"မင်းက ကံတရားကို ထိန်းချုပ်နိုင်တာပဲ၊ စာကြည့်တိုက် ဘယ်မှာလဲဆိုတာ ကြည့်ပေးပါလား။"
ယင်ယန်ကောင်းကင်စည်းတံဆိပ်က ခေါင်းခါပြကာ ပြန်ဖြေသည်။ "ငါက ကျိုကျိုးက လူတွေနဲ့ အဖြစ်အပျက်တွေရဲ့ ကံတရားကိုပဲ မြင်ရတာပါ။ ဒီကမ္ဘာရဲ့ ကံတရားတွေကိုတော့ ငါ မမြင်ရဘူး။"
ဤကမ္ဘာ၏ ဘာသာစကားကိုမူ ကျန်းလီနှင့် နတ်ဘုရားလက်နက်တို့အတွက် သင်ယူရန် မခက်ခဲပေ။ သို့သော် စကားပြောတတ်ရုံနှင့်လည်း ဘာမှထူးမလာခဲ့ပေ၊ ဘာကြောင့်ဆိုသော် ဘယ်သူကမျှ သူတို့ကို အဖက်မလုပ်ကြသောကြောင့် ဖြစ်သည်။
ကျန်းလီက လမ်းသွားလမ်းလာများကို တား၍ မေးခွန်းမေးကြည့်သော်လည်း တစ်ဖက်လူက မျက်မှောင်ကြုတ်ခြင်း၊ အံ့သြခြင်းမျိုး လုံးဝမရှိဘဲ ကျန်းလီကို ရှောင်ကွင်းကာ လျစ်လျူရှုသွားကြသည်။
ကျန်းလီက အတင်းဆွဲထားသော်လည်း သူတို့မှာ နေရာ၌ပင် ခြေလှမ်းမပျက်ဘဲ လမ်းဆက်လျှောက်နေကြပြီး ကျန်းလီကို လုံးဝ စကားမပြောကြပေ။ ကျန်းလီ၏မေးခွန်းကို ဖြေကြားပေးရန်မှာ သူတို့၏တာဝန် မဟုတ်သောကြောင့်ဖြစ်သည်။
ကျန်းလီက ရဲများကို ရှာဖွေကြည့်ချင်သော်လည်း ဤကမ္ဘာတွင် ဘယ်သူမှ ပြစ်မှုမကျူးလွန်ကြသဖြင့် ရဲဟူ၍လည်း မရှိပေ။
"မင်းက နတ်ဘုရားလက်နက်ပဲလေ၊ နည်းလမ်းတစ်ခုခု စဉ်းစားစမ်းပါဦး။"
"မင်းက လူသားဧကရာဇ်ပဲလေ၊ တစ်ခုခု လုပ်ပါဦး။"
တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေကြမိသည်။ စိတ်ခံစားချက်မရှိ၊ ကြောက်ရွံ့မှုမသိ၊ မိမိတာဝန်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်လိုသော လူများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့လည်း ဘာလုပ်ရမှန်း မသိဖြစ်နေကြရသည်။
"လူကြီးမင်းတို့ အားနေရင် ကျွန်တော်နဲ့ စကားစမြည် ပြောကြည့်မလား။"
စိတ်ခံစားချက်အပြည့်ပါသော စကားသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းလီရော တံဆိပ်ပါ နတ်ဂီတကို ကြားလိုက်ရသလို ခံစားလိုက်ကြရသည်။ လမ်းဘေး၌ ရပ်ကာ သူတို့ကို လက်ယမ်းပြနေသော ပြုံးပြုံးရွှင်ရွှင်နှင့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးကို သူတို့ တွေ့လိုက်ရသည်။
ကျန်းလီသည် နတ်ဘုရားအာရုံ နှင့် ဤလူကို အစောကတည်းက မြင်တွေ့ထားသော်လည်း သူ့တွင် စိတ်ခံစားချက် ရှိနေသည်ကိုမူ သတိမထားမိခဲ့ပေ။
"မင်းက ဘယ်သူလဲ။" ယင်ယန်ကောင်းကင်စည်းတံဆိပ်က မေးလိုက်သည်။
တစ်ဖက်လူ၌ စိတ်ခံစားချက်ရှိနေသည်ကို တံဆိပ်က ထူးဆန်းသည်ဟု ထင်သော်လည်း သတိမူခြင်းတော့ မရှိပေ။ ဤကမ္ဘာတွင် သူ့ကို ခြိမ်းခြောက်နိုင်သည့်အရာ ရှိမည်ဟု မယူဆထားသောကြောင့်ဖြစ်သည်။
ကျန်းလီကမူ ပေါ့ပေါ့တန်တန် သဘောမထားပေ။ တာအိုဘိုးဘေးနှင့်ပတ်သက်၍ သူ ခန့်မှန်းချက်များစွာ ရှိသည်။ တစ်ခုမှာ တာအိုဘိုးဘေးသည် တစ်စုံတစ်ယောက်၏ အကျဉ်းချခြင်းကို ခံထားရသလား ဟူ၍ ဖြစ်သည်။ တာအိုဘိုးဘေးကိုပင် အကျဉ်းချနိုင်သည့် ကမ္ဘာဆိုပါက သူ သေသေချာချာ သတိထားရပေမည်။
"ပထမဆုံး ဆုံတွေ့တာပါ၊ ကောင်းကင်ပြင်ပက ဧည့်သည်တော်တို့။ ကျွန်တော့်ကို 'သမ္မတ နံပါတ် ၅၀၆' လို့ ခေါ်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘာသာ နာမည်တစ်ခု ပေးထားတယ်၊ 'မင်ကျုံး' တဲ့။ ကျွန်တော့်ကို မင်ကျုံးလို့ခေါ်ရင် ကျွန်တော် ပိုဝမ်းသာမှာပါ။"
"ငါက ယင်ယန်ကောင်းကင်စည်းတံဆိပ်၊ ထျန်းယင်လို့ ခေါ်နိုင်တယ်။"
"ကျန်းလီ။" ကျန်းလီက ခဏရပ်ပြီး မေးလိုက်သည်။ "ငါတို့ရဲ့နောက်ခံကို မင်း သိနေတာလား။"
ဤကမ္ဘာတွင် လျှပ်စစ်သံလိုက်လှိုင်းများ ပြည့်နှက်နေသည်။ အလင်းကွန်ပျူတာများကို လက်နှင့်ကိုင်ဆောင်ရန် မလိုဘဲ လေထဲ၌ပင် ခေါ်ယူအသုံးပြု၍ ရသည်။ မင်ကျုံးက လေထဲ၌ တစ်ချက်နှိပ်လိုက်သောအခါ အလင်းမျက်နှာပြင်တစ်ခု သူတို့ရှေ့၌ ပေါ်လာသည်။
ထိုမျက်နှာပြင်ပေါ်တွင် ယင်ယန်ကောင်းကင်စည်းတံဆိပ် နေရာလွတ်ထဲမှ ရုတ်တရက် ပေါ်လာပြီး ကောင်းကင်၌ ငါးရက်တိုင်တိုင် ငိုယိုနေသည့် ပုံရိပ်များရော၊ ကျန်းလီ ပေါ်လာပြီး သူတို့နှစ်ဦး မြို့ထဲ ဆင်းသက်လာသည့် ပုံရိပ်များပါ ပါဝင်နေသည်။
ကျန်းလီ နားလည်သွားသည်။ ဤကမ္ဘာတွင် စောင့်ကြည့်ကင်မရာများမှာ နေရာတိုင်း၌ ရှိနေခြင်းပင်။
"လူကြီးမင်းတို့က ဘယ်ကလာတာလဲ။ တခြား ဂြိုဟ်တွေကလား။" မင်ကျုံးက သူတို့ကို စိတ်ဝင်တစားနှင့် မေးလိုက်သည်။
ကျိုကျိုးနှင့် ဤ 'စိတ်မဲ့ကမ္ဘာ' တို့သည် ပြန့်ပြူးသော ကုန်းမြေကမ္ဘာများ ဖြစ်ကြသော်လည်း နေရာလွတ်ထဲ၌ ဂြိုဟ်များလည်း ရှိသည်။ သို့သော် ထိုဂြိုဟ်များတွင် ဝိညာဉ်စွမ်းအားရော အောက်ဆီဂျင်ပါ မရှိသလို၊ နေ့နှင့်ည အပူချိန်ကွာခြားချက်မှာ ဒီဂရီ ထောင်ချီ ရှိသောကြောင့် သက်ရှိများ မရှင်သန်နိုင်ပေ။
မင်ကျုံးကမူ ဤအချက်ကို မသိပေ။ လက်ရှိ လေ့လာထားသည့် ဂြိုဟ်များတွင် သက်ရှိမရှိသော်လည်း မလေ့လာရသေးသော နေရာများ၌မူ သက်ရှိရှိနိုင်မည်ဟု သူ ယူဆထားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ရှေ့၌ရှိသော ဤ 'ကာဗွန်အခြေပြုသက်ရှိ' နှင့် သူ နားမလည်သော တည်ဆောက်ပုံရှိသည့် ဤ 'စက်ရုပ်' ကဲ့သို့ပင်။
"အရင်ဆုံး မင်းတို့ ကမ္ဘာအကြောင်း မိတ်ဆက်ပေးပါဦး၊ ပြီးမှ ငါတို့အကြောင်း ပြောပြမယ်။" ဟု ကျန်းလီက ဆိုသည်။
မင်ကျုံးက သူတို့ကို စားသောက်ဆိုင်တစ်ခုအတွင်း ခေါ်ဆောင်သွားသည်။ အာဟာရဖြည့်စာများက ဧည့်သည်များနှင့် မကိုက်ညီမည်စိုးသဖြင့် သူကိုယ်တိုင် ဟင်းချက်ပေးသော်လည်း ထိုဟင်းများမှာ အာဟာရဖြည့်စာများထက်ပင် ပို၍ စားရဆိုးနေ၏။
ထို့နောက် ယင်ယန်ကောင်းကင်စည်းတံဆိပ်ကို 'နျူကလီးယား ဘက်ထရီ' တစ်ပန်းကန် ချပေးလိုက်သဖြင့် တံဆိပ်မှာ ကြောင်အသွားရသည်။ ကျန်းလီက ယဉ်ယဉ်ကျေးကျေးနှင့် တစ်လုပ်လောက် မြည်းကြည့်ပြီးမှ သူ အစာဖြတ်ထားသည်ကို အလွန်ပင် ကျေးဇူးတင်မိသွားသည်။
"ခုနက ပြောခဲ့သလိုပါပဲ၊ ကျွန်တော့်နာမည်က သမ္မတ နံပါတ် ၅၀၆ ပါ။ ကျွန်တော်တို့ဆီမှာ လူတစ်ယောက် မွေးမလာခင်ကတည်းက သူ့ရဲ့ မျိုးဗီဇပေါ်မူတည်ပြီး ဘာအလုပ်လုပ်ရမလဲဆိုတာ သတ်မှတ်ပြီးသားပါ။ နာမည်ကိုလည်း အလုပ်အကိုင်နဲ့ စဉ်နံပါတ်ပေါင်းပြီး ခေါ်ကြတာပေါ့။"
"ကျွန်တော်ကတော့ ချွင်းချက်ပေါ့။ သမ္မတ ၅၀၆ ဆိုတဲ့ နာမည်ကို မကြိုက်လို့ ကိုယ့်ဘာသာ နာမည်ပေးထားတာပါ။"
"မင်းတို့က ဘာဖြစ်လို့ စိတ်ခံစားချက်တွေကို ဖျောက်ဖျက်ပစ်ရတာလဲ။" ဟု ကျန်းလီက မေးလိုက်သည်။
မင်ကျုံးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေသည်။ "အသက်ရှင်ချင်လို့ပါ။"
"စိတ်ခံစားချက်ရှိရင် အသက်မရှင်ရဘူးလား။" ယင်ယန်ကောင်းကင်စည်းတံဆိပ်ကမူ ဤအကြောင်းပြချက်ကို အဓိပ္ပာယ်မရှိဟု ထင်သည်။ ကျိုကျိုးရှိ သက်ရှိများ၌ ခံစားချက်ရှိသော်လည်း ဘယ်သူမှ ခံစားချက်ရှိ၍ သေဆုံးသွားသည်ကို မတွေ့ဖူးပေ။
"လူကြီးမင်းတို့က ကျွန်တော်တို့ လူသားတွေနေတဲ့ ကောင်းကင်ယံမှာပဲ ပျံဝဲနေကြတာလား၊ တခြားတစ်ဖက်ကို မသွားကြည့်ဘူးလား။"
"ကုန်းမြေကြီးရဲ့ တခြားတစ်ဖက်မှာ လူတွေ မရှိလို့လား။"
မင်ကျုံးက အလင်းမျက်နှာပြင်ကို ထပ်မံ ဖွင့်ပြသည်။ ထူးဆန်းသော သတ္တုသတ္တဝါများ ရာနှင့်ချီ ပေါ်လာသည်။ ကျားခေါင်းနှင့် သမင်ကိုယ်ထည် ရှိသူများ၊ မျက်လုံး ၈ လုံးပါသည့် ကြံ့လို သတ္တဝါများ၊ လျှပ်စီးများ ပတ်နေသည့် မြွေကြီးများ - "ဒါတွေက ကုန်းမြေရဲ့ တခြားတစ်ဖက်မှာရှိတဲ့ အရာတွေပါ။ ကျွန်တော်တို့က သူတို့ကို 'သားရဲဆိုး'လို့ ခေါ်တယ်"
"လက်ရှိမှာ ကုန်းမြေရဲ့ တစ်ဝက်ကျော်က အဲ့ဒီ သားရဲဆိုးတွေရဲ့နယ်မြေ ဖြစ်နေပါပြီ။ လူသားတွေကတော့ အနည်းငယ်ပဲ ကျန်တော့တာပါ။ ကျွန်တော်တို့ရဲ့ ဧရိယာကလည်း တဖြည်းဖြည်း ကျဉ်းမြောင်းလာနေတယ်။"
"အစတုန်းကတော့ ဒီသားရဲတွေက သိပ်မသန်မာပါဘူး။ ကျွန်တော်တို့ရဲ့ ဒုံးကျည်တွေနဲ့ ခုခံနိုင်ခဲ့ပါတယ်။ နည်းပညာတိုးတက်လာရင်၊ လက်နက်တွေ ပိုပြင်းလာရင် သူတို့ကို အနိုင်ယူနိုင်မယ်လို့ ထင်ခဲ့တာပေါ့။"
"ဒါပေမဲ့ ကျွန်တော်တို့က အကောင်းမြင်လွန်းခဲ့တာပါ။ ကျွန်တော်တို့ရဲ့ နည်းပညာ တိုးတက်နေတာ မှန်ပေမဲ့၊ သားရဲတွေက ပိုပြီး မြန်မြန် ဆင့်ကဲပြောင်းလဲနေကြတာ။ နောက်ဆုံး နျူကလီးယားဗုံးပေါင်း ထောင်နဲ့ချီ သုံးခဲ့တာတောင် အဲ့ဒီသားရဲတွေကို မတားနိုင်ခဲ့ဘူး။"
ကျန်းလီကမူ ဤသားရဲများသည် ဤကမ္ဘာ၏ မိစ္ဆာသားရဲများ ဖြစ်ပြီး ကျင့်ကြံမှုနှုန်း အလွန်မြန်နေခြင်းဖြစ်သည်ဟု ယူဆလိုက်သည်။
"ဒီအတိုင်းဆိုရင် လူသားမျိုးနွယ်ဟာ သားရဲတွေရဲ့ ဝါးမြိုခြင်းကို ခံရတော့မှာပဲ။"
"နည်းပညာ တိုးတက်ဖို့ဆိုတာ အရှိန်အဟုန် စုဆောင်းရတဲ့ဖြစ်စဉ်တစ်ခုလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မျိုးဆက်အချို့ကို စိတ်ခံစားချက် ဖျောက်ထားပြီး အသိပညာတွေ စုဆောင်းခိုင်းထားတာပါ။ ပြီးမှ နောက်မျိုးဆက်တစ်ခုကို စိတ်ခံစားချက် ပြန်ထည့်ပေးပြီး၊ အရင်လူတွေ ချန်ထားခဲ့တဲ့ အချက်အလက်တွေ၊ စမ်းသပ်ချက်တွေ၊ ရုပ်ရှင်၊ ဝတ္ထုတွေကနေ စိတ်ကူးသစ်တွေ ယူပြီး နည်းပညာကို အဟုန်နဲ့ မြှင့်တင်ရတာပါ။ နည်းပညာတစ်ခုတည်းနဲ့တင် နည်းပညာကို တိုးတက်အောင်လုပ်ဖို့က နှေးလွန်းတယ်၊ ဖျော်ဖြေရေးကနေရတဲ့ စိတ်ကူးဉာဏ်လည်း လိုအပ်တယ်လေ။"
"အသိပညာ စုဆောင်းတဲ့ခေတ်မှာတော့ စိတ်ခံစားချက်မရှိတဲ့ သမ္မတကို ရွေးတယ်၊ နည်းပညာ ထုတ်ဖော်တဲ့ခေတ်မှာတော့ စိတ်ခံစားချက်ရှိတဲ့ သမ္မတကို ရွေးချယ်ပါတယ်။"
"ဒီနည်းဗျူဟာကြောင့် နည်းပညာက တကယ်ပဲ မြန်မြန် တိုးတက်လာခဲ့တယ်။ စက်ရုပ်စစ်သည်တွေ၊ အလင်းကွန်ပျူတာတွေ၊ နေတုဗုံးတွေ၊ ပျက်သုဉ်းစေတဲ့ အမြောက်တွေအထိ တီထွင်နိုင်ခဲ့တယ်။"
"အခု တွေ့နေရတဲ့အတိုင်း ကျွန်တော်တို့က အသိပညာစုဆောင်းတဲ့ခေတ်ထဲမှာ ရှိနေတာပါ။" မင်ကျုံး၏ မျက်လုံးများ ခဏမျှ တောက်ပသွားသော်လည်း ချက်ချင်းပင် အားအင်ကုန်ခမ်းသွားပြီး မျှော်လင့်ချက်မဲ့သော လေသံနှင့် ဆက်ပြောသည်။ "ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သားရဲတွေရဲ့ ဆင့်ကဲပြောင်းလဲမှု အရှိန်ကို မမီတော့ဘူး။ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစည်းက သူတို့ကြောင့် နှစ်တိုင်း ဆုတ်ပေးနေရတယ်။"
"တကယ်တော့ အားလုံးက သိနေကြပါတယ်။ ဒီအတိုင်းဆိုရင် လူသားတွေ မျိုးတုန်းမှာပါပဲ။ ဒါပေမဲ့ ဒီလို မလုပ်ရင်တော့ ပိုပြီးတောင် မြန်မြန် မျိုးတုန်းသွားမှာပေါ့။"
"လူကြီးမင်းတို့... ကျွန်တော်တို့ကို ကယ်တင်ပေးနိုင်မလားဟင်။" မင်ကျုံးက အသနားခံလိုက်သည်။
"ဘာဖြစ်လို့ ဒီကုန်းမြေကနေ ထွက်ပြီး တခြားဂြိုဟ်တွေကို မသွားကြတာလဲ။" ကျန်းလီက မေးလိုက်သည်။ ဤကမ္ဘာ၏ နည်းပညာနှင့်ဆိုပါက အခြားဂြိုဟ်သို့ ပြောင်းရွှေ့ရန် ဖြစ်နိုင်ပေသည်။ အပူချိန် ကွာခြားချက်များ၊ သဲမုန်တိုင်းများကိုလည်း ကျော်လွှားနိုင်ပေလိမ့်မည်။
မင်ကျုံး ကြောင်သွားပြီး ပြန်မေးသည်။ "လူကြီးမင်းတို့ မသိဘူးလား။ ကုန်းမြေနဲ့ ဝေးလေလေ၊ ဆွဲအားက ပိုပြင်းလေလေပဲလေ။ ဘယ်လိုလုပ်ပြီး အပြင်ကို ပျံထွက်လို့ ရမှာလဲ။"
ကျန်းလီသည် ဤစကားကို ကြားသည်နှင့် ဆိုင်ပြင်ထွက်၍ အပေါ်သို့ ခုန်တက်လိုက်သည်။ အရင်က သူနှင့် တံဆိပ်တို့ ပျံသန်းသည်မှာ နိမ့်လွန်းသဖြင့် သတိမထားမိခဲ့ခြင်းဖြစ်သည်။ အမြင့်သို့ ရောက်လေလေ ဆွဲအားက တကယ်ပင် ပြင်းထန်လာလေလေ ဖြစ်ပြီး၊ အပြင်းဆုံးနေရာ၌မူ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတောင် ခန္ဓာကိုယ်နှင့် မခံနိုင်လောက်အောင်ပင်။ မိုင်ပေါင်း ၆ သန်းခန့် မြင့်သည့် ကောင်းကင်ယံရောက်မှ ဆွဲအားက ပျောက်ကွယ်သွားသည်။
"တကယ်ပဲ အပြင်ထွက်ဖို့ မလွယ်တာပဲ။" ကျန်းလီ မြေပြင်ပေါ် ပြန်လည် ဆင်းသက်လိုက်သည်။
မင်ကျုံးမှာမူ ပါးစပ်အဟောင်းသားနှင့် မှင်တက်ကျန်ရစ်ခဲ့ပါလေတော့သည်။
***