ယင်ယန်ကောင်းကင်တံဆိပ်၊ ဗြဟ္မာမျှော်စင်၊ ပညာရှိစာမူ၊ ထာ့ရှန်းကျောက်၊ အတိတ်အနာဂတ်ဓား၊ နဂါးပုလဲ နှင့် ဆန္ဒပြည့်ဘူးသီး။ တလက်လက် တောက်ပနေသော နတ်ဘုရားလက်နက် ခုနစ်ပါးတို့သည် ကောင်းကင်ယံတွင် ပျံဝဲနေပြီး၊ ခေတ်သစ်တစ်ခု စတင်ပြီဖြစ်ကြောင်း ကြေညာနေကြလေသည်။
အင်အားစုကြီးများသည် မည်သို့ပင် ပြန်လည်ခေါ်ယူစေကာမူ၊ မည်သို့သော နည်းလမ်းများကို အသုံးပြုစေကာမူ၊ နတ်ဘုရားလက်နက်များကို လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ပေ။ နတ်ဘုရားလက်နက်များပင် ဤသို့ဖြစ်နေလျှင်၊ ဝိညာဉ်လက်နက်၊ မှော်လက်နက်နှင့် တာအိုလက်နက်များဆိုပါက ပြောနေစရာတောင်မလိုတော့ပေ။
၎င်းတို့အားလုံးသည် အသိဉာဏ်များ ပွင့်လာကြပြီး၊ သခင်ဖြစ်သူတို့၏ ထိန်းချုပ်မှုမှ ရုန်းထွက်ကာ သိုလှောင်လက်စွပ်များထဲမှ ပြေးထွက်လာခဲ့ကြသည်။
လက်နက်ပိုင်ရှင်များသည် အင်အားသုံး၍ နှိမ်နင်းရန် ကြိုးပမ်းခဲ့ကြသော်လည်း၊ မိမိတို့၏ လက်နက်များကို မိမိတို့ကိုယ်တိုင် ပြန်လည်မယှဉ်နိုင်တော့ဘဲ၊ ပြောင်းပြန် အနှိမ်ခံလိုက်ရကြောင်း တွေ့ရှိသွားကြရသည်။ သူတို့သည် ပိုင်ဆိုင်မှုများ အကုန်ပုံအောကာ ဝယ်ယူခဲ့ရသော လက်နက်တစ်လက်ဖြင့် အဆင့်တူ ကျင့်ကြံသူများကြားတွင် ပြိုင်ဘက်ကင်းဖြစ်နေခဲ့သဖြင့် ဂုဏ်ယူဝင့်ကြွားနေခဲ့ကြသည်။ သို့သော် ယခုမှပင် ထိုလက်နက်များ ပုန်ကန်လာသောအခါ သူတို့တွင် မည်သို့သော တတ်နိုင်စွမ်းမှ မရှိတော့ကြောင်း သဘောပေါက်သွားကြလေတော့သည်။
မိမိတို့၏လက်နက်များကို အတင်းအကျပ် ပြန်လည်ထိန်းချုပ်နိုင်သူ အနည်းငယ်သာ ရှိပေသည်။ ဥပမာအားဖြင့် သူတော်စင်ကျန့်ရှင်းသည် တာအိုလက်နက်ဖြစ်သော ဆယ့်နှစ်လွှာအဇူရာကြာပန်းကို နှိမ်နင်းနိုင်ခဲ့သလို၊ ပိုင်ဟုန်ထူကလည်း သူ၏ တာအိုလက်နက်အဆင့်ရှိ တာအိုဝတ်ရုံ နှစ်ထည်ကို နှိမ်နင်းနိုင်ခဲ့သည်။
ပိုင်ဟုန်ထူသည် ကိုယ့်ကိုယ်ကိုယ် ကျိုကျိုး၏ ဒုတိယမြောက် ပါရမီရှင်ဟု သတ်မှတ်ထားကာ မည်မျှပင် ဘဝင်မြင့်နေစေကာမူ၊ အသိဉာဏ်ရှိသော နတ်ဘုရားလက်နက်တစ်ပါးကို သူ အနိုင်ယူနိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
ခန္ဓာပေါင်းစည်းခြင်းအဆင့်ဖြစ်စေ၊ အတိဒုက္ခကျော်ဖြတ်ခြင်းအဆင့်ဖြစ်စေ၊ မည်သူကမျှ နတ်ဘုရားလက်နက်များ၏ စစ်မှန်သော အစွမ်းသတ္တိအပြည့်ကို ထုတ်ဖော် မသုံးစွဲနိုင်ပေ။ နတ်ဘုရားများသာလျှင် သုံးစွဲနိုင်စွမ်း ရှိသည်။
သို့သော် ယခုအခါတွင်မူ အခြေအနေတစ်ခု ထပ်တိုးလာခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားလက်နက်များ ကိုယ်တိုင်လည်း သူတို့၏အစွမ်းကို အပြည့်အဝ သုံးစွဲလာနိုင်ကြပြီဖြစ်သည်။ သူသည် နတ်ဘုရားလက်နက် တစ်ပါးတည်းကိုပင် အနိုင်မတိုက်နိုင်ရာ၊ ယခု ၇ ပါးတောင် ရှိနေသည်ဆိုပါက ဆိုဖွယ်ရာပင် မရှိတော့ပေ။
"လက်နက်ဆန်းက ဘယ်မှာလဲ။" ယင်ယန်ကောင်းကင်တံဆိပ်က ခပ်လေးလေး အသံဖြင့် မေးလိုက်သည်။
ကျိုကျိုးတွင် လက်နက်ဆန်းတစ်လက်ရှိနေသည်ကို ၎င်းက အာရုံခံမိပြီး အသိဉာဏ်ပေးအပ်ခဲ့သော်လည်း၊ ထိုလက်နက်မှာ လုံးဝ ထွက်ပေါ်လာခြင်း မရှိသေးသောကြောင့်ဖြစ်သည်။
လက်နက်ဆန်းဆိုသည်မှာ ကျိုကျိုးရှိလူများ မသိရှိသော အယူအဆတစ်ခု ဖြစ်သည်။ အဆင့်သတ်မှတ်ချက် နယ်ပယ်ထဲတွင် မပါဝင်သော်လည်း၊ ထူးခြားသော အစွမ်းသတ္တိများ ရှိနေသည့် လက်နက်များကို ခေါ်ဆိုခြင်း ဖြစ်သည်။ သို့သော် ချန်ချွန်းရှန်းဝမ်ကတော့ ကျိုကျိုးတွင် လက်နက်ဆန်း တစ်လက်တည်းသာ ရှိကြောင်းကို သိထားလေသည်။
၎င်းမှာ ကျန်းလီ၏ ထျန်းဟွမ်လှံပင် ဖြစ်သည်။
ကျန်းလီသည် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ လေဟာနယ်အတွင်းမှ သတ္တုတုံးတစ်တုံးကို အမှတ်မထင် တွေ့ရှိခဲ့ဖူးသည်။ ထိုသတ္တုတုံးမှာ လေဟာနယ် လေစီးကြောင်းများကိုပင် မကြောက်ရွံ့သလို၊ အလွန်လည်း မာကျောလှသည်။ သူက ၎င်းကို တာအိုဂိုဏ်း၏ လက်နက်သန့်စင်ရေးတောင်သို့ ယူဆောင်လာခဲ့ပြီး၊ မီးဖို ၇ လုံးခန့် ပျက်စီးသွားပြီးမှသာ လှံရှည်ပုံစံ ဖြစ်လာအောင် သွန်းလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကျန်းလီက ထိုလှံကို ထျန်းဟွမ် (ကောင်းကင်ဘုံ၏ အဆုံးအစွန်) ဟု အမည်ပေးခဲ့သည်။
ထျန်းဟွမ်လှံရှည်သည် ကျန်းလီ၏ သိုလှောင်လက်စွပ်ထဲတွင် တစ်ချက်မျှ လှုပ်ရှားသွားပြီး၊ ကိုယ်ပေါ်ရှိ ဖုန်များကို ခါချလိုက်ကာ၊ တစ်ဖက်သို့ လှည့်၍ ဆက်လက် အိပ်စက်နေပါတော့သည်။
လွတ်လပ်ခွင့်လား... အိပ်ရတာကမှ ပိုကောင်းသေးတယ်လေ။
"မင်းက ငါတို့ရဲ့ ညီအစ်ကိုကို အကျဉ်းချထားတာပဲ!" ယင်ယန်ကောင်းကင်တံဆိပ်သည် တံဆိပ်ကိုယ်ထည်ကို လှည့်ကာ ကျန်းလီထံသို့ ချိန်ရွယ်လိုက်သည်။
ကျန်းလီ၏ သိုလှောင်လက်စွပ်ထဲမှနေ၍ ထျန်းဟွမ်လှံရှည်နှင့် ၎င်းတို့ကြားရှိ ကံတရား ဆက်နွယ်မှုကို အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။ ကျန်းလီသည် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ယင်ယန်ကောင်းကင်တံဆိပ်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။
"ကျန်းလီ... သူနဲ့ အတင်းမတိုက်နဲ့! မင်း သူ့ကို မနိုင်ဘူး!" ချန်ချွန်းရှန်းဝမ်က အော်ဟစ် သတိပေးလိုက်သည်။
နောက်နေတာလား... ကျန်းလီ မည်မျှပင် သန်မာစေကာမူ၊ ၎င်းတို့မှာ နတ်ဘုရားလက်နက်များ ဖြစ်ကြသည်။ သူတို့၏ ကိုယ်ပိုင်အစွမ်းများကို မဆိုထားနှင့်ဦး၊ ၎င်းတို့ကို ဖန်တီးထားသည့် ပစ္စည်းများမှာပင် အတိဒုက္ခပေါင်း သောင်းချီလည်း မပျက်စီးနိုင်သော ပစ္စည်းများချည်း ဖြစ်ပေသည်။
သို့သော် လူတိုင်းကို အံ့ဩမှင်တက်သွားစေသည်မှာ... အဝေးသို့ လွင့်ထွက်သွားသည်က ယင်ယန်ကောင်းကင်တံဆိပ် ဖြစ်နေခြင်းပင်! ယင်ယန်ကောင်းကင်တံဆိပ်သည် တောင် ၇ လုံး၊ ၈ လုံးခန့်ကို ဆက်တိုက် ဝင်တိုက်မိပြီးမှသာ ရပ်တန့်သွားနိုင်တော့သည်။
ပို၍ ဆိုးရွားသည်မှာ... ထိုလက်သီးချက်ကြောင့် တံဆိပ်တွင် အက်ကွဲရာတစ်ခုပင် ဖြစ်သွားခဲ့ရသည်။ ယင်ယန်ကောင်းကင်တံဆိပ်၏ ထောင့်တစ်နေရာ ပဲ့ထွက်သွားလေပြီ!
လူများ အံ့ဩမှင်တက်သွားရုံမျှမက၊ အခြားသော နတ်ဘုရားလက်နက်များပင် ဤမြင်ကွင်းကြောင့် လန့်ဖြန့်သွားကြပြီး၊ မွေးရာပါ အတတ်တစ်ခုအလား ဆဲရေးတိုင်းထွာ ချင်စိတ်များပင် ပေါက်သွားကြလေသည်။
လခွမ်းက လူရော ဟုတ်သေးရဲ့လား!
"ကိုယ့်နေရာ ကိုယ်ပြန်သွားကြ။ မဟုတ်ရင် မင်းတို့ အကုန်လုံးကို မီးဖိုထဲ ပြန်ထည့်ပြီး အရည်ကျိုပစ်မယ်!" ကျန်းလီက အေးစက်စွာ ပြောလိုက်သည်။
ယနေ့ ဖြစ်ပွားသော အရှုပ်အထွေးများကို သံမဏိလက်သီးဖြင့် အမြန်ဆုံး နှိမ်နင်းရမည်ဖြစ်ကြောင်း သူ သိထားသည်။ မဟုတ်လျှင် ကျိုကျိုးတစ်ခုလုံးကို ရတနာများက အုပ်စိုးသွားပေလိမ့်မည်။
"သူက လူသားဧကရာဇ်ပဲ... ကျိုကျိုးမှာ အသန်မာဆုံးသူ။ သူ့ကို အနိုင်ယူနိုင်ရင် ငါတို့ ကိုယ်ပိုင် အင်ပါယာတစ်ခုကို တည်ထောင်လို့ ရပြီ!" ထာ့ရှန်းကျောက်က အသံကုန် အော်ဟစ်လိုက်ပြီး၊ ကျန်းလီဆီသို့ ဦးဆောင်ကာ ပြေးဝင်သွားသည်။
အခြား နတ်ဘုရားလက်နက်များကလည်း ဤလူသားဧကရာဇ်မှာ သူတို့၏ အကြီးမားဆုံး အတားအဆီးဆိုသည်ကို သိရှိကြသည်။ သူ့ကို အနိုင်ယူနိုင်မှသာ နောက်ကွယ်မှ ကိစ္စများအားလုံးကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
တာအိုလက်နက်များကမူ... နတ်ဘုရားလက်နက် အစ်ကိုကြီးများက အလွန်ဆိုးသွမ်းသော ကျန်းလူသားဧကရာဇ်ကို အနိုင်ယူမည့် အချိန်ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေကြပြီး ဝင်ရောက် မကူညီရဲကြပေ။ တာအိုလက်နက်များသည် အရေအတွက် နည်းပါးသလို အစွမ်းလည်း ထက်မြက်ကြသော်လည်း... နတ်ဘုရားလက်နက် အစ်ကိုကြီးဖြစ်သော ယင်ယန်ကောင်းကင်တံဆိပ်ပင်လျှင် လက်သီးတစ်ချက်ဖြင့် ထောင့်ပဲ့သွားသည် မဟုတ်လား။ သူတို့သာ ဝင်သွားမည်ဆိုပါက လက်သီးတစ်ချက်တည်းဖြင့် မူလ ကုန်ကြမ်းများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားမည်မှာ သေချာလှသည်။
ကျီကျစ်က သူ၏ ထပ်ဆင့်သူငယ်အိမ်ကို အသုံးပြု၍ ကျန်းလီကို ကူညီချင်သော်လည်း၊ အတိတ်အနာဂတ်ဓား ရှိနေသည့်အတွက် အနာဂတ်ကို သူ မြင်တွေ့၍ မရနိုင်တော့ပေ။
ထာ့ရှန်းကျောက် ပြေးဝင်လာသည်ကို မြင်သောအခါ၊ ကျန်းလီက ကာကွယ်ရန် အသင့်အနေအထား ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ထာ့ရှန်းကျောက်သည် ကျန်းလီ၏အနောက်ဘက်သို့ ရောက်ရှိသွားပြီး၊ ဧရာမ ကြယ်ကြီးတစ်လုံး ကျိုကျိုးကို ဝင်တိုက်သကဲ့သို့ ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။
ကျန်းလီသည် မထင်မှတ်ဘဲ ထာ့ရှန်းကျောက်၏အတိုက်ကို ခံလိုက်ရသည်။ ထိုမှ ဖြစ်ပေါ်လာသော တုန်ခါမှု လှိုင်းလုံးများကြောင့် အောက်ဘက်ရှိ လူများပင် လဲကျသွားကြပြီး၊ သူတို့၏ စိတ်အာရုံများပါ တုန်ခါသွားရလေသည်။ ကျန်းလီ ခံလိုက်ရသော တိုက်ချက်မှာ မည်မျှတောင် ပြင်းထန်မှာလဲ ဆိုသည်ကို မှန်းဆကြည့်၍ ရနိုင်ပေသည်။
"ဗြဟ္မာမျှော်စင်ရဲ့ နေရာလွတ် ခုန်ပျံခြင်းပဲ။" ကျန်းလီက ဘာမှမဖြစ်သည့် ပုံစံဖြင့်၊ ခုနက ထာ့ရှန်းကျောက် သူ၏ အနောက်ဘက်သို့ ရောက်လာရသည့် အကြောင်းရင်းကို ထုတ်ဖော် ပြောဆိုလိုက်သည်။
၎င်းမှာ ဗြဟ္မာမျှော်စင်၏ ဟင်းလင်းပြင် ထိန်းချုပ်မှု စွမ်းရည်ပင် ဖြစ်သည်။
"ငါ့ကို လွှတ်စမ်း!" ထာ့ရှန်းကျောက်က အော်ဟစ်လိုက်သည်။
၎င်းက ကျန်းလီကို တကယ်ပင် ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းလီက ချက်ချင်းပင် လှည့်၍ ထိုကျောက်တုံးလေးကို သူ့လက်ထဲတွင် ဖမ်းဆုပ်ထားလိုက်ခြင်း ဖြစ်သည်။ ထာ့ရှန်းကျောက်သည် ရန်သူကို သေချာပေါက် ထိမှန်နိုင်စွမ်းရှိသည် ဆိုသော်ငြားလည်း... ပထမဆုံးအနေဖြင့် ပစ်လွှတ်၍ရမှသာဖြစ်မည်။ ယခုမူ ၎င်းသည် လှုပ်၍ပင် မရတော့ရာ၊ မည်သို့ ထိမှန်နိုင်တော့မှာလဲ။
ကျန်းလီ၏ကိုယ်ပေါ်တွင် တည်ငြိမ်ခြင်း ဟူသော စာလုံး သုံးလုံး ပေါ်လာသည်။ ဗြဟ္မာမျှော်စင်က ပညာရှိစာမူထံမှ တည်ငြိမ်ခြင်း စာလုံးများကို ကျန်းလီထံသို့ ဟင်းလင်းပြင် ကူးပြောင်း၍ ပို့ပေးလိုက်ခြင်း ဖြစ်ရာ၊ ကျန်းလီ ရှောင်တိမ်း၍ မရအောင် ပြုလုပ်လိုက်ခြင်းဖြစ်သည်။
သို့သော် ကျန်းလီသည် တစ်ယောက်မှ သုံးယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိန်းချုပ်မခံရသော ကိုယ်ပွားနှစ်ယောက်က စာလုံးများကို ခွာချလိုက်ပြီး၊ သုံးယောက်စလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
'ရီချိဟွာစန်းချင်း' (ကိုယ်ပွားအတတ်တစ်မျိုး) ပင် ဖြစ်လေသည်!
အတိတ်အနာဂတ်ဓားသည် လက်ရှိကမ္ဘာမှ ပျောက်ကွယ်သွားပြီး၊ အချိန်မြစ်အထက်တွင် ရပ်တည်ကာ အနာဂတ်မှ ကျန်းလီ မည်သို့ လှုပ်ရှားမှာလဲဆိုသည်ကို ကြည့်ရှုရန် ကြိုးစားလိုက်သည်။ သို့သော် အနာဂတ်၏ ရေစက်လေးတစ်ခုထဲတွင် ကျန်းလီကို သူ မြင်တွေ့လိုက်ရသကဲ့သို့၊ ကျန်းလီကလည်း သူ့ကို မြင်သွားခဲ့သည်။
ထိုအချိန်က ကျန်းလီသည် ထျန်းဟွမ်လှံရှည်ကို ကိုင်ဆောင်၍ နတ်ဘုရားလက်နက်များနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေကြောင်း အာရုံခံမိသဖြင့် မော့ကြည့်လိုက်ရာ၊ အတိတ်အနာဂတ်ဓား၏ အကြည့်နှင့် တည့်တည့်ဆုံသွားတော့သည်။
အနာဂတ်မှ ကျန်းလီက လှံရှည်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ အချိန်နှင့် ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး အတိတ်အနာဂတ်ဓားကို ရိုက်ချလိုက်လေသည်။
အတိတ်အနာဂတ်ဓားသည် အချိန်မြစ်ထဲသို့ ပြုတ်ကျသွားပြီး၊ ရေစီးကြောင်းအတိုင်း မျောပါကာ အတိတ်သို့ ပြန်ရောက်သွားခဲ့သည်။ အချိန်မြစ်ပြင်ထဲတွင် ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ သွေးနှင့် အသားများ တဖြည်းဖြည်း ပြန်ပေါက်လာပြီး၊ ငါးတစ်ကောင်အဖြစ် ပြန်လည်ပြောင်းလဲသွားပါတော့သည်။ အနာဂတ်၏ တစ်ချိန်ချိန်တွင် သူ ကုန်းပေါ်သို့ ပြန်ရောက်လာလိမ့်မည်ဟု ၎င်းက ဝိုးတဝါး ခံစားမိနေသည်။
အခြား နတ်ဘုရားလက်နက်များကမူ အတိတ်အနာဂတ်ဓား ဘယ်ရောက်သွားမှန်း မသိကြပေ။ ဒီကောင် ထွက်ပြေးသွားပြီဟုသာ ထင်မှတ်နေကြပြီး၊ ကျန်းလီ၏ တိုက်ခိုက်မှုများကို ခုခံရင်း စိတ်ထဲမှနေ၍ ထိုအသုံးမကျသော အဖော်ကို ဆဲဆိုနေကြလေသည်။
၎င်းတို့သည် အသိဉာဏ် မပွင့်ခင်ကတည်းက ကျန်းလီ အလွန်သန်မာကြောင်းကို ဝိုးတဝါး ခံစားမိခဲ့ကြသည်။ သို့သော် တကယ်တမ်း တိုက်ခိုက်ကြည့်သောအခါမှသာ... ဤလူသားဧကရာဇ်မှာ ယုတ္တိမတန်လောက်အောင်ကို သန်မာလွန်းနေကြောင်း သိလိုက်ရသည်။ သူသည် လူသားတစ်ယောက်သာ မဟုတ်ခဲ့လျှင်... သူ့ကို လူယောင်ဖန်ဆင်းထားသော နတ်ဘုရားလက်နက်ဟုပင် သူတို့ ထင်မိကြမည် ဖြစ်သည်။
ဆန္ဒပြည့်ဘူးသီးသည် အသုံးပြုသူ၏ ဆန္ဒအလျောက် အတိဒုက္ခမျိုးစုံကို ဖန်တီးပေးနိုင်သည်။ မိုးကြိုးအတိဒုက္ခ ဖန်တီးနိုင်သလို၊ မြေ၊ ရေ၊ မီး၊ လေ ဟူသော အတိဒုက္ခ ၄ မျိုးနှင့် အတွင်းစိတ်မိစ္ဆာ အတိဒုက္ခများကိုလည်း ဖန်တီးပေးနိုင်သည်။ ဤအတိဒုက္ခများသည် ရန်သူများကို အလူးအလဲ ခံစားရစေရန် ဖြစ်သော်လည်း... ကျန်းလီနှင့် ရင်ဆိုင်ရသောအခါတွင်မူ ဆန္ဒပြည့်ဘူးသီး ကိုယ်တိုင်ပင် ရူးချင်သွားရလေသည်။
မိုးကြိုးအတိဒုက္ခနှင့် ရင်ဆိုင်ရသောအခါ၊ မိုးတိမ်များထဲရှိ မိုးကြိုးများမှာ အပြင်းထန်ဆုံးဖြစ်ကြောင်းကို ကျန်းလီက လုံးဝ ဂရုမစိုက်ဘဲ၊ လက်သီးတစ်ချက်တည်းဖြင့် မိုးတိမ်များကို ဖျက်ဆီးပစ်လိုက်သည်။ ၎င်းမှာ "ကောင်းကင်၏ အာဏာအလား၊ ခုခံ၍ မရနိုင်" ဟု တင်စားရသော ဟွမ်ယွမ် နတ်လူသားမိုးကြိုးကြီးပင်!
မြေ၊ ရေ၊ မီး၊ လေ အတိဒုက္ခ ၄ မျိုးနှင့် ရင်ဆိုင်ရသောအခါတွင်လည်း၊ ကျန်းလီက "အရာအားလုံးဟာ ဗလာနတ္ထိပဲ!" ဟု အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ထိုအတိဒုက္ခ ၄ မျိုးလုံး အငွေ့ပျံ ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် "ဗလာ" အဖြစ်သို့သာ ပြောင်းလဲသွားလေသည်။
စိတ်မိစ္ဆာအတိဒုက္ခဆိုလျှင်တော့ သူ့အပေါ်၌ အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
ပညာရှိစာမူသည် ကွန်ဖြူးရှပ်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ ၄ ဦးကို ခေါ်ဆောင်လာပြီး၊ ၎င်းတို့က နဂါးပုလဲ ၄ လုံးကို ကိုင်ဆောင်ကာ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း ပေါင်းစပ်ထားသော အစွမ်းထက်သည့် အကာအကွယ်ကို ဖန်တီး၍ ကျန်းလီ သုံးယောက်ကို ဝိုင်းရံထားလိုက်သည်။ ထို့ပြင် "သေ"၊ "လောင်ကျွမ်း"၊ "ပျက်စီး" စသည့် စာလုံးများဖြင့်လည်း ကျန်းလီကို အဆက်မပြတ် တိုက်ခိုက်နေကြသည်။
ဗြဟ္မာမျှော်စင်မှာမူ အလွန်တရာ လေးလံလှသည်။ ၎င်း၏ နေရာလွတ်စွမ်းရည်ကို ထည့်မတွက်လျှင်ပင်၊ ၎င်းကိုယ်တိုင်က အလွန်ပြင်းထန်သော လက်နက်ကြီးတစ်ခု ဖြစ်နေသည်။ ၎င်းမှာ အလွန် လေးလံလွန်းသဖြင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များပင် ပြိုကျသွားပြီး၊ အရာအားလုံးကို မျိုချပစ်နိုင်သော တွင်းနက်ကြီးတစ်ခုပင် ဖြစ်ပေါ်နေလေသည်။
ကျန်းလီသည် မျက်နှာတည်တည်ဖြင့် ထျန်းဟွမ်လှံကို ထုတ်ယူလိုက်ကာ၊ နတ်ဘုရားလက်နက်များနှင့် ဆက်လက်၍ တိုက်ပွဲဝင်လေတော့သည်။
***