ပုံမှန်အားဖြင့် လောကမြေပုံအများစုသည် အမိနိုင်ငံကို ဗဟိုပြုပြီး ဆွဲထားခြင်းမျိုးဖြစ်သည်။ တရုတ်ဆိုလျှင် တရုတ်ကို ဗဟိုပြုမည်ဖြစ်ပြီး အမေရိကန်ဆိုလျှင် အမေရိကန်ကို ဗဟိုပြုပေလိမ့်မည်။ တစ်ချို့သောမြေပုံများမှာ မြောက်ဝင်ရိုးစွန်းကို ဗဟိုပြုကြပြီး တစ်ချို့မှာ တောင်ဝင်ရိုးစွန်းကို ဗဟိုပြုသည်။
ဤမြေပုံ၏ ဗဟိုချက်မှာမူ ဟာလာဟင်းလင်း ဖြစ်နေသော သမုဒ္ဒရာပြင် ဖြစ်နေသည်။ ၎င်းသည် အီကွေတာ၏ တောင်ဘက်၊ သဲကန္တာရ၏ အနောက်ဘက်တွင် ရှိ၏။ ဆိုလိုသည်မှာ ဤမြေပုံကို ရေးဆွဲသူ သည် အနောက်ဘက်သမုဒ္ဒရာရှိ နေရာတစ်ခုမှနေ၍ လောကကြီးတစ်ခုလုံးကို ငုံ့ကြည့်နေခြင်း ဖြစ်၏။
ဤအချက်သည် တော်ဝင်ကပ်ဘေးဘုရားကျောင်း အပျက်အစီး တည်ရှိရာနေရာကို ညွှန်ပြနေခြင်း ဖြစ်၏။ မြေပုံ၏အပြင်ဘက်တွင် ဖုံးကွယ်ထားသဖြင့် လောကကြီးကို ငုံ့ကြည့်နေသော မျက်လုံးတစ်လုံးသဖွယ် ဖြစ်နေသည်။
ရှမ့်လန်သည် မြေပုံကို စိတ်အာရုံဖြင့် ချဲ့ကားကြည့်ရှုလိုက်၏။ ချဲ့ကားလိုက်သည်။ ထပ်မံ ချဲ့ကားလိုက်သည်။
အဆပေါင်း သောင်း၊ သိန်း၊ သန်းချီ၍ ချဲ့ကားလိုက်သည်။ ထိုအခါမှသာ ဤမြေပုံ၏ အံ့မခန်း ဆန်းကြယ်မှုကို သတိပြုမိလိုက်တော့သည်။ အဆမတန် ချဲ့ကားလိုက်သည့်တိုင် အလွန်တရာ တိကျနေဆဲ ဖြစ်၏။
သာမန်မျက်စိဖြင့် ကြည့်လျှင် အကြိမ်းထည်ဟု ထင်ရသော်လည်း အဆမတန် ချဲ့ကားလိုက်သည့်အခါ အလွန်တရာ အသေးစိတ်ကျနေကြောင်း တွေ့ရှိလိုက်ရ၏။ ကမ်းရိုးတန်း၏ အကွေ့အကောက်တိုင်းကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ယုံနိုင်စရာပင် မရှိပေ။
ဤမြေပုံကို မည်သူ ရေးဆွဲခဲ့သနည်း။ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။ လုံးဝ စိတ်ကူး၍ပင် မရနိုင်ပေ။ ကန်ဝမ်ကဲ့သို့သော လူမျိုးသာလျှင် ရေးဆွဲနိုင်လိမ့်မည်။ အပေါ်ယံကြည့်လျှင် မြေပုံပေါ်ရှိ မျဉ်းကြောင်းများသည် သာမန်ကလောင်တံဖြင့် ရေးဆွဲထားသကဲ့သို့ ထင်ရပြီး အနည်းငယ် အကြမ်းထည်ပုံ ပေါက်နေသည်။ သို့သော်ငြား မျဉ်းကြောင်းတစ်ခုစီတိုင်းသည် ရာပေါင်းများစွာသော မျဉ်းမျှင်လေးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဤသည်မှာ သစ်ကြားသီးပေါ်တွင် လှေပုံ ထွင်းထုခြင်းထက် များစွာ ပိုခက်ခဲသည်။ မြေပုံမှာ တစ်ခုတည်းဟု ထင်ရသော်လည်း လက်တွေ့တွင် ထပ်နေသော ပုံရိပ်ပေါင်းများစွာ ပါဝင်နေခြင်း ဖြစ်၏။ မူလက မြေပုံပေါ်ရှိ အစက်ကလေး တစ်စက်သည် မရေမတွက်နိုင်အောင် ချဲ့ကားလိုက်ပြီးနောက် ပြီးပြည့်စုံသော ကျွန်းတစ်ကျွန်း ဖြစ်လာခဲ့သည်။ ကျွန်း၏ ပုံသဏ္ဍာန်ပင်လျှင် ပြည့်စုံနေ၏။
သို့သော်ငြား သတင်းအချက်အလက် နှစ်မျိုး ရှိနေပြန်သည်။ ပထမအချက်မှာ တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးများသည် ကောင်းကင်ပေါ်တွင် ရှိနေခြင်း ဖြစ်၏။ ဒုတိယအချက်မှာ တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးများသည် သမုဒ္ဒရာ၏ နက်ရှိုင်းသော နေရာတွင် ရှိနေခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မြေပုံပေါ်ရှိ သတင်းအချက်အလက်မှာ အလွန် ရှင်းလင်းလှသည်။ လောကမြေပေါ်ရှိ GPS စနစ်ကဲ့သို့ပင် စင်တီမီတာ အကွာအဝေးအထိ တိကျမှု ရှိသည်။ ထိုနေရာသည် မိုကျင်းနှင့် မိုင်ပေါင်း ၃၉,၀၀၀ ခန့် ဝေးကွာကြောင်း ရှမ့်လန် တွက်ချက်ကြည့်လိုက်မိ၏။ သဲကန္တာရ၏ အနောက်တောင်ဘက် နက်ရှိုင်းသော သမုဒ္ဒရာ နေရာတွင် ဖြစ်သည်။ သူ ထင်ထားသလောက် မဝေးကွာလှပေ။
ထိုနေရာတွင် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်များ ရှိနေသည်လား။ ရှမ့်လန် မသေချာပေ။ သို့သော်ငြား မူလန်က သူ့ကို အထူးတလည် ဆင့်ခေါ်ထားသည့်အတွက် ဤနေရာသည် အလွန် အရေးကြီးကြောင်း ဖော်ပြနေခြင်း ဖြစ်၏။ သူ သွားမှ ဖြစ်ပေမည်။
သို့သော်ငြား မိုကျင်းမြို့တော်၏ လက်ရှိအခြေအနေအရ ရှမ့်လန် ထွက်ခွာသွား၍ ဖြစ်ပါမည်လား။ အင်ပါယာ ကျန်းလီ၏ နဂါးနောင်တ လက်နက်ကြီးများသည် အလကားရသည့်အလား ပစ်ခတ်ခံနေ၏။ အချိန်အတိုင်းအတာ တစ်ခုကြာတိုင်း စွမ်းအင်ဒိုင်းကာအပေါ်တွင် ပေါက်ကွဲလျက်ရှိပြီး နေမင်းထက် အဆပေါင်းများစွာ တောက်ပသော အလင်းရောင်ကို ဖြစ်ပေါ်စေသည်။ သဲကန္တာရ မြို့တော်ရှိ သိန်းပေါင်းများစွာသော လူထုမှာ အလုပ်မလုပ်နိုင်၊ လေ့ကျင့်မှု မပြုလုပ်နိုင် ဖြစ်နေကြရ၏။
ဤသည်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် စိတ်ဓါတ်ရေးရာကို သေစေနိုင်လောက်သော ထိုးနှက်ချက် ဖြစ်သည်။ မိုကျင်းရှိ သိန်းပေါင်းများစွာသော လူထုသည် ကြောက်ရွံ့မှုဖြင့် နေထိုင်နေကြရပြီ ဖြစ်၏။ အကယ်၍ ရှမ့်လန်သာ ထွက်ခွာသွားပါက အရှင်သည် သူတို့ကို စွန့်ပစ်သွားပြီဟု ထင်မှတ်သွားကြမည် မဟုတ်ပါလား။ သူတို့၏ စိတ်ဓာတ်ရေးရာများ ပြိုလဲသွားမည် မဟုတ်ပါလား။
“အရှင်... မှန်ကိုပဲ ဆက်လက် တာဝန်ယူခိုင်းရမလား။” မင်းသမီးနင်ဟန်က မေးမြန်းလိုက်၏။
မိုကျင်းကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် နဂါးနှလုံးသားနှင့် ရှေးဟောင်းဘုရင်လက်စွပ်တို့သည် မှန်ထံမှ ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်၌ မှန်သည် ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ ထိုင်နေပြီး လွန်ခဲ့သော ဆယ်စုနှစ်များစွာကကဲ့သို့ပင် မလှုပ်မယှက် ရှိနေသည်။
အခြားသူများက သူ့အကြောင်း ပြောဆိုကြချိန်မှာတော့ သူသည် ရှမ့်လန်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိ၏။
“ကျုပ် လုပ်နိုင်မလား မသိဘူး။” မှန်က ပြောလိုက်သည်။
မှန်၏ စွမ်းဆောင်ရည်မှာ အမြဲတမ်း ပြည့်စုံကောင်းမွန်ခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ရှမ့်လန်အဖြစ် ဟန်ဆောင်ခဲ့မှုမှာ အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်ခဲ့၏။ မင်းသမီး နင်ဟန်၊ ကျူးဟုန်ရွှဲ့နှင့် ကျူးနင်တို့ပင်လျှင် ရှမ့်လန်မှာ အစစ်ဖြစ်ပြီး မှန်မှာ အတုဖြစ်သည်ဟု ယုံကြည်လိုကြသော်လည်း ဟာကွက် တစ်ကွက်မှ ရှာမတွေ့ခဲ့ကြပေ။
ထို့ကြောင့် ရှမ့်လန် ထွက်ခွာသွားလျှင် သူသည် ရှမ့်လန်၏နေရာတွင် အစားထိုးကာ နေ့စဉ် ညီလာခံ တက်ရောက်နိုင်ပေလိမ့်မည်။ ဤသို့ဆိုလျှင် လူထု၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်လိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ညီလာခံကျင်းပချိန်တွင် ရှမ့်လန်သည် ထီးနန်းပလ္လင်ပေါ်၌ ရှိနေဆဲ ဖြစ်မည်။
မှန်က ပြောလိုက်၏။ “အရှင်... ကျုပ် သိပါတယ်။ အရှင် တော်ဝင်ရန် အင်ပါယာကို အနိုင်ယူပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က ကျုပ်ကို သတ်ပစ်ဖို့ အကြံပြုခဲ့ကြတယ်။ ကျုပ်ရဲ့ တာဝန် ပြီးဆုံးသွားပြီလို့ သူတို့ ခံစားမိကြတယ်။ သခင်မကြီး ရွှယ်ရင်တောင်မှ ကျုပ်ကို အရိပ်အမြွက် ပြောခဲ့ပါသေးတယ်။”
ဤသည်မှာ အမှန်ပင် ဖြစ်ပြီး မည်သူမှ ရှမ့်လန်ကို လျှောက်တင်ရဲခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူတို့သည် မင်းသားကျင်းကို သွားရောက်ရှာဖွေပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြခြင်း ဖြစ်သည်။ မှန်ကို ဖယ်ရှားပစ်ရန်မှာ တကယ် လိုအပ်သည်။ အကြောင်းမှာ လောကကြီးကို စုစည်းပြီးသည့်တိုင် အင်ပါယာနှင့် ထပ်တူနီးပါး တူညီသော လူတစ်ယောက် ရှိနေခြင်းသည် ပြဿနာ ဖြစ်ပွားစေနိုင်သောကြောင့်ပင်။
အကယ်၍ ဤအစားထိုးသူသည် ထိုမျှလောက် မတူညီခဲ့လျှင် ကိစ္စမရှိပေ။ အဓိကအချက်မှာ မှန်သည် အလွန် ထူးချွန်လွန်းနေခြင်း ဖြစ်၏။ သူသည် ရှမ့်လန်နှင့် ထပ်တူညီမျှ ဖြစ်နေသည်။ အမှန်စင်စစ် သူသည် ရှမ့်လန်ထက်ပင် ပို၍ ရှမ့်လန်နှင့် တူနေသေး၏။ ထို့ကြောင့် လူအများအပြားက မှန်ကို လျှို့ဝှက်စွာ ကွပ်မျက်ပစ်ရန် ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ကျင်းမင်းသားက ဤကိစ္စကို ရှမ့်လန်ထံ တင်ပြခဲ့ပြီး သူ၏ သဘောထားကို ပြောပြခဲ့၏။ သူသည် မှန်ကို အသက်ရှင်စေချင်သော်လည်း ရုပ်ရည်ကို ပြောင်းလဲစေချင်သည်။ ရှမ့်လန်သည် အားလုံးကို ငြင်းပယ်ခဲ့၏။ သူသည် မှန်ကို သတ်မည်မဟုတ်သလို ရုပ်ပျက်ဆင်းပျက်လည်း အဖြစ်ခံမည် မဟုတ်ပေ။ အစားထိုးသူ တစ်ယောက်ကို သူ မည်သို့ လက်မခံနိုင်စရာ ရှိမည်နည်း။
ဤလောကတွင် မှန်ထက် ပို၍ သန့်ရှင်းစင်ကြယ်သောသူ မရှိနိုင်တော့ပေ။ အကယ်၍ မှန်သာ အသတ်ခံရပါက ရှမ့်လန်၏ နှလုံးသားတွင် အမဲစက်တစ်ခု ဖြစ်ကျန်ရစ်ပေလိမ့်မည်။
မြောက်ဝင်ရိုးစွန်းတွင် အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက် မှန်ကို ကျန်းလီ အသုံးချမည် စိုးရိမ်သောကြောင့် ရှမ့်လန်သည် မီးနတ်ဘုရားဂိုဏ်းကို တောင်းဆိုကာ သူ့အား ခေါ်ဆောင်သွားစေခဲ့ပြီး အရှေ့ဘက် လောကမှ ထွက်ခွာစေခဲ့သည်။
မီးနတ်ဘုရားဂိုဏ်း၏ မှန်အပေါ် ထားရှိသော သဘောထားမှာ အမှန်တကယ်တော့ အေးစက်စက်ပင် ဖြစ်၏။ မီးနတ်ဘုရားဂိုဏ်းတွင် အထူးတာဝန်သိစိတ်တစ်ခု အမြဲ ရှိတတ်သည်။ ၎င်းမှာ လောကကြီးကို ကယ်တင်ရန် ဟူသော လျှို့ဝှက်နက်နဲသည့် တာဝန်သိစိတ်ပင် ဖြစ်၏။
အမှန်စင်စစ် ကျောက်စိမ်းဖြူမြို့တော်၊ တော်ဝင်ကပ်ဘေးဘုရားကျောင်းတို့နှင့် နှိုင်းယှဉ်လျှင် ၎င်းတို့၏ တာဝန်မှာ အခြေခံ လူတန်းစားအဆင့်သာ ရှိသည်။ ၎င်းတို့သည် ဤလောကကြီးတွင် ကြီးပြင်းလာသော သဘာဝလွန် အင်အားစုတစ်ခုမျှသာ ဖြစ်၏။ သေချာသည်မှာ ရှမ့်လန်နှင့် မဟာမိတ်ဖွဲ့ပြီးနောက် သဘာဝလွန် အင်အားစုတစ်ခု၏ စွမ်းအားကို ပိုင်ဆိုင်လာခဲ့ကြသည်။
အစပိုင်းတွင် သူတို့သည် အမည်မသိ နဂါးကြီးအပေါ် မျှော်လင့်ချက် ထားခဲ့ကြသည်။ ထို့နောက် ရှမ့်လန်အပေါ် မျှော်လင့်ချက် ထားခဲ့ကြပြန်သည်။ အကြောင်းမှာ ရှမ့်လန်သည် နဂါးသခင်ဖြစ်ပြီး အရှေ့ဘက်ခြမ်း ၏ လူသားအင်ပါယာဘုရင် ဖြစ်သောကြောင့်ပင်။
ထို့အပြင် မီးနတ်ဘုရားဂိုဏ်း၏ ရှယ်လီတွင် ရှမ့်လန်၏ သွေးသားရင်းချာ ကလေးတစ်ဦး ရှိနေသည်။ ရှမ့်လန်သည် နဂါးကြီးနှင့်အတူ တော်ဝင်ရန်အင်ပါယာဘုရင်ကို အနိုင်ယူလိုက်ချိန်မှာတော့ မီးနတ်ဘုရားဂိုဏ်း၏ ရှမ့်လန်အပေါ် လေးစားကြည်ညိုမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် မှန်အပေါ် သူတို့၏ သဘောထားမှာ အတော်အတန် အေးစက်နေခြင်း ဖြစ်၏။
မီးနတ်ဘုရားဂိုဏ်း၏ အယူအဆအရ အရှင်ရှမ့်လန်သည် တုနှိုင်းမဲ့ ဖြစ်သည်။ သူသည် ဘုရားသခင်နီးပါး ဖြစ်၏။ သူနှင့်တူသောသူ မည်သို့ ရှိနိုင်မည်နည်း။ မွေးရာပါဆိုလျှင်ပင် ကြီးမားသော အပြစ်တစ်ခု ဖြစ်နေဆဲပင်။
ရှမ့်လန်က မီးနတ်ဘုရားဂိုဏ်းအား မှန်ကို ခေါ်ဆောင်သွားရန် အမိန့်ပေးခဲ့သော်လည်း မှန်မှာမူ အစတည်းက သတိလစ်မေ့မြောနေခဲ့ခြင်း ဖြစ်သည်။ သူသည် အချိန်အများစုတွင် အိပ်ပျော်နေခဲ့၏။ ဤသည်မှာ ပင်းအာ၊ မင်းသမီးရှမ့်မီတို့နှင့် အလွန် တူညီသည်။ ကျန်းလီ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက်ပိုင်း သူသည် အချိန်အများစု ကို ရေခဲတုံးထဲတွင် ကုန်ဆုံးခဲ့ရသည်။
“ကျုပ်နိုးလာတော့ မိုင်တစ်သောင်း သဲကန္တာရကြီးရဲ့ အစွန်အဖျားကို ရောက်နေပါပြီ။ နုရှောင့်မြို့က ထွက်လာတဲ့အချိန်ကစပြီး သဲကန္တာရကြီးထဲမှာ နိုးလာတဲ့အထိ ကျုပ် အိပ်ပျော်နေခဲ့တာပါ။ ကျုပ် ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ မသိဘူး။”
မှန်က ပြောလိုက်၏။ “မကြာခင်ကမှ ၂၉ နှစ် ကုန်လွန်သွားပြီ ဆိုတာကို သိခဲ့ရတယ်။ ဒါကြောင့် ကျုပ်ခန္ဓာကိုယ်နဲ့ ဦးနှောက်က စိတ်ချရသေးလားဆိုတာ တကယ် မသိဘူး။”
နန်းဆောင်သခင်ကျိုးရှီ မှန်ကို တွေ့ရှိခဲ့ချိန်တွင် သူ့ထံ ဘာမှမရှိသလောက်ပင် ဖြစ်နေသည်။ နဂါးနှလုံးသား မရှိ၊ ရှေးဟောင်းဘုရင်လက်စွပ် မရှိ၊ နဂါးဓားလည်း မရှိပေ။ ထိုအရာအားလုံးကို ကျိုးရှီက သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က ရှမ့်လန်အဖြစ် ဟန်ဆောင်ကာ မိုကျင်းကို သိမ်းပိုက်လိုကြောင်း ကြားသိရချိန်မှာတော့ သူသည် မိမိ၏အသက်နှင့် ဝိညာဉ်ကို အရင်းပြု၍ ရှမ့်လန်အဖြစ် ဟန်ဆောင်ခဲ့သည်။ ရလဒ်များမှာ အံ့မခန်းပင် ဖြစ်၏။
ကျန်းလီ၏ အစားထိုးကိုယ်ပွားဖြစ်သော ကွေ့ဝူသည် ကျန်းလီကို အတိုင်းအတာတစ်ခုအထိ သစ္စာဖောက် ခဲ့ဖူးသည်။ သို့သော်ငြား ရှမ့်လန်၏ အစားထိုးကိုယ်ပွားဖြစ်သော မှန်သည်ကား အစမှအဆုံးတိုင် တစ်ကြိမ်တစ်ခါမှ သစ္စာဖောက်ခြင်း မရှိခဲ့ပေ။ ယခုအချိန်တွင် သူသည် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ် ရုတ်တရက် ထိန်းချုပ်မရ ဖြစ်သွားပြီး ရှမ့်လန်ကို သစ္စာဖောက်မိမည်ကို အစိုးရိမ်ဆုံး ဖြစ်နေရှာသည်။
လူတိုင်းသည် လွတ်လပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိကြ၏။ လူတိုင်းသည် မိမိကိုယ်တိုင်သာ ဖြစ်လိုကြသည်။ မည်သူမှ သူတစ်ပါး၏ အရိပ် ဖြစ်မနေလိုကြပေ။ သစ္စာရှိသော အစေခံကွေ့ဝူပင်လျှင် ခြွင်းချက် မရှိပေ။ သို့သော်ငြား မှန်အတွက်မူ ရှမ့်လန်အဖြစ် ဟန်ဆောင်ရခြင်းသည် သူ၏ ဘဝတွင် အကြီးမားဆုံးသော အိပ်မက်နှင့် ရည်မှန်းချက် ဖြစ်နေ၏။
သူသည် မိမိကိုယ်တိုင် ဖြစ်လိုစိတ် ၊ သီးခြားဖြစ်တည်လိုစိတ် တစ်ခါမှ မရှိခဲ့ပေ။ မဟုတ်သေးချေ။ သူသည် အချိန်အများစုကို မိမိကိုယ်တိုင်အဖြစ် ကုန်ဆုံးခဲ့သည်။ ကြေးမုံရှေ့တွင် မိမိကိုယ်တိုင်နှင့် စစ်တုရင် ကစားခဲ့၏။ သူ၏စစ်တုရင် စွမ်းရည်မှာ ပြိုင်ဘက်ကင်း ဖြစ်သည်။
မှန်ကဲ့သို့လူမျိုးကို ပိုင်ဆိုင်နိုင်သော်လည်း ဦးနှောက်ဆေးကြော၍ မရနိုင်ကြောင်း၊ လက်နက်ချ အရှုံးပေးခိုင်းရန်မှာ ပို၍ပင် မဖြစ်နိုင်ကြောင်း ရှမ့်လန် ရုတ်တရက် သဘောပေါက်လိုက်၏။ အကြောင်းမှာ သဘောတရား အရ မှန်တွင် အားနည်းချက်ဟူ၍ မရှိသောကြောင့် ဖြစ်၏။
ရှမ့်လန်သည် ဘာမှမပြောဘဲ မှန်၏ ပခုံးကို ပုတ်လိုက်ကာ ပြောလိုက်သည်။ “မင်းကလည်း ငါ့ရဲ့ မိသားစုဝင်ပါပဲ။ မင်းက ငါ့ရဲ့ အင်ပါယာထက် ပိုပြီး အရေးကြီးပါတယ်။ ဘာများ ပြောစရာ လိုသေးလို့လဲ။”
မှန်သည် ရှက်သွေးဖြာစွာ ပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
... ...
ရှမ့်လန်သည် မြေအောက်အကျဉ်းထောင်သို့ ထပ်မံ ရောက်ရှိလာခဲ့သည်။
“နန်းဆောင်သခင်ကျိုးရှီ... ကျုပ် မိုကျင်းကနေ ခဏလောက် ထွက်ခွာရလိမ့်မယ်။”
ရှမ့်လန်က ပြောလိုက်၏။ “အချိန် နာရီ ၇၀၀ ကျန်ပါသေးတယ်။ ရေတွက်မှုပြီးဆုံးတာနဲ့ မိုကျင်းရဲ့ စွမ်းအင်ဒိုင်းကာ ပျက်စီးသွားလိမ့်မယ်။ အဲဒီအခါ မိုကျင်းတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ကျုပ် အားလုံးကို ကယ်တင်ဖို့ နာရီ ၇၀၀ အတွင်း ပြန်လာခဲ့ပါ့မယ်။
အင်ပါယာကျန်းလီရဲ့ တပ်တော်ကို ချေမှုန်းပြီး နဂါးကြီးကို ပြန်လည် သိမ်းပိုက်မယ်။ အရှေ့ဘက် အင်ပါယာဆီ ပြန်လည်ဝင်ရောက်ပြီး ကျုပ်ရဲ့ နေရပ်ကို ပြန်ယူမယ်။ ဒါကြောင့် ဒီအတောအတွင်း မိုကျင်းတစ်ခုလုံးကို ခင်ဗျားဆီ အပ်နှင်းခဲ့လို့ ရမလား။”
ရှမ့်လန်က မေးမြန်းလိုက်သည်။
နန်းဆောင်သခင်ကျိုးရှီ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ရသည်။ သူသည် ရှမ့်လန်အား မယုံကြည်နိုင်စွာ မော့ကြည့်လိုက်မိ၏။ သူသည် အရှင်ကို သစ္စာဖောက်ခဲ့ဖူးသူ ဖြစ်သည် မဟုတ်ပါလား။ အဘယ်ကြောင့် အရှင်ရှမ့်လန်က မိုကျင်းကို သူ့ထံ အပ်နှင်းရသနည်း။ အဘယ်ကြောင့် နင်ဟန်ကို မအပ်နှင်းသနည်း။ ကျူးဟုန်ရွှဲ့ကို မအပ်နှင်းသနည်း။ အဘယ်ကြောင့် သစ္စာဖောက်တစ်ဦးကို အပ်နှင်းရသနည်း။
သို့သော်ငြား ကျိုးရှီသည် ကျူးဟုန်ရွှဲ့၊ နင်ဟန်နှင့် ကောင်းကင်ပင်လယ်နန်းဆောင်မှ မရေမတွက်နိုင်သော လူများအတွက် ကျန်းလီထံ လက်နက်ချခဲ့ခြင်း ဖြစ်သည်။ သူသည် အသက်ရှင်လိုခြင်း မရှိပေ။ ထို့အပြင် မိုကျင်း ဆိုသည်မှာ ကောင်းကင်ပင်လယ်နန်းဆောင်ပင် မဟုတ်ပါလား။
ရှမ့်လန်၏ စကားကို ကြားပြီးနောက် နန်းဆောင်သခင်ကျိုးရှီသည် ဒူးထောက်ကာ ဦးခေါင်းဖြင့် မြေကို ဆောင့်၍ အရိုအသေ ပြုလိုက်သည်။ “ကျုပ်က အပြစ်သားပါ။ သေသည်အထိ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ အကယ်၍... အကယ်၍များ အရှင် အချိန်မီ ပြန်မရောက်လာခဲ့ရင် ပုံရိပ်ယောင်နံရံရဲ့ စွမ်းအင် ထိန်းချုပ်ခန်းထဲကို ပထမဆုံး ခုန်ဆင်းမယ့်သူက ကျုပ်ပါပဲ။ ၀.၀၁ စက္ကန့်လောက်ပဲ တောင့်ခံနိုင်မယ် ဆိုရင်တောင်ပေါ့။”
ရှမ့်လန်သည် စကားမဆိုပေ။ ကျိုးရှီ၏ ပျက်စီးယိုယွင်းနေသော မျက်နှာကို ကြည့်ကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ် ၃၀ဆီကို ပြန်သွားချင်လိုက်တာ။ ခင်ဗျားက သူတော်စင်စိတ်ရှိပြီး ကျက်သရေရှိတဲ့ ကောင်းကင်ပင်လယ် နန်းဆောင်သခင် ဖြစ်နေတုန်းပေါ့။”
“ကျုပ် ပြန်မသွားနိုင်တော့ပါဘူး။”
ကျိုးရှီက ဆွေးမြေ့စွာ ဆိုသည်။ “အားနည်းခြင်းက အားနည်းခြင်းပဲ ဖြစ်ပြီး အားကြီးခြင်းက အားကြီးခြင်းပဲ ဆိုတာကို လက်တွေ့ဘဝက သက်သေပြခဲ့ပါပြီ။ တော်ဝင်ရန်အင်ပါယာက အားကြီးခဲ့သလို နင်ယွမ်ရှန်းလည်း အားကြီးခဲ့ပါတယ်။ ကျုပ်ကတော့ အားနည်းသူ တစ်ယောက်ပါ။”
နင်ယွမ်ရှန်းသည် ယခင်က ဒူးထောက်ခဲ့ဖူးပြီး ခါးကျိုးခဲ့ဖူးသည်ဟု ရှမ့်လန် ပြောခဲ့သော်လည်း သူသည် ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်လည် ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်သိက္ခာကို ပြန်လည် ရယူနိုင်ခဲ့သည်။ သို့သော်ငြား သူသည် ထိုစကားများကို မပြောလိုတော့ပေ။ နင်ယွမ်ရှန်းသည် သူ၏ဆွေမျိုးသားချင်း ဖြစ်၏။ ထိုကဲ့သို့ ခမ်းနားသော စကားလုံးများဖြင့် မချီးကျူးလိုပေ။
“နန်းဆောင်သခင်ကျိုးရှီ... ဒါဆိုရင် ကျုပ်သမီးလေးကိုပါ ခင်ဗျားဆီ အပ်ခဲ့မယ်နော်။” ရှမ့်လန်က ပြောလိုက်၏။
ကျိုးရှီသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် ငိုကြွေးလိုက်သည်။ သူ ပြန်မထနိုင်တော့ပေ။ “ကျုပ် အသေဆိုးနဲ့ သေရမယ် ဆိုရင်တောင် မင်းသမီးလေးကို ကာကွယ်ပေးပါ့မယ်။ အသေဆိုးနဲ့ သေရမယ်ဆိုရင်တောင် တာဝန်ကို ထမ်းဆောင်ပါမယ်။”
သူသည် ထိုစကားများကို ထပ်ကာထပ်ကာ ရွတ်ဆိုနေသည်။ အံကြိတ်၍ အော်ဟစ်နေသကဲ့သို့ပင် ဖြစ်၏။
***