နောင်ခရိုင်ရှိ ဗီလာတစ်ခုတွင် ကျင်းယွမ်ဟန်တစ်ယောက် အောင်းနေသည်မှာ ရက်အတော်ကြာနေပြီဖြစ်သည်။
သူ့လုပ်ငန်းစုမှ မန်နေဂျာများက လုပ်ငန်းကိစ္စများကို ဦးဆောင်ရန် သူ့ကို အမြန်ပြန်လာဖို့ ဖုန်းတွေ အဆက်မပြတ် ဆက်နေကြသော်လည်း သူ လုံးဝ ဂရုမစိုက်ပါ။ ပိုက်ဆံကိစ္စထက်စာလျှင် လင်းယန်နှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာဖို့က သူ့အတွက် ပို၍ အရေးကြီးနေသည်။
ထိုလူငယ်မှာ သူ ရန်မစသင့်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ လင်းယန်မှာ ငယ်ရွယ်သေးသော်လည်း လက်ရှိအောင်မြင်မှုများအရကြည့်လျှင် နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် သူ မော့ကြည့်ရမည့် အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
ဒါ့အပြင် သူ့ဇနီးနှင့် သားဖြစ်သူတို့က အရင်စတင် ရန်စခဲ့ခြင်း မဟုတ်လား။ အခုတော့ ကွာရှင်းလိုက်ပြီဖြစ်သလို ထိုသားကိုလည်း သားအဖြစ် မသတ်မှတ်တော့သော်လည်း လင်းယန်က အပြစ်တင်မည်ကို သူ စိုးရိမ်နေဆဲပင်။ မဟုတ်လျှင် နောက်နောင် လင်းယန်၏ ပညာရပ်ဆိုင်ရာ ဩဇာအာဏာဖြင့် သူ့ကို ဖျက်ဆီးပစ်ဖို့ဆိုသည်မှာ တစ်ခွန်းပြောရုံသာ ရှိတော့သည်။
သို့သော် ချင်းရှန်းရွာသို့ သူ ပို့ထားသော တွေ့ဆုံခွင့်တောင်းခံလွှာမှာ ယခုထက်ထိ ဘာတုံ့ပြန်မှုမှ မရရှိသေးသဖြင့် သူ တော်တော်လေး စိတ်မကောင်း ဖြစ်နေရသည်။ အဓိကမှာ သူက စည်းကမ်းကြီးသူဖြစ်သဖြင့် ရုတ်တရက်ကြီး သွားရောက်ပါက လင်းယန်ကို မတော်တဆ စော်ကားမိမည်ကို ကြောက်ခြင်းဖြစ်သည်။
ဘေးနားမှ အတွင်းရေးမှူးနှင့် ယာဉ်မောင်းတို့ကတော့ နားမလည်နိုင်အောင် ဖြစ်နေကြ၏။
"သူဌေးကျင်းက လူငယ်တစ်ယောက်ကို တွေ့ဖို့ ဒီလောက်အထိ အောက်ကျို့ခံနေရတာလား။"
"တွေ့ဆုံခွင့်တောင်းခံလွှာကို ကျွန်တော် ကိုယ်တိုင် သွားပို့ခဲ့တာ။ တောရွာလေးပါပဲ၊ လမ်းကလည်း ခုမှ ပေါက်တာ။ အဲ့ဒါကို လက်ခံတဲ့ ကလေးမလေးကလည်း ရိုင်းလိုက်တာမှ လွန်ရော။"
"တကယ်ကို စဉ်းစားမရဘူး။ သူဌေးကျင်း ဆိုတာ တစ်ပြည်နယ်လုံးမှာ အချမ်းသာဆုံးလေ။ သူ ဘယ်နေရာသွားသွား လူတွေက လေဆိပ်အထိ လာကြိုကြတာ။ အခုတော့... တစ်ခုခု မှားနေသလိုပဲ။"
"မှန်တယ်၊ ဒီလောက်အထိ နှိမ့်ချနေဖို့ မလိုပါဘူး။ သူတွေ့ချင်တာက လူငယ်တစ်ယောက်၊ တောင်သူလေးပဲလေ။"
"ဟူး... ဒီသတင်းသာ အပြင်ပြန့်သွားရင် ကုမ္ပဏီရဲ့ ရှယ်ယာဈေးတွေတောင် ကျကုန်လိမ့်မယ်။"
"သွားပြီး ဖျောင်းဖျကြည့်ပါဦး။ ဒီမှာ နေနေတာ ရက်တော်တော်ကြာနေပြီလေ။"
"ကြားတာတော့ သူဌေးကျင်းက လင်းယန်နဲ့ မိတ်ဆက်ပေးနိုင်မယ့်သူကို နောင်ခရိုင်မှာ လိုက်ရှာနေတာတဲ့။ ဒါပေမဲ့ ချင်မိသားစုပဲ အခွင့်အရေးရှိတာကိုး။ ချင်အဖေကလည်း လူရှာမတွေ့ဘူး၊ အခု ကုမ္ပဏီကို တာဝန်ယူနေတဲ့ ကောင်လေးကလည်း ဘာမှမသိဘူး။"
အတွင်းရေးမှူးတို့ တိုင်ပင်နေစဉ်မှာပင် ကျင်းယွမ်ဟန်၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ပြာခွက်ဖြင့် ပေါက်လိုက်သံ ထွက်ပေါ်လာသည်။
"လစ်စမ်း! မင်းတို့ ဘာသိလို့လဲ!"
"သူဌေးကျင်း... ဒီလောက်အထိ လုပ်စရာ မလိုပါဘူး။ သူက တောင်ပေါ်က ဆင်းရဲသားကောင်လေးပဲလေ!"
"မင်း ငါ့နာမည်ကို သုံးပြီး အပြင်မှာ ဘာတွေလျှောက်လုပ်နေသလဲဆိုတာ ငါမသိဘူးလို့ မမှတ်နဲ့! ချင်းရှန်းရွာရောက်လို့ မင်းကသာ သူ့အပေါ် နည်းနည်းလေး မလေးမစားလုပ်ကြည့်... ငါ မင်းကို ကိုယ်တိုင် အသေသတ်ပစ်မယ်။"
ယာဉ်မောင်းမှာ ချက်ချင်း ငြိမ်ကျသွားတော့သည်။ ကျင်းယွမ်ဟန် ပြောသည်မှာ နောက်ပြောင်နေခြင်း မဟုတ်မှန်း သူ သိသည်။ ကျင်းယွမ်ဟန်၏ အရှိန်အဝါဖြင့် သူ့ကို သတ်ပစ်ဖို့ဆိုသည်မှာ ကစားစရာကဲ့သို့ပင်။ သတ်မပစ်လျှင်တောင် ကျန်းချန်တစ်မြို့လုံးမှာ သူ အလုပ်ရှာမရအောင် လုပ်ပစ်နိုင်သည် မဟုတ်လား။ ထိုအခါ သေတာထက် ပို၍ ဒုက္ခရောက်ပေလိမ့်မည်။
ကျင်းယွမ်ဟန် သက်ပြင်းချလိုက်မိသည်။ မိတ်ဆက်ပေးမည့်သူ မရှိဘဲ တိုက်ရိုက်သွားရန် သူ တကယ် မဝံ့ရဲသေးပေ။ သူတို့အကြားတွင် ရန်ငြိုးက ရှိနေသည် မဟုတ်လား။
……
ထိုအချိန်တွင် ရဲအရာရှိမလေး ဟူရွှယ်သည် အလုပ်ဆင်း၍ အိမ်ပြန်ရောက်လာသည်။ အိမ်ရောက်သောအခါ သူမ၏မိဘများ ပြောနေသော ဧည့်သည်အကြောင်းကို ကြားလိုက်ရ၏။
"အဲ့ဒီ ကျင်းယွမ်ဟန်ဆိုတဲ့လူက ဘာတွေဖြစ်နေမှန်း မသိဘူး။ လူကြီးလူကောင်းကြီးက တောရွာက ကောင်လေးတစ်ယောက်ကို တွေ့ဖို့ ငါတို့အိမ်အထိ လာတောင်းပန်နေတယ်။"
"သူ့အဆင့်အတန်းနဲ့ဆို ဒါမျိုး လုပ်စရာ မလိုပါဘူး။"
"သူ နောင်ခရိုင်ကို လာတာ၊ ခရိုင်ထဲက အာဏာရှိတဲ့သူတွေက သူ့ကို တလေးတစား ကြိုဆိုကြရတာလေ။ အခုတော့ သူကပဲ အမှားလုပ်ထားတဲ့သူလိုမျိုး တစ်အိမ်တက်ဆင်း လိုက်မေးနေတယ်။ လင်းယန်ဆိုတဲ့ ကောင်လေးနဲ့ မိတ်ဆက်ပေးနိုင်မလားတဲ့။ သူ့ရဲ့ နှိမ့်ချနေတဲ့ ပုံစံက ကြောက်ဖို့တောင် ကောင်းတယ်။"
"အဲ့ဒီ လင်းယန်ဆိုတာက ဘယ်သူလဲ?"
"ခရိုင်ထဲမှာလည်း ဒီလိုလူမျိုး ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ ငယ်လည်း ငယ်သေးတယ်လေ။"
ဟူရွှယ် မနေနိုင်တော့ဘဲ ဝင်မေးလိုက်သည်။
"အဖေနဲ့အမေ ပြောနေတာ... ချင်းရှန်းရွာက လင်းယန်လား?"
"ဟုတ်ပါရဲ့... ချင်းရှန်းရွာကပဲ။ သမီး သိလို့လား?"
ဟူရွှယ် ပါးစပ်လေး ဟသွားကာ "အာ... တွေ့ဖူးတယ်၊ ဖုန်းနံပါတ်တောင် ရှိတယ်" ဟု ဖြေလိုက်သည်။
"ဒါဆို မင်း သူဌေးကျင်းကို ခေါ်သွားပြီး မိတ်ဆက်ပေးလို့ ရမလား? ဒါကိုသာ လုပ်ပေးနိုင်ရင် ငါတို့မိသားစုနဲ့ ယွမ်ကျင့်ဂရုရဲ့ ဆက်ဆံရေးက ပိုကောင်းလာမှာပဲ။"
"မရတာတော့ မဟုတ်ပါဘူး။" ဟူရွှယ်၏ စိတ်ထဲတွင် လင်းယန်၏ပုံရိပ် ပေါ်လာကာ ကျိတ်ပြီး ပျော်နေမိသည်။ လင်းယန်ဆီကို ဘယ်လိုမျိုး အကြောင်းပြချက်နဲ့ သွားရမလဲလို့ စဉ်းစားနေတာ အတော်ပဲပေါ့!
မကြာမီမှာပင် ဟူဖခင်က ကျင်းယွမ်ဟန်ဆီ ဖုန်းဆက်လိုက်သည်။ သတင်းကို ကြားလိုက်ရချိန်တွင် ကျင်းယွမ်ဟန်မှာ ပျော်လွန်းလို့ ပျံတက်မတတ် ဖြစ်သွားရ၏။
"တကယ်လား? အရမ်းကောင်းတာပဲ! ကျွန်တော် အခုပဲ ပြင်ဆင်လိုက်ပါ့မယ်။ ဘယ်အချိန် သွားမလဲ ပြောပါ။"
"ကျွန်တော် ဟူမိန်းကလေးကို လာကြိုပါ့မယ်။"
"ရပါတယ်... ကျွန်တော် အောက်မှာ စောင့်နေပါ့မယ်။"
ကျင်းယွမ်ဟန်၏ သဘောထားကြောင့် ဟူမိဘများမှာ အလွန်ပင် အံ့ဩနေကြရသည်။ ပိုင်ဆိုင်မှု ယွမ်ဘီလီယံချီရှိသော သူဌေးကြီးက သူတို့ သမီးလေးကို လာကြိုဖို့ အောက်မှာ စောင့်နေမည်တဲ့လား။ သူတို့ သမီးလေးကို တစ်မျိုးများ စိတ်ဝင်စားနေသလားဟုပင် ထင်ယောင်ထင်မှား ဖြစ်မိကြသည်။ သို့သော် အားလုံးမှာ ထိုလူငယ်လေး၏ အရည်အချင်းကြောင့်သာဖြစ်ကြောင်း သူတို့ သိကြသည်။
"အဲ့ဒီ လင်းယန်ဆိုတာက ဘာလုပ်တဲ့သူလဲ?" ဟူဖခင်က မေးလိုက်သည်။
"လယ်စိုက်တဲ့သူလေ။"
"မဖြစ်နိုင်တာ။"
"အမှန်ပဲလေ။ ကျွန်မ သူ့ကို သွားတွေ့တုန်းက သူက လယ်ထဲမှာ မျိုးစေ့ချနေတာ။" ဟူရွှယ်က တစ်နေကုန် ဗိုက်ဆာထားသဖြင့် ထမင်းကို အားရပါးရ စားရင်း ဖြေလိုက်သည်။
"ထူးဆန်းလိုက်တာ။ တောင်သူလေးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အထိ အရေးပါနေရတာလဲ။ ကျင်းယွမ်ဟန်ရဲ့ တရားမဝင် သားများလား?"
ထိုစကားကြောင့် ဟူရွှယ် ထမင်းသီးမတတ် ဖြစ်သွားရ၏။
"မဖြစ်နိုင်တာ! လင်းယန်က ချင်းရှန်းရွာက ရွာသားစစ်စစ်ပါ။ လမ်းဖောက်တုန်းက မြေပြိုလို့ မိဘတွေ ဆုံးသွားတာ။ တစ်ရွာလုံးက ကျွေးလို့ ကြီးလာတဲ့ကလေး၊ ဘယ်လိုမှ တရားမဝင်သား မဟုတ်နိုင်ဘူး။"
မိဘနှစ်ပါးက သူမကို သေသေချာချာ ကြည့်ကာ -
"မင်းက ဘယ်လိုလုပ် ဒီလောက် အသေးစိတ် သိနေရတာလဲ?"
ဟူရွှယ် အနည်းငယ် ထိတ်လန့်သွားသည်။ လင်းယန်၏ ကိုယ်ရေးမှတ်တမ်းကို ခိုးကြည့်ထားသည့် ကိစ္စကတော့ အသိခံလို့ မဖြစ်ပေ။
"အဲ့ဒါက... အဲ့ဒါက သူက အွန်လိုင်းမှာ အရမ်း နာမည်ကြီးလို့လေ။ လူတွေက သူ့ကို 'ဖရဲသီးကိုကို' လို့ ခေါ်ကြတာ။ ရုပ်ကလည်း အရမ်းချောတော့ အရင်လက လူတွေ အများကြီး သွားတွေ့ကြသေးတယ်။"
"ဪ... အဲ့ဒါကြောင့် ခရိုင်ထဲမှာ ဧည့်သည်တွေ အများကြီး လာနေတာကိုး။ ဒါပေမဲ့ ဒါနဲ့တင်တော့ ကျင်းယွမ်ဟန်က ဒီလို ဆက်ဆံမှာ မဟုတ်ဘူး။"
ဟူရွှယ် ခနစဉ်းစားပြီးမှ "သူ 'စူပါမုန်ညင်းမျိုးစေ့' ကို တီထွင်လိုက်လို့ ဖြစ်မှာပါ" ဟု ထပ်ဖြည့်လိုက်သည်။
ဟူမိဘများ ကြောင်သွားကြသည်။
"ည ၇ နာရီ သတင်းမှာ ပါတဲ့ဟာလား? အဲ့ဒီမျိုးစေ့သာ ပြန့်သွားရင် ငါတို့နိုင်ငံရဲ့ ဆီတင်သွင်းမှုကို ဖြေရှင်းပေးနိုင်မယ့်ဟာလေ။ ကျန်းနန်စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ အငယ်ဆုံး ပါမောက္ခဆိုတာ သူလား?"
ယခုမှသာ မိဘနှစ်ပါး သဘောပေါက်သွားကြတော့သည်။ ဟူရွှယ်က ခေါင်းညိတ်ပြလိုက်၏။
"သမီးလည်း မယုံနိုင်ပေမဲ့... သူပဲ ဖြစ်ရမယ်။"
သူမ စကားဆုံးသည်နှင့် ဟူမိဘများ၏ မျက်လုံးများက တောက်ပလာကာ သူမကို ကြည့်သည့် အကြည့်များက ပြောင်းလဲသွားတော့သည်။
"ငါတို့သမီးလေးကို ချစ်ရကျိုး တကယ်နပ်တာပဲဟေ့!"
***