“ကျေးဇူးတင်ပါတယ်” လူတိုင်းက ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
နဂါးဘုရင် လျှို့ဝှက်နယ်မြေအတွင်း ရောက်ရှိနေသည်မှာ အတန်ကြာပြီ ဖြစ်သဖြင့် ကျိုးယွမ်မြို့မှ ပါရမီရှင်များက ကောင်းမွန်သော ရတနာပစ္စည်း အများအပြားကို ရရှိထားကြပြီးဖြစ်သည်။ တစ်ခါတစ်ရံတွင် အန်မင်ကဲ့သို့သော သိုင်းဆရာအဆင့်ရှိ ပါရမီရှင်များ၏ အကာအကွယ်ဖြင့် ၎င်းတို့က အဆင့် (၃) မိစ္ဆာသားရဲများ စောင့်ကြပ်နေသည့် ဝိညာဉ်ဆေးပင်များကိုပင် ဆွတ်ခူးနိုင်ခဲ့ကြသည်။
ထို့ကြောင့်လည်း ကျန်းတုန်းနှင့် အခြားသူများမှာ အလွန် ဝမ်းသာနေကြခြင်းပင်။ ကျန်းတုန်းက ကျန်းချန်းအပေါ် ပိုမို ယုံကြည်မှု ရှိလာခဲ့သည်။ အကယ်၍ ကျန်းချန်းက သူတို့ကို ဦးဆောင်ကာ ကြေးစားသွေးမီးတောက်အဖွဲ့ကို တိုက်ခိုက်မည်ဆိုလျှင်ပင် သူတို့က တွန့်ဆုတ်နေခြင်းမရှိဘဲ လိုက်ပါကြပေလိမ့်မည်။
သူတို့၏ အလုပ်များကို အပြီးသတ်ပြီးနောက် ကျန်းချန်းက အဖွဲ့ကို ဦးဆောင်ကာ ချင်းယွီမြို့မှ အခြားပါရမီရှင်များကို လိုက်လံ ရှာဖွေခဲ့သည်။
“မင်းကို အဆင်ပြေတာ မြင်ရတာ တကယ့်ကို ဝမ်းသာစရာပဲ” အပြင်တွင် ကျန်ရစ်ခဲ့သော သူများက ကျန်းချန်းတို့နှင့် ဘေးကင်းစွာ ပြန်လည် ဆုံတွေ့ရသည်ကို မြင်သောအခါ ပြောလိုက်ကြသည်။
ဤလူများမှာ ကျင့်ကြံမှုအဆင့် နိမ့်ကျကြသဖြင့် ကျိုးယွင်မြို့မှလူများကို မယှဉ်နိုင်ကြပေ။ ပုန်းကွယ်နေခြင်းမှာ သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်ပေသည်။
“ငါတို့ အခု အဆင်ပြေသွားပါပြီ၊ အစ်ကိုကျန်းချန်းက ငါတို့ကို ကယ်တင်ခဲ့တာပဲ” အခြားသူများက ဆိုသည်။
“ဒါဆိုရင် အစ်ကိုကျန်းချန်းပေါ့။ အစ်ကိုကျန်းချန်းက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ” လူအများအပြားက သူ့ကို အားကျသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။
“ကောင်းပြီ... အဲဒါတွေ ထားလိုက်ပါတော့။ နဂါးဘုရင်ရဲ့ လျှို့ဝှက်နယ်မြေက ပိတ်တော့မှာဆိုတော့ ငါတို့ အပြင်ထွက်ဖို့ အချိန်တန်ပြီ” ကျန်းချန်းက ပြုံး၍ ပြောလိုက်သည်။
“ကောင်းပါပြီ” အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ ချင်းယွီမြို့တွင် ပါရမီရှင် ၁၂ ဦး ဆုံးရှုံးခဲ့ရသည်။ ခြုံငုံကြည့်လျှင် ကျန်းမိသားစုမှာ လူ ၁၀ ဦးအနက် ၁ ဦးသာ ဆုံးရှုံးခဲ့ပြီး ၉ ဦးမှာ အသက်ရှင်လျက် ကျန်ရှိနေသေးခြင်းပင်။ အကယ်၍ ကျန်းချန်းသာ မရှိခဲ့ပါက ချင်းယွီမြို့မှာ ပိုမိုကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
နဂါးဘုရင် လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်တွင် မြို့အသီးသီးမှ ပါရမီရှင်အဖွဲ့များလည်း အပြင်သို့ ထွက်ခွာလာခဲ့ကြသည်။
မြို့တိုင်းမှာ ဆိုးဝါးသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ကြရပြီး အထူးသဖြင့် ထိုက်လော့မြို့မှာ လူဦးရေ ထက်ဝက်ကျော် ဆုံးရှုံးခဲ့ရကာ ၂၀ ဦးသာ ပြန်လည် ရောက်ရှိလာခဲ့သည်။ ယခင်က ချင်ဟောက်၏ အဖော်များစွာမှာ ကျန်းချန်း၏ လက်ချက်ဖြင့် ဆိုးဝါးစွာ သေဆုံးခဲ့ရခြင်းပင်။
၎င်းမှာ ထိုက်လော့မြို့မှ အကြီးအကဲများအတွက် လက်ခံရန် ခက်ခဲလှပေသည်။ သူတို့၏ ထိုက်လော့မြို့မှာ ပါရမီရှင်များစွာ ရှိနေပါလျက် အဘယ့်ကြောင့် ဤမျှအထိ ကြီးမားသော ဆုံးရှုံးမှုမျိုး ကြုံတွေ့ရသနည်း။ ချင်ဟောက်ရော လော့ထျန်းပါ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သိုင်းဆရာသခင်နယ်ပယ်ရှိ ပါရမီရှင်အားလုံးမှာ နဂါးဘုရင်၏ လျှို့ဝှက်နယ်မြေအတွင်း၌ အဆင့်တက်ခဲ့ကြခြင်းပင်။ အကယ်၍ လူသုံးဦးသာ သိုင်းဆရာသခင်နယ်ပယ်သို့ အဆင့်မတက်ခဲ့ပါက ထိုက်လော့မြို့မှလူများမှာ ပိုမို ဆိုးဝါးသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ကျိုးယွင်မြို့မှလူများမှာမူ အတော်လေး စိတ်ပျက်နေပုံရသည်။ အခြားမြို့မှလူများ ထွက်လာကြသော်လည်း ကျိုးယွင်မြို့မှ မည်သူမျှ ဘာကြောင့် ထွက်မလာသေးရသနည်း။ သူတို့၏ ကျိုးယွင်မြို့မှ ပါရမီရှင်များမှာလည်း အလွန် အစွမ်းထက်ကြကြောင်း သိထားကြပေသည်။
ချင်းယွီမြို့မှ ပါရမီရှင်များမှာလည်း ထွက်မလာကြသေးပေ။
“ငါတို့ ချင်းယွီမြို့က ပါရမီရှင်တွေ မထွက်လာသေးဘူးလား” ကျန်းထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“စိတ်မပူပါနဲ့၊ သူတို့ အဆင်ပြေမှာပါ၊ ကျွန်တော် ယုံကြည်ပါတယ်” ဝမ်မိသားစုခေါင်းဆောင်က ဆိုသည်။
“ဟုတ်တယ်... ကျွန်တော်လည်း သူတို့ အဆင်ပြေမှာလို့ ယုံကြည်နေတယ်” ကျိုးမိသားစုခေါင်းဆောင်ကလည်း ဝင်ပြောသည်။
ချင်းယွီမြို့မှ မိသားစုကြီး သုံးခုလုံးက ချင်းယွီမြို့မှ ပါရမီရှင်များစွာ အမြန်ဆုံး ပြန်လာရန် မျှော်လင့်နေကြခြင်းပင်။
“သူတို့ အဆင်ပြေမှာပါ။ ကျုပ် ကျန်းချန်းကို ယုံကြည်တယ်” ကျန်းထျန်းက ခေါင်းညိတ်လိုက်သည်။
ကျန်းမိသားစုဝင် အားလုံးက ကျန်းချန်းမှာ အလွန် အစွမ်းထက်လှသော သိုင်းဆရာသခင် တစ်ဦးဖြစ်ကြောင်း သိရှိထားကြသည်။ သူက နဂါးဘုရင်၏ လျှို့ဝှက်နယ်မြေအတွင်း၌ အဆင်ပြေမှာ သေချာလှပေသည်။ အခြားအဖွဲ့များ အားလုံး ထွက်လာကြပြီဖြစ်ရာ ကျန်းချန်း အပြင်သို့ မထွက်နိုင်စရာ အကြောင်းမရှိပေ။
ထိုစဉ်မှာပင် “ဟားဟား... ချင်းယွီမြို့၊ မင်းတို့ ပါရမီရှင်တွေကတော့ အထဲမှာ သေကုန်ပြီထင်တယ်၊ အပြင်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး။ မင်းတို့ ချင်းယွီမြို့က ပါရမီရှင်တွေရဲ့ ခွန်အားက တကယ်ကို ညံ့ဖျင်းလွန်းလှပါတယ်။ သိုင်းဆရာသခင်နယ်ပယ် တစ်ယောက်မှ မပါဘဲနဲ့ အသက်ရှင်လျက် ထွက်လာချင်သေးတာလား။ တကယ့်ကို အိမ်မက်မက်နေတာပဲ” ရှီဝူဖုန်းက ဘေးမှနေ၍ လှောင်ပြောင်လိုက်သည်။
ရှီဝူဖုန်းမှာ ကျိုးယွင်မြို့ရှိ ရှီမိသားစုမှ ဖြစ်ပေသည်။ ဤတစ်ကြိမ်တွင် သူတို့မိသားစုမှ ရှီအန်းမင်မှာ ပါရမီရှင် အားလုံးထဲတွင် အသန်မာဆုံးသူ ဖြစ်ပေသည်။ ရှီအန်းမင် ရှိနေသရွေ့ ရှီမိသားစုမှ ပါရမီရှင်များမှာ အရင်းအမြစ်များစွာကို သေချာပေါက် ရရှိနိုင်မည် ဖြစ်သည်။
“ငါတို့ ချင်းယွီမြို့က ပါရမီရှင်တွေ မပေါ်လာသေးသလို ခင်ဗျားတို့ ကျိုးယွင်မြို့က ပါရမီရှင်တွေလည်း ထွက်မလာသေးဘူး မဟုတ်လား” ကျန်းထျန်းက လှောင်ပြောင်လိုက်သည်။
ကျန်းထျန်းမှာ တစ်ဖက်လူ၏ သရော်သော စကားများကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။ ဝမ်မိသားစုနှင့် ကျိုးမိသားစုတို့မှာလည်း အတူတူပင်ဖြစ်ကာ ကျိုးယွင်မြို့မှလူများကို မဖော်ရွေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြတော့သည်။
အစောပိုင်းက ထွက်လာခဲ့ကြသော အခြားပါရမီရှင်များမှာမူ ရှီဝူဖုန်း၏ စကားကို ကြားသောအခါ ထူးဆန်းသော အမူအယာများ ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် ကျိုးယွင်မြို့မှ ပါရမီရှင် အားလုံးကို ကျန်းချန်းက သတ်ပစ်လိုက်ကြောင်း လူအတော်များများ သိရှိထားကြသောကြောင့်ပင်။ ကျိုးယွင်မြို့မှလူများက အချည်းနှီး စောင့်ဆိုင်းနေကြသော်လည်း မည်သူမျှ ထိုအကြောင်းကို မမေးမြန်းကြသလို သူတို့ကိုယ်တိုင်လည်း ထုတ်မပြောလိုကြပေ။
အကယ်၍ ထုတ်ပြောလိုက်ပြီး ချင်းယွီမြို့မှလူများကို ရန်စမိမည်ဆိုပါက ဒုက္ခရှာရာ မရောက်ပေဘူးလား။ ယခု ရှီဝူဖုန်းက အလွန် သာယာနေသော်လည်း အမှန်တရားကို သိရှိသွားချိန်တွင်ရော ယခုကဲ့သို့ သာယာနေနိုင်ပါဦးမည်လော။
ချင်းယွီမြို့မှ ကျန်းချန်းမှာ တကယ့် ကျွမ်းကျင်သူဖြစ်ပြီး သူတစ်ဦးတည်းကပင် ကျိုးယွင်မြို့မှ ပါရမီရှင် အားလုံးကို အပြတ်ရှင်းလိုက်ခြင်း ဖြစ်ပေသည်။
“ဟားဟား... ငါတို့ ရှီမိသားစုရဲ့ ရှီအန်းမင်က အထဲမဝင်ခင်ကတည်းက သိုင်းဆရာသခင်နယ်ပယ် အဆင့်သုံးမှာ ရှိနေတာ။ နဂါးဘုရင်ရဲ့ လျှို့ဝှက်နယ်မြေထဲမှာ ဘယ်ပါရမီရှင်က သူ့ကို ယှဉ်နိုင်မှာလဲ။ ငါတို့ ကျိုးယွင်မြို့က ပါရမီရှင်တွေက ဘာလို့ အန္တရာယ်ရှိရမှာလဲ” ရှီဝူဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုစဉ်မှာပင် ထွက်ပေါက်၌ လှုပ်ရှားမှုအချို့ ရှိလာခဲ့ပြီးနောက် လူတစ်စု ထွက်လာခဲ့ကြသည်။ အပြင်သို့ ထွက်လာသူများမှာ ချင်းယွီမြို့မှ လူများပင် ဖြစ်ကြသည်။
ကျန်းချန်းတို့အဖွဲ့ ပေါ်ထွက်လာသည်ကို မြင်ရသောအခါ ချင်းယွီမြို့မှလူများမှာ အတိုင်းမသိ ဝမ်းသာသွားကြတော့သည်။ သို့သော်လည်း လူအချို့ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် ဝမ်းနည်းသွားကြသော်လည်း ၎င်းမှာ မလွဲမသွေ ဖြစ်ပေါ်လာမည့် အရာပင်။ ပါရမီရှင် အများစု ဘေးကင်းသည်ဆိုလျှင်ပင် လုံလောက်လှပေသည်။
ပါရမီရှင်များစွာမှာ အဆင့်တက်ကာ ခွန်အားများ တိုးတက်လာသည်ကို မြင်ရခြင်းက ကောင်းမွန်သော အချက်ပင်၊ နဂါးဘုရင်၏ လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ခဲ့ခြင်းမှာ အချည်းနှီး မဖြစ်ခဲ့ပုံရပေသည်။ အကြီးအကဲ ကျန်းဟိုင်မှာ သူ၏သား ကျန်းတုန်း သိုင်းဆရာသခင်နယ်ပယ် အဆင့်တစ်သို့ တက်လှမ်းသွားသည်ကို မြင်ရသဖြင့် အတိုင်းမသိ ဝမ်းသာနေတော့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့ ကျိုးယွင်မြို့က ပါရမီရှင်တွေ ဘာလို့ ထွက်မလာသေးတာလဲ။ ချင်းယွီမြို့ကလူတွေ အကုန်လုံး ထွက်လာကြပြီလေ” ရှီဝူဖုန်းမှာ စိုးရိမ်လာခဲ့သည်။
ထိုစဉ်မှာပင် တစ်စုံတစ်ယောက်က သူတို့နားသို့ လာကာ စကားအချို့ ပြောလိုက်သည်။
“ဘာ...” ရှီဝူဖုန်းက ကြားလိုက်ရချိန်တွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သူတို့ အားလုံး သေကုန်ပြီလို့ မင်း ပြောတာလား။ ဘာဖြစ်လို့လဲ” ရှီဝူဖုန်းက အော်ဟစ်လိုက်ပြီး အားကောင်းလှသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်သည်။ ဝူကျုံးနယ်ပယ် အဆင့်နှစ်ရှိသူ တစ်ဦး၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလှပေသည်။
ရှီမိသားစုမှာ နောက်ဆုံးတွင် ရှီအန်းမင်ကဲ့သို့သော ပါရမီရှင်တစ်ဦးကို ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး သူက နောင်တစ်ချိန်တွင် မိသားစုကို ပိုမို မြင့်မားသော အဆင့်သို့ ဦးဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းပင်။ ယခု ရှီအန်းမင်နှင့် အခြားသူများ သေဆုံးသွားပြီဟု ဆိုနေကြသည်လား။
“ချင်းယွီမြို့က ကျန်းချန်းက သူတို့ကို သတ်လိုက်တာပါ” ထိုလူက ဆိုသည်။
“ချင်းယွီမြို့လား၊ တကယ်ပဲ ချင်းယွီမြို့ကလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ချင်းယွီမြို့က အဖွဲ့က အားအနည်းဆုံး မဟုတ်ဘူးလား။ သူတို့က ငါတို့လူတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ” ရှီဝူဖုန်းမှာ အလွန် သံသယဖြစ်နေမိသည်။
“ဒါ အမှန်ပါ၊ လုံးဝ အမှန်ပါပဲ။ အခြားမြို့က ပါရမီရှင်တွေ အားလုံး မြင်ခဲ့ကြတာပါ။ ကျန်းချန်းက ခင်ဗျားတို့ ကျိုးယွင်မြို့က ပါရမီရှင်တွေကို သတ်လိုက်တာပါ။ ခင်ဗျားတို့ ကျိုးယွင်မြို့က ပါရမီရှင်တွေ အကုန်လုံး သေကုန်ပါပြီ” ထိုလူက ပြောလိုက်သည်။
“ဘာ...” ၎င်းကို ကြားလိုက်ရချိန်တွင် ကျိုးယွင်မြို့မှလူများမှာ ဒေါသထွက်သွားကြတော့သည်။ သူတို့၏ ပါရမီရှင်များစွာမှာ တကယ်ပင် သေဆုံးသွားခဲ့ရသည်လား။ ဒါကို ငါတို့ ဘယ်လို သည်းခံနိုင်မှာလဲ။
“ကျန်းချန်း... မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်...” ရှီဝူဖုန်းက ကျိုးယွင်မြို့မှ အစွမ်းထက် ကျွမ်းကျင်သူ အုပ်စုကြီးကို ဦးဆောင်ကာ ချင်းယွီမြို့မှလူများ ရှိရာသို့ ဦးတည်လိုက်ရာ သူတို့ထံမှ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ သိသိသာသာ ထွက်ပေါ်နေတော့သည်။
“မင်းတို့ ဘာလုပ်ချင်လို့လဲ” ကျန်းထျန်းနှင့် အခြားသူများမှာ ထိတ်လန့်သွားကြရသည်။ တစ်ဖက်လူက ကျန်းချန်းကို ဘာကြောင့် သတ်ချင်နေရတာလဲဆိုတာကို သူတို့ နားမလည်နိုင်ကြပေ။
အခြားမြို့မှ ကျွမ်းကျင်သူများမှာလည်း ပွဲကောင်းကြည့်ရတော့မည်ဟု ထင်ကာ မျှော်လင့်တကြီး စောင့်ကြည့်နေကြတော့သည်။ ကျိုးယွင်မြို့ တစ်မြို့လုံးက ပါရမီရှင်များ သေဆုံးသွားခဲ့သည်ကို တစ်စုံတစ်ယောက်က တိတ်တဆိတ် သတင်းပေးလိုက်ခြင်းဖြစ်ပြီး ကျိုးယွင်မြို့နှင့် ချင်းယွီမြို့မှ ကျွမ်းကျင်သူများကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာအောင် လှုံ့ဆော်လိုက်ခြင်းပင်။ ထို့ပြင် ကျန်းချန်း၏ ခွန်အားက ကြီးမားလွန်းလှသဖြင့် လူအချို့မှာ သူ့အပေါ် မနာလို ဖြစ်နေကြခြင်းပင်။
အကယ်၍ ရှီဝူဖုန်း၏ လက်ကို အသုံးချကာ ကျန်းချန်းကို သတ်နိုင်မည်ဆိုပါက ၎င်းမှာ အကောင်းဆုံး ရလဒ်ပင် ဖြစ်ပေလိမ့်မည်။ ဝါရင့် ကျွမ်းကျင်သူများစွာမှာ ရှေ့ဆုံးတွင် ရပ်နေကြပြီး ကျန်းချန်းနှင့် အခြားပါရမီရှင်များကို သူတို့၏ နောက်တွင် ကာကွယ်ထားကြကာ ကျိုးယွင်မြို့မှလူများ သူတို့ကို ဒုက္ခပေးရန် ခွင့်မပြုကြပေ။ သူတို့၏ ပါရမီရှင်များကို ဒုက္ခပေးလိုလျှင် သူတို့ကဲ့သို့သော လူကြီးပိုင်းများကို အရင် ကျော်ဖြတ်ရပေလိမ့်မည်။
“မင်းတို့ ဘာလုပ်နေတာလဲ။ ငါတို့ ကျိုးယွင်မြို့က ပါရမီရှင်တွေ အကုန်လုံး သေကုန်ပြီ၊ အဲဒါတွေ အားလုံးက ကျန်းချန်းရဲ့ လက်ချက်ပဲ။ မင်းတို့ ငါ့ကို ရှင်းပြချက်တစ်ခု ပေးဖို့ လိုလိမ့်မယ်။ ကျန်းချန်း သေရမယ်” ရှီဝူဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ရှီအန်းမင်မှာ သူ အနှစ်သက်ဆုံး မြေးဖြစ်ပြီး ထူးချွန်သော ပါရမီရှိသူတစ်ဦး ဖြစ်သော်လည်း သူက ကျန်းချန်း၏ လက်ထဲတွင် သေဆုံးသွားခဲ့ရသည်။ ဒါကို သူက ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။
***