ရှမ့်လန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ လောကကြီးကိုကယ်တင်မည့် သူ၏ စီမံကိန်း မအောင်မြင်လျှင် ကိစ္စမရှိပေ။ အောင်မြင်သွားသည်နှင့် ကျိုးရှီ၏ ဇာတ်သိမ်းပင် ဖြစ်ပေလိမ့်မည်။ ထိုအချိန်အထိ စောင့်ဆိုင်းနေရန်ပင် လိုချင်မှ လိုပေလိမ့်မည်။ ရှမ့်လန်၏ အောင်မြင်မှု ပေါ်ပေါက်လာသည်နှင့် ကျိုးရှီ သေချာပေါက် သေဆုံးရပေတော့မည်။ သူ၏ ဘဝတွင် ဖြတ်သန်းရသော မိနစ်တိုင်း၊ စက္ကန့်တိုင်းသည် နှိပ်စက်ညှဉ်းပန်းမှုပင်။
... ...
“သမီးလေး... အရင်လိုပဲ ထပ်ဖြစ်အုံးမယ်။” ရှမ့်လန်က မင်းသမီးလေးရှမ့်မီကို ပြောလိုက်သည်။
မင်းသမီးလေးက နှုတ်ခမ်းစူပြီး ပြောလိုက်၏။ “ရှမ့်မီ လေ့ကျိုးစံအိမ်မှာ ရှိတုန်းကလည်း အချိန်အများစု ဖေဖေ အိမ်မှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ သမီးတို့ ပျော်နေခဲ့ကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေ ပြန်လာမယ် ဆိုတာ သမီးသိနေလို့လေ။”
ဤသည်မှာ ရှမ့်မီ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ စကားပင် ဖြစ်၏။ သူမသည် ဖခင်ဖြစ်သူ ရှမ့်လန်အား နေ့တိုင်း ဘေးနားတွင် ရှိနေစေလိုသည် မဟုတ်ပေ။ ဖခင် ရှိနေသရွေ့ သူမ အိမ်တွင် ရှိနေမည် ဖြစ်၏။ ဖခင်ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနိုင်သရွေ့ သူမအတွက် လုံလောက်ပြီ ဖြစ်သည်။ သေချာသည်မှာ နုရှောင့်မြို့သို့ ပြန်သွားပြီး ဖခင်၊ မိခင်၊ အဘိုးတို့နှင့်အတူ နေထိုင်ရလျှင် ပိုကောင်းပေလိမ့်မည်။
“ဖေဖေ... ဒီအတောအတွင်း သမီး နေကာမျက်မှန်တစ်မျိုးကို ပုံစံထုတ်ထားပြီး အမြောက်အမြား ထုတ်လုပ်ဖို့ စီစဉ်ထားတယ်။ လူတိုင်း တစ်လက်စီ ရကြလိမ့်မယ်။” မင်းသမီး ရှမ့်မီက ပြောလိုက်သည်။
စွမ်းအင်ကြောင့် နဂါးနောင်တသည် အချိန်အတိုင်းအတာတစ်ခုကြာတိုင်း ပေါက်ကွဲတတ်သည်။ အလင်းရောင်မှာ မျက်စိကျိန်းလောက်အောင် တောက်ပပြီး မျက်လုံးများကို ကြီးစွာသော ထိခိုက်မှု ဖြစ်စေနိုင်၏။ ထို့ကြောင့် မင်းသမီးလေးရှမ့်မီသည် အလွန် ထူးခြားသော နေကာမျက်မှန် တစ်မျိုးကို ပြုလုပ်လိုခြင်း ဖြစ်၏။
သေချာသည်မှာ ရေတွက်မှုသည် နာရီ ၇၀၀ သာ ကျန်ရှိတော့၏။ ထို့ကြောင့် သူမ၏ နေကာမျက်မှန်များ မထုတ်လုပ်နိုင်မီ ရှမ့်လန် ပြန်ရောက်လာပေလိမ့်မည်။ သူမ၏ နေကာမျက်မှန်များမှာ အသုံးဝင်မှု ရှိချင်မှ ရှိပေလိမ့်မည်။ သို့သော်ငြား ဘာမှမလုပ်ဘဲ နေသည်ထက် တစ်ခုခုလုပ်နေခြင်းက ပိုကောင်းသည် မဟုတ်ပါလား။
“ကောင်းပြီ။ ဖေဖေ့ကို တစ်လက် ပေးဖို့ မမေ့နဲ့နော်။” ရှမ့်လန်က ပြောလိုက်သည်။
“ကောင်းပါပြီ။” မင်းသမီး ရှမ့်မီက ချိုသာစွာ ပြောလိုက်၏။
တစ်နာရီကြာပြီးနောက် ရှမ့်လန်သည် မိုကျင်းမြို့တော်မှ ထွက်ခွာလာခဲ့သည်။ ထိုအချိန်၌ ရေတွက်မှုသည် နာရီ ၇၀၀ တိတိ ကျန်ရှိနေတော့၏။ နာရီပေါင်း ၇၀၀ အတွင်း မိုကျင်းမြို့တော်ကြီး တစ်ခုလုံး အစမကျန် ချေမှုန်းခံရတော့မည် ဖြစ်သည်။
မိုကျင်းမြို့သူမြို့သား သိန်းပေါင်းများစွာတို့သည် နေအိမ်များထဲတွင် နေထိုင်ရင်း အလုပ်များကို ဆက်လက် လုပ်ကိုင်နေကြ၏။ မည်သူမှ အနားမယူကြပေ။ ကလေးများ ကျောင်းဆက်တက်နေကြ၏။ စစ်သည်တော်များ ဆက်လက် လေ့ကျင့်နေကြ၏။
မှူးမတ်များမှာ နန်းတော်တံခါးများကို ပိတ်၊ ပြတင်းပေါက် များကို တံဆိပ်ခတ်ပြီးနောက် နိုင်ငံတော် အရေးကိစ္စများကို ဆက်လက် ဆွေးနွေးနေကြသည်။
မိုကျင်းမြို့တော်တစ်ခုလုံးသည် ယခင်အတိုင်းပင် ဖြစ်နေသည်။ အပြင်ဘက်မှ ကပ်ဘေးကြီး တစ်ခါမှ မဖြစ်ပွားနေသကဲ့သို့ပင်။ ကနဦးထိတ်လန့်မှုမှ လွဲ၍ မိုကျင်းမြို့တော်ရှိ သိန်းပေါင်းများစွာသော ပြည်သူများသည် မျှော်လင့်ထားသည်ထက် ပိုမို ကြံ့ခိုင်ကြ၏။
မိုကျင်းမြို့တော်မှ ထွက်ခွာပြီးနောက် ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် သဲကန္တာရကြီးထဲတွင် တောင်ဘက်သို့ ဦးတည်ပျံသန်းလိုက်သည်။ တောင်ဘက်သို့ မိုင်ပေါင်း တစ်သောင်းကျော် ပျံသန်းပြီးနောက် သဲကန္တာရကြီးကို ကျော်လွန်ကာ ပင်လယ်ပြင်ကျယ်ကြီးထံသို့ ရောက်ရှိလာခဲ့သည်။
ဤခံစားမှုမှာ အလွန် ထူးဆန်းလှသည်။ အဆုံးအစမဲ့ အနီရောင်နယ်မြေမှ အဆုံးအစမဲ့ အပြာရောင် နယ်မြေသို့ ဝင်ရောက်ခြင်း ဖြစ်၏။ အမြင်အာရုံသတ်သတ်ဖြင့် ကြည့်လျှင် အလွန်တရာ လှပသည်။ မည်သည့် နောက်ခံပုံထက်မဆို ပို၍ လှပနေ၏။
သူသည် တချောင်ကို စီးနင်းလျက် တောင်ဘက်သို့ မိုင်ပေါင်း တစ်သောင်း ဆက်လက် ပျံသန်းလိုက်ပြန်၏။ အဆုံးအစမဲ့ သမုဒ္ဒရာကြီးသည် ကျောက်စိမ်းစီခြယ်ထားသကဲ့သို့ ရှိနေသည်။ လှိုင်းတံပိုးဟူ၍ မရှိသလောက်ပင်။ ပင်လယ်ရေပင်လျှင် ကြည်လင်သော အစိမ်းရောင် သန်းနေပြီး လှပနေသည်။
ဤနေရာတွင် သက်ရှိလက္ခဏာများ မရှိသော်လည်း အနည်းဆုံးတော့ မဟာရေခဲပြင်ကြီးထက် ပို၍ လှပ နေသေး၏။ မျှော်လင့်ချက် ကင်းမဲ့မနေပေ။ ပင်လယ်ပြင်ထက်ရှိ နေရာတစ်ခုသို့ ပျံသန်းရောက်ရှိ ပြီးနောက် ရှမ့်လန်သည် အနောက်ဘက်သို့ မိုင်ပေါင်း တစ်သောင်း ထပ်မံ ပျံသန်းလိုက်ပြန်သည်။ ကျယ်ပြောလှသော သမုဒ္ဒရာကြီးသာ ရှိနေ၏။ ကျွန်းတစ်ကျွန်းမှပင် မရှိချေ။
ရက်ပေါင်းများစွာ နေ့ရောညပါ ပျံသန်းပြီးနောက် ရှမ့်လန်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ ဤနေရာသည် မြေပုံပေါ်ရှိ ညွှန်းဆိုချက်ပင် ဖြစ်သည်။ ဤနေရာသည် မူလန် သူ့ကို ဆင့်ခေါ်ထားသော တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီး နေရာပင် ဖြစ်သည်။
ရှမ့်လန်သည် တချောင်ကို ထိန်းချုပ်ပြီး ဝေဟင်ရှိ တစ်နေရာတွင် ရပ်တန့်လိုက်၏။ ဤနေရာသည် မြေပုံပေါ်ရှိ တည်နေရာအမှတ်အသား များနှင့် ကိုက်ညီနေသည်။ သို့သော်ငြား တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီးက မည်သည့်နေရာမှာရှိသနည်း။
သူ့အောက်တွင် ကျယ်ပြောလှသော သမုဒ္ဒရာကြီးသာ ရှိနေ၏။ ကျွန်းတစ်ကျွန်းမှ မရှိပေ။ ကောင်းကင်တွင် တိမ်ကင်းစင်ပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်း အပျက်အစီး ၏ အရိပ်အယောင်ကို မတွေ့ရပေ။ ဤနေရာတွင် ကောင်းကင်နှင့် သမုဒ္ဒရာသာ ရှိနေ၏။
‘မူလန်... မင်း ဘယ်မှာလဲ။ မင်းရဲ့ယောက်ျား ရောက်နေပြီလေ။’
ထို့နောက် ရှမ့်လန်သည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီးကို ရှာဖွေရန် နည်းလမ်းမျိုးစုံ သုံးခဲ့သည်။ သို့သော်ငြား ခြွင်းချက်မရှိ အရာမထင်ခဲ့ပေ။ သူသည် တချောင်ကို စီးနင်းလျက် ဝေဟင် အမြင့် မီတာ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ပျံသန်းကြည့်ခဲ့သည်။
ထို့အပြင် သူ၏ အားကောင်းသော စိတ်စွမ်းအင်ကို အသုံးပြု၍ ဝေဟင်မီတာ သိန်းပေါင်းများစွာအထိ ရှာဖွေကြည့်ခဲ့သည်။ ဘာမှရှာမတွေ့ခဲ့ပေ။ ပင်လယ်ကြမ်းပြင်သို့ ဆင်းသက်ပြီး မီတာ သောင်းချီ တူးဆ ကြည့်ခဲ့သော်လည်း ရှေးဟောင်းအပျက်အစီးကို ရှာမတွေ့ခဲ့ပေ။
ရှမ့်လန်သည် ကောင်းကင်ရော မြေကြီးပါမကျန် နေရာအနှံ့ ရှာဖွေခဲ့ပြီး ဖြစ်၏။ သို့သော်ငြား အားလုံး အရာ မထင်ခဲ့ချေ။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီးသည် အာကာသယာဉ် တစ်စင်း ဖြစ်နိုင်သည်ဟုပင် သူ တွေးမိလိုက်သေး၏။ နေ့စဉ် သတ်မှတ်ထားသော အချိန်တစ်ခု၌ ကျန်းလီ၏ စောင့်ကြည့်မှု နှင့် တိုက်ခိုက်မှုများကို ရှောင်ရှားရန် ဤဒေသကို ဖြတ်ကျော်ပျံသန်းနေခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူသည် ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်၏။ သို့သော်ငြား ဘာမှ ရှာမတွေ့ခဲ့ပေ။ ဤသည်မှာ မဖြစ်နိုင်ပေ။ သဲကန္တာရကြီးဆီသို့ မူလန် ပေးပို့လိုက်သော သတင်းစကားမှာ အခြေအမြစ် မရှိခြင်းမျိုး မဖြစ်နိုင်ချေ။ အကြောင်းရင်း တစ်ခုခု ရှိရပေမည်။
မြေပုံပေါ်ရှိ တည်နေရာ အမှတ်အသားများက ဤနေရာ ဖြစ်နေမှတော့ တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ ရှေးဟောင်း အပျက်အစီးသည် သေချာပေါက် ဤနေရာတွင် ရှိရပေမည်။ ရှမ့်လန်သည် ဆက်လက်၍ တွေးတော ကြည့်လိုက်၏။
အတိုင်းအတာတစ်ခုအထိ တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ တစ်ချိန်က ရှေးဟောင်းယဉ်ကျေးမှုနှင့် အနီးစပ်ဆုံး အင်အားစု ဖြစ်ခဲ့ဖူး၏။ ကပ်ဘေးနန်းတော်၏ သရဲမြို့တော်ပင်လျှင် နေအပြည့်အဝ ကြတ်ချိန်မှသာ ပေါ်လာနိုင်သည် မဟုတ်ပါလား။
ထိုသို့ဖြစ်လျှင် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီးကော အလားတူ အခြေအနေမျိုး ရှိနေမည်လား။ သို့သော်ငြား မကြာသေးမီကာလအတွင်း နေအပြည့်အဝ ကြတ်ခြင်း မရှိခဲ့ပေ။ အမှန်စင်စစ် လောကတစ်ခုလုံးတွင် နေအပြည့်အဝ ကြတ်နိုင်ခြေမှာ မနည်းလှပေ။ ဆယ်စုနှစ် အနည်းငယ်လျှင် တစ်ကြိမ် ဖြစ်ပွားတတ်သည်။ လွန်ခဲ့သော အနှစ် ၃၀ က နောက်ဆုံးအကြိမ် နေအပြည့်အဝ ကြတ်ခဲ့ခြင်း ဖြစ်၏။
သို့သော်ငြား သေချာစွာ တွက်ချက်ကြည့်ပြီးနောက် ဤဒေသတွင် နေအပြည့်အဝ ကြတ်ရန် အနည်းဆုံး ၅၃ နှစ် ကြာဦးမည်ကို ရှမ့်လန် တွေ့ရှိလိုက်ရသည်။ သို့သော်ငြား မကြာမီမှာပင် နေအပြည့်အဝ ကြတ်ခြင်း မဟုတ်ဘဲ လအပြည့်အဝ ကြတ်ခြင်း ရှိနေသည်ကို ရှမ့်လန် အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။ ထိုသို့ဆိုလျှင် လအပြည့်အဝ ကြတ်ချိန်၌ အံ့အားသင့်စရာ တစ်စုံတစ်ရာ ရှိနိုင်မည်လား။
ထို့နောက် ရှမ့်လန် ပိုမိုမြန်ဆန်စွာ တွက်ချက်လိုက်သည်။ လအပြည့်အဝ ကြတ်ရန် ၁၇ နာရီခန့်သာ လိုတော့၏။ ထိုအခါ ပြဿနာ တစ်ခု ရှိလာသည်။ ဤကိစ္စကို ကျန်းလီ သိနေသည်လား။ သူ၏ ငရဲသလင်းကျောက်များ ဤနေရာသို့ မပျံ့နှံ့သေးသော်လည်း၊ သူကိုယ်တိုင် မြောက်ဝင်ရိုးစွန်း နန်းတော်၌ ရှိနေသော်လည်း ရှေးဟောင်းလူသား အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်နိုင်သေးသည် မဟုတ်ပါလား။
တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီးသည် အဆင့်မြင့် နဂါးအသိဉာဏ် နားလည် သဘောပေါက်မှုနှင့် အမှန်တကယ် သက်ဆိုင်နေပါက ထိုအရာ၏ အရေးပါမှုသည် မိုကျင်းထက် မလျော့နည်းပေ။ အမှန်စင်စစ် ပို၍ပင် အရေးကြီးနိုင်သေး၏။ ကျန်းလီအနေဖြင့် လွတ်ပေးထားမည် မဟုတ်ပေ။
နောက်ဆုံးတွင် ရှမ့်လန်သည် လအပြည့်အဝ ကြတ်မည့်အချိန် ရောက်လာစေရန် ငြိမ်သက်စွာ စောင့်ဆိုင်း နေလိုက်သည်။
ညအမှောင်ထု ရောက်ရှိလာသည်နှင့် ကောင်းကင်ယံ၌ လမင်းကြီးသည် ပန်းကန်ပြားသဖွယ် ထွန်းလင်း နေလျက် ပင်လယ်ပြင်တစ်ခုလုံးကို အနည်းငယ် အလင်းပေးထား၏။
တိတ်ဆိတ် ငြိမ်သက်နေ၏။ နတ်ဘုံနတ်နန်းလား၊ သေမင်းတမန် တိတ်ဆိတ်ခြင်းလား သူ မသိချေ။ သို့သော်ငြား အမှန်တကယ်ပင် လှပပြီး ယစ်မူးဖွယ် ကောင်းလှသည်။
ကောင်းကင်ယံမှ လမင်းကြီးကို ကြည့်ရင်း ရှမ့်လန်သည် မူလန်ကို ထပ်မံ သတိရလိုက်မိပြန်၏။ ကောင်းကင်ပင်လယ် နန်းဆောင်မှ ပြန်လာစဉ်ကလည်း လမင်းကြီးကို ကြည့်ခဲ့ဖူးသည်ကို သူ အမှတ်ရ နေမိသည်။ လထဲတွင် ဘာဖြစ်ခဲ့သနည်းဆိုသည်ကိုပင် ရှမ့်လန် နောက်ပြောင်ခဲ့ဖူး၏။
ဤလောကကြီးသည် အမှန်တကယ် ခန့်မှန်းရခက်လှပေသည်။ ကောင်းကင်ပင်လယ် နန်းဆောင်သည် တစ်ချိန်က သန့်ရှင်းသော မြေနေရာ ဖြစ်ခဲ့ဖူးသော်လည်း ရှမ့်လန်၏ မျက်လုံးထဲတွင်မူ လျင်မြန်စွာပင် နတ်ဆိုးဘုရားကျောင်း ဖြစ်လာခဲ့သည်။ ယခုအခါ ရှမ့်လန်၏ သစ္စာအရှိဆုံး အင်အားစု၊ တော်ဝင်ချန်အင်ပါယာ ၏ နောက်ဆုံးသော အင်အားစု ဖြစ်လာခဲ့ပြန်သည်။
လက်ရှိ လမင်းကြီးကို မြင်နေရသည့်အခါ ရှမ့်လန်သည် မူလန်ကို လွမ်းဆွတ်နေမိဆဲ ဖြစ်သည်။ လေပြည်လေညှင်းပင် မတိုက်ခတ်ဘဲ အလွန်တရာ တိတ်ဆိတ်နေ၏။ ရှမ့်လန်သည် လကြတ်ခြင်း ဖြစ်စဉ်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်၏။
ရုတ်တရက် မဲမှောင်သောအရိပ်တစ်ခုသည် ကောင်းကင်ယံမှ လမင်းကြီးကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။ ဤသည်မှာ ဒဏ္ဍာရီလာ ကောင်းကင်ခွေး လကို စားခြင်းပင် ဖြစ်သည်။ ပန်းကန်ပြားသဏ္ဍာန် လမင်းကြီးသည် တဖြည်းဖြည်း ဖုံးလွှမ်းခြင်း ခံလိုက်ရ၏။ လအပြည့်အဝ ကြတ်ခြင်း ဖြစ်ပေါ်နေပြီ ဖြစ်သည်။
လအပြည့်အဝ ကြတ်ခြင်း ဆိုသည်မှာ အဘယ်နည်း။ နေ၊ လနှင့် လောကဂြိုဟ်တို့ တစ်တန်းတည်း ကျရောက်ပြီး လမင်းကြီးသည် လောကဂြိုဟ်၏အရိပ်ထဲသို့ အပြည့်အဝ ဝင်ရောက်သွားခြင်းကို လအပြည့်အဝ ကြတ်ခြင်းဟု ခေါ်ဆို၏။
ဤဖြစ်စဉ်သည် အလွန်လျင်မြန်ပြီး မဲမှောင်သောအရိပ်သည် လမင်းကြီး တစ်ခုလုံးကို လျင်မြန်စွာ ဝါးမျို သွားခဲ့သည်။ ပင်လယ်ပြင်တစ်ခုလုံးသည် ပိုမို မှောင်မိုက်လာခဲ့၏။ နောက်ဆုံးတွင် လရောင် အားလုံး ပျောက်ကွယ် သွားခဲ့သည်။
ကျန်းလီသည် ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ဘဲ ထိပ်တန်း ရှေးဟောင်းလူသား သိုင်းပညာရှင်များကို စေလွှတ်တိုက်ခိုက်လိမ့်မည်ဟု ရှမ့်လန် ထင်မှတ်ထားခဲ့သော်လည်း အဆုံးတွင်မူ ထိုသို့ ဖြစ်မလာခဲ့ပေ။
ထိုအချိန်၌ ကောင်းကင်ယံတွင် မည်သည့် ထူးခြားမှုမှ မဖြစ်ပေါ်ခဲ့ပေ။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်း အပျက်အစီးများ ပေါ်ထွက်မလာသကဲ့သို့ သရဲမြို့တော်ကဲ့သို့သော အရာမျိုးလည်း အရိပ်အယောင်မျှ ပေါ်မလာခဲ့ချေ။
ရှမ့်လန်က သူ၏ ခန့်မှန်းချက် လွဲမှားသွားပြီဟု ထင်မှတ်လိုက်ချိန်တွင် ရုတ်တရက် ပင်လယ်ပြင်၌ အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဝဲကတော့တစ်ခုသည် လျင်မြန်စွာ ဖြစ်ပေါ်လာပြီး အချင်း မီတာ နှစ်သောင်း၊ သုံးသောင်း ကျော်သည်အထိ ကြီးထွားလာခဲ့၏။ ထိုအရာသည် မကြုံစဖူး ကြီးမားသော ဝဲကတော့ကြီး ဖြစ်ပြီး အတွင်း၌ မည်သည့်အရာကိုမှ မမြင်ရပေ။
ဒီရေလှိုင်း အားကောင်းရခြင်းမှာ လမင်းကြီး၏ ဆွဲငင်အားကြောင့် ဖြစ်ပြီး လအပြည့်အဝ ကြတ်ချိန်တွင် ဒီရေအား ပြောင်းလဲတတ်ကြောင်း ရှမ့်လန် သိရှိထားပြီး ဖြစ်သည်။ သို့သော်ငြား ဤမျှ ကြီးမားသော ဝဲကတော့ကြီး ဖြစ်လာစရာ အကြောင်း မရှိပေ။
လအပြည့်အဝ ကြတ်ခြင်းသည် ဒုတိယပိုင်းသို့ ရောက်ရှိလုနီး ဖြစ်နေပြီး ကောင်းကင်ခွေးသည် လမင်းကြီးကို ပြန်လည် ထွေးထုတ်တော့မည် ဖြစ်၏။ ထိုအချိန်၌ ဝဲကတော့ကြီးသည် ရေခဲရိုက်ထားသကဲ့သို့ ကြီးထွားမှု ရပ်တန့်သွားပြီး ပြန်လည် ကျုံ့ဝင်သွားသည်။ ထိုဖြစ်စဉ်သည် ၀.၀၁ စက္ကန့်အောက်သာ ကြာမြင့်သော ခဏတာမျှသာ ဖြစ်၏။
ရှမ့်လန်သည် ဝဲကတော့ထဲတွင် အလင်းနှင့် အရိပ်တစ်ခုကို မြင်လိုက်ရသကဲ့သို့ရှိပြီး ၎င်းသည် ရှေးဟောင်း အပျက်အစီး အမွေအနှစ်တစ်ခု၏ ပုံရိပ် ဖြစ်နိုင်၏။ သာမန်လူများအနေဖြင့် တုံ့ပြန်နိုင်ရန် အချိန်မီမည် မဟုတ်ပေ။ အကြောင်းမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားသောကြောင့် ဖြစ်သည်။
မြင်ကွင်းတစ်ခုသည် ဖရိမ် ၂၀ ကျော်လွန်သွားပါက လူသားတို့၏ မျက်လုံးထဲတွင် ဆက်တိုက် ရွေ့လျားမှု အဖြစ်သာ မြင်တွေ့ရတတ်၏။ ဆိုလိုသည်မှာ မြင်ကွင်းတစ်ခုနှင့် တစ်ခုကြား ကြာချိန် ၀.၀၅ စက္ကန့်အောက် နည်းပါက လူသားမျက်လုံးဖြင့် မမြင်နိုင်တော့ပေ။
(စာအုပ်ဖြူ တစ်အုပ်ပေါ်မှာ ကာတွန်းရုပ်ပုံများဆွဲထားပြီး လက်မနဲ့ဖိကာ ပွတ်ကြည့်မည်ဆိုလျှင် ကာတွန်းရုပ်များ လှုပ်ရှားနေမည်ကို စာဖတ်သူတို့မြင်ဖူးကြပေလိမ့်မည်။ ထိုသို့သော သဘောတရားပင်။ - ဘာသာပြန်သူ)
သို့သော်ငြား ရှမ့်လန်မှာမူ မတူညီပေ။ သူ၏စိတ်လောကထဲတွင် အချိန်သည် တရွေ့ရွေ့ နှေးကွေးသွားခဲ့သည်။ ဝဲကတော့ကြီး ရပ်တန့်သွားသည့် ခဏတာ အချိန်လေးတွင် ရှမ့်လန်သည် အစွမ်းကုန် အားစိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားလိုက်သည်။
***