[ဒင်... သင်သည် မြေတစ်ဧကကို အောင်မြင်စွာ ထွန်ယက်နိုင်ခဲ့သဖြင့် ဆုကြေး ၈၀,၀၀၀ ရရှိပါသည်။]
...
တခြားလူတွေ လယ်ထွန်ပေးနေသော်လည်း ဆုကြေးများက လင်းယန်၏ ခေါင်းပေါ်သို့သာ ဆက်လက် ကျရောက်လာနေသည်။ ဤငွေဝင်လာသည့် အရှိန်မှာ တကယ်ကို ဒုံးပျံစီးနေရသကဲ့သို့ပင်! ဒီကျောင်းသားအသုတ်က လယ်မြေ ၂၅ ဧကကို ခွဲယူထားကြသည် ဆိုသော်လည်း၊ တကယ်တမ်း စိုက်ပျိုးရမည့် ပမာဏက အဲ့ဒီထက် အများကြီး ပိုနေသေးသည် မဟုတ်လား! လင်းယန် တစ်ယောက် ပိုက်ဆံတွေကို ရေတွက်ရလွန်း၍ မြောက်ကြွနေလေပြီ။ ခရိုင်ထဲတွင် အချမ်းသာဆုံးသူနေရာနှင့် နောက်တစ်လှမ်း ပိုနီးကပ်သွားပြီဟု သူ ခံစားလိုက်ရသည်။
'အင်း... လောလောဆယ် ခရိုင်ထဲမှာ အချမ်းသာဆုံးက ချင်အဖေ ဖြစ်လောက်တယ်။ ပိုင်ဆိုင်မှုက ယွမ် ဘီလီယံချီရုံလောက်ပဲလေ။ သူ့ကို ကျော်တက်ဖို့က မခက်ခဲပါဘူး။ နောက်ပြီး စာရင်းပေါ်က ပိုင်ဆိုင်မှုနဲ့ လက်ငင်း ကိုင်တွယ်လှည့်ပတ်လို့ရတဲ့ ငွေသားဆိုတာက ယှဉ်လို့ရတဲ့ အရာတွေမှ မဟုတ်တာ။'
ထိုအကြောင်းများကို တွေးမိလေ လင်းယန်၏ အလုပ်လုပ်ချင်စိတ်များ ပိုမို ပြင်းပြလာလေဖြစ်သည်။ သေချာသည်မှာ... လက်ရှိတွင် သူ အလုပ်လုပ်နေမှုများက မကြာခဏ အနှောင့်အယှက် ပေးခံနေရသည်။ ထိုကျောင်းသားများက သူ့ကို ပြဿနာပေါင်းစုံ လာရောက် မေးမြန်းနေကြသောကြောင့် ဖြစ်သည်။
"ပါမောက္ခလင်း... ကျွန်တော် ထွန်ထားတဲ့ မြေအနက်က ဒီလောက်ဆိုရင် အဆင်ပြေလောက်ပြီလား?"
လင်းယန်က တစ်ချက် လှမ်းကြည့်လိုက်ပြီး အလွန်ချီးကျူးသွားသည်။
"တော်တော်လေး ပွရွနေပြီပဲ။ အထဲက ရေငွေ့တွေလည်း မဆုံးရှုံးသွားဘူး။ အမြန်ဆုံး မျိုးစေ့ချလိုက်ရင် ရပြီ။ တကယ်ကို ကောင်းတယ်။"
ဤကျောင်းသားများသည် ဟိုလူမိုက်တစ်သိုက်ထက် အများကြီး ပို၍ အားကိုးရသည်ဟု လင်းယန် ခံစားလိုက်ရသည်။ မြေဘောင် (စိုက်ဘောင်) ဖော်ရာတွင်ပင် ထိုမျှလောက် ဖြောင့်တန်းနေအောင် ဖော်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ! ပန်းရံသမားများ မျဉ်းကြိုးချထားသည့်အတိုင်းပင် ဖြစ်သည်။ သို့သော် မကြာမီမှာပင် အဝေးတစ်နေရာ၌ လေဆာချိန်ညှိစက် ကြီးကို ကိုင်တွယ် အသုံးပြုနေသော ဝူယင်းကို သူ တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက လင်းယန်ကို လုံးဝ ဆွံ့အသွားစေသည်။
'မြေဘောင်ဖော်တာလေးကိုတောင် လေဆာနဲ့ ချိန်ပြီး လုပ်ရတာလား? ခြင်ကို အမြောက်နဲ့ပစ်တာနဲ့ ဘာကွာတော့လို့လဲ? လယ်စိုက်တာလေးကို ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး။ သာမန်လယ်မြေက ထွက်လာမယ့် အသီးအနှံတန်ဖိုးက အဲ့ဒီလေဆာပစ်တဲ့ လျှပ်စစ်မီးဖိုးတောင် ကာမိမှာ မဟုတ်ဘူး!' နောက်ဆုံးတွင် လင်းယန် မနေနိုင်တော့ဘဲ သွားရောက် မေးမြန်းလိုက်သည်။
"အစ်မဝူ... ဒီလေဆာစက်ကြီး သုံးပြီး မြေဘောင်ဖော်နေတာက တစ်ခုခု အကြောင်းပြချက်များ ရှိလို့လား?"
ဝူယင်းက လင်းယန်ကို ချက်ချင်း မျက်စောင်းထိုးလိုက်သည်။ လင်းယန်က သူမထက် ငယ်သည်မှာ အမှန်ဖြစ်သော်လည်း၊ မည်သည့် မိန်းကလေးကမျှ 'အစ်မ' ဟု အခေါ်ခံရသည်ကို သဘောကျမည် မဟုတ်ပေ။ သို့သော် လင်းယန်၏အမေးကိုတော့ သူမ ပြန်လည် ဖြေကြားပေးလိုက်သည်။
"ဘာအကြောင်းပြချက်မှ မရှိပါဘူး။ မြေဘောင် တွန့်လိမ်နေတာကို မြင်ရင် ကျွန်မ နေရခက်လို့ပါ။ တစ်ကိုယ်လုံး ယားကျိကျိ ဖြစ်နေသလို ခံစားရလို့။"
"???"
လင်းယန် ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားကာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ သို့သော် ကျောင်းသားများ၏ အချင်းချင်း ပြောဆိုနေသံများမှတစ်ဆင့် လင်းယန် အပြည့်အဝ သဘောပေါက်သွားတော့သည်။ ဤ ဝူယင်းတွင် OCD (ပြီးပြည့်စုံချင်သော ရောဂါ) ရှိနေခြင်းပင်! ဤသည်မှာ နှစ်ပေါင်းများစွာ ဓာတ်ခွဲခန်းထဲတွင် အလုပ်လုပ်လာခဲ့ရာမှ အလိုအလျောက် စွဲကပ်လာသော အကျင့်တစ်ခု ဖြစ်နိုင်ပေသည်။
မတတ်နိုင်ပေ၊ ဝင်မစွက်ဖက်တာပဲ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဤကိစ္စလေးက သီးနှံအထွက်နှုန်းကို ထိခိုက်စေမည်မှ မဟုတ်တာ။
တစ်ခုရှိသည်က ဤကဲ့သို့ ရိုးရာစိုက်ပျိုးရေး လုပ်ငန်းခွင်မျိုးတွင် ဤမျှ အဆင့်မြင့်သော နည်းပညာသုံး စက်ပစ္စည်းများ ရုတ်တရက်ပေါ်လာခြင်းက မြင်ကွင်း၏အလှတရားကို အနည်းငယ် ပျက်စီးသွားစေသလို ခံစားရခြင်းပင်။ သို့သော် ဝူယင်းသည် သူနားမလည်သော စမ်းသပ်ကိရိယာ အစုအဝေးကြီးကို ကားဖြင့် လယ်ကွင်းထဲအထိ သယ်ဆောင်လာကြောင်း သိလိုက်ရချိန်တွင်တော့ လင်းယန် လုံးဝ ဆွံ့အသွားတော့သည်။
'ထားလိုက်ပါတော့၊ အလုပ်ပဲ ဆက်လုပ်ရအောင်! သူတို့ လုပ်ချင်ရာ လုပ်ကြပါစေတော့။'
သို့သော် မကြာမီမှာပင် ကျောင်းသားလေး တစ်ယောက် သူ့ထံသို့ လျှောက်လာခဲ့သည်။
"ပါမောက္ခလင်း... ဒီနွား လမ်းလျှောက်နေတဲ့ ပုံစံက သိပ်မမှန်ဘူးလို့ ကျွန်တော် ထင်တယ်။ သူ့ခြေထောက်မှာ ကပ်ပါးကောင်တွေ ရှိနေနိုင်တယ်။ ပြီးတော့ သူ့နောက်ခြေထောက်ကို ခဏခဏ လှည့်ကိုက်ချင်နေတာ ကြည့်ရရင် နွားယားနာဖြစ်နေတာ ဖြစ်နိုင်တယ်။"
လင်းယန် လုံးဝ ကြောင်အမ်းအမ်းဖြစ်သွားပြီး နွားအနားသို့ တိုးသွားကာ တစ်ချက် ကြည့်လိုက်သည်။ နွား၏ နောက်ခြေထောက်မှ အရေပြား အရောင်မှာ တကယ်ကို ပုံမှန်မဟုတ်ပေ။ စနစ်ထံမှ သူရရှိထားသော 'ဆေးပညာလမ်းညွှန်' ဗဟုသုတအရ ကြည့်မည်ဆိုလျှင် ဤကျောင်းသား ပြောသကဲ့သို့ပင် ဤနွား၏ နောက်ခြေထောက်တွင် ကပ်ပါးကောင်များ ရှိနေသည်ကို အထင်အရှား မြင်တွေ့နိုင်ပေသည်။
"မင်းက ဘယ်လိုလုပ် ဒါကို ဒီလောက် သေသေချာချာ သိနေရတာလဲ?" ဟု လင်းယန်က မေးလိုက်သည်။
ထိုကျောင်းသားလေးမှာ မျက်နှာနီရဲသွားပြီး ခေါင်းကို ကုတ်လိုက်သည်။
"ကျွန်တော်က မွေးမြူရေးပညာကိုပါ တွဲပြီး ယူထားလို့ပါ။ သာမန် တိရစ္ဆာန် ဆေးကုဆရာဝန်တွေတောင် ကျွန်တော့်လောက် မသိပါဘူး။"
လင်းယန် အလိုအလျောက် လက်မထောင်ပြလိုက်မိသည်။
"ကုတတ်လား?"
"ဒီမှာ ဆေးမှ မရှိတာ။"
"အလုပ်လုပ်လို့ ပြီးရင် လိုအပ်တဲ့ ဆေးနာမည်တွေကို ငါ့ညီမလေးကို သွားပြောလိုက်။ သူမ တစ်ယောက်ယောက်ကို သွားဝယ်ခိုင်းလိမ့်မယ်။"
လင်းရှောင်ဝူလေးနှင့် ပတ်သက်၍ လင်းယန် ခေါင်းကုတ်မိသည်။ ဤရက်ပိုင်းအတွင်း နေထိုင်စားသောက်မှုများ ပိုမို ကောင်းမွန်လာသဖြင့်၊ ရှောင်ဝူလေး၏ မျက်နှာအရောင်အသွေးမှာလည်း ဝင်းလက်လာပြီး ပါးဖောင်းဖောင်းလေးများနှင့် အလွန် ချစ်စရာကောင်းလာခဲ့သည်။ သို့သော် အကျင့်ဆိုးများလည်း အတော်များများ တိုးလာခဲ့သည်။
အရာရာတိုင်းကို စပ်စုချင်နေခြင်းပင်! ထို့အပြင် စူးရို့ရို့နှင့် ချင်စုစုတို့အနားတွင် အလွန် ကပ်ချွဲနေတတ်သည်။ အရေးအကြီးဆုံးမှာ သူမကိုယ်ပေါ်တွင် 'ကပ်စေးနှဲလေး' ဆိုသည့် စရိုက်လက္ခဏာ အသစ်တစ်ခု ထွက်ပေါ်လာခြင်းကို လင်းယန် သတိထားမိလိုက်ခြင်းဖြစ်သည်။
လင်းယန် ပိုက်ဆံသုံးလိုက်တိုင်း လင်းရှောင်ဝူလေးမှာ အလွန် နှမြောတသ ဖြစ်နေတတ်သည်။ အသက် ဆယ်နှစ်တောင် မပြည့်သေးသည့် လင်းရှောင်ဝူလေး၏ လက်ထဲတွင် ယွမ် နှစ်သန်းခန့် ပိုင်ဆိုင်မှုများ ရှိနေပြီ ဖြစ်သော်လည်း... တစ်ပြားတစ်ချပ်မှ ထုတ်မသုံးရက်ဘဲ၊ ဘဏ်မှ အတိုးရဖို့သာ ထိုင်စောင့်နေချင်နေသည်...။ ဤသည်က လင်းယန်ကို အတော်လေး ဆွံ့အသွားစေသည်။
အရင်တုန်းက အိမ်တွင် ပိုက်ဆံ လုံးဝမရှိခဲ့သဖြင့် ရှောင်ဝူလေးအနေဖြင့် ဤ 'ကပ်စေးနှဲ' စရိုက်ကို ဖော်ထုတ်ပြသရန် အခွင့်အရေးမရခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သို့သော် အရေးကြီးသော ကိစ္စများတွင်မူ လင်းရှောင်ဝူလေး၏ ဖြေရှင်းကိုင်တွယ်ပုံက အလွန် ရှင်းလင်းပြတ်သားလှသည်။ ထို့အပြင် စူးရို့ရို့နှင့် ချင်စုစုတို့ထံမှလည်း ပညာဗဟုသုတ အများအပြားကို သင်ယူနိုင်ခဲ့သည်။
အိမ်တွင်ရှိသော လူကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်ကို တွေးမိသောအခါ လင်းယန်မှာ အနည်းငယ် သတိရလွမ်းဆွတ်သွားပြီး၊ အလုပ်လုပ်ချင်စိတ်များ ချက်ချင်း ပိုမို ပြင်းပြလာကာ ကတ်ထဲမှ ငွေကြေးပမာဏမှာလည်း ရူးသွပ်မတတ် တိုးပွားလာနေတော့သည်။
ကတုံးချန်တို့တစ်သိုက်မှာ လင်းယန် အလုပ်လုပ်သည့်အရှိန် မြင့်တက်သွားသည်ကို မြင်လိုက်ရသောအခါ ဖိအားများ အကြီးအကျယ် တိုးလာပြီး၊ လင်းယန်၏အမြန်နှုန်းကို မီအောင် အစွမ်းကုန် ကြိုးစားကာ သွက်လက်စွာ အလုပ်လုပ်ကြတော့သည်။ သို့သော် နောက်ဆုံးတွင်တော့ အဝေးကြီး နောက်ကောက်ကျ ကျန်ရစ်ခဲ့ကြသည်။
"အစ်ကိုလင်းက အကြောင်းပြချက် ရှာပြီး ငါတို့ကို သတ်ပစ်ချင်နေတာတော့ မဟုတ်ပါဘူးနော်။"
"အရမ်း မြန်လွန်းတယ်။ ငါတို့တွေ အချောင်ခိုနေတယ်လို့များ သူ ထင်နေမလား မသိဘူး။"
"မြန်မြန်... မြန်မြန် လုပ်ကြဟေ့!"
လူမိုက်လေးများမှာ ယခုအချိန်တွင် ငိုချင်လုမတတ် ဖြစ်နေကြလေပြီ။ ထိုကျောင်းသူလေးများကို ငေးကြည့်ရန်ပင် မေ့လျော့နေကြသည်။ ပုံမှန် အချိန်မျိုးမှာသာဆိုလျှင်၊ ဘေးနားတွင် ကျောင်းသူလေးများ ဤမျှများပြားစွာ ရုတ်တရက် ပေါ်လာပါက သူတို့မှာ ပျော်လွန်း၍ ကောင်းကင်ပေါ်ပင် ပျံတက်သွားလောက်ပြီ ဖြစ်သည်။ သို့သော် ယခုတော့... အလုပ်လုပ်ရတာ အလွန် ရှုပ်မဲနေသဖြင့် တခြားအရာများကို တွေးတောရန် အချိန်ဘယ်မှာ ရှိပါ့မလဲ?
…..
မိုးချုပ်သွားချိန်တွင် သူတို့မှာ ပင်ပန်းလွန်း၍ ပြိုလဲကျလုမတတ် ဖြစ်နေကြပြီး၊ ထမင်းကို ကမန်းကတန်း စားကာ အိပ်ရာပေါ်သို့ ပစ်လှဲလိုက်ကြတော့သည်။ သေချာသည်မှာ... ကျောင်းသားများ အများအပြား ရောက်လာသောကြောင့် သူတို့မှာ 'ဆန္ဒပြည့်ဝစွာဖြင့်' နွားတင်းကုပ်ထဲသို့ ပြောင်းရွှေ့ နေထိုင်လိုက်ရလေပြီ...။ ကံကောင်းသည်က နွေရာသီ၏ ရာသီဥတုက ပူပြင်းခြောက်သွေ့သဖြင့် အပြင်ဘက်တွင် အိပ်ရသည်က ပို၍ အေးမြနေခြင်းပင်။
ငှားလာသော နွားများကိုမူ ကပ်ပါးကောင်များ ကူးစက်မည်ကို စိုးရိမ်သဖြင့် သက်ဆိုင်ရာ အိမ်များသို့ ပြန်ပို့ပေးလိုက်ပြီး အပြည့်အဝ ပျောက်ကင်းသွားမှသာ ပြန်လည်အသုံးပြုရန် ဆုံးဖြတ်လိုက်ကြသည်။
လင်းယန်သည်လည်း စနစ်ထဲမှ ဝင်ငွေများကို အကြမ်းဖျင်း ဝင်ကြည့်လိုက်သည်။
'ဟက်... ယွမ် သန်းနှစ်ရာ (ဘီလီယံနှစ်ဆယ်) တောင် ပြည့်သွားပြီပဲ!'
'အင်း... လယ်ထွန်စက် နှစ်စီးလောက် ဝယ်သင့်ပြီလား မသိဘူး?' လင်းယန် မေးစေ့ကို ပွတ်ရင်း ဤကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်နေပြီဟု ခံစားလိုက်ရသည်။
စက်ယန္တရားများ အသုံးပြုရန် မသင့်တော်သော လယ်မြေ ဧက လေးရာကျော် ရှိနေသည်မှာ မှန်သော်လည်း၊ လယ်ထွန်စက်များကို အသုံးပြု၍ ရနိုင်သေးသည့် လယ်မြေ ဧက လေးရာခန့် ကျန်ရှိနေသေးသည် မဟုတ်လား။ သေချာပေါက် လယ်ထွန်စက်များ အသုံးပြုနိုင်မည်ဆိုပါက လယ်စိုက်ပျိုးခြင်း၏ ပြီးမြောက်မှု အမြန်နှုန်းက ပိုမို မြင့်မားလာမည် ဖြစ်သည်။ သူ ပိုက်ဆံရှာသည့် အမြန်နှုန်းမှာလည်း ပို၍ မြန်ဆန်လာမည် ဖြစ်သည်။ ထို့ပြင် ပတ်ဝန်းကျင်တွင် လယ်မြေအသစ်များ ထပ်မံ ဖော်ထုတ်ရန်ပင် အချိန်ရလာဦးမည် ဖြစ်သည်။
လူအင်အား များပြားလာသောကြောင့် လယ်စိုက်သည့် အမြန်နှုန်းမှာလည်း အများကြီး မြန်ဆန်လာခဲ့သည်။ ဒုတိယအသုတ် ကျောင်းသားများ ရောက်ရှိလာချိန်တွင် လင်းယန်၏ လယ်ကွင်းများ၌ ကူညီစိုက်ပျိုးပေးနေသူ အယောက် ခြောက်ဆယ်ခန့် ရှိနေပြီဖြစ်သည်။ ပိုက်ဆံဝင်လာသည့် အမြန်နှုန်းမှာမူ မြန်လွန်း၍ ပြောစရာပင် မလိုတော့ပေ။ လင်းယန် တစ်ယောက် အချိန်ပိုများပင်ရလာပြီး အားလပ်သွားလေပြီ။
လယ်ကွင်းထဲတွင် ထို OCD ရောဂါသည် ဝူယင်း စောင့်ကြည့်နေသဖြင့် ယေဘုယျအားဖြင့် လင်းယန် အတော်လေး စိတ်ချရသည်။ ထို့အပြင်... ထို ပါမောက္ခအိုကြီးများနှင့် စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားများ၏ လယ်စိုက်ပျိုးမှု အဆင့်အတန်းမှာ လင်းယန်ထက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိပေ။ မှန်ကန်သော နည်းစနစ်များကို နားလည်သဘောပေါက်သွားပြီးနောက်တွင် လုံးဝ ပြဿနာ မရှိတော့ချေ။
သို့သော် ကျောင်းသား အများအပြားမှာ လင်းယန် သင်ကြားပြသပေးခဲ့သည့် အရာများကို လေ့လာဆန်းစစ်နေကြပြီး အလွန် ဇဝေဇဝါ ဖြစ်နေကြသည်။
"ပါမောက္ခလင်းက ငါတို့ကို စိုက်ခိုင်းတာ အရမ်းကို ကျဲလွန်းနေတယ်။ ဒီလိုပုံစံဆိုရင် တစ်ဧက အထွက်နှုန်း ကောင်းလာဖို့ ခက်ခဲလိမ့်မယ်။"
"ပြီးတော့ ဓာတ်မြေသြဇာ လုံးဝမသုံးဘဲနဲ့ မြေဆီလွှာက တကယ်ရော လုံလောက်ပါ့မလား?"
"အပင် အကွာအဝေးကို သေချာစီမံခန့်ခွဲနိုင်ရင်တော့ တကယ် အဆင်ပြေနိုင်လောက်ပါတယ်။"
"ဒီလို ရိုးရှင်းတဲ့ စိုက်ပျိုးနည်းလေးနဲ့များ... ပါမောက္ခလင်းက ဘယ်လိုလုပ်ပြီး အဲ့ဒီလောက် အထွက်နှုန်းကောင်းတဲ့ သီးနှံတွေကို ဖန်တီးနိုင်ခဲ့တာလဲ?"
ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ကျောင်းသားများ၏ ရင်ထဲတွင် သံသယများဖြင့် ပြည့်နှက်သွားကြသည်။ သေချာသည်မှာ ဇဝေဇဝါဖြစ်နေသူများမှာ သူတို့ချည်းသာ မဟုတ်ပေ။ ထိုပါမောက္ခအိုကြီးများအဖွဲ့ပင်လျှင် အလွန် ရှုပ်ထွေးနေကြသည်။ ယခုအချိန်အထိ ဤသည်မှာ မည်သည့်အကြောင်းရင်းကြောင့်လဲ ဆိုသည်ကို နားမလည်နိုင်ကြသေးပေ။
သို့သော် ဝိုးတဝါးဖြင့်တော့ အစအနအချို့ကို ရိပ်မိနေကြပြီ ဖြစ်သည်။ မျိုးစေ့နှင့် ပတ်သက်နေခြင်းများ ဖြစ်နိုင်မလား? သို့သော် မည်သူကမျှ ဤစကားကို ထုတ်၍ မမေးရဲကြပေ။
ထိုလူမိုက် ခြောက်ယောက်မှာမူ ကျောင်းသားများကြားတွင် ရောနှောကာ ပတ်ဝန်းကျင်ကိုပင် မေ့လျော့ပြီး အသေအလဲ အလုပ်လုပ်နေကြသည်။ လင်းယန် မရှိသော်လည်း သူတို့၏ရင်ထဲတွင် ပို၍ပင် ကြောက်ရွံ့နေကြသည်။ ဤသည်မှာ လင်းယန်က သူတို့ကို စမ်းသပ်နေခြင်းဖြစ်မည်ဟု ထိတ်လန့်နေကြခြင်းဖြစ်သည်။
အကယ်၍ သူတို့တွင် မကောင်းသော အကြံအစည် အနည်းငယ်မျှ ရှိနေသည်နှင့်တစ်ပြိုင်နက် လင်းယန် ရုတ်တရက် ပေါ်လာကာ ဤကျောင်းသားများ၏ အရှေ့တွင် သူတို့ကို သတ်ပြပြီး အခြားသူများကိုပါ သတိပေးသွားမည်ကို ကြောက်နေကြသည်။ အကယ်၍ ထိုသို့သာဖြစ်သွားပါက သူတို့ဘက်မှ ရပ်တည်ပေးမည့်သူ တစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ!
"သေချာ ကြိုးစားကြဟေ့၊ အကုန်လုံး သေချာကြိုးစားလုပ်ကြ။"
"နောက်ထပ် ဧက ခုနစ်ရာ ရှစ်ဆယ်ကျော်ပဲ ကျန်တော့တယ်၊ အဲ့ဒါဆိုရင် ငါတို့ လွတ်မြောက်ပြီ။"
သူတို့အချင်းချင်း အားပေးစကား ပြောနေကြသည်။
ဤအချိန်တွင် လင်းယန်မှာမူ သူအစောပိုင်းက ကိုယ်တိုင် စိုက်ပျိုးထားခဲ့သော လယ်ကွင်းဆီသို့ သွားနေလေသည်။ ဤတစ်ဧကကျော် ကျယ်ဝန်းသော မုန်လာဥနီများမှာ နောက်ဆုံးတွင် ရင့်မှည့်လာတော့မည် ဖြစ်သည်။
***