"မလုပ်ပါနဲ့။ ဒီချန်းချဲ့က ဒီလိုခေါ်ခံရလောက်အောင် အရည်အချင်းမရှိပါဘူး"
ယဲ့ယွင် မျက်လွှာချလိုက်သည်။
ကျိုဖင် ကိုယ်လုပ်တော်တွေထဲက နောက်ဆုံးအဆင့်ပဲရှိသေးတာလေ။ သူမက မောက်မာတတ်ပေမဲ့ ဘဝင်မြင့်တတ်တာတော့ မဟုတ်ဘူး။
ယိရွှင်ရုန်ကလည်း သဘောတူပုံရသည်။ နှာမှုတ်လိုက်ပြီး ခေါင်းလွှဲကာ လက်ဖက်ရည်သောက်ရင်း ဘာမှမပြောဘဲ နေလိုက်သည်။ သူမတို့နှစ်ဦးက စကားစခဲ့ပြီး အခုကျတော့ ချင်မျိုးရိုးကို လစ်လျူရှုထားလိုက်သဖြင့် ချင်မျိုးရိုးမှာ ဘာလုပ်ရမှန်းမသိဘဲ ရှက်ရွံ့နေရသည်။
"ကဲပါ... ဂါရဝပြုပြီးပြီဆိုတော့ မင်းတို့ အဆောင်တွေပြန်ပြီး နားကြတော့။ အရှင်မင်းကြီး ခေါ်မယ့်အချိန်ကို စောင့်ကြ။ အိပ်ဆောင်ဝင်ပြီးမှ တရားဝင် ကိုယ်လုပ်တော်ဖြစ်လာမှာ။ အဲ့ဒီကျမှ နေ့တိုင်း ဂါရဝပြုဖို့လာခဲ့ကြ"
မိဖုရားခေါင်ကြီး လက်ကာပြလိုက်ပြီး လူသစ်များနှင့် လူဟောင်းများ၏ ပထမဆုံး တွေ့ဆုံပွဲကို အဆုံးသတ်လိုက်သည်။
.....
ဖုန်းရှီးနန်းဆောင်မှ ထွက်လာသောအခါ ယဲ့ယွင်သည် သူမ၏ အဆောင်သို့ ပြန်ရန် စိတ်ကူးမရှိပေ။ ကျိုချန်နန်းဆောင်သို့ တန်းသွားလိုက်သည်။
တခြားသူတွေကတော့ သူမ စိတ်ပူနေတယ်လို့ ထင်ကြမှာ အသေအချာပင်။ လူသစ်တွေက အရည်အချင်းရှိကြပြီး သူမမှာက ကလေးမရှိတော့ ယိရွှင်ရုန်လောက် နေရာမခိုင်မာဘူးလေ။
တခြားလူတွေ ဘာထင်ထင် သူမ ဂရုမစိုက်ပါဘူး။ အရှင်မင်းကြီး ဘယ်လိုထင်လဲဆိုတာပဲ အရေးကြီးတယ်။
အချစ်တော် ကိုယ်လုပ်တော်တစ်ပါးအနေနဲ့ ကိုယ့်နေရာကို ခိုင်မာအောင် လုပ်ပြီး ငွေထုတ်ပေးမည့်သူရဲ့ စိတ်ကို အမြဲဖမ်းစားထားဖို့ လိုတယ်လေ။ သူမ ရောက်သွားချိန်တွင် နင်ချန် ညီလာခံပြီးစ ဖြစ်၍ နဂါးဝတ်ရုံကို မလဲရသေးပေ။
ယဲ့ယွင် ဝင်လာပြီး ဂါရဝပြုလိုက်သည်။ ထို့နောက် မျက်လုံးများ အရောင်တောက်ကာ အထက်အောက် ကြည့်ရှုလိုက်သည်။
"အရှင်မင်းကြီးက ဒီဝတ်စုံနဲ့ဆိုရင် တကယ့်ကို ခန့်ညားပြီး ကြည့်ကောင်းတာပဲ"
"ရောက်တာနဲ့ မြှောက်ပင့်ပြောနေတယ်။ ဘာအကြံရှိလို့လဲ"
နင်ချန် ပြုံးပြီး ကြည့်ကာ လက်ယပ်ခေါ်လိုက်သည်။
ဘေးနားတွင် ရပ်နေသော ယွမ်ကျိုသည် သဘောပေါက်ပြီး နေရာဖယ်ပေးလိုက်သည်။
"အရှင်မင်းကြီးက အမြဲတမ်း ဒီလိုပြောနေတယ်။ ဒီချန်းချဲ့က အဲ့လောက်တောင် ဆိုးနေလို့လား"
ယဲ့ယွင် မျက်စောင်းထိုးလိုက်သည်။
လက်ကတော့ ခါးပတ်ကို လျင်မြန်စွာ ဖြည်ပေးနေသည်။ လေးလံသော အပေါ်ထပ်ဝတ်ရုံကို ချွတ်ပေးပြီး စင်ပေါ်မှ ပေါ့ပါးသော အိမ်နေဝတ်စုံကို ယူကာ အနောက်ဘက်သို့ သွားရောက် ဝတ်ဆင်ပေးလိုက်သည်။
"နန်းတော်ထဲ လူသစ်တွေ ရောက်လာပြီဆိုတော့ အရှင်မင်းကြီးက ဒီချန်းချဲ့ကို မေ့သွားပြီလားလို့ လာကြည့်တာပါ"
အင်္ကျီကော်လာကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပေးရင်း မော့ကြည့်ကာ ပြောလိုက်သည်။
မျက်လုံးချင်း ဆုံမိသောအခါ မိန်းမပျိုလေး၏ မျက်ဝန်းထဲတွင် ချွဲနွဲ့မှုများ ပါဝင်နေသလို လိမ္မာပါးနပ်မှုများလည်း ဖုံးကွယ်နေသည်။
နင်ချန် မမေ့နိုင်မှန်း သိလျက်နှင့် တမင် မေးလိုက်သလို ဖြစ်နေသည်။ ဒီအမူအရာကြောင့် နင်ချန် ရယ်ချင်စိတ် ပေါက်သွားပြီး လက်မောင်းကို ဆန့်ထုတ်ကာ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"ကျန်းက မင်းကို မေ့သွားရင် မင်းက ဒီကျိုချန်နန်းဆောင်ကို ဖြိုချပစ်မှာ သေချာတယ်"
"အရှင်မင်းကြီး သိလို့တော်သေးတာပေါ့။ ချန်းချဲ့ကို လုံးဝ မမေ့ပါနဲ့နော်"
ယဲ့ယွင် မျက်လုံးများ မှေးကျဉ်းသွားပြီး လက်ညှိုးလေးဖြင့် နင်ချန်၏ ရင်ဘတ်ပေါ်တွင် စက်ဝိုင်းပုံ ဝိုက်ဆွဲနေသည်။
ယားယံသော ခံစားမှုကြောင့် နင်ချန်၏ အသက်ရှူသံ ပြင်းထန်လာသည်။
သို့သော် အခုအချိန်က အချစ်နယ်ကျွံလို့ ရသည့်အချိန် မဟုတ်သဖြင့် သည်းခံလိုက်ကာ အဆော့သန်သော လက်ကလေးကို ဖယ်ရှားလိုက်သည်။
သူမကို ပြတင်းပေါက်ဘေးရှိ ကုတင်ပေါ်သို့ ခေါ်ဆောင်သွားပြီး ထိုင်စေသည်။ အပြင်ခန်းဆောင်တွင် စောင့်နေသော ယွမ်ကျိုက အခြေအနေကို အကဲခတ်ပြီး အစေခံမလေးများကို လက်ဖက်ရည်နှင့် မုန့်များ ယူလာရန် အမိန့်ပေးလိုက်သည်။
"ဒီနေ့ ဖုန်းရှီးနန်းဆောင်မှာ အကုန်တွေ့ခဲ့ပြီလား"
နင်ချန် လက်ဖက်ရည် တစ်ငုံသောက်ပြီး မေးလိုက်သည်။ တကယ်တမ်းတွင် လူသစ်တွေ ဘယ်လိုပုံစံလဲ ဆိုတာ သူ မမှတ်မိတော့ပေ။ တစ်ခါပဲ တွေ့ဖူးတာဆိုတော့ မေ့ကုန်ပြီလေ။
ယဲ့ယွင် ခေါင်းညိတ်လိုက်ပြီး သစ်ကြားသီးမုန့် တစ်ခုကို ယူစားလိုက်သည်။
"အားလုံးက လှပကြပါတယ်။ အရှင်မင်းကြီး ကံကောင်းတာပဲ။ အထူးသဖြင့် ချင်ပေါင်လင်က ထူးခြားတယ်။ ကြည့်ရတာ သွက်လက်မယ့်ပုံပဲ"
ဒီစကားပြောရင်း နင်ချန်၏ မျက်နှာထားကို အကဲခတ်နေသည်။ နင်ချန် မျက်မှောင်ကြုတ်သွားသည်။
"ချင်မျိုးရိုးက ပေါင်လင်ရာထူး ရသွားတာလား"
ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်တယ်။ အရှင်မင်းကြီး မသိဘူးလား"
"ဩော်... ဒီရက်ပိုင်း အလုပ်များနေလို့ မေ့သွားတာ ဖြစ်မယ်"
နင်ချန် စကားလမ်းကြောင်း လွှဲလိုက်သော်လည်း မျက်ဝန်းများ မဲမှောင်သွားသည်။
ဒါက သေချာပေါက် ပြဿနာရှိနေပြီ။ ယဲ့ယွင် သတိထားမိသော်လည်း ဘာမှ မပြောပေ။
နင်ချန်ရဲ့ပုံစံအရဆို သူ ခန့်အပ်တာ မဟုတ်ဘူးဆိုရင် မိဖုရားခေါင်ကြီး လက်ချက်ပဲ ဖြစ်ရမယ်။ ကြည့်ရတာ ချင်မျိုးရိုးကို မိဖုရားခေါင်ကြီးက ပစ်မှတ်အဖြစ် ဖန်တီးပေးလိုက်ပုံရသည်။
သူမ နန်းတွင်းစရောက်တုန်းကလည်း ယိရွှင်ရုန်ကို ကာကွယ်ပေးဖို့အတွက် နင်ချန်က သူမကို ဒိုင်းကာအဖြစ် အသုံးချခဲ့ဖူးတာကို ပြန်သတိရမိသည်။
"ဘာတွေ တွေးနေတာလဲ။ ငေးငိုင်နေပါလား။”
နင်ချန် မေးလိုက်သည်။
အတွေးစကို ပြန်သိမ်းလိုက်ပြီး ယဲ့ယွင် မျက်ခုံးပင့်ကာ တမင် ချွဲနွဲ့လိုက်သည်။
"ဒီချန်းချဲ့ နောင်တရနေတာ။ ဒီနေ့ ဖုန်းရှီးနန်းဆောင်မှာ ချင်ပေါင်လင်ကို စကားနာထိုးလိုက်မိတယ်။ ဒီနေ့ အရှင်မင်းကြီးက သူ့ကို အိပ်ဆောင်ဝင်ခွင့်ပေးလိုက်ရင် ဒီချန်းချဲ့ မျက်နှာပျက်ရတော့မယ်"
ပြောရင်း လက်ကိုင်ပဝါကို ခါယမ်းကာ ခါးလေးကို လှုပ်ခါပြီး နှုတ်ခမ်းဆူလိုက်သည်။ ချစ်စဖွယ် ကောင်းလှသည်။
နင်ချန် ရယ်မောလိုက်သည်။ ဒီမိန်းကလေးက ဟန်ဆောင်ချွဲနွဲ့ရင်တောင် ချစ်စရာကောင်းနေသည်။ ရှေ့မှ မုန့်တစ်ခုကို ယူပြီး သူမကို ခွံ့ကျွေးလိုက်သည်။
"မင်းကတော့ အမြဲတမ်း လျှောက်တွေးနေတာပဲ။ ကျန်းက ဘယ်တုန်းက သူ့ကို ခေါ်မယ် ပြောလို့လဲ။ ချင်းချင်းက ရောက်လာပြီးမှ ထွက်ပြေးချင်နေတာလား"
ဒီစကား မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ယဲ့ယွင် နားထောင်ရတာ သဘောကျသွားသည်။
မုန့်ကို ပါးစပ်ဖြင့် ကိုက်ယူလိုက်ပြီး လက်ဖြင့် ကိုင်ကာ တစ်ကိုက်ချင်း စားလိုက်သည်။
နှုတ်ခမ်းထောင့်တွင် မုန့်အစအနများ ပေကျံနေသော်လည်း လက်ကိုင်ပဝါဖြင့် မသုတ်ဘဲ လျှာဖြင့် သပ်လိုက်သည်။
ကြောင်လေးတစ်ကောင်ကဲ့သို့ ဆွဲဆောင်မှု ရှိလှသည်။ နင်ချန် မျက်လုံးများ ရဲတက်လာပြီး နောက်ထပ် မုန့်တစ်ခု ထပ်ခွံ့ကျွေးလိုက်သည်။
နှစ်ယောက်သား ခဏကြာ ထိုင်နေပြီးနောက် ညီလာခံမှ စုပုံနေသော အစီရင်ခံစာများ ရောက်ရှိလာပြီး တောင်ပုံရာပုံ ဖြစ်နေသည်။
နောက်ထပ် သုံးလအကြာ ၉လပိုင်းတွင် ဆောင်းဦးရာသီ စာမေးပွဲကျင်းပမည် ဖြစ်၍ နေရာတိုင်းတွင် ပြင်ဆင်နေကြပြီ ဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ ကိစ္စဖြစ်၍ ပေါ့ဆ၍ မရပေ။
ယဲ့ယွင် ရှိနေသဖြင့် ယွမ်ကျိုက မင်သွေးပေးစရာ မလိုတော့ပေ။ သူမ ကိုယ်တိုင် လုပ်ပေးလိုက်သည်။ ပြောရလျှင် သူမ မင်သွေးပေးရသည့်အလုပ်ကို မလုပ်တာကြာပြီဖြစ်သည်။
နင်ချန်သည် ပုံမှန်အားဖြင့် ကိုယ်လုပ်တော်များကို မင်သွေးခိုင်းလေ့ မရှိပေ။ ရံဖန်ရံခါမှသာ ခေါ်လေ့ရှိသည်။ အိပ်ဆောင်ဝင်ခြင်း မဟုတ်ဘဲ မင်သွေးခိုင်းခြင်းသည် အချစ်ခံရမှုကို ပြသသော နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်သည်။
ဒီနေ့က တကယ် အလုပ်များသည်။
မနက်ပိုင်းတွင် စာဖတ်ပြီး နေ့လည်စာစားကာ နာရီဝက်ခန့် အိပ်စက်ပြီးနောက် ပြန်လည် အလုပ်လုပ်ရသည်။
နင်ချန်က တစ်နေ့လုံး စာရေးပြီး ယဲ့ယွင်က တစ်နေ့လုံး မင်သွေးပေးရသဖြင့် ညနေရောက်သောအခါ လက်များ ကိုက်ခဲနေခဲ့သည်။ သူမအတွက် ပင်ပန်းသော်လည်း တခြားလူများအမြင်တွင် မနာလိုစရာ ကောင်းလှသည်။
လူသစ်များ ဝင်ရောက်လာသော ပထမဆုံးညတွင် အရှင်မင်းကြီးက မင်ရှိုးရုန်ကို တစ်နေ့လုံး ကျိုချန်နန်းဆောင်တွင် ခေါ်ထားခြင်းသည် ညဘက်တွင်လည်း သူမကိုသာ ရွေးချယ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဖုန်းရှီးနန်းဆောင်တွင် မိဖုရားခေါင်ကြီးက လူလွှတ်ပြီး စောင့်ကြည့်ခိုင်းနေသည်။
ညစာစားချိန် နီးကပ်လာသောအခါ ဧကရာဇ်အိပ်ဆောင်ရေးရာဌာနမှ တာဝန်ခံကို စေလွှတ်လိုက်သည်။
"အရှင်မင်းကြီး... ဒီနေ့က လူသစ်တွေရောက်လာတဲ့ ပထမဆုံးညပါ။ အရှင်မင်းကြီး ဘယ်နန်းဆောင်မှာ အိပ်စက်မလဲ။ ကျွန်တော်မျိုးတို့ ကြိုတင်ပြင်ဆင်ထားရအောင်ပါ"
ယဲ့ယွင်သည် နင်ချန်ဘေးတွင် ထိုင်နေပြီး မျက်ဝန်းများ အေးစက်သွားသည်။ မိဖုရားခေါင်ကြီးက တကယ် စိတ်ပျက်စရာကောင်းတာပဲ။
သို့သော် ယခုအချိန်တွင် သူမ ဝင်ပြော၍ မရသဖြင့် နင်ချန်၏ သဘောထားကို စောင့်ကြည့်ရမည်။ ဘေးသို့ တစ်ချက်ကြည့်လိုက်ရာ နင်ချန်၏ မျက်နှာထား တင်းမာနေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ချသွားသည်။ ထင်သည့်အတိုင်းပင် အမျိုးသား၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
"မင်း မျက်လုံးကန်းနေတာလား။ မင်ရှိုးရုန် ဒီမှာရှိနေတာ မမြင်ဘူးလား။ တကယ်စကားများပြီး အလုပ်မဖြစ်တဲ့ကောင်။ ဧကရာဇ်အိပ်ဆောင်ရေးရာဌာန တာဝန်ခံရာထူးက ထွက်လိုက်တော့။ တခြားလူကို အစားထိုးလိုက်"
လာမေးသူသည်လန့်ဖျပ်သွားကာ မျက်လုံးပြူးပြီး အသနားခံချင်သော်လည်း အရှင်မင်းကြီးကို မစော်ကားရဲပေ။
နောက်ဆုံးတွင် ပါးစပ်ဟလိုက်၊ ပိတ်လိုက်ဖြစ်နေပြီး ခေါင်းငုံ့ကာ ကျေးဇူးတင်စကားဆိုပြီး ထွက်ခွာသွားရသည်။
သေချာစဉ်းစားကြည့်လျှင် အကြောင်းရင်းကို သိနိုင်သည်။
နင်ချန်က ချင်မျိုးရိုးကို အနည်းငယ် စိတ်ဝင်စားမိရုံဖြင့် မိဖုရားခေါင်ကြီးက တမင်မြှောက်စားပြီး ဒုက္ခပေးရန် ကြံစည်သည်။ ဒီနေ့ ယဲ့ယွင် ကျိုချန်နန်းဆောင်တွင် တစ်နေ့လုံးရှိနေသဖြင့် မျက်နှာသာပေးခံရမည်မှန်း သိသာနေသော်လည်း မိဖုရားခေါင်ကြီးက တမင်လူလွှတ်မေးခိုင်းသည်။ နင်ချန်ကို တခြားနေရာသို့ လမ်းလွှဲပေးချင်နေခြင်းဖြစ်သည်။
အကယ်၍ နင်ချန်သာ တခြားလူကို ရွေးချယ်လိုက်လျှင် ယဲ့ယွင် မျက်နှာပျက်ရတော့မည်။ အရှင်မင်းကြီးက တစ်ယောက်ယောက်ကို ချစ်ပြရင် အဲ့ဒီလူကို ဖိနှိပ်ချင်နေတာပဲ။
သွေးဆူလွယ်သော လူငယ် နင်ချန်သည် မိဖုရားခေါင်ကြီး၏ လှုပ်ရှားမှု အသေးစားလေးများကို မနှစ်သက်ပေ။
***