အဘိုးစူးက ကျင်းယွမ်ဟန်ဘက်ကနေ ပြောပေးနေတယ်ဆိုတာကို လင်းယန် ရှင်းရှင်းလင်းလင်း ခံစားမိပါတယ်။
ဒါပေမဲ့ အဘိုးစူးရဲ့ လူကဲခတ်တာနဲ့ ပတ်သက်ရင်တော့... အဟမ်း...
လင်းယန် ဝေဖန်ဖို့တော့ ခက်တယ်။
အရင်တစ်ခေါက်ကလည်း ယွမ်ကျင့်ဂရုက ဘယ်လောက်ကောင်းတယ်ဆိုပြီး ပြောနေခဲ့တာလေ။ ရလဒ်ကရော ဘာဖြစ်သွားလဲ? သူ့မျက်နှာသူ ပြန်ဖြတ်ရိုက်ခံရတာပဲ မဟုတ်လား။
လူငယ်ဘဝတုန်းကတော့ သူ တကယ်ပဲ မျက်စိစူးရှခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ အသက်ကြီးပြီလေ။ အသက်ကြီးလာရင် လူတွေက အနည်းနဲ့အများတော့ မှားယွင်းတတ်ကြတာပါပဲ။ ငယ်စဉ်က ဘယ်လောက်ပဲ စွမ်းဆောင်ရည်ကြီးမားခဲ့ပါစေ၊ အိုလာတဲ့အခါ လူကဲခတ်မှားတာမျိုးက ရှိတတ်ပါတယ်။
ဥပမာ - ရှေးခေတ်က ဧကရာဇ်မင်းတွေတောင် ဒီလိုပါပဲ။ လီလုံကျီ (ထန်ရွှမ်ကျုံး) ဆိုရင် ငယ်စဉ်က ထန်မင်းဆက်ကို အမြင့်ဆုံးရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အိုလာတော့ အန်းလုရှန်ကို ယုံကြည်မိလို့ တိုင်းပြည်ပျက်လုနီးပါး ဖြစ်ခဲ့ရတယ် မဟုတ်လား။
အချုပ်ပြောရရင်တော့... အကုန်လုံးကို ယုံလို့ မရပါဘူး။
"ဒီကျင်းယွမ်ဟန် ပြောတာက အလိမ်အညာတော့ မဟုတ်လောက်ဘူး။ သူ့သားက အဘိုးစူးကြောင့် စစ်တပ်ထဲ ရောက်သွားတာလေ၊ ငါ့ကြောင့်မှ မဟုတ်တာ။ ငါ့ကို လက်စားချေစရာ အကြောင်းမရှိဘူး။ တကယ်လို့ သူကပဲ ခိုင်းခဲ့တာဆိုရင် ဒီလောက် သေးသိမ်တဲ့ စိတ်ဓာတ်နဲ့ ယွမ်ကျင့်ဂရုလို ကုမ္ပဏီကြီးကို အုပ်ချုပ်နိုင်မှာ မဟုတ်ဘူး။
ဘယ်ဘက်က ကြည့်ကြည့် ငါက အပြစ်ကင်းတဲ့သူပဲလေ။
သူ့ဇနီးက လုပ်တာဆိုတာ အဘိုးစူးကပါ ထောက်ခံပေးနေတော့ တကယ်ဖြစ်ဖို့ များတယ်။ ဒီကို ရောက်လာတာကလည်း ငါနဲ့ ပြေလည်ချင်လို့ပဲ ဖြစ်မယ်။ ကွာရှင်းလိုက်တာက သူ့ကိုယ်သူ ကာကွယ်တာဖြစ်သလို၊ ကွာရှင်းထားတဲ့ ဇနီးဟောင်းကို နိုင်ငံခြားပို့လိုက်တာကလည်း တစ်နည်းအားဖြင့် ကာကွယ်ပေးလိုက်တာပဲ။"
ဒါပေမဲ့...
ငါနဲ့ ကျင်းယွမ်ဟန်က တကယ်ပဲ ပတ်သက်မှု ရှိနေလို့လား?
သိသာပါတယ်၊ အဘိုးစူးနဲ့ ပတ်သက်သလောက်တောင် မရှိပါဘူး။ ကျင်းယွမ်ဟန် ငယ်စဉ်က အဘိုးစူးက လမ်းညွှန်ပေးခဲ့ဖူးတာလေ။ ငါနဲ့ကတော့ ယွမ်ကျင့်ဂရုက ချင်းရှန်းရွာကို ခရီးသွားလုပ်ငန်းအတွက် လာလုပ်ချင်တာကလွဲရင် ဘာမှမပတ်သက်ဘူး။
တစ်ဖက်က ကြည့်ရင် ချင်းရှန်းရွာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာက ကောင်းတဲ့ကိစ္စပါ။ ခရီးသွားလုပ်ငန်းက ရွာအတွက် ဝင်ငွေ အများကြီး ရှာပေးနိုင်မှာလေ။ လင်းယန်မှာသာ စနစ်မရှိခဲ့ရင် သူ ချက်ချင်း လက်ခံလိုက်မှာပဲ။ အဲ့ဒါဆို သူတို့ဘဝတွေလည်း ပိုကောင်းလာမှာပေါ့။
ဒါပေမဲ့ အခု စနစ်ရှိနေတော့ လယ်မြေတွေကို ဖျက်ဆီးပြီး ခရီးသွားလုပ်ငန်း လုပ်တာကို သူ လုံးဝ မလိုလားပါဘူး။ အဲ့ဒီလို ပိုက်ဆံရှာရတာ အရမ်း နှေးလွန်းတယ်လေ။
အခုတော့ ကျင်းယွမ်ဟန် သားရဲ့ ကိစ္စကြောင့် ယွမ်ကျင့်ဂရုက ဒီမှာ လာလုပ်လို့ မရတော့ပါဘူး။ ဒါပေမဲ့ ကျင်းယွမ်ဟန်ကိုလည်း ရန်သူဖွဲ့စရာတော့ မလိုပါဘူး။ သို့သော် သူ့ရဲ့ တောင်းပန်မှုကို ဒီအတိုင်း အလွယ်တကူတော့ လက်ခံလို့ မရသေးပါဘူး။
"အရင်က သံယောဇဉ်ကို ထောက်ထားပြီး ဇနီးဟောင်းရဲ့ အမှားအတွက် တာဝန်ယူပေးတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ စကားနှစ်ခွန်းလောက် ပြောရုံနဲ့ ဒီကိစ္စကို အဆုံးသတ်ချင်နေတာကတော့ လွယ်လွန်းမနေဘူးလား။" လင်းယန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ကျင်းယွမ်ဟန် ထိုစကားကို ကြားသောအခါ ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။ လင်းယန်က ဒီလိုပြောလာပြီဆိုမှတော့ ဒီကိစ္စကို ညှိနှိုင်းလို့ ရပြီဆိုတဲ့ သဘောပဲလေ။ အသားတစ်လွှာလောက် အလှီးခံရရင်တောင် သူ လက်ခံနိုင်ပါတယ်။ ဒီခေတ်မှာ ပြဿနာဖြစ်ရင် ပိုက်ဆံနဲ့ ရှင်းရတာ သဘာဝပဲ မဟုတ်လား။ ပိုက်ဆံလျော်ဖို့ ကိစ္စကတော့ သူ့အတွက် ပြဿနာ မဟုတ်ပါဘူး။
"ညီလေးလင်း ဘာအခြေအနေပဲ တောင်းဆိုတောင်းဆို၊ ကျွန်တော် အကုန် သဘောတူပါတယ်။" ကျင်းယွမ်ဟန်၏ အပြုအမူက အလွန်ကို ရိုးသားနေသည်။
လင်းယန် အနောက်ကို တစ်ချက် လှည့်ကြည့်လိုက်ရာ ဘေးနားမှာ ပွဲလာကြည့်နေတဲ့ ကတုံးချန်ကို တွေ့လိုက်ရသည်။
ဒီရက်ပိုင်းအတွင်း ဒီလူမိုက်တွေရဲ့ ပုံစံက လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ။ ပြင်းထန်တဲ့ ကာယလုပ်အားကြောင့် သူတို့ လက်ချောင်းလေးတစ်ခုတောင် မလှုပ်ချင်လောက်အောင် ဖြစ်နေတာပါ။ ကျင်းယွမ်ဟန်ရဲ့ ဇိမ်ခံကားကြီးက ဆွဲဆောင်မှု မရှိဘူးဆိုရင် သူ မြေကြီးပေါ်မှာပဲ ပက်လက်လှန်နေမှာ သေချာတယ်။
နောက်ပြီး...
ဒီရက်ပိုင်း သေသေချာချာ ရေမချိုးရတော့ သူတို့ မုတ်ဆိတ်တွေ စုတ်ဖွားနေပြီး ခေါင်းတုံးပေါ်မှာလည်း ဆံပင်စလေးတွေ ပြန်ပေါက်နေပါပြီ။ သေချာကြည့်လိုက်တော့မှ 'ကွင်းလယ်ကတုံး' ပုံစံ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နေလို့ ကတုံးတုံးထားရတာကိုး။
ဒီပုံစံနဲ့ဆိုရင်တော့ 'အစ်ကိုကြီးချန်' ဆိုတဲ့ ဂုဏ်ပုဒ်ကို တော်တော်လေး ထိခိုက်စေတာ အမှန်ပါပဲ။
"မင်း ပြောစမ်း၊ အဲ့ဒီတုန်းက ဘယ်သူက မင်းတို့ကို လွှတ်လိုက်တာလဲ?"
ကတုံးချန်က ခွေးလေးတစ်ကောင်လို ချက်ချင်း ပြေးလာပြီး -
"အစ်ကိုကြီးလင်း... သူဌေးကျင်းရဲ့ ဇနီး ဟုတ်မဟုတ်တော့ ကျွန်တော် မသိဘူး၊ သူမက ကျွန်တော်တို့နဲ့ တိုက်ရိုက် ဆက်သွယ်မှာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ကို ဆက်သွယ်တာက အခု ကားထဲမှာ ထိုင်နေတဲ့သူပဲ။ ကျွန်တော်တို့ကို ယွမ်နှစ်သိန်းပေးပြီး အစ်ကိုကြီးလင်းရဲ့ ခြေထောက်တစ်ဖက်ကို ရိုက်ချိုးဖို့ ခိုင်းခဲ့တာ။"
လင်းယန်က ကားဘက်ကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။
"သူဌေးကျင်း... ခင်ဗျားလည်း ကြားတယ် မဟုတ်လား။"
ကျင်းယွမ်ဟန်၏မျက်နှာမှာ ချက်ချင်းပင် အလွန်တရာ ဆိုးရွားသွားတော့သည်။ ဇနီးဟောင်းကို ကူညီပြီး ဒီကိစ္စကို လုပ်ပေးခဲ့တာ သူ့ဘေးကလူ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ကားထဲက ထွက်ခဲ့စမ်း!"
ကျင်းယွမ်ဟန် ခြင်္သေ့တစ်ကောင်လို ဟိန်းဟောက်လိုက်သည်။
ကားသမားမှာ အလွန်ထိတ်လန့်သွားပြီး ကားမောင်း၍ ထွက်ပြေးရန်ပင် ကြံစည်လိုက်သည်။ ဒီကိစ္စက ပြဿနာအကြီးကြီး တက်တော့မယ်ဆိုတာ သူ ကောင်းကောင်း သိနေသည် မဟုတ်လား။
ချီးပဲ၊ ဒီလူမိုက်တွေက ဘယ်လိုလုပ် ဒီရောက်နေတာလဲ!
ကားသမားမှာ ကတုံးချန်တို့ လင်းယန်ဆီမှာ ရောက်နေပြီး လူကိုယ်တိုင် လာထွက်ဆိုလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ဒါက အဆိုးဆုံး မဟုတ်သေးပါ။
အဆိုးဆုံးက ကတုံးချန်က ယွမ်နှစ်သိန်းဆိုတဲ့ ကိန်းဂဏန်းကိုပါ ထုတ်ပြောလိုက်ခြင်းပင်။ ကျင်းယွမ်ဟန်၏ ဇနီးက သူ့ကို ပေးခဲ့တာ ယွမ် ၆ သိန်းလေ...။ ကြားထဲကနေ သူက ယွမ် ၄ သိန်းကို အိတ်ကပ်ထဲ ထည့်လိုက်တာ!
ဒီကိစ္စတစ်ခုတည်းဆိုရင် တော်သေးသည်။ ပြဿနာက ဒီလိုကိစ္စမျိုးတွေ သူ လုပ်ခဲ့တာ မနည်းတော့ခြင်းပင်! ကျင်းယွမ်ဟန်၏ ယာဉ်မောင်းဆိုတော့ တစ်ခါတစ်ရံ ကျင်းယွမ်ဟန်ကို ကိုယ်စားပြုနေသကဲ့သို့ ဖြစ်နေသည်။ သူက ကျင်းယွမ်ဟန်၏ နာမည်ကိုသုံးပြီး ကိုယ်ပိုင်ကိစ္စတွေကို လုပ်လေ့ရှိသည်။ အခုချိန်အထိ ဘာအပြစ်အနာအဆာမှ မရှိခဲ့ဘဲ အခုမှလာပြီး ပေါ်သွားရခြင်း ဖြစ်သည်။
"ငါ အဲ့ဒီပိုက်ဆံလေးကို လောဘမကြီးခဲ့သင့်ဘူး!"
ကားသမား၏ မျက်လုံးများ နီရဲသွားသည်။ သို့သော် လင်းယန်၏အမြန်နှုန်းက ပိုမြန်နေသည်။ သူသည် ခရီးသည်ထိုင်ခုံဘက်မှ တံခါးကိုဆွဲဖွင့်ကာ ကားထဲသို့ ဝင်ထိုင်လိုက်သည်။
ကားသမား ကားစက်နှိုးရန် အချိန်ပင်မရလိုက်ဘဲ လင်းယန်က သူ့ကို ယာဉ်မောင်းခုံပေါ်မှနေ၍ အပြင်သို့ ကန်ထုတ်လိုက်တော့သည်။
ဒီကန်ချက်က အားနည်းနည်း ပြင်းသွားသဖြင့် ဘန်တလေကား၏ တံခါးပင် အနည်းငယ် ချိုင့်သွားပြီး ကားသမားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျကာ လိမ့်ထွက်သွားတော့သည်။
ကတုံးချန်တို့က ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်း ခုန်အုပ်ကြတော့သည်။
"မင်းကြောင့် ငါတို့ ဒုက္ခရောက်ရတာ!"
ကားသမားမှာ ရုန်းကန်ရန် ကြိုးစားသော်လည်း လက်သီးချက်များက သူ့အပေါ်သို့ တဖုန်းဖုန်း ကျရောက်လာတော့သည်။ ဒီကောင်ကြောင့်သာ မဟုတ်ရင် သူတို့ ညီအစ်ကိုတွေ ဒီရက်ပိုင်းအတွင်း ခိုင်းနွားတွေလို အလုပ်လုပ်နေရပါ့မလား။
... ဒီခိုင်းနွားဘဝက အခုထိတောင် မပြီးသေးဘူး!
ကျင်းယွမ်ဟန်၏မျက်နှာမှာလည်း အလွန်ပင် ဆိုးရွားနေသည်။
"ရှောင်ဝူ (ကားသမား)... ငါ မင်းအပေါ် မကောင်းခဲ့ဘူးလား။"
ယွမ်နှစ်သိန်းဆိုတဲ့ စကားကို ကြားလိုက်ကတည်းက ဘာတွေဖြစ်သွားလဲဆိုတာ သူ သဘောပေါက်လိုက်ပါပြီ။ ဒီကောင်စားသွားတဲ့ ပိုက်ဆံက နည်းတဲ့ ပမာဏ မဟုတ်ဘူးလေ။ သူ သိထားတဲ့ တခြားကိစ္စတွေနဲ့ပါ တွဲစဉ်းစားကြည့်လိုက်တော့ ဒီကားသမား ရှောင်ဝူဟာ သူ့နောက်ကွယ်မှာ လုပ်ခဲ့တဲ့ မကောင်းမှုတွေ ဒီထက်မက ရှိနေဦးမှာ သေချာတယ်။
ပြည်နယ်ရဲ့ အကြီးဆုံး ကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဌတစ်ယောက်အနေနဲ့ ဒါကို ဘယ်လို သည်းခံနိုင်မှာလဲ။ ဘန်တလေ ကားတံခါး ချိုင့်သွားတာကိုတော့ သူ လုံးဝ ဂရုမစိုက်ပါ။ လင်းယန်သာ သူ့ကို ခွင့်လွှတ်မယ်ဆိုရင် နောက်ထပ် ဘန်တလေ ၁၀ စီးလောက် ယူလာပြီး လင်းယန်ကို ကန်ကစားခိုင်းဖို့တောင် သူ ဝန်လေးမှာ မဟုတ်ပါဘူး။
"သူဌေးကျင်း ... ကျွန်တော် ပြောတာ နားထောင်ပါဦး၊ ဒီလူမိုက်တွေက လိမ်နေတာပါ။"
"မင်းအမေကို လိမ်နေတာလား!"
ကတုံးချန်တို့ ဒေါသပေါက်ကွဲသွားပြီး သူ့သွားတွေကို ရိုက်ချိုးပစ်လိုက်ရာ ပါးစပ်မှ သွေးများ ယိုစီးကျလာတော့သည်။
ငါတို့ကို ဒီဘဝရောက်အောင် လုပ်ထားတာက ထားပါတော့။
အခု ငါတို့ကိုတောင် ပြန်ပြီး အပြစ်ပုံချချင်သေးတယ်ပေါ့။
ကျင်းယွမ်ဟန် ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွားသည်။
"ဒါဆို မင်းက ဘာလို့ ထွက်ပြေးဖို့ လုပ်နေတာလဲ?"
"ကျွန်တော်... ကျွန်တော်..."
အရိုက်ခံထားရသဖြင့် မူးဝေနေသော ကားသမားရှောင်ဝူမှာ ဘယ်လို ဆင်ခြေပေးရမှန်းပင် မသိတော့ပေ။
ကျင်းယွမ်ဟန်က လင်းယန်ကို လှည့်မေးလိုက်သည်။
"ကျွန်တော့်လူကို သေချာ မထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် ကျွန်တော် တာဝန်ယူပါတယ်။ ဒါပေမဲ့ သူ့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ညီလေးလင်းကို အရင်မေးရဦးမယ်။"
လင်းယန်က ဒီပြဇာတ်ကို ပြုံးပြုံးလေး ကြည့်နေရင်း -
"ခင်ဗျား ဘယ်လိုလုပ်ချင်လို့လဲ?"
"ကျွန်တော့်နောက်ကွယ်မှာ သူ ဘာတွေ လုပ်ခဲ့သေးလဲဆိုတာကို သိချင်ပါတယ်။ ညီလေးလင်းက ဒီအခွင့်အရေးကိုပေးမယ်လို့ မျှော်လင့်ပါတယ်။"
***