နောက်ဆုံးတွင် ဟူရွှယ်သည် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ကာ ဤဂန္ထဝင်အဆင့်ရှိသော သူဌေးကြီးကို ဦးဆောင်၍ ချင်းရှန်းရွာသို့ ထွက်ခွာလာခဲ့သည်။ ယခုအချိန်အထိ သူမသည် ကျင်းယွမ်ဟန်က ဘာကြောင့် လင်းယန်ကို တွေ့ချင်နေရသနည်းဆိုသည်ကို နားမလည်နိုင်သေးပေ။
တစ်ယောက်က လယ်စိုက်သူ၊ တစ်ယောက်က ခရီးသွားလုပ်ငန်း။ ဘယ်လိုမှ မပတ်သက်နိုင်သော လူနှစ်ဦးပင်။ ၎င်းအပြင် ကျင်းယွမ်ဟန်၏ ပိုင်ဆိုင်မှုမှာ အလွန်ပင် ထိတ်လန့်စရာကောင်းလှသည်။ သို့သော် လင်းယန်ကို တွေ့ဆုံနိုင်ရန်အတွက် ကျင်းယွမ်ဟန်က သူမ၏အခြေအနေအားလုံးကို သဘောတူခဲ့ခြင် ဖြစ်သည်။
…….
ထိုအချိန်တွင် ကျန်းချန်တောင်ပိုင်းဆေးရုံရှိ ပန်းရောင်ဒဏ္ဍာရီဆန်ဆန် ပြင်ဆင်ထားသော ဗီလာအတွင်း၌၊ ချွေရှောင်ဝမ်သည် ယုန်ရုပ်ပါသော ညအိပ်ဝတ်စုံကို ဝတ်ဆင်ကာ သူမ၏ ဖြူဝင်းသော ခြေထောက်လေးများကို လှုပ်ယမ်းရင်း မုန်လာဥနီကို အားရပါးရ ကိုက်စားနေသည်။
သူမ၏ နုနယ်သော မျက်နှာလေးတွင်တော့ ဖျားနာမှုကြောင့် ဖြစ်ပေါ်နေသော ဖြူဖျော့မှုများ ရှိနေ၏။ သူမ၏ ဦးထုပ်ကို ချွတ်လိုက်မည်ဆိုပါက သူမ၏ဦးခေါင်းတွင် ဆံပင်တစ်ပင်တစ်လေမျှ မရှိသည်ကို တွေ့ရပေလိမ့်မည်။
သူမသည် ငယ်စဉ်ကတည်းက သွေးကင်ဆာဝေဒနာကို ခံစားနေရသူဖြစ်သည်။ သူမ၏ မိသားစုမှာ မည်မျှပင် ချမ်းသာကြွယ်ဝစေကာမူ သူမကို အမြစ်ပြတ်အောင် မကုသနိုင်ခဲ့ကြပေ။ ထို့ကြောင့် သူမသည် ဤဖန်တီးထားသော ဒဏ္ဍာရီရဲတိုက်အတွင်း၌သာ အပြင်လောကသို့ မထွက်နိုင်သော မင်းသမီးလေးတစ်ပါးအဖြစ် နေထိုင်နေရရှာသည်။
သူမ၏ တစ်ဦးတည်းသော သူငယ်ချင်း စူးရို့ရို့ကသာ ရံဖန်ရံခါ ဖုန်းဆက်၍ အပြင်လောကမှ ဇာတ်လမ်းများကို ပြောပြတတ်သည်။ ထိုအထဲမှ လင်းယန်ဆိုသော လူငယ်မှာ သူမ၏ စပ်စုချင်စိတ်ကို အလွန်ဆွဲဆောင်ခဲ့သည်။
အစပိုင်းတွင် စူးရို့ရို့က ထိုလူမှာ ရုပ်ချော၍ ဈေးတင်ရောင်းသော လူလိမ်တစ်ဦး ဖြစ်နိုင်သည်ဟု ပြောခဲ့ဖူးသည်။ နောက်ပိုင်းတွင်မူ ဖရဲသီးမှာ တကယ်စားကောင်းကြောင်းနှင့် အခွင့်ရလျှင် သူမအတွက် ယူလာပေးမည်ဟု ပြောခဲ့သည်။ သို့သော် ယခုထက်ထိ ထိုဖရဲသီးကို သူမ မစားရသေးပေ။
ထိုအချိန်မှစ၍ သူမသည် လင်းယန်ကို စတင်သတိထားမိလာခဲ့သည်။ စူးရို့ရို့မှာ ထိုအမျိုးသား၏အနားတွင် နေထိုင်ခွင့်ရသည်ကိုလည်း သူမ အလွန်အားကျမိသည်။ လင်းယန်ဆိုသော အမည်မှာ သူမဘဝတွင် သူမဖခင်မှလွဲ၍ အကြားရဆုံးသော အမျိုးသားအမည် ဖြစ်လာခဲ့သည်။ သူမ၏ စိတ်ကူးထဲတွင်လည်း အမျိုးမျိုး ပုံဖော်ထားမိ၏။
လင်းယန်၏ စူပါမုန်ညင်းစေ့မှာ နိုင်ငံအတွက် မည်မျှအကျိုးပြုကြောင်း သူမ သိလိုက်ရချိန်တွင် သူမ၏ စိတ်ကူးထဲ၌ သူသည် ဝတ်ရုံနီကြီးကို ဝတ်ဆင်ကာ တိမ်စီးလာသော စူပါဟီးရိုးကြီးတစ်ဦး ဖြစ်လာခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကမှ စူးရို့ရို့ ပို့ပေးလိုက်သော ပစ္စည်းကို သူမ ရရှိခဲ့သည်။ ၎င်းမှာ မုန်လာဥနီ ပေါင်အစိတ်ခန့်ဖြစ်ပြီး လင်းယန်ကိုယ်တိုင် စိုက်ပျိုးထားခြင်းဖြစ်သည်ဟု ဆိုသည်။ ဤသည်က သူမကို ပျော်ရွှင်စေသော်လည်း အနည်းငယ်တော့ စိတ်ကောက်မိသွားစေသည်။
"ဟွန့်... ဘာလို့ ဖရဲသီးကျတော့ ပို့မပေးတာလဲ။"
ပါးစပ်ကသာ ပြောနေသော်လည်း လက်ထဲမှ မုန်လာဥနီကိုတော့ အလွန်မြိန်ယှက်စွာ စားနေ၏။ ယုန်ကလေးဆိုတာ မုန်လာဥနီ စားရမှာပေါ့... ဒဏ္ဍာရီပုံပြင်တွေထဲမှာလည်း ဒီအတိုင်းပဲ မဟုတ်လား။
"ပို့ပေးတာ နည်းနည်းလေးပဲ၊ ကုန်တော့မယ်။"
ရှောင်ဝမ်သည် ကျန်ရှိနေသော မုန်လာဥနီများကို ကြည့်ရင်း စိတ်မကောင်း ဖြစ်နေမိသည်။ အခွင့်အရေးရလျှင် နောက်ထပ် ထပ်တောင်းရမည်ဟု သူမ တွေးလိုက်သည်။
"အဲ့ဒီဖရဲသီးကိုလည်း ငါ သေချာပေါက် စားကြည့်ရမယ်။"
သူမသည် ပါးစပ်လေးကို အုပ်ကာ တိတ်တိတ်လေး ရယ်မောနေမိသည်။ သို့သော် ဒဏ္ဍာရီဆန်ဆန် ပြင်ဆင်ထားသော ထိုအခန်းအတွင်း၌ အရုပ်များမှလွဲ၍ မည်သူမျှမရှိပေ။ သူမ အသက် ၆ နှစ်အရွယ်မှ ယခုအချိန်အထိ ၁၀ နှစ်ကျော်တိုင်အောင် ဤကဲ့သို့သာ နေထိုင်ခဲ့ရသော်လည်း သူမ မည်သည့်အခါမျှ မညည်းတွားခဲ့ဖူးပေ။
သူမ မုန်လာဥနီ စားနေစဉ်မှာပင် တံခါးအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
"ရှောင်ဝမ်... အမေ လာကြည့်တာ။"
တံခါးပွင့်လာပြီး အသက် ၄၀ ကျော်သော်လည်း အလှမပျက်သေးသော အမျိုးသမီးတစ်ဦး ဝင်လာသည်။ သို့သော် သူမ၏ ဦးခေါင်းတွင် ဆံပင်ဖြူများစွာ ရှိနေ၏။
"ဆရာဝန်က ပြောတယ်... ဒီရက်ပိုင်း သမီး ထမင်းမစားဘူးဆို။ ထမင်းမစားရင် ရောဂါက ဘယ်လိုလုပ် ပျောက်မှာလဲ?" သုန်ကျဲ တစ်ယောက် ရင်ထဲတွင် အလွန်နာကျင်နေရသည်။ သူမနှင့် သူမ၏ခင်ပွန်းမှာ အလွန်ချမ်းသာကြွယ်ဝပြီး အရှိန်အဝါရှိကြသော်လည်း ဘာအကျိုးရှိလို့လဲ? သူမ၏သမီးကို ရောဂါဆိုးမှ မကယ်တင်နိုင်ကြပေ။
သွေးကင်ဆာဆိုသည်မှာ ကမ္ဘာပေါ်ရှိ မည်သည့်ဆေးရုံကမျှ အမြစ်ပြတ်အောင် မကုသနိုင်သေးသော ရောဂါဖြစ်သည်။ နည်းပညာများ တိုးတက်လာသည်ဟု ဆိုသော်လည်း အချိန်ဆွဲထားနိုင်ရုံသာ ရှိသည်။ ထိုသို့ အချိန်ဆွဲထားနိုင်ရန်အတွက်လည်း ကုန်ကျစရိတ်မှာ မိုးပေါ်ထိ ရှိလှပေသည်။ သုန်ကျဲတို့ကဲ့သို့ မိသားစုပင်လျှင် အတော်လေး မောဟိုက်နေရပြီဖြစ်သည်။
ရှောင်ဝမ်သည် သူမ၏မိခင်ကို မြင်သောအခါ အလွန်ပျော်ရွှင်သွားသည်။
"အမေ... သမီး စားပါတယ်၊ မုန်လာဥနီလေ။ အရမ်းစားကောင်းတာပဲ၊ အမေလည်း မြည်းကြည့်ပါဦး။" ရှောင်ဝမ်သည် လိမ္မာစွာဖြင့် မုန်လာဥနီကို ကမ်းပေးလိုက်သည်။
သုန်ကျဲ ရင်ကွဲမတတ် ခံစားလိုက်ရသည်။ ဤရောဂါဆိုးကြီးသာ မရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲ!
"မုန်လာဥနီက ထမင်းမှ မဟုတ်တာ သမီးရဲ့၊ ထမင်းကိုတော့ သေသေချာချာ စားရမယ်။"
သူမက ပါးစပ်ကသာ ပြောနေသော်လည်း သမီးဖြစ်သူ စိတ်ချမ်းသာစေရန် တစ်ကိုက် ကိုက်လိုက်မိသည်။
"ဟင်?"
သုန်ကျဲ ရုတ်တရက် ကြောင်သွားကာ လက်ထဲက မုန်လာဥနီကို အံ့ဩတကြီး ကြည့်လိုက်မိသည်။
"ဒါက ဘာလို့ ဒီလောက်တောင် စားကောင်းနေရတာလဲ? ဒါက ဘယ်ကရတာလဲ သမီး?"
သမီးဖြစ်သူ၏ ရောဂါကြောင့် သူမသည် နှစ်ဝက်နီးပါး စိတ်ဆင်းရဲနေရသဖြင့် အစားအသောက်အပေါ် စိတ်ဝင်စားမှု လုံးဝ မရှိတော့ပေ။ သို့သော် ယခု ဤမုန်လာဥနီကို စားလိုက်ရချိန်တွင် သူမထံ၌ ပျောက်ဆုံးနေသော ဆာလောင်မှုများ ပြန်လည်နိုးထလာခဲ့သည်။ ငယ်စဉ်ကကဲ့သို့ပင် အားရပါးရ စားချင်စိတ်များ ပေါ်လာခြင်းဖြစ်သည်။
"အမေ ကြိုက်ရင် သမီးဆီမှာ ရှိသေးတယ်နော်။"
ရှောင်ဝမ်သည် စောင်ကို အသာလှန်ပြလိုက်ရာ သူမ ဝှက်ထားသော ပစ္စည်းများကို တွေ့လိုက်ရသည်။ ကုတင်ခင်းအောက်ရှိ မုန်လာဥနီများကို မြင်သောအခါ သုန်ကျဲမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။ သူမ၏ သမီးလေးသည် ဤမုန်လာဥနီများကို ဖက်အိပ်နေခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် သူမလည်း သည်းမခံနိုင်တော့ဘဲ တစ်ခုကို ယူ၍ အားရပါးရ စားလိုက်မိပြန်သည်။ တစ်ဖက်ကလည်း -
"ဆေးတွေကိုတော့ ခိုးပြီး မလွှင့်ပစ်ဘူး မဟုတ်လား?" ဟု မေးလိုက်သည်။
"မ... မဟုတ်ပါဘူး။"
ရှောင်ဝမ်၏ မျက်လုံးများက ဟိုကြည့်ဒီကြည့်ဖြစ်နေသဖြင့် သုန်ကျဲ သက်ပြင်းချလိုက်မိသည်။ ကင်ဆာဆေးများ၏ ဈေးနှုန်းမှာ အလွန်မြင့်မားလှသည်။ တစ်ဘူးလျှင် ယွမ် နှစ်သောင်း၊ သုံးသောင်းရှိပြီး တစ်နှစ်လျှင် သိန်း ၆၀၀ ကျော် ကုန်ကျသည်။ ဤသည်မှာ အခြားသော ကုသစရိတ်များကို မပါဝင်သေးပေ။
ချမ်းသာသော မိသားစုများအတွက်ပင် ဆေးဝါးများဖြင့် အသက်ကို အချိန်ဆွဲထားရခြင်းမှာ ပင်ပန်းလှပေသည်။ ဆေးမသောက်နိုင်သော သွေးကင်ဆာဝေဒနာရှင်များမှာ မည်မျှတောင် များပြားလိုက်မည်နည်း။ တကယ်တမ်း ကုသနိုင်သည့်နေ့ ရောက်လာလျှင်ပင် ထိုငွေကို မည်သူ တတ်နိုင်ကြမည်နည်း။ သို့သော် သုန်ကျဲကတော့ ဤအံ့ဖွယ်ဖြစ်ရပ်ကြီး ဖြစ်လာရန် ဆုတောင်းနေမိသည်။
"ဆေးကို သေသေချာချာ မသောက်ရင် ရောဂါက ဘယ်လို ပျောက်မှာလဲ သမီးရဲ့။"
သုန်ကျဲသည် ကုလို့မရသော ကင်ဆာမှန်း သိနေသော်လည်း သမီးဖြစ်သူကို ဆေးမှန်မှန် သောက်စေချင်နေသည်။ ရှောင်ဝမ်ကတော့ နှုတ်ခမ်းလေးစူကာ ဝမ်းနည်းသွားဟန်ရှိသော်လည်း မငိုပါပေ။ သူမ၏ရောဂါမှာ ကုမရမှန်း သူမ ကြိုသိနေပြီးသားပါ။
ဒါဆို ဘာလို့ ဆေးတွေ သောက်နေရဦးမှာလဲ? မုန်လာဥနီပဲ စားတော့မယ်၊ မုန်လာဥနီက အရမ်းစားကောင်းတာကိုး။
သားအမိနှစ်ဦး စကားပြောနေစဉ်မှာပင် အသက် ၆၀ ကျော် ဆရာဝန်ကြီး ဝင်လာသည်။ သူ့မျက်နှာတွင် အပြုံးများ ပြည့်နှက်နေ၏။
"ရှောင်ဝမ်အမေ ရောက်နေတာပဲ။ ဒီရက်ပိုင်း ရှောင်ဝမ်က တော်တော်လိမ္မာတယ်။ ပြီးခဲ့တဲ့ စစ်ဆေးမှု ရလဒ်တွေက အရမ်းကောင်းတယ်။ ကင်ဆာဆဲလ်တွေ ပြန့်နှံ့မှုကို ကောင်းကောင်း ထိန်းချုပ်နိုင်လိုက်ပြီ။"
"ရှောင်ဝမ်က ငယ်သေးတော့ ဒီကင်ဆာဆေးတွေကို ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူနိုင်ပုံရတယ်၊ ဆေးကို ဆက်ပြီး မှန်မှန် သောက်ပေးရမယ်နော်။"
ရှောင်ဝမ်သည် ခေါင်းလေးကို စောင်းကာ ဆရာဝန် ပြောသည်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။
ကင်ဆာဆေး? ဟို အဝါရောင် စားလို့မကောင်းတဲ့ ဆေးတွေလား? သူမ အဲ့ဒါတွေကို လွှင့်ပစ်လိုက်တာ ကြာလှပြီလေ။
သုန်ကျဲလည်း တစ်ခုခုမှားနေမှန်း ရိပ်မိလိုက်သည်။ ရှောင်ဝမ်သည် ဘယ်သောအခါမျှ လိမ်မပြောတတ်ပေ။ သူမ ဆေးမသောက်ခဲ့မှန်း သုန်ကျဲ သိနေသည်။ ဒါဆို ဘာကြောင့် ကင်ဆာဆဲလ်တွေက ကျသွားရတာလဲ?
"ဆရာ... ကျွန်မ ဆရာနဲ့ သီးသန့် စကားပြောချင်လို့ပါ။"
သုန်ကျဲသည် ရှောင်ဝမ်ကို မကြားစေချင်သဖြင့် ဆရာဝန်ကြီးကို အပြင်သို့ ခေါ်ထုတ်သွားသည်။ ရှောင်ဝမ်ကတော့ ဇဝေဇဝါဖြင့် မုန်လာဥနီကို တစ်ကိုက် ကိုက်လိုက်မိသည်။
ကင်ဆာဆဲလ်တွေက ဘယ်လိုလုပ်ပြီး အထိန်းခံလိုက်ရတာလဲ? သူမက ကောင်းကင်ဘုံဆိုတာ ဘယ်လိုလဲလို့တောင် ကြည့်ချင်နေတာကိုး။ သို့သော် ခဏအကြာမှာပင် တံခါးအပြင်ဘက်မှ ဆရာဝန်ကြီး၏ အော်ဟစ်လိုက်သံကြောင့် ရှောင်ဝမ်မှာ လန့်ဖြန့်သွားရတော့သည်။
"ခင်ဗျား ပြောတာတွေက အတည်လား? ကျုပ်ကို မလိမ်နဲ့နော်!"
***