ကျန်းလီသည် ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို တကူးတက လိုက်ရှာနေရန် မလိုခဲ့ပေ။ ဘာကြောင့်ဆိုသော် ထိုတံဆိပ်သည် အလွန်ပင် သိသာထင်ရှားလွန်းနေသောကြောင့်ဖြစ်သည်။
ကျောက်စိမ်းတံဆိပ်တစ်ခုသည် ကုန်းမြေကြီး၏ ကောင်းကင်ယံ၌ ပျံသန်းနေရင်း အသံကုန် ဟစ်အော်ငိုယိုနေ၏။ ၎င်း၏ ငိုသံမှာ အလွန်ကျယ်လောင်လှသဖြင့် မိုင်ပေါင်း ရာနှင့်ချီသော အကွာအဝေးမှပင် ကြားနေရသည်။ ၎င်းသည် တစ်စုံတစ်ခုကို လိုက်ရှာနေသကဲ့သို့ အလွန်နှေးကွေးစွာ ပျံသန်းနေခြင်း ဖြစ်သည်။
ကျန်းလီ၏ နတ်ဘုရားအာရုံနယ်ပယ်ထဲ ရောက်လာသောအခါ တံဆိပ်က "ဆရာကြီးရယ်... ကျွန်တော့်ကို လာကယ်ပါဦး" ၊ "လူတစ်ယောက်က ကျွန်တော့်ကို အနိုင်ကျင့်နေတယ်" ၊ "စီနီယာညီလေး ချန်ချွန်းကလည်း ဘေးကနေ ဒီအတိုင်း ကြည့်နေတယ်" ၊ "ဆရာကြီးဆီ သွားတိုင်မယ်" ၊ "ဆရာကြီး ဘယ်မှာလဲဟင်" စသည်ဖြင့် အော်ဟစ်နေသည်များကို ကြားလိုက်ရသည်။
ကြည့်ရသည်မှာ ၎င်းသည် ကျိုကျိုးမှ ထွက်ပြေးလာကတည်းက အခုထိ မနားတမ်း ငိုနေပုံရသည်။
ဤဘက်ကမ္ဘာနှင့် ကျိုကျိုး၏ အချိန်စီးဆင်းမှု တူညီမည်ဆိုပါက ဤတံဆိပ်သည် ငါးရက်တိုင်တိုင် ငိုနေခဲ့ခြင်းဖြစ်သည်။
ကျန်းလီသည် တံဆိပ်၏ဘေးသို့ ပျံသွားပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။
"မငိုနဲ့တော့။"
ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် ကျန်းလီကို မြင်လိုက်ရသည်နှင့် ကြောက်လန့်တကြား ထွက်ပြေးပါတော့သည်။
၎င်းသည် နေရာလွတ်ကို ဖြတ်ကူးနိုင်သော ဗြဟ္မာမျှော်စင် မဟုတ်သဖြင့် ကျန်းလီက ချက်ချင်းပင် အမီလိုက်ကာ လက်ဖြင့် ဖမ်းဆုပ်ထားလိုက်သည်။
"မကောင်းဆိုးဝါး။ လူယုတ်မာ။ လွှတ်စမ်း။"
ယင်ယန်ကောင်းကင်စည်းတံဆိပ်က တရစပ် ဆဲဆိုသော်လည်း ၎င်းတတ်သော ဆဲစကားမှာမူ ဤသုံးခွန်းထဲ၌ပင် လည်နေသည်။
တံဆိပ်ကို ရှာတွေ့ပြီဖြစ်ရာ ကျန်းလီသည် ၎င်းကို ကျိုကျိုးသို့ တန်းခေါ်သွားရန် စိတ်ကူးထားသည်။ ဤကမ္ဘာသစ်အကြောင်းကိုမူ နောက်မှ အေးအေးဆေးဆေး လေ့လာ၍ ရသည်မဟုတ်လား။ တံဆိပ်က ထွက်ပြေးနိုင်သော်လည်း ကမ္ဘာကြီးကမူ ထွက်ပြေး၍ မရပေ။
တံဆိပ်သည် ၎င်းအား ကျိုကျိုးသို့ ပြန်ခေါ်တော့မည်မှန်း သိသွားသောအခါ ခြိမ်းခြောက်လိုက်သည်။
"ငါ့ဆရာကြီးကို ဒီမှာ ရှာတွေ့တာနဲ့... မင်းကို အသေအလဲ ဆုံးမခိုင်းမယ်၊ ကြည့်နေလိုက်။"
ကျန်းလီ မျက်မှောင်ကြုတ်သွားသည်။ တံဆိပ်၏ စကားထဲတွင် ထူးဆန်းသောအချက်တစ်ခု ပါဝင်နေသောကြောင့် ဖြစ်သည်။
"မင်းပြောချင်တာက တာအိုဘိုးဘေးက ဒီကမ္ဘာမှာ ရှိနေတာလား"
ယင်ယန်ကောင်းကင်စည်းတံဆိပ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောသည်။
"ဟဲဟဲ... ငါက မျှော်စင်လေးကို ဒီအတိုင်း ရမ်းသန်းပြီး ကမ္ဘာရှာခိုင်းတယ် ထင်နေလား။ ငါ့ရဲ့ ကံတရားစွမ်းအား နဲ့ ဆရာကြီးရဲ့ခြေရာကို အစောကြီးကတည်းက ရှာတွေ့ထားတာ။ သူ ဒီကမ္ဘာမှာ ရှိနေတယ်။
ကြောက်သွားပြီမလား၊ ကြောက်ရင် ငါ့ကို အခုချက်ချင်းလွှတ်။ ဒါဆိုရင် ဆရာကြီးနဲ့ တွေ့တဲ့အခါ မင်းအကြောင်း မကောင်းမပြောပေးဘူး။
ဆရာကြီးက ငါ့ကို ဘယ်လောက်ချစ်လဲ မင်းမသိပါဘူး။ ငါ့ကို သန့်စင်ပြီးကတည်းက နေ့တိုင်း လက်ပေါ်တင်ထားပြီး အမြဲတမ်း တမြတ်တနိုး ကိုင်ထားတာ။"
ကျန်းလီကမူ စိတ်ထဲမှ တွေးနေမိသည်။ ငါလည်း အခု မင်းကို လက်ထဲမှာ တမြတ်တနိုး ဆုပ်ထားတာပဲလေ။
သူက တံဆိပ်ကို အဖြစ်မှန်ဖြင့် ရိုက်ချလိုက်သည်။
"မင်း ဒီမှာ ငါးရက်လုံးလုံး ငိုနေတာတောင် တာအိုဘိုးဘေးက မင်းကို လာရှာတာ မတွေ့ပါဘူးလား"
ယင်ယန်ကောင်းကင်စည်းတံဆိပ်သည် စစ်ရှုံးသော စစ်သားတစ်ယောက်ကဲ့သို့ ခေါင်းငိုက်စိုက်ကျသွားပြီး တိုးတိုးလေး ညည်းတွားရှာသည်။
"ဖြစ်နိုင်တာက... ဖြစ်နိုင်တာက ဆရာကြီးက တရားထိုင်နေလို့ ဖြစ်မှာပါ"
"မင်းက ဆရာကြီးရဲ့ ကံတရားကို ခံစားမိတယ်ဆိုရင် တိတိကျကျ နေရာမရှာနိုင်ဘူးလား"
တံဆိပ်ကလည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေသည်။
"ကျိုကျိုးကနေ ထွက်လာလို့ ထင်ပါရဲ့၊ ကံတရားကို ထိန်းချုပ်တာ မတိကျတော့ဘူး။ အခုတော့ တစ်ကမ္ဘာလုံးမှာ ဆရာကြီးရဲ့ ကံတရားတွေ ပြန့်နှံ့နေသလိုပဲ ငါ ခံစားနေရတယ်"
"တာအိုဘိုးဘေးရဲ့ ပစ္စည်းတစ်ခုခု ဒီမှာ ရှိနေလို့ မင်းက ဆရာကြီး ရှိနေတယ်လို့ အထင်မှားတာ မဖြစ်နိုင်ဘူးလား"
"မဖြစ်နိုင်တာ။ ဆရာကြီး ကိုယ်တိုင် ဒီမှာ ရှိနေတာ သေချာတယ်။ ဒါကိုတော့ ငါ ဘယ်တော့မှ မမှားဘူး။"
ယင်ယန်ကောင်းကင်စည်းတံဆိပ်က ခိုင်ခိုင်မာမာ ပြောဆိုသည်။
"ဆရာကြီးရဲ့ ကံတရားက ဘယ်နေရာမှာ အားအကောင်းဆုံးလဲ"
"ဒီကုန်းမြေတစ်ခုလုံးမှာပဲ"
တံဆိပ်က ပြောရင်းဖြင့် ထပ်မံ ငိုယိုပြန်သည်။
"အစကတော့ တစ်ကုန်းမြေလုံးကို ပျံပြီး ငိုရှာမလို့ပဲ၊ ဒါပေမဲ့ တစ်ဝက်တောင် မရောက်သေးဘူး မင်းလက်ထဲ မိသွားတာလေ"
ကျန်းလီ ခေါင်းခါလိုက်သည်။
"မင်းရဲ့ နည်းလမ်းက အလုပ်မဖြစ်ဘူး။ တာအိုဘိုးဘေးရဲ့ကျင့်ကြံမှုက ကောင်းကင်ကိုတောင် ထိနေတာ၊ မင်းကို တွေ့ချင်ရင် အစောကြီးကတည်းက တွေ့ပြီးသား ဖြစ်မှာ။ အခုက သူ မင်းကို တမင် မတွေ့ချင်တာ သိသာနေတာပဲ"
"ဒါဆို ဘာလုပ်ရမလဲ"
ယင်ယန်ကောင်းကင်စည်းတံဆိပ်လည်း ကျန်းလီ ပြောသည်မှာ မှန်ကန်ကြောင်း သိသော်လည်း ဝန်မခံချင်သေးပေ။
"ကံကောင်းတာက ငါ့ရဲ့ ကျင့်ကြံမှုကလည်း မဆိုးလှဘူး။ တာအိုဘိုးဘေးကို ရှာဖို့ ငါ မင်းကို ကူညီပေးမယ်"
ယင်ယန်ကောင်းကင်စည်းတံဆိပ်က မရှာခိုင်းလျှင်ပင် ကျန်းလီသည် တာအိုဘိုးဘေးကို ရှာဖွေမည်သာ ဖြစ်သည်။
နတ်ဘုရားဘုံသို့ တက်လှမ်းသွားရမည့် တာအိုဘိုးဘေးသည် ဘာကြောင့် ဤကမ္ဘာတွင် ရှိနေရတာလဲ။ အနားယူလိုလျှင်ပင် သူ မွေးဖွားရာ ဇာတိဖြစ်သော ကျိုကျိုးသို့သာ ပြန်ရမည် မဟုတ်လား။
ဤနေရာရှိ ဝိညာဉ်စွမ်းအားများသည် ကျိုကျိုးနှင့် ဆင်တူနေသဖြင့် တာအိုဘိုးဘေးက အသက်ကြီး၍ မျက်စိမှုန်ကာ ဤနေရာကို ကျိုကျိုးဟု အထင်မှားနေခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။
ထို့ပြင် ကျန်းလီ၏အလိုလိုသိစိတ်က ပြောနေသည်မှာ တာအိုဘိုးဘေးသည် နတ်ဘုရားဘုံ မည်သည့်နေရာ၌ ရှိသလဲဆိုသည်နှင့် နတ်ဘုရားဘုံတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်နေသလဲ ဆိုသည်ကို သေချာပေါက် သိရှိနေလိမ့်မည်ဟူ၍ ဖြစ်သည်။
ချန်ချွန်းရှန်းဝမ်၏ အဆိုအရ နယ်ပယ်ပြင်ပ နတ်ဆိုးများကို တားဆီးရန်မှာ နတ်ဘုရားဘုံ၏ တာဝန် ဖြစ်သည်။ ယခု နတ်ဆိုးများ ပေါ်ပေါက်လာသည်ဆိုကတည်းက နတ်ဘုရားဘုံ၌ တစ်ခုခု ဖြစ်ပျက်နေသည်မှာ သေချာလှသည်။
ယင်ယန်ကောင်းကင်စည်းတံဆိပ်သည်လည်း ကျန်းလီ၏အစွမ်းကို သိရှိထားသည်။ တာအိုဘိုးဘေးနှင့် မယှဉ်နိုင်သော်လည်း ၎င်း၏ အကူအညီပါလျှင် တစ်ယောက်တည်း ရမ်းရှာနေခြင်းထက် ပို၍ ကောင်းမည်မှာ အမှန်ပင်။
"တာအိုဘိုးဘေးကို ရှာတွေ့သွားရင် မင်း ငါနဲ့အတူ ကျိုကျိုးကို ပြန်လိုက်ရမယ်နော်"
တံဆိပ်က ချက်ချင်း သဘောတူလိုက်သည်။ သို့သော် ၎င်း၏စိတ်ထဲ၌မူ - ဆရာကြီးကို ရှာတွေ့သွားရင် ဆရာကြီး၏ ရှေ့မှောက်မှာ ရှင့်ဘာသာရှင် ငါ့ကို ဘယ်လိုပြန်ခေါ်သွားမလဲ ကြည့်ကြသေးတာပေါ့ ဟု တွေးနေ၏။
...
ကျန်းလီနှင့် ယင်ယန်ကောင်းကင်စည်းတံဆိပ်တို့သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ စည်ကားလှသော မြို့ပြကြီးတစ်ခုအတွင်းသို့ ပေါ်ပေါ်ထင်ထင် ဆင်းသက်လိုက်ကြသည်။
ထူးဆန်းသည်မှာ သူတို့၏လုပ်ရပ်သည် ဤကမ္ဘာ၌ ရိုးအီနေ၍လား၊ သို့မဟုတ် အခြား အကြောင်းရင်းကြောင့်လား မသိရသော်လည်း ပျံသန်းနေသော လူတစ်ဦးနှင့် ပျံသန်းနေသော တံဆိပ်တစ်ခုကို ဘယ်သူကမျှ အထူးအဆန်းလုပ်၍ ဝိုင်းမကြည့်ကြပေ။
ကျန်းလီက နတ်ဘုရားအာရုံဖြင့် ဤပတ်ဝန်းကျင်ကို စကန်ဖတ်ကြည့်သောအခါမှ သတိထားမိလိုက်သည်။ ဤကမ္ဘာရှိ လူများသည် အလွန်ထူးဆန်းပြီး သူတို့၌ စိတ်ခံစားချက်ဆိုသည်မှာ မရှိသလောက်ပင် ဖြစ်သည်။ လူတိုင်းသည် မိမိ၏တာဝန်ကိုသာ အလေးအနက် ထမ်းဆောင်နေကြပြီး ပြင်ပလောက အကြောင်းအရာများကို စိတ်မဝင်စားကြပေ။ သူတို့၏ စကားဝိုင်းများသည်လည်း အလုပ်ကို မည်သို့ ပိုမိုထိရောက်အောင် လုပ်ဆောင်မလဲ ဆိုသည်များသာဖြစ်ပြီး အတင်းအဖျင်းများ၊ သတင်းများ၊ တိုင်းပြည်ရေးရာများကို လုံးဝ စိတ်မဝင်စားကြပေ။
အနားယူခြင်းသည်လည်း နောက်ထပ် အလုပ်ပိုမိုလုပ်နိုင်ရန်အတွက်သာ ဖြစ်သည်။ သူတို့၌ မည်သည့် ခံစားချက်မျှ မရှိကြပေ။ ဂိမ်းဆော့ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဝတ္ထုနှင့် ကာတွန်းဖတ်ခြင်းမျိုးလည်း လုံးဝ မရှိကြပါ။
ဆရာဝန်က ခွဲစိတ်ခြင်းကိုသာ အာရုံစိုက်ပြီး လူနာ ရှင်မလား သေမလားဆိုသည့် ရလဒ်အပေါ် မည်သည့် ခံစားချက်မျှ မရှိဘဲ ဆရာဝန်တစ်ဦး၏ တာဝန်ကိုသာ ထမ်းဆောင်နေသည်။ မင်းသားက သရုပ်ဆောင်နေစဉ်အတွင်း ခံစားချက်များ ပြည့်နှက်နေသော်လည်း ရိုက်ကူးရေး ပြီးဆုံးသွားသည်နှင့် မျက်နှာသေကြီး ပြန်ဖြစ်သွားပြန်သည်။ နာ့စ်မလေးက မွေးကင်းစကလေးကို အာဟာရဖြည့်ကန်ထဲမှ ချီထုတ်လာသောအခါ၌လည်း သက်ရှိသစ်လေးအတွက် ဝမ်းသာခြင်း မရှိသလို၊ ကလေးငို၍ စိတ်ညစ်ခြင်းမျိုးလည်း မရှိပေ။
လမ်းမပေါ်၌ သွားလာနေသော လူများသည်လည်း သူတို့ သွားလိုသည့်နေရာသို့ ရောက်ရှိရန်သာ စဉ်းစားနေကြသည်။ လမ်း၌ ဘာဖြစ်နေသလဲ၊ ဘယ်သူ ပျံနေသလဲ၊ သို့မဟုတ် လူသတ်မှု ဖြစ်နေသလဲ... သူတို့နှင့် မဆိုင်သကဲ့သို့ ရှိနေကြသည်။
ထိုအကြောင်းကြောင့်ပင် ဤကမ္ဘာရှိ လူများ၏ ဝတ်စုံများသည်လည်း တစ်ပုံစံတည်း ဖြစ်နေ၏။ ငွေဖြူရောင် ဝတ်စုံများချည်းသာ ဖြစ်သည်။ ကျန်းလီက နတ်ဘုရားအာရုံဖြင့် ကြည့်လိုက်သောအခါ ထိုဝတ်စုံများအတွင်း၌ ရှုပ်ထွေးလှသော လျှပ်စစ်ပတ်လမ်းများ ပါဝင်နေပြီး၊ လေးလံသော ပစ္စည်းများကို မနိုင်အောင် ကူညီပေးခြင်း၊ အပူအအေး ညှိပေးခြင်းနှင့် ပင်ပန်းမှုကို လျှော့ချပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း တွေ့ရသည်။
စားသော အစားအသောက်များမှာလည်း မည်သည့် အရသာမျှမရှိသော အာဟာရဖြည့်စာများဖြစ်ပြီး တစ်နေ့လျှင် တစ်နပ်သာ စားရန် လိုအပ်သည်။
အေးစက်ခြောက်ကပ်ပြီး စိတ်ခံစားချက်မဲ့သော နည်းပညာကမ္ဘာ... ဤသည်မှာ ကျန်းလီ ဤကမ္ဘာအပေါ် ရရှိသော ပထမဆုံး အထင်အမြင်ပင် ဖြစ်သည်။
သက်ရှိများတွင် ခံစားချက်မရှိခြင်းမှာ ဖြစ်နိုင်ပါ့မလား။ ကျန်းလီ မယုံကြည်ပေ။
ကျန်းလီက လူအချို့ကို နတ်ဘုရားအာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်သလို၊ ကလေးမွေးဖွားသည့် ဖြစ်စဉ်ကိုပါ လေ့လာကြည့်သောအခါတွင်မူ အဖြေကို ရှာတွေ့သွားသည်။
လူများသည် သူတို့၏ မျိုးပွားဆဲလ်များကို ဆေးရုံသို့ ပေးပို့ကြသည်။ ဆေးရုံက ထိုဆဲလ်များအတွင်းရှိ မျိုးဗီဇများကို ပြောင်းလဲပစ်ပြီး စိတ်ခံစားချက်ဖြစ်စေသော ဗီဇများကို ဖျောက်ဖျက်ပစ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက်မှ အကောင်းဆုံးများကို ရွေးချယ်ပြီး အာဟာရရည်ထဲ၌ သန္ဓေသားကို ပြုစုပျိုးထောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဤကလေးများသည် မွေးလာကတည်းက စိတ်ခံစားချက် မရှိကြခြင်း ဖြစ်သည်။ သူတို့ ငိုသည်ဆိုသည်မှာလည်း အသက်ရှူလမ်းကြောင်း ပွင့်သွားအောင် လုပ်ဆောင်သော သဘာဝတုံ့ပြန်မှု သက်သက်သာဖြစ်သည်။
ကျန်းလီ နားမလည်နိုင်သည်မှာ ဤကမ္ဘာရှိ လူများသည် ဘာကြောင့် မိမိတို့ကိုယ်ကို တမင်တကာ ခံစားချက်မဲ့အောင် လုပ်ဆောင်နေကြသနည်း ဆိုသည်ပင်။ ဤသည်မှာ တစ်ခုခုတော့ အကြောင်းရင်း ရှိရပေမည်။
"ဆရာကြီးက ဘာလို့ ဒီလိုကမ္ဘာမျိုးမှာ ရှိနေရတာလဲ"
ယင်ယန်ကောင်းကင်စည်းတံဆိပ်လည်း နားမလည်နိုင် ဖြစ်နေရှာသည်။ ၎င်းသည် အသိဉာဏ် မပွင့်ခင်ကတည်းက ပြင်ပလောကကို မရေမရာ သိရှိနေခဲ့ခြင်းဖြစ်သည်။
၎င်း၏ မှတ်ဉာဏ်ထဲ၌မူ ဆရာကြီးသည် စိတ်အလိုအတိုင်း ပျော်ပျော်နေတတ်သောသူ၊ ချစ်ခြင်း မုန်းခြင်းများကို မဖုံးကွယ်တတ်သောသူ ဖြစ်သည်။ ဤကမ္ဘာရှိ လူများသည် ဆရာကြီး၏ အယူအဆများနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်မဟုတ်လား။
"စာကြည့်တိုက်ကို သွားရအောင်"
စာကြည့်တိုက်သို့ သွားပြီး စာအုပ်များကို နတ်ဘုရားအာရုံဖြင့် တစ်ခါတည်း စကန်ဖတ်လိုက်လျှင် ဤကမ္ဘာအကြောင်းကို အကုန် သိရှိသွားမည်မှန်း ကျန်းလီ သိရှိသည်။
သို့သော် သူသည် မြို့တစ်မြို့လုံးကို နတ်ဘုရားအာရုံဖြင့် လွှမ်းခြုံပြီး ရှာကြည့်လိုက်သောအခါတွင်မူ... စာအုပ်များ သိုလှောင်ထားသော နေရာဟူ၍ လုံးဝ ရှာမတွေ့ခဲ့ပါလေ။
***