ကျိုးရှီ ခေါင်းမော့လိုက်သည်။ သူသည် ကျန်းလီအပေါ်အလွန် ရန်လိုသော်လည်း ကျန်းလီ၏ စကားများသည် ဆွဲဆောင်မှု ရှိ၏။
ရှမ့်လန် ဆက်ပြောလိုက်သည်။ “ကျန်းလီက အစွမ်းကုန် ကြိုးစားပါလို့ ပြောတာဟာ သူ အစွမ်းကုန် ကြိုးစားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျုပ် အစွမ်းကုန် ကြိုးစားရမယ်လို့ ဆိုလိုတာပါ။
လောကကြီးကို ကယ်တင်ဖို့ တခြားလမ်းကြောင်းကို ကြိုးစားချင်ရင် သူ့ကိုအနိုင်ယူဖို့ အစွမ်းကုန် ကြိုးစားရပါမယ်။ ဒီလောကကြီးမှာရှိတဲ့ အရင်းအမြစ်နဲ့ဆိုရင် ကယ်တင်ခြင်းလမ်းကြောင်း တစ်ခုတည်းပဲ ရှိပါတယ်။ အရံ အစီအစဉ် မရှိဘူး။ ကျုပ် ပြောတာ သဘောပေါက်လား။”
ကျိုးရှီ ခေါင်းညိတ်လိုက်၏။ “သဘောပေါက်ပါတယ်။ သန်မာသူက ရှင်သန်ခွင့် ရမယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါကြောင့် ကျုပ်တို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ရှင်သန်ခွင့်ရမှာပါ။ ရှင်သန်တဲ့သူက သူ့ရဲ့ ကယ်တင်ခြင်းလမ်းကြောင်းကို အကောင်အထည် ဖော်နိုင်မှာပါ။ ကျုပ် လမ်းကြောင်း က ပိုကောင်းကြောင်း ပြသဖို့အတွက် သူ့ကို မဖြစ်မနေ အနိုင်ယူရပါမယ်။ သူ့ကို အနိုင်ယူလိုက်တာနဲ့ ကျုပ်ရဲ့ ရှင်သန်နိုင်ခြေက သူ့ထက် ပိုများသွားမှာပါ။”
နားလည်ရခက်သော်လည်း ကျိုးရှီ နားလည်လိုက်မိ၏။
“ကျန်းလီနဲ့ ကျုပ် သေရေးရှင်ရေး တိုက်ခိုက်နေကြတာပါ။ ဘာလို့လဲဆိုတော့ တစ်ယောက်ပဲ ရှင်သန်ခွင့် ရမှာမို့လို့ပါ။ ဒါပေမဲ့ ဒါက လူကြီးလူကောင်းဆန်တဲ့ တိုက်ပွဲပါ။ အနိုင်ရသူကသာ ပိုမှန်ကန်ပြီး လောကကြီးကို ကယ်တင်နိုင်မှာပါ။”
ကျိုးရှီ နောက်တစ်ကြိမ် ဒူးထောက်ပြီး ဦးတိုက်လိုက်သည်။
ရှမ့်လန်က မေးလိုက်၏။ “ကန်ဝမ်ရဲ့လူတွေ မိုင်တစ်သောင်းသဲကန္တာရကြီးနဲ့ မိုကျင်းကို ရောက်လာကြတယ် မဟုတ်လား။”
ကျိုးရှီက ဖြေသည်။ “ဟုတ်ပါတယ်။ ပြီးတော့ မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်တဲ့ အကြီးအကဲ ကျိမင်ပါ ပါတယ်။”
အကြီးအကဲ ကျိမင်၊ ရှမ့်လန်အတွက်ပင်လျှင် သူသည် မိတ်ဆွေဟောင်းတစ်ဦး ဖြစ်သည်။ တောင်ပင်လယ်တွင် ရှိစဉ်က သူသည် ရှမ့်လန်ကို များစွာ ကူညီခဲ့ဖူးသည်။
ကျိုးရှီက ပြောလိုက်သည်။ “ကျုပ် သူ့ကို မိုကျင်းထဲ ဝင်ခွင့်မပေးခဲ့ပါဘူး။ ဒါပေမဲ့ သူ ကျုပ်ဆီ မြေပုံတစ်ခု ထားခဲ့ပါတယ်။ အဲဒီမြေပုံက ကျုပ်ရဲ့စာကြည့်ခန်းထဲက ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း စာအုပ်ကြားထဲမှာ ရှိပါတယ်။”
‘ဟမ်... နန်းဆောင်သခင် ကျိုးရှီ... ခင်ဗျား လွန်လွန်းတယ်။ ဘာလို့ မြေပုံကို ကျုပ်ရဲ့ မာယာမျဉ်းပြိုင်များ စာအုပ်ထဲမထည့်ဘဲ ကျင်းမူကုန်းရဲ့ ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းစာအုပ်ထဲ ထည့်ရတာလဲ။ ကျုပ်ကို အထင်သေး တာလား။’
သေချာသည်မှာ ကျိုးရှီ မြေပုံကို စာအုပ်ကြားထဲ ပေါ့ပေါ့ဆဆ ထည့်ထားရခြင်းမှာ မြေပုံကို ကြည့်ရုံဖြင့် ဘာမှ မမြင်နိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် မြေပုံကို အလွတ်ရနေပြီ ဖြစ်သည်။ နန်းဆောင်သခင် ကျိုးရှီက ပြောလိုက်၏။ “ဒါပေမဲ့ အရှင်... အကြီးအကဲကျိမင်ရဲ့ စိတ်ဝိညာဉ်ကို ကျန်းလီ အနိုင်ယူထားခြင်း ရှိ၊ မရှိ ကျုပ် အာမမခံနိုင်ဘူး။ သူ ပူးကပ်ခံထားရလား ဆိုတာတောင် ကျုပ် မသိဘူး။ ဒါကြောင့် အဲဒီမြေပုံ အစစ် ဟုတ်၊ မဟုတ် အာမမခံနိုင်ပါဘူး။ ကျုပ် အကြိမ်ကြိမ် လေ့လာခဲ့ပေမဲ့ ဘာမှ မတွေ့ခဲ့ဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ်။”
သူ မြေအောက်ထောင်မှ ထွက်ခွာပြီး ကျိုးရှီ၏ စာကြည့်ခန်းသို့ သွားလိုက်သည်။ ကျိုးရှီ၏ စာအုပ်စင်ပေါ်တွင် စာအုပ်များစွာ ရှိသည်။ ထိုအထဲတွင် ရှမ့်လန်၏ မာယာမျဉ်းပြိုင်များနှင့် ကျင်းမူကုန်း၏ ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းတို့ ပါဝင်သည်။ နောက်စာအုပ်မှာ အဖတ်များလွန်းသဖြင့် စာရွက်အနားများပင် စုတ်ပြဲနေပြီ ဖြစ်သည်။
ရှမ့်လန် နားလည်ပေးနိုင်သည်။ ဤမျှ ဖိအားများသော ပတ်ဝန်းကျင်တွင် ကျိုးရှီသည် လေးနက်သော စာပေများကို မဖတ်ချင်ဘဲ ပေါ့ပေါ့ပါးပါး ဝတ္ထုများကိုသာ ဖတ်ချင်မည်။ ရှမ့်လန်သည် စာအုပ်ကြားထဲမှ မြေပုံကို လွယ်ကူစွာ ရှာတွေ့လိုက်သည်။ မြေပုံကို မြင်လိုက်ရချိန်မှာတော့ ရှမ့်လန် အံ့သြသွားသည်။ ဤမြေပုံကို လျှို့ဝှက်ထားရန် မလိုခြင်းမှာ မဆန်းပေ။ ထိုအရာသည် သာမန် လောကမြေပုံတစ်ခုနှင့် တူညီနေ၏။
တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးများ၏ တည်နေရာကို ဤမြေပုံတွင် ညွှန်ပြထားခြင်း မရှိဘူးလား။ နန်းဆောင်သခင် ကျိုးရှီသည် ထိုအရာကို အကြိမ်ကြိမ် လေ့လာခဲ့သော်လည်း အရာမထင်ခဲ့ပေ။ သို့သော်ငြား ဤအချက်ကပင် ရှမ့်လန်၏စိတ်ဝင်စားမှုကို နှိုးဆွလိုက်သည်။ မြေပုံတစ်ခုသည် လျှို့ဝှက်နက်နဲလေ ပို၍ အရေးပါလေ ဖြစ်သည်။
ထိုအချိန်၌ နင်ဟန်သည် ကမန်းကတန်း ဝင်ရောက်လာခဲ့သည်။ “အရှင်... ကိုယ်တိုင် ကြွရောက် ရှုစားတော်မူပါ။ ပုံရိပ်ယောင်နံရံရဲ့ စွမ်းအင်ဗဟိုချက်မှာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေပါတယ်။”
ရှမ့်လန် တုန်လှုပ်သွားရ၏။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ အင်ပါယာကျန်းလီသည် မိုကျင်း၏ စွမ်းအင်ဒိုင်းကာကို တိုက်ခိုက်နေဆဲ ဖြစ်သော်လည်း ပျက်စီးသွားရန်မှာ နာရီပေါင်း ၇၀၀ ခန့် လိုအပ်နေသေးသည် မဟုတ်ပါလား။ ပုံရိပ်ယောင်နံရံ၏ စွမ်းအင်ဗဟိုချက်သည် အလိုအလျောက်စနစ်သို့ ဝင်ရောက်နေပြီး ဖြစ်ရာ မည်သည့် အပြောင်းအလဲမှ မရှိသင့်ပေ။
ရှမ့်လန်သည် အလျင်အမြန် ပြေးထွက်သွားခဲ့၏။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
မိုကျင်းတစ်မြို့လုံးသည် တုန်လှုပ်ဖွယ်ရာအလင်းရောင်များဖြင့် ထပ်မံ လွှမ်းခြုံသွားခဲ့ပြန်၏။ မိုကျင်း စွမ်းအင်ဒိုင်းကာ ၏ အပြင်ဘက်၌ နဂါးနောင်တ လက်နက်ကြီးတစ်ခု ထပ်မံပေါက်ကွဲသွားပြန်သည်။
ထိုပေါက်ကွဲမှုသည် မိုကျင်း၏ လက်ကျန်စွမ်းအင်အချို့ကို ဝါးမျိုသွားခဲ့သည်။ လောကပျက်ကပ် ဆိုက်ရောက်လာသည့်နှယ် ခံစားလိုက်ရ၏။ မရေမတွက်နိုင်သော မိုကျင်းမြို့သူမြို့သားများမှာ အိပ်ရာမှ လန့်နိုးလာကြပြီး ထိုမြင်ကွင်းကို ကြည့်ကာ သူတို့၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
သို့သော်ငြား ရှမ့်လန်ကို မြင်လိုက်ရသည့်အခါ၌ လူတိုင်းလိုလို ဒူးထောက်ပြီး အရိုအသေ ပြုလိုက်ကြသည်။ “အရှင် သက်တော်ရာကျော် ရှည်ပါစေ။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
ထိုအသံများထဲတွင် မျှော်လင့်ချက်၊ ဆန္ဒနှင့် ရိုသေလေးစားမှုတို့ ကိန်းအောင်းနေ၏။
ရှမ့်လန်သည် ခေါင်းညိတ်ပြလိုက်ပြီး ဧရာမ ပိရမစ်ကြီး၏ ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ထင်မှတ် ထားသည့်အတိုင်း ပုံရိပ်ယောင်နံရံ၏ ထိန်းချုပ်ခန်းတွင် မကြုံစဖူး ထူးခြားသော တုန်ခါမှုများ ဖြစ်ပေါ်နေ၏။ ယခင်က တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသော တုန်ခါမှုမျိုး ဖြစ်သည်။
ရှမ့်လန်သည် ထိန်းချုပ်ခန်းထဲသို့ ချက်ချင်းဝင်ရောက်လိုက်ပြီး နဂါးအသိစိတ်နယ်ပယ်ထဲသို့ ဝင်ရောက်လိုက် သည်။ ထိုအခါ အလွန်တရာ ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရ၏။ သူ၏ အိပ်မက်များထဲထိ တမ်းတနေတတ်ပြီး နှလုံးသားထဲထိ စွဲထင်နေသော အသံပိုင်ရှင် ဖြစ်၏။
“မိုင်တစ်သောင်း သဲကန္တာရ... မိုင်တစ်သောင်း သဲကန္တာရ... ကျွန်မက ကျင်းမူလန်ပါ။ ကျင်းမူလန်ပါ။”
... ...
“သဲကန္တာရကြီး... ကျွန်မ ကျင်းမူလန်ပါ။ ကျင်းမူလန်ပါ။”
ရှမ့်လန်က လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ “မူလန်... မူလန်... ငါပါ။ မင်းယောက်ျားပါ။”
သို့သော်ငြား တစ်ဖက်မှ တုံ့ပြန်သံမကြားရဘဲ စက်ရုပ်ဆန်စွာ ဆက်လက်ပြောဆိုနေသည်။
“ကျေးဇူးပြုပြီး အရေးကြီး အချက်အလက်တွေကို မှတ်တမ်းတင်ပါ။ ၃၂၅၇၊ ၃၄၈၇၊ ၅၅၂၈၊ ၄၅၂၊ ၇၊ ၈၈၉၉...”
ရှမ့်လန် ကြောင်အသွားရ၏။ ဤမြင်ကွင်းသည် နားထဲတွင် ရင်းနှီးနေရုံသာမက အမြင်အာရုံတွင်ပါ အလွန်တရာ ရင်းနှီးနေသည်။ မည်သို့သော လုပ်ဆောင်ချက်မျိုးနည်း။ ကျင်းမူလန်၏ အသံကို ကြားနေရသော်လည်း ဂဏန်းများသာ တောက်လျှောက် ရွတ်ဆိုနေခြင်း ဖြစ်၏။ အချိန်အတန်ကြာသည်အထိ ရာနှင့်ချီသော ဂဏန်းများကို ရွတ်ဆိုနေခဲ့၏။
ထို့နောက် ကျင်းမူလန်သည် ရှည်လျားသော ဂဏန်းတွဲများကို ထပ်မံ ရွတ်ဆိုပြန်၏။ ထို့နောက် သူမက ဆက်လက်ပြောဆိုလိုက်သည်။ “မိုင်တစ်သောင်းသဲကန္တာရအနေနဲ့ မှတ်တမ်းတင်ထားပေးပြီး ကျွန်မရဲ့ ယောက်ျားဆီကို မရမက ပေးပို့ပေးပါ။
မိုင်တစ်သောင်း သဲကန္တာရကို တောင်းဆိုပါတယ်။ မှတ်တမ်းတင်ထားပြီး ကျွန်မရဲ့ ယောက်ျားဆီကို မရမက လက်ဆင့်ကမ်း ပေးပို့ပေးပါ။”
ဤသည်မှာ လက်ရှိပြောဆိုနေသောစကားမျိုးမဟုတ်ဘဲ ကြိုတင်ပေးပို့ထားသော သတင်းစကားမျိုး မဖြစ်ကြောင်း ရှမ့်လန် နားလည်လိုက်၏။
ရှေးဟောင်းအင်ပါယာသည် ခရီးဝေး ဆက်သွယ်ရေးစနစ်တွင် ကြီးမားသော တိုးတက်မှု ရရှိထားသည်မှာ ထင်ရှားလှသည်။ ဤသည်မှာ ပုံမှန်ပင်။ ရှေးဟောင်းအင်ပါယာသည် အလွန်ကြီးမားကျယ်ပြန့်ပြီး သဲကန္တာရကြီး တစ်ခုလုံးမှာ သူတို့၏ ပိုင်နက်ဖြစ်သည်။ မြို့ပေါင်းတစ်ရာခန့် ရှိရာ သေချာပေါက် ဆက်သွယ်ရေး စနစ် ရှိပေလိမ့်မည်။ မူလန်၏စကားသံသည် အလွန်ဝေးကွာသော နေရာတစ်ခုမှ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။
ရှမ့်လန်က မေးမြန်းလိုက်၏။ “ထိန်းချုပ်ခန်း... ဒီသတင်းစကားရဲ့ မူလရင်းမြစ်ကို ခြေရာခံလို့ရနိုင်မလား။”
ပုံရိပ်ယောင်နံရံ ထိန်းချုပ်ခန်းက ပြန်လည်ဖြေကြားသည်။ [ထိုလုပ်ဆောင်ချက် မရှိပါ]
ရှမ့်လန်သည် ကုဒ်များကို စိတ်ထဲ၌ လျင်မြန်စွာ အဖြေဖော်လိုက်သည်။ ဤသည်မှာ ရှမ့်လန်နှင့် မူလန်သာ နားလည်နိုင်သော လျှို့ဝှက်ကုဒ် ဖြစ်၏။
ပထမဆုံးအနေဖြင့် ဤသည်မှာ အင်္ဂလိပ် စာအုပ်တစ်အုပ် ဖြစ်၏။ ဤစာအုပ်ကို မူလန် ဖတ်ရှုရန် ရှမ့်လန် ကိုယ်တိုင် အထူးတလည် ရေးသားထားခြင်း ဖြစ်သည်။ အင်္ဂလိပ်လို ရေးသားရခြင်းမှာ ကြွားဝါလို၍ မဟုတ်ပေ။ ပါဝင်သောအကြောင်းအရာများမှာ အလွန်တရာ လျှို့ဝှက်လွန်းသဖြင့် မူလန် တစ်ဦးတည်းသာ ဖတ်ရှုစေလိုသောကြောင့် ဖြစ်သည်။
ထို့ကြောင့် မူလန်၏ ကုဒ်များသည် စာမျက်နှာနှင့် စာလုံးများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ထိုအင်္ဂလိပ် စာလုံးများကို စုစည်းပြီး ပင်းယင်းအသံဖြင့် ဖတ်လိုက်ချိန်မှာတော့ မူလန်၏ လျှို့ဝှက်ပေးစာ ဖြစ်လာသည်။ ကုဒ်ထဲတွင် စာလုံးရေ ရာပေါင်းများစွာ ပါဝင်သော်လည်း အဓိပ္ပာယ်ဖော်လိုက်ချိန်မှာတော့ စကားလုံး အနည်းငယ်သာ ထွက်ပေါ်လာ၏။
“ယောက်ျား... တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီးဆီကို လာခဲ့ပါ။ ရှင်တို့ဆီကို မြေပုံ ပို့ပေးထားတယ်လို့ ကြားတယ်။”
ဤစာကို မြင်လိုက်ရချိန်မှာတော့ ရှမ့်လန်မှာ ကြောင်အသွားရသည်။ ဘိုးဘေးလော်နှင့် တွေ့ဆုံပြီးတည်းက မူလန်သည် မယုံနိုင်စရာ ကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ သူမ လုပ်ဆောင်သမျှ အရာအားလုံးသည် ရှမ့်လန်အတွက်သာ ဖြစ်၏။ ရှီလွန်အင်ပါယာတွင် နဂါးကြီး၏ ခြေရာများကို ရှာဖွေရာ၌ ရှမ့်လန်အား ကူညီပေးခဲ့ပြီး နုရှောင့်မြို့သို့ လူလွှတ်ကာ သတင်းပို့စေခဲ့သည်။
ယခုလည်း သဲကန္တာရကြီးဆီသို့ သတင်းရောက်ရှိအောင် အစွမ်းကုန် ကြိုးစားနေပြန်သည်။ ရှမ့်လန် မသေသေးကြောင်း သူမ မည်သို့ သိရှိသနည်း။ တိတိကျကျ ပြောရလျှင် သူမ သိချင်မှ သိပေလိမ့်မည်။ သို့မဟုတ် ရှမ့်လန် မသေနိုင်ကြောင်း သူမ လုံးဝ ယုံကြည်နေခြင်း ဖြစ်နိုင်၏။ ဤသည်မှာ သူမ၏ အခိုင်မာဆုံးသော ယုံကြည်ချက် ဖြစ်ပေလိမ့်မည်။
ယခုအခါ မူလန်နှင့် ဘိုးဘေးလော်တို့သည် ကြီးမားသော တွေ့ရှိမှုကြီးတစ်ခုကို ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်လည်း သဲကန္တာရကြီးဆီသို့ အကြောင်းကြားရန် ဤနည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်၏။
မူလန် ဘာများ တွေ့ရှိခဲ့သနည်း။
ထို့အပြင် တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီး မြေပုံကို ပေးပို့လိုက်ပြီဟု သူမ ပြောကြားခဲ့သည်။ နန်းဆောင်သခင်ကျိုးရှီ စာအုပ်ထဲတွင် ထည့်ပေးလိုက်သော မြေပုံကို ဆိုလိုခြင်းလား။ သို့သော်ငြား ထိုမြေပုံတွင် မည်သည့် သတင်းအချက်အလက်မှ မပါဝင်သလောက်ပင်။ သာမန်မြေပုံ တစ်ရွက်သာ ဖြစ်သည်။ နန်းဆောင်သခင်ကျိုးရှီသည် ထိုမြေပုံကို နှစ်ပေါင်းများစွာ လေ့လာခဲ့သော်လည်း အရာမထင်ခဲ့ပေ။
ရှမ့်လန် ကိုယ်တိုင်လည်း ဤမြေပုံမှာ အလွန် ရိုးရှင်းပြီး အကြမ်းဖျဉ်း ရေးဆွဲထားသော သာမန် လောကမြေပုံတစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့ရ၏။ အရေးကြီးသော နေရာများကို အမှတ်အသား ပြုထားခြင်း မရှိပေ။ ထို့ကြောင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးနေရာကို ရှာဖွေ၍ မတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား မူလန်က မြေပုံပို့လိုက်သည်ဟု ပြောထားရာ သေချာပေါက် ပို့လိုက်ခြင်းပင် ဖြစ်ရပေမည်။
ရှမ့်လန်သည် မြေပုံကို ပြန်လည်ထုတ်ယူကာ သေချာစွာ လေ့လာကြည့်လိုက်၏။ ရိုးရိုးသားသား ပြောရလျှင် ရှမ့်လန် ဘာမှ မမြင်ရသေးပေ။ ဤသည်မှာ သာမန် လက်ဆွဲ လောကမြေပုံတစ်ခုသာ ဖြစ်၏။ မျဉ်းကြောင်းတိုင်းသည် ညီညာနေပြီး အထူအပါး ကွာခြားမှုပင် မရှိချေ။ ထို့အပြင် မြေပုံပေါ်ရှိ မည်သည့်ဧရိယာတွင်မှ သဲလွန်စ မရှိပေ။ အစက်ကလေး တစ်စက်ပင် မပါရှိချေ။
မြေပုံမှာ အကြမ်းဖျဉ်း ရေးဆွဲထားသော်လည်း လက်ရာမှာမူ အလွန် တိကျ၏။ သို့သော်ငြား စာရွက်တစ်ရွက်သာ ဖြစ်သည့်အတွက် မြေပုံ၏ ရှုပ်ထွေးသော အနားသတ်များနှင့် အနိမ့်အမြင့်များကို တိကျစွာ ဖော်ပြနိုင်ခြင်း မရှိပေ။
ရှမ့်လန်သည် ထပ်ကာထပ်ကာ ရှာဖွေကြည့်ရှုလိုက်သည်။ မည်သည့် စွမ်းအင်မှ တွဲကပ်မနေသလို အလွှာများ၊ စွမ်းအင် ရောင်ပြန်ဟပ်မှုများလည်း မရှိပေ။ အတိုချုပ်ပြောရလျှင် ဤသည်မှာ မည်သူ့ကိုမဆို ပြသနိုင်သော သာမန် လက်ဆွဲမြေပုံတစ်ခုသာ ဖြစ်၏။
ထို့အပြင် နဂါးအသိစိတ်နယ်ပယ်ဖြင့် ဝင်ရောက် ဖတ်ရှု၍လည်း မရနိုင်ပေ။ ရှမ့်လန်သည် ပုံရိပ်ယောင်နံရံ၏ စွမ်းအင် ထိန်းချုပ်ခန်းထဲသို့ ယူဆောင်သွားပြီး ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားကြည့်လိုက်၏။ ရလဒ်မှာ အတူတူပင် ဖြစ်သည်။ သာမန် မြေပုံတစ်ခုသာ ဖြစ်သည်။
သို့သော်ငြား ဤမြေပုံကို မဟာပညာရှင် ကန်ဝမ် ကိုယ်တိုင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြေပုံ ပို့လိုက်ပြီဟု မူလန်က ပြောကြားခဲ့သေး၏။ ထိုသို့ဖြစ်လျှင် တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးနှင့် ပတ်သက်သော သတင်းအချက်အလက်များ သေချာပေါက် ရှိရပေမည်။ ရှိကို ရှိရမည်။
ရှမ့်လန်သည် မျက်လုံးကို မှိတ်လျက် မြေပုံကို ထပ်မံ လေ့လာလိုက်၏။ ဘာမှ ရှာမတွေ့သေးပေ။ သူသည် ပုံရိပ်ယောင်နံရံ၏ စွမ်းအင် ထိန်းချုပ်ခန်းထဲသို့ မနေနိုင်မထိုင်နိုင် ထပ်မံ ဝင်ရောက်သွားမိပြန်သည်။ အခြား ရည်ရွယ်ချက် မရှိပေ။ မူလန်၏ အသံကို ထပ်မံ ကြားချင်ရုံ သက်သက်သာ ဖြစ်၏။
ကြာလွန်းခဲ့ပြီ မဟုတ်ပါလား။ နှစ်ပေါင်း မည်မျှ ကြာခဲ့ပြီနည်း။ သူတို့နှစ်ဦးသည် မြို့တော်ဖြူရဲတိုက်၏ တောင်ဘက်၌ တစ်ကြိမ်သာ တွေ့ဆုံခဲ့ရပြီး သုံးရက်ကြာ အတူနေထိုင်ခဲ့ရသည်။ ထို့နောက်ပိုင်း နှစ်ပေါင်း ၃၀ နီးပါး ခွဲခွာခဲ့ရ၏။ ရှမ့်လန်နှင့်သာ လက်မထပ်ခဲ့လျှင် မူလန်သည် ဆယ်စုနှစ်များစွာ လှည့်လည်သွားလာ နေစရာ အကြောင်း ရှိမည် မဟုတ်ပေ။
မူလန်၏ အသံကို ကြားလိုက်ရပြီးနောက် ရှမ့်လန်၏ နှလုံးသားတစ်ခုလုံး ငြိမ်းချမ်းသွားခဲ့ရသည်။ ခန္ဓာကိုယ် တစ်ခုလုံး ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်လာ၏။ ထို့နောက် သူသည် မြေပုံကို ထပ်မံ ထုတ်ယူ၍ လေ့လာလိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ရှမ့်လန်သည် သဲလွန်စအချို့ကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းလှသည်။ ဤမြေပုံမှာ လက်ဆွဲမြေပုံ အစစ်အမှန် ဖြစ်၏။ အလွန် ရှေးကျပြီး အကြမ်းထည်ပုံ ပေါက်နေသည်။ အလွှာများ၊ ဖုံးကွယ်ထားသောနေရာများ မရှိပေ။ သို့သော်ငြား မြေပုံ၏ ဖွဲ့စည်းပုံ ထောင့်ချိုး မှာ အလွန် စိတ်ဝင်စားဖွယ်ရာကောင်း၏။
***