သူ နဂါးနောင်တ အများအပြားကို ဘယ်က ရသနည်း။
သို့သော်ငြား ထိုသည် ပုံမှန်ပင် ဖြစ်သည်။ သူ့တွင် အဆုံးအစမဲ့ နဂါးသွေးခြင်ဆီ ထုတ်ပေးနိုင်သော အရွယ်ရောက်ပြီးသား ဧရာမ နဂါးကြီး တစ်ကောင် ရှိနေသည်။ ထို့အပြင် နဂါးနောင်တ ဖန်တီးနိုင်သော စွမ်းရည်အားလုံးကို သူ တတ်မြောက်ထားသည်။
ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက် နဂါးနောင်တလှိုင်းများကို ရင်ဆိုင်ရာတွင် ရှမ့်လန် မည်သည့် တားဆီးမှုမှ မပြုလုပ်ခဲ့ပေ။ အကြောင်းမှာ လုံးဝ အဓိပ္ပာယ် မရှိသောကြောင့် ဖြစ်သည်။ အဝေးပစ် တိုက်ခိုက်မှုများ အသုံးမဝင်ပေ။ သူ့ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုများလည်း အသုံးမဝင်ပေ။
သေချာသည်မှာ ကျန်းလီ၏ နဂါးနောင်တများလည်း ထိရောက်မှု မရှိပေ။ နဂါးနောင်တ ပေါက်ကွဲတိုင်း မိုကျင်း၏ စွမ်းအင်ဒိုင်းက လုံးဝ တားဆီးထားနိုင်သည်။ မိုကျင်းကို မည်သည့် ထိခိုက်မှုမှ မဖြစ်စေပေ။ ကျန်းလီသည် ဤအချက်ကို ကောင်းစွာ သိရှိသည်။ သူသည် မိုကျင်း၏ ကျန်ရှိနေသော စွမ်းအင်ကို ကုန်ခန်းသွားစေရန် ရှေးအကျဆုံး နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်၏။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်း ကျန်းလီ၏ လက်အောက်ရှိ သိန်းချီသော ရှေးဟောင်းလူသား ဝိညာဉ်များ နှင့် ငရဲသလင်းကျောက်များသည် မြို့တော်ဖြူမှလူတိုင်း အင်အားကုန်ခမ်းစေရန် ဤနည်းလမ်းကို အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ရှမ့်လန်၏မိခင်သည် မြို့တော်ဖြူ၏ ဧကရီ ဖြစ်လာခဲ့ ရသည်။ ကံတရားကို အံတုသော မြို့တော်ဖြူတွင် လူသုံးဦးသာ ကျန်ရှိခဲ့သည်။
မိုကျင်း၏အရင်းအမြစ်များသည် မြို့တော်ဖြူထက် များစွာ နည်းပါးသည်။ ရှမ့်လန် မမေးခဲ့ပေ။ အကြောင်းမှာ မိုကျင်း၏ စွမ်းအင်ဒိုင်း ဘယ်လောက် ကြာကြာ ခံနိုင်မလဲ၊ မိုကျင်း၏ ကျန်ရှိနေသော စွမ်းအင် ဘယ်လောက် ကြာကြာ ခံနိုင်မလဲ စသည်တို့ကို သူ ချက်ချင်း တွက်ချက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ မူလက နှစ်ဝက်ကျော် ခံနိုင်ရည် ရှိခဲ့သည်။ ယခုမူ တစ်လအောက်သာ ခံနိုင်ရည် ရှိတော့၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး...”
“ဘုန်း ဘုန်း ဘုန်း ဘုန်း...”
နောက်ထပ် နဂါးနောင်တလှိုင်းတစ်ခု ပေါက်ကွဲသွားပြီး စွမ်းအင်ဒိုင်းက အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ မကြာမီတွင် အလင်းနံရံ၏ စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်တွင် ပြီးပြည့်စုံသော နောက်ပြန်ရေတွက်မှု ပေါ်လာခဲ့သည်။ ၇၁၅ နာရီ မိုကျင်း၏ စွမ်းအင်ဒိုင်းသည် ထိုမျှလောက်သာ ခံနိုင်ရည် ရှိတော့သည်။ အချိန်ပြည့်သွားသည်နှင့် တပြိုင်နက် စွမ်းအင်ဒိုင်း ပြိုလဲသွားမည် ဖြစ်ပြီး ကာကွယ်ရေးစနစ် အားလုံး ပြိုလဲသွားပေလိမ့်မည်။
ထိုအခါ ကျန်းလီသည် တပ်တော် စေလွှတ်စရာပင် မလိုတော့ပေ။ ငရဲသလင်းကျောက် နဂါးနောင်တ တစ်လှိုင်းတည်းဖြင့် မိုကျင်းကို လောကမြေပြင်ပေါ်မှ ဖျောက်ဖျက်ပစ်ရန် လုံလောက်ပေလိမ့်မည်။ ထို့အပြင် သူ့လက်ထဲတွင် ဧရာမ နဂါးနှစ်ကောင် ရှိနေသေးသည်။
........
ရှမ့်လန်သည် အလင်းနံရံ၏ စွမ်းအင်ထိန်းချုပ်ရေး ဗဟိုချက်ထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက် ကောင်းကင် ကို မော့ကြည့်လိုက်၏။
“ဘုန်း ဘုန်း ဘုန်း...”
ညအချိန် ဖြစ်သော်လည်း ရုတ်တရက် ပေါ်ထွက်လာသော အလင်းရောင်သည် မိုကျင်း တစ်ခုလုံးကို လင်းထိန် သွားစေသည်။ နေ့ဘက်ထက် အဆပေါင်းများစွာ ပို၍ လင်းလက်နေသည်။
၎င်းသည် မိုင်တစ်ရာအကွာ ကောင်းကင်ယံတွင် နဂါးနောင်တ ဒါဇင်ပေါင်းများစွာ ပေါက်ကွဲရာမှ ထွက်ပေါ်လာသော အလင်းရောင် ဖြစ်သည်။ ငရဲသလင်းကျောက် နဂါးနောင်တတစ်ခုစီ၏ ပေါက်ကွဲမှု အချင်းဝက်သည် လေးကီလိုမီတာခန့် ရှိသည်။ ဒါဇင်ပေါင်းများစွာ ပေါက်ကွဲပါက စတုရန်းကီလိုမီတာ ထောင်ချီ ဖုံးလွှမ်းသွားပေလိမ့်မည်။ ထို့ကြောင့် ဤမြင်ကွင်းသည် လောကပျက်ကပ်နှင့် တကယ် တူညီသည်။ ကောင်းကင် တစ်ခုလုံး မီးလောင်နေသကဲ့သို့ ဖြစ်နေ၏။
မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “အရှင်... ဒါက လူထုရဲ့စိတ်နှလုံးကို ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်စေတယ်။”
မှန်ပေသည်။ ညဉ့်နက်အချိန် ဖြစ်သည်။ နဂါးနောင်တများစွာ ကောင်းကင်တွင် ပေါက်ကွဲနေသည်။ ထွက်ပေါ်လာသော အလင်းရောင်သည် လူများကို မျက်စိကွယ်သွားစေလောက်အောင် လင်းလက်နေသည်။ သာမန်လူများ ဤမြင်ကွင်းမျိုးကို မည်သို့ ခံနိုင်ရည် ရှိမည်နည်း။ တစ်ခဏတာ လောကပျက်ကပ် မြင်ကွင်းသည်ပင် လုံလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်သည်။ ယခုမူ အဆုံးအစမဲ့ ဖြစ်နေ၏။
ကျန်းလီ၏ ပရိယာယ်များသည် အစွန်းရောက်အောင် ကြောက်မက်ဖွယ် ကောင်းသည်။ သို့သော်ငြား ယခု သူသည် ပရိယာယ် သုံးစရာပင် မလိုတော့ပေ။ အယောင်ဆောင်သူလျှို အစီအစဉ် ပျက်ကွက်သွားပြီးနောက် တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူ့အတွက် အချိန်နှင့် စွမ်းအင် အနည်းငယ်သာ ပေးဆပ်ရခြင်း ဖြစ်သည်။
ထိုအချိန်မှာပဲ “ကလစ်...”
မှန်၏ ခန္ဓာကိုယ်မှ ရှေးဟောင်းဘုရင်လက်စွပ်နှင့် နဂါးနှလုံးသား ပြုတ်ကျလာခဲ့၏။
ကျူးဟုန်ရွှဲ့က မေးလိုက်သည်။ “အရှင်... ဒီအခြေအနေကို ပြောင်းလဲနိုင်မယ့် နည်းလမ်း ရှိပါသလား။ ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ်ပါ။ ရေတွက်လို့မရတဲ့ အသက်တွေကို စတေးရမယ် ဆိုရင်တောင်မှပေါ့။”
ဤစကားကို ကြည့်ခြင်းအားဖြင့် ကျူးဟုန်ရွှဲ့သည် များစွာ သိရှိထားကြောင်း ထင်ရှားသည်။ မိုကျင်း၏ ကောင်းကင်မျှော်ရုပ်တုကြီးသည် စွမ်းအင် ဝါးမျိုရန် လိုအပ်ကြောင်း သူ သိရှိထားသည်။ မည်သည့် သက်စောင့်ဓာတ်၊ မည်သည့် စွမ်းအင်ကိုမဆို ဝါးမျိုနိုင်သည်။ မြေကြီး၏ စွမ်းအင်ကို ဝါးမျိုပြီးပါက လူသားများ၏ သက်စောင့်ဓာတ်နှင့် စွမ်းအင်ကို ဆက်လက်ဝါးမျိုပေလိမ့်မည်။
ကျူးဟုန်ရွှဲ့ တုန်ယင်စွာ ပြောလိုက်၏။ “ကျုပ်... ပထမဆုံး စတေးခံမယ့်သူ လုပ်လို့ရပါတယ်။ နိုင်မယ်ဆိုရင်... မျှော်လင့်ချက် ရှိမယ်ဆိုရင်ပေါ့။”
ထိုသို့ဆိုလျှင် လူသားများ၏အသက်သည် မိုကျင်း၏ ထိန်းချုပ်ရေး ဗဟိုချက်နှင့် ကောင်းကင်မျှော် ရုပ်တုကြီး အတွက် စွမ်းအင် ထောက်ပံ့ပေးနိုင်သည်လား။ ဟုတ်သည်။ ပေးနိုင်သည်။ လိုအပ်သော စွမ်းအင် ပမာဏ သည် မျှော်မှန်းထားသည်ထက် များစွာ ပိုများသည်။
ရှမ့်လန် အမြဲတမ်း ဇဝေဇဝါ ဖြစ်ခဲ့ရသည်။ အဘယ်ကြောင့် အင်ပါယာကျန်းလီသည် လူအများအပြားကို ကျွေးမွေးထားရသနည်း။ ကျွန်လုပ်ရန်နှင့် အလုပ်ကြမ်းလုပ်ရန် သတ်သတ်လား။ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားများ ကိုယ်တိုင်သည် အလွန် စွမ်းအားကြီးသော စွမ်းအင်ကိုယ်ထည်များ ဖြစ်ကြသောကြောင့်ပင်။
အထူးသဖြင့် ကျန်းလီအတွက် သေဆုံးသွားသော လူသားများ၏ ဝိညာဉ်များသည် ငရဲသလင်းကျောက် ဖန်တီးရန် အရေးကြီးသော ကုန်ကြမ်းများ ဖြစ်သည်။ ရှေးဟောင်းခေတ်က သူသည် စမ်းသပ်မှုများ အတွက် ဝိညာဉ်များကို အသုံးပြုရန် အသက်ပေါင်း သန်းဆယ်ချီ စတေးခဲ့ဖူးသည်။ ထို့နောက် လူသတ်မှု ပြစ်ဒဏ်သည် အမှောင်ဘုရင်မ၏ ခေါင်းပေါ်သို့ ကျရောက်ခဲ့ရသည်။
အင်ပါယာကျန်းလီသည် ဝက်များ မွေးမြူသကဲ့သို့ လူသားများစွာကို ကျွေးမွေးထားပြီး အရေးကြီးသော အချိန်ကျမှ သတ်ဖြတ်ရန် ဖြစ်သည်။ အနာဂတ်တွင် အင်ပါယာကျန်းလီ၏ လူဦးရေသည် သတ်မှတ် ထားသော ကန့်သတ်ချက် တစ်ခုကို ကျော်လွန်သွားသည်အထိ တိုးပွားလာပေလိမ့်မည်။
ထို့ကြောင့် စွမ်းအင်အားလုံး ကုန်ခန်းသွားချိန်မှာတော့ လူသားတစ်ဦးကို မိုကျင်း၏ စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်ထဲသို့ ပစ်ထည့်လိုက်ရုံဖြင့် ရှေးအကျဆုံး စွမ်းအင်အဖြစ်သို့ ဖြစ်တည်သွားစေနိုင်သည်။ သက်စောင့်ဓာတ် ဆိုသည်မှာ အလွန် အဆင့်မြင့်သော စွမ်းအင် တစ်မျိုး ဖြစ်၏။
ရှမ့်လန် သက်ပြင်းချလိုက်သည်။ “မလုပ်ဘူး။ ကျုပ်တို့က ကျန်းလီနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ လမ်းကြောင်းကို လျှောက်မှာ ဖြစ်တဲ့အတွက် အဆုံးထိ လျှောက်ရမယ်။ အခြေခံစည်းမျဉ်းကို လိုက်နာရမယ်။ လူသားတွေရဲ့အသက်ကို စွမ်းအင်အဖြစ် ပြောင်းလဲဖို့ ထိန်းချုပ်ရေး ဗဟိုချက်ထဲ ပစ်ထည့်တာမျိုး မလုပ်နိုင်ဘူး။ လူသားတွေရဲ့အသက်ကို စွမ်းအင် အရင်းအမြစ်အဖြစ် အသုံးပြုတာမျိုး ပိုလို့တောင် မလုပ်နိုင်ဘူး။”
နင်ဟန်က မေးလိုက်၏။ “အရှင်... မိုကျင်း မပျက်စီးခင် နာရီ ၇၀၀ လောက် လိုပါသေးတယ်။ ကံကြမ္မာကို ပြောင်းလဲ နိုင်အုံးမလား။ တော်ဝင်ချန် အင်ပါယာရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်အုံးမလား။”
ပြောင်းလဲနိုင်မည်လား။ သေချာပေါက် ပြောင်းလဲနိုင်သည်။ နည်းလမ်း တစ်လမ်းတည်းသာ ရှိသည်။ အဆင့်မြင့် နဂါးဉာဏ်အလင်း ဖြစ်သည်။ အဆင့်မြင့် နဂါးဉာဏ်အလင်းကို ပြီးမြောက်သည်နှင့် တပြိုင်နက် ရှမ့်လန်သည် ကျန်းလီနှင့် အဆင့်တူညီသွားပေလိမ့်မည်။ ကောင်းကင်မျှော်ရုပ်တုကြီး၏ ထိပ်တန်း လုပ်ပိုင်ခွင့် အာဏာ အားလုံးကိုလည်း ဖွင့်လှစ်နိုင်ပလိမ့်မည်။ နတ်ဘုရားအကြည့်အပါအဝင် ဖြစ်သည်။
ထိုမျှမကသေးပေ။ ရှမ့်လန်သည် အဆင့်မြင့် နဂါးဉာဏ်အလင်း ပြီးမြောက်သည်နှင့် တပြိုင်နက် ကျန်းလီ၏ နဂါးနောင်တ အားလုံးနှင့် ကောင်းကင်ခံတပ် အားလုံးကို ပြုပြင်နိုင်စွမ်း ရှိလာပေလိမ့်မည်။
အရေးအကြီးဆုံးအချက်မှာ အဆင့်မြင့် နဂါးဉာဏ်အလင်း ပြီးမြောက်သည်နှင့် တပြိုင်နက် ရှမ့်လန်သည် ကျန်းမိသားစု ၏ ဧရာမ နဂါးကို ပြန်လည်ထိန်းချုပ်နိုင်မည့် မျှော်လင့်ချက် ရှိလာပေလိမ့်မည်။ ကျန်းလီသည် ပထမဆုံး နဂါးစာချုပ် ချုပ်ဆိုသူ ဖြစ်သော်လည်း နဂါး၏ဝိညာဉ်သည် ရှမ့်လန်ဘက်သို့ ယိမ်းယိုင်နေသည်။ ရှမ့်လန်သည် ၎င်းနှင့် နှစ်ဖက် သဘောတူ အပြန်အလှန် စာချုပ်မျိူး ချုပ်ဆိုထားသည်။ အရေးအကြီးဆုံးမှာ ရှမ့်လန်သည် နဂါးနှင့်အတူ အဆိုးအကောင်း အတူတကွ ဖြတ်သန်းခဲ့ဖူးသည်။
မြောက်ဝင်ရိုးစွန်း အပြောင်းအလဲဖြစ်စဉ်က နဂါးသည် နောက်ဆုံးအချိန်ထိ ကျန်းလီ၏ အမိန့်ကို ဆန့်ကျင်ရန် သူ့ဆန္ဒအားလုံးကို အသုံးပြုခဲ့သည်။ မြို့တော်ဖြူ၏ အမိုးခုံး စွမ်းအင်ဒိုင်းကို ဝင်မတိုက်ခဲ့ပေ။ ကျန်းမိသားစု၏ ဧရာမနဂါးသည် သူ့ထံသို့ ပြန်မလာချင်သော နေ့ရက်ဟူ၍ မရှိနိုင်ကြောင်း ရှမ့်လန် ယုံကြည်သည်။ ကျန်းလီ က သူ့ကို အလွန်အကျွံ ထိန်းချုပ်ထားသောကြောင့်သာ ဖြစ်မည်။
အကယ်၍ ရှမ့်လန်သာ နဂါးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့လျှင် ..... အခြေအနေသည် ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။ ရှေးဟောင်းအင်ပါယာမှ ယနေ့ခေတ်အထိ ဧရာမနဂါးသည် အဆုံးစွန် စွမ်းအား၊ စစ်ပွဲ၏ နတ်ဘုရား သားရဲ ဖြစ်သည်။
မြောက်ဝင်ရိုးစွန်း အပြောင်းအလဲဖြစ်စဉ်က ကျန်းလီသည် အခြားနဂါးတစ်ကောင်ကို အားကိုးပြီး မြို့တော်ဖြူ ၏ အမိုးခုံး စွမ်းအင်ဒိုင်းကို ဝင်တိုက်စေခဲ့သည်။ ထို့ကြောင့် သူသည် လောကကြီးတစ်ခုလုံးကို ဆယ်စုနှစ်များစွာ စောပြီး သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
ဧရာမ နဂါးကို ရရှိသည်နှင့် တပြိုင်နက် ရှမ့်လန်သည် ဤလောက၏ မည်သည့်ထောင့်တည်နေရာကိုမဆို လွယ်ကူစွာ သွားရောက်နိုင်မည်။ အင်ပါယာ ကျန်းလီ၏ မည်သည့် နေရာကိုမဆို ဝင်ရောက်နိုင်မှာဖြစ်ပြီး ရှေးဟောင်း နဂါးရေကန် အပါအဝင် ဖြစ်သည်။ ထိုနေရာတွင် ရှမ့်လန် လိုချင်သော အဆုံးအစမဲ့ ရောင်ခြည် စွမ်းအင်များ ရှိနေသည်။
အရေးအကြီးဆုံးမှာ အဆင့်မြင့် နဂါးဉာဏ်အလင်း ပြီးမြောက်သည်နှင့် တပြိုင်နက် ရှမ့်လန်သည် ကွဲပြားသော တိုက်ခိုက်မှုမျိုးကို ထုတ်လွှတ်နိုင်မည်။ အတိုချုပ် ပြောရလျှင် မိုကျင်းကို ကယ်တင်ပြီး အင်ပါယာ ကျန်းလီကို အနိုင်ယူလိုပါက တစ်ခုတည်းသော နည်းလမ်းမှာ အဆင့်မြင့် နဂါးဉာဏ်အလင်းကို ရရှိရန် ဖြစ်၏။
ထိုသို့ဆိုလျှင် အဆင့်မြင့် နဂါးဉာဏ်အလင်းက ဘယ်မှာရှိသနည်း။ အဖြေ မရှိပေ။ လောလောဆယ်တွင် အဆင့်မြင့် နဂါးဉာဏ်အလင်း တတ်မြောက်ထားသူမှာ ကျန်းလီ တစ်ဦးတည်းသာ ရှိသည်။ သူသည် သူ့ဆရာ အရင်းဖြစ်သူ၊ ရှေးဟောင်းထောင်မှ အကျဉ်းသား အမှတ် ၅၊ ဆရာကြီး ထံမှ သင်ယူခဲ့ခြင်း ဖြစ်သည်။
အမှောင်ဘုရင်မ ပြောစကားအရ ရှေးဟောင်းထောင်မှ လူတိုင်း အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ ဆရာကြီးကြောင့် ဖြစ်သည်။ သို့သော်ငြား ဆရာကြီးသည် ကြက်ကလေး တစ်ကောင်ကိုပင် ဖမ်းနိုင်သော အားမရှိသူ ဖြစ်သည်။ ထို့အပြင် သူသည် လုံးဝ အသုံးမဝင်သူ ဖြစ်သည်။ သူ ဘယ်ရောက်သွားမှန်း မည်သူမှ မသိကြပေ။
ထိုသို့ဆိုလျှင် တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးများထဲတွင် အဆင့်မြင့် နဂါးဉာဏ်အလင်း ရှိသည်လား။ ရှမ့်လန် မသိပေ။ ရှိလောက်သည်ဟု ထင်ရသည်။ ဘာပဲဖြစ်ဖြစ် အလယ်အလတ်အဆင့် နဂါးဉာဏ်အလင်းကို တော်ဝင်ကပ်ဘေး ဘုရားကျောင်းက သူ့ကို ပေးခဲ့ခြင်း ဖြစ်၏။
သို့သော်ငြား ရှေးဟောင်းထောင်မှ အကျဉ်းသား အမှတ် ၃ သည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ဖြစ်သည်။ အကယ်၍ သူသာ အဆင့်မြင့်နဂါးဉာဏ်အလင်းကို သိရှိပါက ရှမ့်လန်ကို သင်ပေးခဲ့ပြီး ဖြစ်ပေ လိမ့်မည်။
ဘာပဲဖြစ်ဖြစ် ရှမ့်လန်၏ နိဗ္ဗာနဖြစ်စဉ်ကို ထိုသူနှင့် နဂါးမယ်တော်တို့က ပြီးမြောက်စေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ကျန်းရှဲ့၏ အဆင့်မြင့် နဂါးဉာဏ်အလင်းသည် ဆရာကြီးထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ထံမှ မဟုတ်ပေ။
ထို့အပြင် တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးများထဲတွင် အဆင့်မြင့် နဂါးဉာဏ်အလင်းနှင့် ပတ်သက်သော သတင်းအချက်အလက် ရှိလျှင်ပင် တော်ဝင်ကပ်ဘေး ဘုရားကျောင်းက မည်သည့် နေရာတွင် ရှိသနည်း။ ကန်ဝမ် နှင့် ရှန့်ကုန်း ဘုရားကျောင်းမှ လူတွေ ထိုနေရာကို ရှာတွေ့ခဲ့သည်လား။
ကျူးဟုန်ရွှဲ့နှင့် နင်ဟန် ပြောသော စကားကို ရှမ့်လန် သတိရလိုက်မိသည်။ ကန်ဝမ်နှင့် ရှန့်ကုန်း ဘုရားကျောင်းက လူများသည် မိုကျင်း၏ စွမ်းအင်ဒိုင်းသို့ ရောက်လာပြီး ဆက်သွယ်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်ငြား ကျိုးရှီက ငြင်းပယ်ခဲ့သည်။ ကျိုးရှီက ကျန်းလီ၏ ပရိယာယ် ဖြစ်မည်ကို စိုးရိမ်ခဲ့သောကြောင့် ဖြစ်သည်။ ယခုမူ အမှန်လား၊ အမှားလား ခွဲခြားရန် ခက်ခဲနေပြီဖြစ်သည်။
..........
ကျိုးရှီသည် မြေအောက်ထောင်တွင် အကျဉ်းချခံထားရသည်။ ရှမ့်လန် သူ့ကို ပြန်တွေ့ချိန်မှာတော့ သူ့မျက်နှာပေါ်မှ ဒဏ်ရာ ကျက်သွားပြီ ဖြစ်သည်။ သူ့သွေးမျိုးဆက်သည် သန်မာဆဲ ဖြစ်သည်။ သို့သော်ငြား ဒဏ်ရာ ကျက်သွားပြီးနောက် ကျိုးရှီ၏ ပုံစံသည် ပို၍ ကြောက်မက်ဖွယ် ကောင်းနေ၏။
သူ့မျက်နှာတွင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် မရှိတော့ပေ။ မျက်လုံးနေရာတွင် အနက်ရောင် အပေါက်နှစ်ပေါက်သာ ကျန်ရှိတော့သည်။ မျက်နှာတစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ကိုယ့်မျက်နှာကိုယ် ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
သူ့ကို မြင်လိုက်ရချိန်မှာတော့ စိတ်နှလုံး သေဆုံးနေခြင်း ဆိုသည်မှာ ဘာလဲ ရှမ့်လန် နားလည်သွားခဲ့သည်။ သူ့မျက်လုံးများသည် သက်မဲ့ ဖြစ်နေသည်။ ခြောက်သွေ့နေသော ရေတွင်းတစ်တွင်း ကဲ့သို့ပင်။ ရှမ့်လန်ကို မြင်ချိန်မှာတော့ သူ တုန်လှုပ်သွားသည်။ ထို့နောက် မြေကြီးပေါ်တွင် ဒူးထောက်ပြီး မလှုပ်မယှက် နေ,နေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ရှမ့်လန် စိတ်မကောင်း ဖြစ်သွားမိသည်။ ယခင်က ကျိုးရှီသည် မည်မျှ တက်ကြွပြီး ယုံကြည်မှု ရှိခဲ့သနည်း။ ယခုမူ သူ့ကျောရိုး ကျိုးသွားရုံမက ခန္ဓာကိုယ်ထဲမှ အကြောများ အားလုံး ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
ရင်ကွဲစရာ ကောင်းလှသည်။ နှိုင်းယှဉ်ကြည့်လျှင် ဂိုဏ်းချုပ်ရန်သည် ဆိုးရွားစွာ သေဆုံးခဲ့သော်လည်း သူသည် တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်သောကြောင့် ကျိုးရှီလောက် အောက်ကျနောက်ကျ မဖြစ်ခဲ့ပေ။
ရှမ့်လန်က ပြောလိုက်၏။ “နန်းဆောင်သခင် ကျိုးရှီ... လောကကြီးကို ကယ်တင်မယ့် ကိစ္စမှာ တကယ်တော့ ခင်ဗျားထင်တာထက် ကျုပ် ပိုပြီး ယုံကြည်မှု ရှိပါတယ်။ ပြီးတော့ ကျုပ်ခေါင်းထဲမှာ အကြံဉာဏ်တချို့ ရှိနေပုံရတယ်။ ကျုပ် အစီအစဉ်ထဲမှာ ငရဲသလင်းကျောက်ဟာ လောကကြီးကို ကယ်တင်ဖို့နဲ့ မဟာနိဗ္ဗာန ပျက်သုန်းခြင်း ကပ်ဘေးကြီးကို ကျော်ဖြတ်ဖို့ အဓိက အစိတ်အပိုင်း တစ်ခုပဲ။
ဒါပေမဲ့ ကျုပ်က ကျန်းလီလို ငရဲသလင်းကျောက်ကို အသုံးပြုမှာ မဟုတ်ပါဘူး။ ပိုပြီး ယုတ္တိရှိတဲ့ နည်းလမ်းနဲ့ အသုံးပြုမှာပါ။ ဒါပေမဲ့ အဲဒီမတိုင်ခင် ကျုပ် ကျန်းလီကို အရင် အနိုင်ယူပြီး လောကကြီးကို ထိန်းချုပ်ရပါမယ်။ ခင်ဗျား ကျုပ်ကို မယုံလည်း ကိစ္စမရှိပါဘူး။”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “တကယ်တော့ ကျုပ်နဲ့ယှဉ်ရင် အရှင်ကျန်းလီက ကယ်တင်ရှင်နဲ့ ပိုတူပါတယ်။ သူက နတ်ဘုရားနဲ့ ပိုတူပြီး ကျုပ်က သာမန်လူသား တစ်ယောက်ပါ။ ဒါပေမဲ့ သူ ပြောခဲ့တဲ့ စကားတစ်ခွန်း က အရမ်း ကောင်းပါတယ်။ အစွမ်းကုန် ကြိုးစားပါ တဲ့။”
***