ပွဲစဉ်ကတော့ မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။
ပထမဆုံး ယှဉ်ပြိုင်မယ့်သူကတော့ တာအိုဂိုဏ်းက ပိုင်ဟုန်ထူပဲ ဖြစ်ပါတယ်။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်အနေနဲ့ သူက ဘယ်လို အံ့မခန်း စွမ်းဆောင်မှုတွေ ပြသမလဲဆိုတာ အားလုံး စောင့်ကြည့်လိုက်ကြရအောင်။
ကဲ... ကြည့်လိုက်ကြပါဦး။ ပိုင်ဟုန်ထူက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ဖြစ်ပါလျက်နဲ့၊ အရှက်မရှိဘဲ ခန္ဓာပေါင်းစည်းခြင်းအဆင့်သာရှိတဲ့ ကွန်ဖြူးရှပ်ဂိုဏ်းချုပ် တုန်းကျုံးရန်ကို ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်ပါပြီ။
တုန်းကျုံးရန်က ပိုင်ဟုန်ထူရဲ့ဖိတ်ခေါ်မှုကို အဖက်မလုပ်ပါဘူး။ ပိုင်ဟုန်ထူ ဘာဆက်လုပ်မလဲ... ဟော... သူ ဆွပေးနေပြီ။ ပိုင်ဟုန်ထူက တုန်းကျုံးရန်ကို အတင်း ရန်စနေပါပြီ။
ဆဲဆို ရန်စတဲ့ စကားလုံးတွေက တကယ်ကို နားမခံသာအောင် ဆိုးရွားလွန်းလှပါတယ်။ ငါသာ စင်တင်တင်ဆက်သူဆိုရင်တောင် ဒီစကားတွေကြားရင် တစ်ပွဲလောက် ထချလိုက်မိမှာ အသေအချာပါပဲ။ စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ ကွန်ဖြူးရှပ်ဂိုဏ်းချုပ်က ဘယ်လို ရွေးချယ်မလဲဆိုတာ ကြည့်ရတာ စိတ်လှုပ်ရှားစရာပါပဲ။
ထင်တဲ့အတိုင်းပါပဲ... တုန်းကျုံးရန်တစ်ယောက် ဒေါသထွက်လွန်းလို့ တုန်တုန်ယင်ယင်တောင် ဖြစ်နေပါပြီ... ဟော... သူ စိန်ခေါ်မှုကို လက်ခံလိုက်ပါပြီ။ သူ လက်ခံလိုက်ပါပြီ။
ပိုင်ဟုန်ထူရဲ့နည်းလမ်းတွေက အောက်တန်းကျပေမဲ့ တကယ်ကို အလုပ်ဖြစ်ပုံရပါတယ်။ တုန်းကျုံးရန်ရဲ့သတ္တိကို အားလုံး လက်ခုပ်တီးပြီး အားပေးလိုက်ကြရအောင်။
ကျန်းလီသည် ရုတ်တရက် လက်ခုပ်တီးလိုက်သဖြင့် ဘေးတွင် ထိုင်နေသော သူတော်စင်ကျန့်ရှင်းမှာ ကြောင်အသွားသည်။
ကျန်းလီကတော့ စိတ်ထဲမှ ဆက်လက်၍ ပွဲစဉ်သုံးသပ်ချက်ပေးနေ၏။
ဒီနေ့တော့ ငါတို့တွေ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ ပညာရှိစာမူကို မြင်တွေ့ခွင့်ရတော့မယ် ထင်တယ်။
တုန်းကျုံးရန်က ပညာရှိစာမူကို ထုတ်လိုက်ပါပြီ။ တကယ်ကို အစစ်ကြီးပဲ။ စစ်မှန်တဲ့ နတ်ဘုရားလက်နက်ပါပဲ။ ပြိုင်ပွဲဝင်နှစ်ဦးစလုံး ကောင်းကင်ယံသို့ ပျံတက်သွားကြပါပြီ။ တုန်းကျုံးရန်က ပိုင်ဟုန်ထူကို တရားဓမ္မတွေနဲ့ ဖျောင်းဖျပြီး တိုက်ပွဲကို ရပ်တန့်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဘာပြောနေလဲ နားထောင်ကြည့်ရအောင်။
"ဒါက နတ်ဘုရားလက်နက် ဖူးမြော်ပွဲလေ၊ နတ်ဘုရားလက်နက်နဲ့ တိုက်ရမှာ။ မင်းတို့ တာအိုဂိုဏ်းရဲ့ တစ်ခုတည်းသော နတ်ဘုရားလက်နက်က စင်ပေါ်မှာ တင်ထားတာလေ၊ မင်းက ဘာနဲ့ တိုက်မလို့လဲ"
"အဲ့လို ပြောလို့ ဘယ်ရမလဲ။ ဒါ ငါတို့ တာအိုဂိုဏ်းက ကျင်းပတဲ့ပွဲပဲ၊ ငါတို့က မတိုက်ရင် တာအိုဂိုဏ်းက ပွဲထဲမှာ အရာမထင်ဘဲ နေမှာပေါ့။ လာပါ... ငါ မင်းကို အနိုင်မကျင့်ပါဘူး။ လက်နက် မသုံးဘဲ လက်ဗလာနဲ့ပဲ နတ်ဘုရားလက်နက် ကိုင်ထားတဲ့ မင်းကို ရင်ဆိုင်ပေးမယ်"
တုန်းကျုံးရန်က ပိုင်ဟုန်ထူကို ဆက်ပြီး ဖျောင်းဖျဖို့ ကြိုးစားနေတုန်းမှာပဲ... ပိုင်ဟုန်ထူကတော့ ကျင့်ဝတ်ကို ဂရုမစိုက်ဘဲ အမှတ်မထင် ခိုးတိုက်လိုက်ပါပြီ။ ပွဲတောင် မစရသေးဘူး။ သူက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ဖြစ်ရဲ့သားနဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ခိုးတိုက်တာပါ။
စင်တင်တင်ဆက်သူအနေနဲ့ တစ်ခွန်းလောက် ဆဲပါရစေ။
ပိုင်ဟုန်ထူ... မင်းကတော့ တကယ့်ကို ***** ပါပဲ။
တုန်းကျုံးရန်က ပညာရှိစာမူပေါ်မှာ စာလုံးတစ်လုံး ရေးလိုက်ပါပြီ။
သူ ရေးလိုက်တဲ့ စာလုံးကတော့ "လွင့်စင်" ဖြစ်ပါတယ်။
အဲ့ဒီစာလုံးကို ပိုင်ဟုန်ထူရဲ့ကိုယ်ပေါ်မှာ ကပ်ဖို့ ကြိုးစားနေပါတယ်... ကပ်လိုက်နိုင်ပြီ။ အောင်မြင်သွားပါပြီ။
ပိုင်ဟုန်ထူ ဘယ်လို တုံ့ပြန်မလဲ... ဟော... သူ အင်္ကျီတွေ ချွတ်နေပြီ။ သူ အင်္ကျီချွတ်နေပြီ။ သူ့ရဲ့ တာအိုဝတ်ရုံကို ချွတ်ချလိုက်ပါပြီ။ ပိုင်ဟုန်ထူရဲ့ တာအိုဝတ်ရုံကတော့ လွင့်စင်သွားပါပြီ။ ဒါပေမဲ့ ပိုင်ဟုန်ထူကတော့ နေရာမှာတင် ရှိနေတုန်းပါပဲ။ သူ ဘာမှမဖြစ်ပါဘူး။
တကယ့်ကို အံ့မခန်း တိုက်ပွဲပါပဲ။
ကျင့်ကြံသူအပေါင်းတို့... ပိုင်ဟုန်ထူ ချွတ်ချလိုက်တဲ့ ဝတ်ရုံကို လုယက်တာမျိုး မပြုကြပါနဲ့။ တာအိုဂိုဏ်းတပည့်တွေအနေနဲ့ စည်းကမ်းလေး ထိန်းပေးကြပါဦး။ အရှက်ရစရာဖြစ်ပေမဲ့ အဲ့ဒီဝတ်ရုံက တာအိုကိရိယာဖြစ်လို့ ပြန်ကောက်ပေးကြပါဦး။
မြင်ကွင်းကို ပြန်ကြည့်ရအောင်။ တုန်းကျုံးရန်က နောက်ထပ် စာလုံးတစ်လုံး ထပ်ရေးပြီး ပိုင်ဟုန်ထူဆီ ကပ်လိုက်ပြန်ပါပြီ။
ပိုင်ဟုန်ထူက နောက်ထပ် တာအိုဝတ်ရုံ တစ်ထည်ကို ထပ်ချွတ်လိုက်ပြန်ပြီ။ သူ တစ်ကိုယ်လုံးမှာ ဝတ်ရုံ ဘယ်နှထည်တောင် ဝတ်ထားတာလဲ မသိဘူး။ ဒီနေ့အတွက် သူ သေသေချာချာ ပြင်ဆင်လာပုံရပါတယ်။
ဒါဆို တုန်းကျုံးရန်က ဒီတစ်ခါ ရှုံးသွားတာလား။
မဟုတ်ဘူး... မဟုတ်ဘူး... အခြေအနေက မမှန်တော့ဘူး။ ပိုင်ဟုန်ထူ ချွတ်ချလိုက်တဲ့ ဝတ်ရုံက တိုက်ခိုက်မယ့် ကိုယ်ဟန် ပြင်လိုက်ပြီး၊ ပိုင်ဟုန်ထူကို ပြန်တိုက်နေပါပြီ။
ဪ... တုန်းကျုံးရန် ရေးလိုက်တဲ့ စာလုံးက "တိုက်ပွဲ" ဆိုတဲ့ စာလုံးကိုး။
ဘယ်အရာကိုမဆို ကိုယ့်အတွက် တိုက်ခိုက်ပေးစေနိုင်တဲ့ "တိုက်ပွဲ" စာလုံးအဆောင်ပဲ ဖြစ်ပါတယ်။
တုန်းကျုံးရန်က အခွင့်ကောင်းယူပြီး နောက်ထပ် "သတ်ဖြတ်ခြင်း" ဆိုတဲ့ စာလုံး သုံးလုံးကို ဆက်တိုက် ရေးလိုက်ပြန်ပါတယ်။
ငါတို့ မြင်တွေ့နေရတာကတော့ အဲ့ဒီစာလုံးတွေက ရွှေရောင်ဝတ်စုံဝတ် နတ်မင်း သုံးပါးအဖြစ် ပြောင်းလဲသွားတာပါပဲ။ တစ်ပါးချင်းစီက ခန္ဓာပေါင်းစည်းခြင်း အထွတ်အထိပ် အဆင့်တွေချည်းပါပဲဗျာ။
တင်ဆက်သူ ရှောင်ကျန်းအနေနဲ့ ရှင်းပြပါရစေ။ ဒီနတ်မင်း သုံးပါးဟာ ကွန်ဖြူးရှပ်ဂိုဏ်းရဲ့ အစောင့်အရှောက်တွေ ဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ဂိုဏ်းသားတစ်ယောက်ဟာ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကိုရောက်တိုင်း ပညာရှိစာမူပေါ်မှာ သူတို့ရဲ့ပုံရိပ်ကို ချန်ထားရစ်ခဲ့ကြရပါတယ်။ "သတ်ဖြတ်ခြင်း" စာလုံးကို ရေးလိုက်တာနဲ့ အဲ့ဒီပုံရိပ်တွေက အစောင့်အရှောက်တွေအဖြစ် ထွက်ပေါ်လာပြီး ဂိုဏ်းကို ကာကွယ်ပေးကြတာ ဖြစ်ပါတယ်။
ကဲ... တိုက်ပွဲကတော့ အရမ်းကို ပြင်းထန်နေပါပြီ။ ပိုင်ဟုန်ထူကတော့ အကျပ်ရိုက်နေပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဝတ်ရုံရယ်၊ ဓားကိုင်ထားတဲ့ နတ်မင်း သုံးပါးရယ်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံနေရသလို၊ တုန်းကျုံးရန်ရဲ့တိုက်ကွက်တွေကိုလည်း သတိထားနေရပါတယ်။
ပိုင်ဟုန်ထူ သွေးအန်နေပါပြီ။ သူ တော်တော်လေး အရိုက်ခံနေရပြီ။
အားလုံးပဲ စိတ်မပူကြပါနဲ့။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ဆိုတာ သွေးတစ်စက်ရှိရင် ပြန်ရှင်နိုင်တာမို့၊ ပိုင်ဟုန်ထူရဲ့ဒဏ်ရာတွေက အပေါ်ယံပါပဲ။
ဟော... ပိုင်ဟုန်ထူ ပြန်တိုက်ပြီ။ သူ နတ်မင်းတွေကို ကန်ထုတ်လိုက်ပြီ။ တုန်းကျုံးရန်ကိုလည်း ဒဏ်ရာရအောင် လုပ်လိုက်နိုင်ပြီ။
တိုက်ပွဲမြင်ကွင်းက တကယ်ကို ရက်စက်လှပါတယ်။ အသိပေးချက်အနေနဲ့ - အသက်မပြည့်သေးတဲ့ ကျင့်ကြံသူတွေအနေနဲ့ လူကြီးမိဘ အုပ်ထိန်းသူတွေနဲ့အတူ ကြည့်ရှုကြဖို့ တိုက်တွန်းပါရစေ။
တုန်းကျုံးရန် ဘယ်လို တုံ့ပြန်မလဲ။ သူ "ပြန်လည်ဆန်းသစ်ခြင်း" စာလုံးကို ရေးလိုက်ပါပြီ။ သူဟာ မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားပါပြီ။
ပိုင်ဟုန်ထူက တာအိုအဆောင်ကို သုံးလိုက်ပါပြီ။ ကောင်းကင်ယံမှာ လှိုင်းထနေတဲ့ မြစ်ကြီးတစ်စင်း ပေါ်လာပါပြီ။
ဒါက တာအိုဂိုဏ်းရဲ့ ကျန်းဟိုင်ထျန်းချင်းအဆောင်ပဲ ဖြစ်ပါတယ်။
မြစ်ရေတွေက တုန်းကျုံးရန်ဆီကို အဟုန်နဲ့ ပြေးဝင်နေပါပြီ။ ကြောက်စရာ အရှိန်အဝါပါပဲ။ ဒါပေမဲ့ တုန်းကျုံးရန်က "သိမ်းဆည်း" စာလုံးနဲ့ အဲ့ဒီမြစ်ရေတွေကို စာမူထဲ သိမ်းလိုက်ပါပြီ။
တိုက်ပွဲကတော့ အလွန်အမင်း ပြင်းထန်နေပါတယ်။ ပိုင်ဟုန်ထူက အဆောင်တွေ တရစပ် သုံးနေသလို၊ တုန်းကျုံးရန်ကလည်း စာလုံးအဆောင်တွေနဲ့ ပြန်လည်တုံ့ပြန်နေပါတယ်။ နှစ်ယောက်စလုံး အပေးအယူ မျှနေကြပါတယ်။
တင်ဆက်သူရဲ့ စကားလုံး ကြွယ်ဝမှု မရှိတာကို ခွင့်လွှတ်ပေးကြပါဦး။
တုန်းကျုံးရန်က "သေဆုံး" စာလုံးကို ရေးပြီး ပိုင်ဟုန်ထူရဲ့နဖူးမှာ ကပ်လိုက်ပါပြီ။
ပိုင်ဟုန်ထူရဲ့ ယန်ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်လာပါပြီ။ သူက ဝိညာဉ်တိုက်ခိုက်မှု လုပ်တော့မှာပါ။ တုန်းကျုံးရန် တားနိုင်ပါ့မလား။
ကဲ... ပြိုင်ပွဲဝင် နှစ်ဦးစလုံးဟာ ဒါဟာ ရင်းနှီးမှုအတွက် ယှဉ်ပြိုင်ပွဲသာဖြစ်ကြောင်း သတိရသွားပုံရပြီး ခုနက တိုက်ကွက်တွေက အနည်းငယ် လွန်သွားတယ်လို့ ယူဆပုံရပါတယ်။
ပြိုင်ပွဲဝင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ပြီး စစ်ပြေငြိမ်းလိုက်ကြပါပြီ... သူတို့ လက်ဆွဲနှုတ်ဆက်တာက အချိန်နည်းနည်း ကြာနေသလိုပဲ။
ပိုင်ဟုန်ထူရဲ့ နားထင်ကြောတွေ ထောင်နေသလို၊ တုန်းကျုံးရန်ကလည်း "ခွန်အား" စာလုံးကို ကိုင်ထားပုံရပါတယ်။
နောက်ဆုံးတော့ ပြိုင်ပွဲဝင်နှစ်ဦး လက်ချင်း ခွာလိုက်ကြပါပြီ။ ပထမအချီပြိုင်ပွဲကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။
"ရှင် ခုနက စိတ်ထဲမှာ အရမ်းတက်ကြွနေသလိုပဲနော်" သူတော်စင်ကျန့်ရှင်းက ကျန်းလီအား သံသယဖြင့် မေးလိုက်သည်။ ထိုခံစားချက်မှာ အခြေအမြစ်မရှိသော်လည်း သူမ၏ အလိုလိုသိစိတ်ကို သူမ ယုံကြည်နေသည်။
"ဘယ်မှာလဲ" ကျန်းလီက မျက်နှာသေဖြင့် ပြန်ဖြေသည်။
"အကယ်၍ ခုနက နှစ်ယောက် ဆက်တိုက်ရင် ဘယ်သူ နိုင်မလဲ" သူတော်စင်ကျန့်ရှင်းက ထိုကိစ္စကို ဆက်မမေးတော့ဘဲ မေးခွန်းပြောင်းလိုက်သည်။
"တုန်းကျုံးရန်က အစွမ်းကုန် သုံးထားတာ၊ ဒါပေမဲ့ ပိုင်ဟုန်ထူကတော့ အေးဆေးပါပဲ။ သူ အဆောင်မန္တာန်တွေ၊ အစီအရင်တွေကို တစ်ခုမှ မသုံးရသေးဘူး။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံက အဝေးကြီး ကွာခြားတယ်၊ တုန်းကျုံးရန်က ပိုင်ဟုန်ထူကို မမီပါဘူး"
"နတ်ဘုရားလက်နက်က ခန္ဓာပေါင်းစည်းခြင်းနဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းကြားက ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ကျွန်မ သိထားတာလေ"
"မင်းပြောတာက တိုက်ခိုက်ရေး သက်သက်အတွက် သုံးတဲ့ နတ်ဘုရားလက်နက်တွေကို ပြောတာပါ။ ဥပမာ - ဖုန်လိုင်ကျွန်းက ထာ့ရှန်းကျောက် လိုမျိုးပေါ့။ အကယ်၍ ဖုန်လိုင်ကျွန်းသခင်ကသာ ထာ့ရှန်းကျောက်ကို ကိုင်ထားရင် ပိုင်ဟုန်ထူတောင် အရိုက်ခံရုံပဲ ရှိတော့မှာ"
"လူသားဧကရာဇ်က ကျွန်မကို ဒီလောက်တောင် အထင်ကြီးနေတာလား" သူတို့နှစ်ဦး ပွင့်ပွင့်လင်းလင်း စကားပြောနေကြစဉ် ဘေးတွင် ထိုင်နေသော ဖုန်လိုင်ကျွန်းသခင်က ပြုံးလျက် ဝင်ပြောလိုက်သည်။
ဖုန်လိုင်ကျွန်းသခင် မော့ရို့ယွီသည် ကိုယ်လုံးကိုယ်ပေါက် အလွန်လှပသော အမျိုးသမီးကြီး တစ်ဦး ဖြစ်သည်။ မျက်လုံးထောင့်တွင် မျက်ရည်ခံမှဲ့လေး တစ်လုံးရှိပြီး၊ ခန္ဓာပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။ ကျန်းလီ ချီသန့်စင်ခြင်းအဆင့်မှာသာ ရှိသေးစဉ်ကပင် သူမသည် ဖုန်လိုင်ကျွန်းသခင် ဖြစ်နေခဲ့ပြီဖြစ်သည်။
"မဟုတ်ပါဘူး... အမှန်အတိုင်း ပြောတာပါ။ ကျွန်းသခင် မော့ကော... ဗုဒ္ဓဂိုဏ်းရဲ့ ဗြဟ္မာမျှော်စင်ကို စိန်ခေါ်ချင်တာလား၊ ထျန်းယွမ်အင်ပါယာရဲ့ ဆန္ဒပြည့်ဘူးသီးကို စိန်ခေါ်မလား၊ ဒါမှမဟုတ် မဟာကျိုးအင်ပါယာရဲ့ အတိတ်အနာဂတ်ဓားကို စိန်ခေါ်မလား"
"ဘုန်းကြီးအိုကြီးက မရှိဘူးလေ၊ ဆန္ဒပြည့်ဘူးသီးနဲ့လည်း တိုက်ဖူးတာ အကြိမ်ကြိမ်ပဲ။ မဟာကျိုးရဲ့ အတိတ်အနာဂတ်ဓားကတော့ အချိန်နဲ့ နေရာလွတ်ကို နှောင့်ယှက်နိုင်တယ်လို့ ကြားဖူးပေမဲ့ တစ်ခါမှ မတိုက်ဖူးသေးဘူး"
"ကျီကျစ် ... မင်းရဲ့ မဟာကျိုးက အတိတ်အနာဂတ်ဓားကို ငါ တစ်ချက်လောက် စမ်းကြည့်ပါရစေ။" ဖုန်လိုင်ကျွန်းသခင် မော့ရို့ယွီသည် နေရာမှ ထရပ်ကာ ကျီကျစ်အား ပြောလိုက်လေတော့သည်။
ကျီကျစ်ကလည်း ဝမ်းမြောက်စွာ လက်ခံလိုက်သည်။
တာအိုဂိုဏ်းတွင်ရှိနေသဖြင့် သူသည် နိုင်ငံတော်ကံကြမ္မာ အရှိန်အဝါဖြင့် ခန္ဓာပေါင်းစည်းခြင်း အထွတ်အထိပ်အထိသာ ရောက်ရှိနိုင်ရာ၊ မော့ရို့ယွီနှင့် တိုက်ခိုက်ရန်မှာ အကောင်းဆုံး အခြေအနေပင် ဖြစ်တော့သည်။
***