ရသည်။
ဂါရဝပြုပွဲ ပြီးဆုံးသွားသောအခါ မိဖုရားခေါင်ကြီးသည် ကျန်းဝမ်ရုန်တစ်ယောက်တည်းကို ချန်ထားခဲ့သည်။
ရှူးဖေး ဒေါသထွက်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။ ကျန်းဝမ်ရုန်သည် မနှစ်က သူမကို ကျော်ခွပြီး မိဖုရားခေါင်ကြီးဘက် ကူးပြောင်းသွားခဲ့သည်။ ရှူးဖေးက အနိုင်ကျင့်ချင်သော်လည်း မိဖုရားခေါင်ကြီး ကာကွယ်ထားသဖြင့် မအောင်မြင်ခဲ့ပေ။
လောလောဆယ် ကျန်းဝမ်ရုန်လက်ထဲတွင် သူမ၏ အားနည်းချက် မရှိသည်ကို ကျေးဇူးတင်ရမည်။ ထို့ကြောင့်အရှက်ကွဲရုံကလွဲပြီး တခြားဆုံးရှုံးမှု မရှိပေ။
....
ယွီရှို့အဆောင်။
ယဲ့ယွင် လမ်းလျှောက်ပြန်လာသည်။
မတ်လ အစောပိုင်း နွေဦးကာလတွင် ပန်းများ လှပစွာ ပွင့်နေသဖြင့် လှပသော ပန်းအချို့ ခူးယူလာခဲ့ပြီး ပန်းအိုးထိုးရန်စီစဉ်ခဲ့သည်။
ယွီရှို့အဆောင် ရောက်ပြီး မကြာမီ ကျိုချန်နန်းဆောင်မှ လူတစ်ယောက်ရောက်လာပြီး နေ့လည်စာ စားရန် အရှင်မင်းကြီး ခေါ်တော်မူကြောင်း လျှောက်တင်ခဲ့သည်။
သို့သော်အချိန်စောသေးသဖြင့် လေးနာရီလောက် လိုသေးသည်။ အချိန်ရသည့်အတွက် ယဲ့ယွင်ကိုယ်တိုင်အေးဆေးလုပ်ကိုင်နေကာ လူလွှတ်လိုက်ပြီး ကိုယ်ပိုင်အလုပ်များကို ဆက်လုပ်နေသည်။
လွန်ခဲ့သော နှစ်ရက်က စာအုပ်ညှပ်လုပ်
ချင်စိတ်များပေါ်လာခဲ့သည်။
ဒီနေ့ ပန်းခူးလာတာနဲ့ အတော်ပဲ။ ပန်းခြောက် စာအုပ်ညှပ် လုပ်ရင် လှမှာ သေချာတယ်။
ဟွေယွဲ့ နှင့် နန်ကျစ်တို့က ကူညီပေးခဲ့ကြပြီးစက္ကူထူ၊ သစ်သားပြားများ ရှာဖွေပြီး အလုပ်ရှုပ်နေကြသည်။
အချိန်နီးလာမှ အဝတ်အစားလဲပြီး ကျိုချန်နန်းဆောင်သို့ သွားရန် ပြင်ဆင်သည်။
လမ်းလျှောက်သွားရန်စီစဉ်
ထားသည့်အတွက် အချိန်စောပြီးထွက်ခွါခဲ့သည်။
အခုရက်ပိုင်းဝေါယာဉ်စီးတာ များ၍လှုပ်ရှားမှု နည်းပါးကာ နန်းတော်၏အစားအသောက် ကောင်းမွန်နေသဖြင့် နှစ်သစ်ကူးပြီးနောက် ကိုယ်အလေးချိန် တက်လာသလို ခံစားနေရသည်။ ထို့ကြောင့်လေ့ကျင့်ခန်း မလုပ်ပါကအမှန်ပင်ဝဖြိုးလာတော့မည်။
ယဲ့ယွင် လမ်းလျှောက်သွားချိန်တွင်
ညန်ကောင်းက အမြီးတနှံ့နှံ့ဖြင့် လိုက်ပါလာသည်။ ခေါင်းလေးမော့ကော လမ်းပြနေသကဲ့သို့ ရှေ့က သွားနေသည်။
ပိုင်ရှုက ပြန်မောင်းသော်လည်း ခွေးက လိမ္မာပါးနပ်စွာဖြင့် ရှောင်ထွက်သွားပြီး လူလာမှ ပြန်ကပ်လာကာ ဆော့ကစားနေသကသို့ဖြစ်နေသည်။ နောက်ဆုံးတွင် ယဲ့ယွင် ရယ်မောလိုက်ပြီး ခေါ်သွားလိုက်တော့သည်။
ထို့ကြောင့် ကျိုချန်နန်းဆောင် အပြင်ဘက်တွင် စောင့်နေသော ဟွိုက်အန်းသည် မင်ရှိုးရုန်၊ ဟွေယွဲ့၊ ပိုင်ရှု နှင့် ခွေးဖြူကြီးတစ်ကောင် လာနေသည်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
မင်ရှိုးရုန် ခွေးမွေးထားမှန်း သိသော်လည်း အရှင်မင်းကြီးကို လာတွေ့တာ ခွေးပါ ခေါ်လာရသလား။
ယဲ့ယွင်ကတော့ တည်ငြိမ်စွာပင် ရောက်လာပြီး ပြုံးကာ ပြောလိုက်သည်။
"ဟွိုက်အန်း... အရှင်မင်းကြီးနဲ့ နေ့လည်စာ စားဖို့ လာပါတယ်လို့ လျှောက်တင်ပေးပါ"
"ရှိုးရုန် ဝင်ပါတော့။ အရှင်မင်းကြီး စောင့်နေပါတယ်။ နေ့လည်စာ ရောက်တော့မှာပါ"
ဟွိုက်အန်း တံခါးဖွင့်ပေးလိုက်သည်။
တံခါးပွင့်သည်နှင့် ညန်ကောင်းလေးက ဦးစွာပြေးဝင်သွားခဲ့သည်။
ဟွိုက်အန်း လန့်ဖျပ်သွားပြီး လိုက်ကြည့်ရာ ညန်ကောင်းသည် စာကြည့်စားပွဲနားတွင် အမြီးနှံ့ကာ အရှင်မင်းကြီးကို ပတ်ပြေးနေသည်ကို တွေ့လိုက်ရသည်။
***