လင်းယန် အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။
ဒီမုန်လာဥနီက သွေးကင်ဆာနဲ့ ဘယ်လိုလုပ် ပတ်သက်သွားရသလဲဆိုတာ သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။ သို့သော် စနစ်မှ ထွက်ရှိသော မျိုးစေ့များမှာ သာမန်သီးနှံများ လုံးဝ မဟုတ်နိုင်ကြောင်းကိုတော့ သူ သတိထားမိနေသည်။
မကြာမီမှာပင် ပါမောက္ခသုန်က အလွန်စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလေသည်။
"ခေတ်မီဆေးပညာအရ သွေးကင်ဆာကို အမြစ်ပြတ် မကုသနိုင်ပေမဲ့၊ သက်တမ်းကို အကန့်အသတ်မရှိ ဆွဲဆန့်ထားလို့ ရပါတယ်။ အဲ့ဒီထဲမှာ အရေးအကြီးဆုံးက ကင်ဆာဆေးတွေပဲ။
ဒါပေမဲ့ ကင်ဆာဆေးတွေက ဈေးအရမ်းကြီးတော့ သာမန်လူတွေက မဝယ်နိုင်ကြဘူး။ အဲ့ဒီတော့ ဆေးမကုနိုင်ဘဲ နောက်ဆုံးမှာ ရောဂါဖောက်ပြီး သေဆုံးကြရတာပဲ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရုပ်ရှင်တစ်ကားတောင် ထွက်ခဲ့သေးတယ်။ အိန္ဒိယကနေ ဆေးခိုးသွင်းတဲ့ အကြောင်းလေ။ အဲ့ဒီဆေးက ဈေးအများကြီး ပိုပေါပေမဲ့ ဆေးအာနိသင်က အတူတူပဲကိုး။
ဒါပေမဲ့ ဒီရက်ပိုင်း ငါတို့ စမ်းသပ်ချက်တွေအရ၊ မင်းစိုက်တဲ့ ဒီမုန်လာဥနီက ကင်ဆာဆေးကို အစားထိုးနိုင်တဲ့ အလားအလာ ရှိနေတယ်။ တကယ်လို့ တစ်ပေါင်ကို ယွမ် ၂၀ ပဲ ဆိုရင်တော့...
မင်းက သွေးကင်ဆာ ဝေဒနာရှင်တွေ အားလုံးရဲ့ ကျေးဇူးရှင်ကြီး ဖြစ်သွားပြီပဲ!"
လင်းယန် နားထောင်ရင်း ခေါင်းတွေ မူးလာသည်။
"မုန်လာဥနီက ကင်ဆာဆေးကို အစားထိုးနိုင်တယ်ဆိုတာ သေချာသွားပြီလား?"
"ပဏာမ ရလဒ်တွေကတော့ အရမ်းကောင်းတယ်။ ဒါပေမဲ့ တိကျသေချာဖို့အတွက်တော့ အကြီးစား လက်တွေ့စမ်းသပ်မှုတွေ လုပ်ဖို့ လိုသေးတယ်။ ဒါပေမဲ့ ငါ ယုံကြည်တယ်... ကင်ဆာဆေးကို မမီဘူးဆိုရင်တောင် အာနိသင်က သိပ်တော့ ကွာမှာ မဟုတ်ဘူး။"
ပါမောက္ခသုန်က အလွန် ယုံကြည်မှု ရှိနေသည်။ ဤသည်မှာ သူ၏ တစ်သက်တာ ဆေးပညာ အတွေ့အကြုံအရ ဖြစ်သည်။
ဤမုန်လာဥနီမျိုးစိတ်ကသာ ကင်ဆာဆေးကို အပြည့်အဝ အစားထိုးနိုင်ခဲ့မည်ဆိုလျှင် သူ့နာမည်မှာ သမိုင်းတွင် ထာဝရ ကျန်ရစ်တော့မည်ဖြစ်သည်။ ဤမျှကြီးမားသော မက်လုံးကို သူ မငြင်းဆန်နိုင်ပေ။
လင်းယန်လည်း ထိုစကားကို ကြားသောအခါ ဝမ်းသာသွားသည်။ နာမကျန်းဖြစ်နေသူများအတွက် တစ်ခုခုလုပ်ပေးနိုင်ခြင်းက ကောင်းသောကိစ္စပင်ဖြစ်သည်။
"ဆရာတို့ ကြိုက်သလိုသာ စမ်းသပ်ကြည့်ပါ။ တကယ်လို့ အာနိသင်ရှိတယ်ဆိုရင် ကျွန်တော် နောက်ထပ် အများကြီး ထပ်စိုက်ပေးပါ့မယ်။ ဈေးကတော့ အတူတူပါပဲ။"
စနစ်ကသာ သတ်မှတ်ဈေး မထားခဲ့လျှင် ဤမုန်လာဥနီများကို သူ ဒီထက်ပို၍ ဈေးပေါပေါဖြင့် ရောင်းချကောင်း ရောင်းချပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူက လယ်ထွက်ကုန်ရောင်းပြီး ပိုက်ဆံရှာနေသူမှ မဟုတ်တာ။ အဲ့ဒီပိုက်ဆံလေးက ဘယ်လောက်များ ရမှာမို့လို့လဲ?
ထိုထက်စာလျှင် နာမကျန်းသူများကို တကယ်တမ်း ကယ်တင်နိုင်ခြင်းက ပို၍ အဓိပ္ပာယ်ရှိလှပေသည်။
ဖြစ်နိုင်သည်မှာ... ဒီရက်ပိုင်း လောင်ဝမ်တို့လို လူများနှင့် အတူနေရင်း သူတို့၏ ကိုယ်ကျိုးစွန့် အနစ်နာခံလိုသော စိတ်ဓာတ်များ ကူးစက်လာခြင်း ဖြစ်ပေလိမ့်မည်။ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်ပြီး လူအများ၏ လေးစားမှုကို ရရှိခြင်းက ပို၍ ဂုဏ်ယူစရာကောင်းသည် မဟုတ်လား။ ဤခံစားချက်မျိုးကို လင်းယန် အတော်လေး သဘောကျမိသည်။
"ဒါဆို တကယ်ကောင်းတာပေါ့။ ငါတို့ အခုပဲ ကားပေါ်တင်မယ်။ တစ်လလောက်ဆိုရင်တော့ နောက်ဆုံးရလဒ် ထွက်လာနိုင်ပါပြီ။ ဆေးမဝယ်နိုင်တဲ့ လူနာတွေ အများကြီး ရှိနေတယ်။ ကျွန်တော်တို့က ကင်ဆာဆေးအစား ဒီမုန်လာဥနီတွေကို သုံးကြည့်မယ်။ တခြား ဆေးအသစ်ဆိုရင်တော့ ဒီလောက်မြန်မြန် လက်တွေ့စမ်းသပ်လို့ မရဘူးလေ။ ကံကောင်းတာက... ဒီမုန်လာဥနီက ဘယ်လောက်ပဲ စားစား လူမသေနိုင်ဘူး။"
ပါမောက္ခသုန်၏ စကားကြောင့် လင်းယန် ရယ်လိုက်မိသည်။ မုန်လာဥနီစားပြီး သေသွားတယ်ဆိုတာ သူလည်း တစ်ခါမှ မကြားဖူးပါဘူး။
အကယ်၍ မုန်လာဥနီကသာ ဆေးကို အစားထိုးနိုင်မည်ဆိုလျှင် သွေးကင်ဆာဝေဒနာရှင် တစ်ယောက်အတွက် တစ်လကို ယွမ်ရာဂဏန်း (ကျပ်သိန်းဂဏန်းခန့်) လောက်သာ ကုန်ကျတော့မည် ဖြစ်သည်။ ထို့ပြင်... ထမင်းအစားတောင် စားလို့ ရသေးသည်လေ! သာမန် ဆေးသောက်ရတာထက်စာလျှင် ချက်ပြုတ်စားသောက်နည်းကလည်း မျိုးစုံ ရှိသေးသည်။
ပါမောက္ခသုန်ကို အကြံပြုရမည်... မုန်လာဥနီကို ဟင်းရည်ကျိုပြီး လူနာတွေကို တိုက်ကြည့်ရင်ရော အာနိသင် ပိုကောင်းမလားလို့။ အကုန်လုံး စမ်းကြည့်လို့ ရတာပဲလေ။
အဘိုးစူးကတော့ စကားဝိုင်း၏ အဓိကအချက်ကို ရိပ်မိသွားပြီး အလွန် အံ့ဩသွားသည်။
"အဘိုးကြီးသုန်... ခင်ဗျားပြောတာ တကယ်တွေလား?"
"ကျုပ် ဘယ်တုန်းက လူလိမ်ဖူးလို့လဲ? ခင်ဗျားသာ စောင့်ကြည့်နေလိုက်... နောက်ထပ် ရက်အနည်းငယ်ကြာရင် သွေးကင်ဆာ သုတေသနမှာ ကျုပ်တို့ နိုင်ငံက ကမ္ဘာကို ဦးဆောင်နေပြီဆိုတဲ့ သတင်းတွေ ထွက်လာလိမ့်မယ်။ အကုန်လုံးက ဒီမုန်လာဥနီရဲ့ ကျေးဇူးတွေပေါ့။ ထားလိုက်တော့၊ အမြန် ကားပေါ်တင်ကြ။ ဓာတ်ခွဲခန်း ပြန်ပြီး စမ်းသပ်ရဦးမယ်။"
ပါမောက္ခသုန်မှာ အလွန် လောနေသဖြင့် အဘိုးစူးနှင့် စကားအကြာကြီး မပြောနိုင်တော့ပေ။ သူ့စိတ်ထဲတွင် မုန်လာဥနီများသာ ကြီးစိုးနေသည်။
သုန်ကျဲကတော့ လင်းယန်ကို အလွန်ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်နေသည်။
"အန်တီ့သမီး ရှောင်ဝမ်က မင်းကို အမြဲတမ်း လာတွေ့ချင်နေတာ။ သူမက မင်းရဲ့ ပရိသတ်လေး ဖြစ်နေပြီ။ အခွင့်အရေးရရင် သူမကို ခေါ်လာပြီး မင်းနဲ့ ပေးတွေ့လို့ ရမလား။"
"ရတာပေါ့၊ ပြဿနာမရှိပါဘူး။" လင်းယန် ငြင်းစရာ အကြောင်းမရှိပေ။
သူက သာမန် တောင်သူတစ်ယောက်ပါ။ လူမတွေ့ရဲစရာ ဘာအကြောင်းမှ မရှိဘူး။ ပြီးတော့... ချွေရှောင်ဝမ်၏ အခြေအနေက ထူးခြားသော်လည်း၊ မုန်လာဥနီ မရောင်းခင်ကတည်းက စူးရို့ရို့ ပြောပြထားသဖြင့် သူမ၏သူငယ်ချင်းမှန်း လင်းယန် သိထားပြီးသားဖြစ်သည်။
သူမက တကယ်ပဲ လင်းယန်ကို သဘောကျနေလျှင် တွေ့ခွင့်ပေးလိုက်တာက ဘာမှမဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီလို ရောဂါမျိုး ခံစားနေရတဲ့သူက တကယ်တမ်း ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။
နောက်ပြီး... စူးရို့ရို့၏ မရည်ရွယ်ဘဲ လုပ်ခဲ့သော လုပ်ရပ်လေးတစ်ခုက ဒီလောက် ကြီးမားသော ဂယက်ကြီးကို ဖန်တီးလိုက်နိုင်သည်ကို တွေးမိပြီး လင်းယန်မှာ လူ့ဘဝ၏ ကံကြမ္မာ အချိုးအကွေ့များကို အံ့ဩမဆုံး ဖြစ်နေမိသည်။
ကတုံးချန်တို့တစ်သိုက်က မုန်လာဥနီများကို ကားပေါ်သို့ အားရပါးရ တင်ပေးနေသည်ကို ကြည့်ပြီး လင်းယန် အလွန်ကျေနပ်နေသည်။ ဒီလူခြောက်ယောက်ဆီက လူမိုက်အငွေ့အသက်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ။ သူ့ရဲ့ လွှမ်းမိုးမှုအောက်မှာ တကယ့်ကို အလုပ်ကြိုးစားတဲ့ သူတွေ ဖြစ်လာကြပြီလေ။ တော်တော်လေး အားကိုးရတဲ့ လုပ်အားရှင်တွေပါပဲ။
ပါမောက္ခသုန်နှင့် သုန်ကျဲတို့သည် လာတုန်းကလည်း မြန်သလို ပြန်သွားတော့လည်း မြန်သည်။ ယွမ် ၄၀,၀၀၀ ကို ချန်ထားခဲ့ပြီး ချက်ချင်း ထွက်သွားကြသည်။ အကယ်၍ အဘိုးစူးကသာ ပါမောက္ခသုန်၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုပေးခဲ့လျှင်၊ ၎င်းတို့ပြောသွားသော စကားများကို လင်းယန်က လိမ်လည်မှုတစ်ခုဟုပင် ထင်မိပေလိမ့်မည်။
သို့သော် ဤကိစ္စများထက်စာလျှင် လင်းယန် ပို၍ အာရုံစိုက်မိသည်မှာ စနစ်ပင် ဖြစ်သည်။
[ဆုကြေး အဆ ၁၀၀ ပြန်လည်ရရှိခြင်း - ယွမ် ၄ သန်း ဘဏ်စာရင်းသို့ ဝင်ရောက်လာပါပြီ။]
……
နောက်ရက်များတွင်တော့ တောင်ကြားရွာလေး၏ ဘဝမှာ အလွန်အေးချမ်းလှသည်။
အားနေလျှင် စူးရို့ရို့၊ ရှောင်ဝူတို့နှင့် အတူနေသည်။ ချင်စုစုကို နောက်ပြောင်သည်။ လောင်ဝမ်၊ အဘိုးစူးတို့နှင့်အတူ လက်ဖက်ရည်သောက်ရင်း သူတို့ လူငယ်ဘဝက အောင်မြင်ခဲ့သော ဇာတ်လမ်းများကို နားထောင်သည်။
တစ်ခါတစ်ရံ စိုက်ပျိုးရေးကျောင်းသားများ၏ ကြည်ညိုလေးစားမှုများကို ခံယူရသည်။
ဒါပေမဲ့... ကျောင်းသူလေးတွေဆီက ရည်းစားစာတွေ ခဏခဏရနေတာကတော့ လင်းယန်ကို အတော်လေး စိတ်ညစ်စေပါတယ်။ အဓိကပြဿနာက ဘယ်သူပေးမှန်းတောင် မသိရတာပါပဲ။ ဒါပေမဲ့ ဒါကလည်း အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
ရွာထဲက ခိုင်းနွားတွေလည်း နောက်ဆုံးတော့ အနားရသွားပါပြီ။
လင်းယန် မှာထားသော ပထမဆုံး ထွန်စက် အစီး ၂၀ လုံး စာရွက်စာတမ်း အပြည့်အစုံဖြင့် ရောက်ရှိလာသည်။ ထိုအထဲတွင် စက်ခေါင်းတစ်လုံးတည်းပါသော လမ်းလျှောက်ထွန်စက်က အစွမ်းအထက်ဆုံး ဖြစ်သည်။ မြင်းကောင်ရေ သိပ်မများသော်လည်း ဆွဲနိုင်သော ကုန်ပမာဏမှာ အံ့မခန်း ဖြစ်သည်။
သို့သော် ရက်အနည်းငယ်ခန့် မောင်းကြည့်ပြီးနောက် လင်းယန်၏ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားသည်။
"ဒီထွန်စက်တွေက ဈေးသက်သာပြီး အသုံးဝင်ဖို့ အဓိကထား ထုတ်လုပ်ထားတာပဲ။ မိသားစုတစ်စုစာ လယ်စိုက်ဖို့လောက်ပဲ သင့်တော်တယ်။ အလုပ်တွင်ကျယ်မှုကတော့ နွားလှည်းထက် နည်းနည်းပဲ ပိုမြန်တာ။ နိုင်ငံခြားကနေ မှာထားတဲ့ စိုက်ပျိုးရေး စက်ကိရိယာကြီးတွေ ရောက်ဖို့ ဘယ်လောက်တောင် လိုဦးမလဲ?"
ပြည်တွင်း စိုက်ပျိုးရေးစက်မှုနည်းပညာမှာ တိုးတက်နေပြီ ဆိုသော်လည်း၊ ထိုစက်ပစ္စည်း အများစုမှာ အယူအဆအဆင့်တွင်သာ ရှိသေးပြီး တကယ်တမ်း လက်တွေ့ အသုံးပြုမှု နည်းပါးလှသည်။ လင်းယန်က အများကြီး မှာယူထားသော်လည်း ပစ္စည်းရရန် အချိန်အတော်ကြာ စောင့်ရဦးမည် ဖြစ်သည်။
နိုင်ငံခြားမှ စိုက်ပျိုးရေး စက်ပစ္စည်းများကိုတော့ လင်းယန် ပို၍ စိတ်ဝင်စားနေသည်။
အထူးသဖြင့် ဂျာမနီ၏ စက်ပစ္စည်းများမှာ အလွန် အနုစိတ်ပြီး တိကျသည်။ ထိုနိုင်ငံမှ လူများ၏ အယူအဆမှာ စက်ဖြင့် လုပ်နိုင်သောအလုပ်ကို လူအင်အား လုံးဝ မသုံးခြင်းပင်။
ဂျပန်၏ စိုက်ပျိုးရေးစက်များမှာမူ ထိန်းချုပ်မှုစနစ်တွင် အကောင်းဆုံး ဖြစ်သည်။ အီလက်ထရောနစ် နည်းပညာတွင် ထိုနိုင်ငံငယ်လေးက အလွန် အဆင့်မြင့်သည် မဟုတ်လား။
ထိုအိပ်မက်ဆန်ဆန် စိုက်ပျိုးရေးစက်ကြီးများ၏ မောင်းနှင်ခန်းထဲတွင် ထိုင်ကာ မျက်နှာပြင်ပေါ်မှ ခလုတ်များကို နှိပ်ရုံဖြင့် ဂိမ်းကစားသကဲ့သို့ အလိုအလျောက် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းများ ပြုလုပ်နိုင်သည်ကို မြင်ယောင်ကြည့်ရင်း လင်းယန်မှာ အလွန်အားကျနေမိသည်။
အကယ်၍ သူ့လယ်မြေများအားလုံးကို ထိုကဲ့သို့ လုပ်ဆောင်နိုင်မည်ဆိုပါက...
သူ ပိုက်ဆံရှာနိုင်မည့် အမြန်နှုန်းမှာ ဘယ်လောက်တောင် ရှိလာမည်နည်း? ခန့်မှန်း၍ပင် မရနိုင်တော့ပေ။
သို့သော် လက်ရှိ အခြေအနေအရတော့... စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားများကိုသာ ဆက်လက် အားကိုးရဦးမည် ဖြစ်သည်။
သေချာသည်မှာ အကျိုးခံစားခွင့် အချို့ကိုတော့ ပေးရမည်ပေါ့။ လင်းယန်က ပဒေသရာဇ် မြေရှင်ကြီးမှ မဟုတ်တာ၊ သူတို့ကို အလကား ဆက်တိုက် ခိုင်းနေလို့မှ မဖြစ်တာ။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
တစ်လပင် မပြည့်သေးမီ... စူးရို့ရို့သည် လင်းယန်ရှေ့သို့ အပြေးအလွှား ရောက်လာကာ အလွန် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
"အောင်မြင်သွားပြီ! ဟို မုန်လာဥနီက အလုပ်ဖြစ်သွားပြီ! ပါမောက္ခသုန် ဦးဆောင်တဲ့အဖွဲ့က မုန်လာဥနီထဲကနေ 'ကင်ဆာတိုက်ဖျက်ရေး ဓာတ်ပစ္စည်း' ကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပြီ။ အဲ့ဒါက သွေးကင်ဆာ ဝေဒနာရှင်တွေကို ဆေးဝါးကုသမှုကတစ်ဆင့် အမြစ်ပြတ် ကုသနိုင်မယ့် အလားအလာကို ဖန်တီးပေးလိုက်တာပဲ! ဆေးပညာလောက တစ်ခုလုံး ဟိုးလေးတကျော် ဖြစ်သွားပြီ!"
***