ထိုစဉ်က မဟာပညာရှင် ၁၃ ဦးသည် သူတို့၏ ဝိညာဉ်များဖြင့် တိမ်ကောနေသော ရေတွင်းပျက်ကို ဖြည့်ဆည်းပေးခဲ့ပြီး အလယ်အလတ် နဂါးအသိဉာဏ်အမြင်ကို ရရှိစေခဲ့၏။ ယခုမူ ဤရေတွင်းပျက်ကြီး ပြည့်သွားစေရန် မည်မျှ အစွမ်းထက်သော ဝိညာဉ်မျိုး လိုအပ်မည်နည်း။
သံသယ ဖြစ်စရာ မလိုပေ။ ဤရေတွင်း သည် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်မည့် နေရာပင် ဖြစ်သည်။ ဝိညာဉ်ရေ သုံးပုံနှစ်ပုံ ပြည့်နေအောင် မည်သည့်အရာက ဖြည့်ဆည်းပေးထားသနည်း။
ကန်ဝမ်သည် ရှမ့်လန် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ရရှိရန် ဝိညာဉ်ရေ ပြည့်နေရမည်ကို သိထားသည်။ သို့သော်ငြား ဖြည့်ဆည်းရန် နည်းလမ်း ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် ခေါ်ဆောင်လာသော လူတစ်သောင်းလုံး ကို စတေးခဲ့ရပြီး အဆုံးတွင် ထိုအရာကလည်း အရာမထင်ခဲ့ချေ။ သေဆုံးသွားသော နှလုံးသားထက် ပို၍ ဝမ်းနည်းစရာကောင်းသောအရာ မရှိတော့ပေ။ သူသည် ရက်စက်သောသူ တစ်ဦး ဖြစ်သော်လည်း အသုံးမဝင်ခဲ့ပေ။
“အရှင်... အရှင် ရောက်လာပြီ ဆိုတော့ ကျုပ် သူတို့နောက် လိုက်သွားပါရစေ။”
ကန်ဝမ် တုန်ယင်စွာ ပြောလိုက်၏။ “ကျုပ် အသနားခံပါတယ်။ ကျေးဇူးပြုပြီး မတားပါနဲ့။ ကျုပ်က လူတွေကို သေမင်းဆီ ပို့ဆောင်ခဲ့ပေမဲ့ ကိုယ်တိုင်က အသက်ရှင်နေရတယ်။ ဒါက သေတာထက် အဆပေါင်း တစ်ထောင် ပိုနာကျင်ရပါတယ်။ အရှင် ကရုဏာထားပြီး ကျုပ်ကို သူတို့နောက် လိုက်ခွင့်ပြုပါ။”
ထို့နောက် ကန်ဝမ်သည် ရေတွင်းနက်ကြီးကို ကြည့်လိုက်သည်။
“နောင်တော်တို့... ညီတော်တို့... ကျုပ် လာပါပြီ။” ကန်ဝမ်က ဖြည်းညင်းစွာ ပြောလိုက်၏။
ထို့နောက် သူသည် ရေတွင်းနက်ကြီးထဲသို့ ခုန်ချလိုက်ပြီး ချက်ချင်းပဲ ပြာမှုန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ခန္ဓာကိုယ် ပျောက်ကွယ်သွားရုံသာမက ဝိညာဉ်ပါ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။ ရှမ့်လန် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ရရှိစေရန် သူ၏ အသက်ကိုပါ ဤရေတွင်း၌ စတေးလိုက်ခြင်း ဖြစ်သည်။
သို့သော်ငြား ကန်ဝမ် ခုန်ချသွားသည့်တိုင် ဝိညာဉ်ရေသည် ပြည့်မလာဘဲ သုံးပုံနှစ်ပုံသာ ရှိနေဆဲ ဖြစ်သည်။ ကန်ဝမ်၏ဝိညာဉ်ကို စတေးလိုက်သော်လည်း ရေမျက်နှာပြင်သည် တစ်မီလီမီတာမှ တက်မလာခဲ့ပေ။
သုံးပုံနှစ်ပုံ... သုံးပုံနှစ်ပုံ...။
ရှမ့်လန်သည် ရေတွင်းနက်ကြီးနှင့် အတွင်းရှိ မရေမတွက်နိုင်သော ဝိညာဉ်များကို ကြည့်ရင်း သက်ပြင်း ချလိုက်မိ၏။ အကျိုးအကြောင်း ဆင်ခြင်မှုက ယခုအချိန်တွင် မခုန်ချသင့်ကြောင်း ပြောနေသော်လည်း စိတ်ခံစားမှုကမူ ချက်ချင်း ခုန်ချရန် တွန်းအားပေးနေသည်။
စောစောကပင် ကန်ဝမ် ခုန်ချသွားပြီး ပြာမှုန် ဖြစ်သွားခဲ့၏။ လူတစ်သောင်းကျော် ခုန်ချသွားပြီး ပြာမှုန် ဖြစ်သွားခဲ့ကြ၏။
“ကျုပ်လည်း လာပြီ။”
ရှမ့်လန်သည် လောကမြေအလယ်ဗဟိုသို့ ပေါက်ရောက်နေသော ငရဲတမျှ နက်ရှိုင်းသည့် ရေတွင်းနက်ကြီး ထဲသို့ ခုန်ချလိုက်သည်။
ပြာမှုန်အဖြစ် ပြောင်းလဲသွားမည်လား။ သို့မဟုတ် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ရရှိမည်လား။
…..
ရေတွင်းနက်ထဲသို့ မခုန်ချမီ ရှမ့်လန်သည် ဖြစ်နိုင်ခြေ အကျိုးဆက်များစွာကို ကြိုတင် တွေးတောခဲ့၏။
သို့သော်ငြား ရလဒ်မှာမူ ဘာမှဖြစ်မလာခဲ့ပေ။ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ သူသည် ရေတွင်းနက်ကြီး ထဲရှိ ဝိညာဉ်ရေထဲတွင် မလှုပ်မယှက် မျောပါနေသည်။ သူသည် ပြာမှုန်အဖြစ် ပြောင်းလဲမသွားသလို အဆင့်မြင့် နဂါး အသိဉာဏ်အမြင်ကိုလည်း ရရှိခြင်း မရှိပေ။
ရှမ့်လန်သည် နဂါးအသိဉာဏ်အမြင် နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရှိ၊ ဘာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။ သူ မြင်တွေ့နေရသည်မှာ အဆုံးအစမဲ့ ဝိညာဉ်ရေပြင်ကြီးသာဖြစ်ပြီး အောက်ခြေမဲ့ နေသောကြောင့် ငရဲပြည်အထိ ပေါက်ရောက်နေသကဲ့သို့ ခံစားရသည်။
ကန်ဝမ်နှင့် သူခေါ်ဆောင်လာသော လူတစ်သောင်းတို့သည် ခုန်ချလိုက်ပြီးနောက် ပြာမှုန်အဖြစ် ပြောင်းလဲ သွားခဲ့ကြ၏။ နောက်ဆုံးတွင် ကန်ဝမ် ကိုယ်တိုင်လည်း ခုန်ချပြီး ပြာမှုန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ရှမ့်လန် တစ်ဦးတည်းသာ ခုန်ချပြီးနောက် ဘာမှမခံစားရဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဝိညာဉ်ရေထဲတွင် ငြိမ်သက်စွာ လဲလျောင်းရင်း ကောင်းကင်ကို မော့ကြည့်လိုက်၏။
မဟုတ်သေးချေ။ ဤနေရာတွင် ကောင်းကင်ဟူ၍ မရှိ၊ ထာဝရ အထီးကျန်ဆန်ခြင်းသာ ရှိသည်။ ထိုအချိန်၌ ဝိညာဉ်ရေ သုံးပုံနှစ်ပုံသည် မည်သည့်နေရာမှ ရောက်ရှိလာကြောင်း ရှမ့်လန် သိရှိလိုက်သည်။
တစ်ပုံမှာ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ထံမှ ဖြစ်ပြီး ကျန်တစ်ပုံမှာ နဂါးမယ်တော််ထံမှ ဖြစ်သည်။ ထိုသူတို့သည် ရှေးဟောင်း အကျဉ်းထောင်မှ အကျဉ်းသားနံပါတ် ၃ နှင့် ၄ တို့ ဖြစ်ကြ၏။
တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်သည် အဆင့်မြင့်နဂါးအသိဉာဏ်အမြင် အကြောင်းကို သိရှိပါလျက် ရှမ့်လန်အား အဘယ်ကြောင့် မသင်ကြားပေးခဲ့သနည်းဟု ရှမ့်လန် ယခင်က စူးစမ်းခဲ့ဖူးသည်။ ယခုမှသာ သူ နားလည်သွားတော့၏။
အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်ရန် လိုအပ်သောဝိညာဉ်နှင့် စိတ်စွမ်းအင် ပမာဏမှာ အလွန်များပြားလှပြီး ကြီးမားသောပေးဆပ်မှု လိုအပ်ပေသည်။ အရေးကြီးဆုံးအချက်မှာ ရှမ့်လန် ကိုယ်တိုင် ဉာဏ်အလင်းပွင့်ရန် လိုအပ်ပြီး သူ၏ခန္ဓာ၊ စိတ်နှင့် ဝိညာဉ် တစ်ခုလုံးကို ရာနှုန်းပြည့် မြှုပ်နှံထားရမည်။
“အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ဆိုတာ ဘာဖြစ်မယ်လို့ ထင်သလဲ။” ရှမ့်လန်သည် ကန်ဝမ်အား မေးမြန်းခဲ့ဖူး၏။
ကန်ဝမ်က မသိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ယခုအချိန်တွင်မူ ရှမ့်လန်၏ နှလုံးသားထဲ၌ အဖြေတစ်ခု ရှိနေပြီ ဖြစ်၏။ ၎င်းမှာ အသက်နှင့် သေခြင်းတရားပင် ဖြစ်၏။
အသက်နှင့် သေခြင်းတရားကို ဉာဏ်အလင်းပွင့်ခြင်း - ဤအရာသည် အလွန် ဆန်းကြယ်သည်ဟု ထင်ရသော်လည်း အစွမ်းထက်လာစေရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပုံရသည်။ ကျန်းလီ၏ လက်ရှိ စွမ်းအားမှာ အကန့်အသတ်မဲ့ ဖြစ်နေသော်လည်း သူ၏အရေးအပါဆုံး အရာမှာ အဘယ်နည်း။ သူသည် အသက်နှင့် သေခြင်းတရားကို ထိုးဖောက်မြင်နိုင်ရုံသာမက ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ငရဲသလင်းကျောက် ဆိုသည်မှာ အဘယ်နည်း။ အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် သေခြင်းတရား၏ ပရိယာယ်ပင် ဖြစ်သည်။ ငရဲပြည်အထိ နက်ရှိုင်းစွာဝင်ရောက်ပြီး သေခြင်းတရားကို နားလည် သဘောပေါက်မှသာ နိဗ္ဗာနသို့ ရောက်ရှိနိုင်မည်။
ကျန်းလီသည် အသက်နှင့် သေခြင်းတရား လက်နက်ကို ပြီးပြည့်စုံစွာ အသုံးချနိုင်ခဲ့သည်။ သူသည် အသက်နှင့် သေခြင်းတရားကို ခွာချပြီး သိန်းပေါင်းများစွာသော ရှေးဟောင်းလူသား ဝိညာဉ်များကို ကြီးမားသော ပျက်သုဉ်းခြင်းမှ လွတ်မြောက်စေခဲ့၏။
သူသည် မိမိ၏ ကိုယ်ပိုင်အသက်နှင့် သေခြင်းတရားကိုပင် ပြောင်းပြန်လှန်ပစ်ကာ လောကတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့သည်။ အသက်နှင့် သေခြင်းတရားသည် သူ၏လက်ထဲတွင် သေစေနိုင်သော လက်နက်တစ်ခု ဖြစ်လာခဲ့သည်။ ထို့ကြောင့် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ဆိုသည်မှာ အသက်နှင့် သေခြင်းတရားကို နားလည် သဘောပေါက်ပြီး သေခြင်းတရား၏ စစ်မှန်သော စွမ်းအားကို ဆုပ်ကိုင်နိုင်ခြင်းလား။
ရှမ့်လန်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နှင့် နဂါးမယ်တော်တို့သည် ရှမ့်လန်အား နိဗ္ဗာနရောက်ရှိစေရန်နှင့် သူ၏ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ပေးပြီးနောက် တော်ဝင်ကပ်ဘေးဘုရားကျောင်း ရှေးဟောင်းအပျက်အစီးသို့ လာရောက်ကာ သူတို့၏ ဝိညာဉ်များကို စတေးကာ ဤရေတွင်းနက်ကြီးကို သုံးပုံနှစ်ပုံ ပြည့်အောင် ဖြည့်ဆည်းပေးခဲ့ကြခြင်း ဖြစ်ပေမည်။
အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင် ရှမ့်လန်သည် သက်ပြင်းချရုံမှတစ်ပါး တတ်နိုင်မည် မဟုတ်ပေ။ ရှမ့်လန်သည် ထိုပုဂ္ဂိုလ်နှစ်ဦးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော်လည်း ထိုသူတို့သည် သူ့အတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့ကြသည်။ သို့သော်ငြား လုံလောက်မှု မရှိသေးပေ။
အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ရရှိရန် လိုအပ်သော ဝိညာဉ်စတေးမှု ပမာဏမှာ အလွန် များပြားလှ ပေသည်။ အလယ်အလတ် နဂါးအသိဉာဏ်အမြင် ရရှိရန် လိုအပ်သော ပမာဏထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုများသည်။ ကန်ဝမ်နှင့် လူတစ်သောင်း၏ စတေးမှုသည် အသုံးမဝင်သလောက်ပင် ဖြစ်ခဲ့ရ၏။
ဤရေတွင်းထဲမှ ဝိညာဉ်ရေမပြည့်လျှင် သူသည် နဂါးအသိဉာဏ်အမြင်ကို ရရှိနိုင်မည် မဟုတ်ပေ။ ထိုသို့ဖြစ်လျှင် ကျန်ရှိသောသုံးပုံတစ်ပုံကို မည်သူက ဖြည့်ဆည်းပေးမည်နည်း။ ဤလောကတွင် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နှင့် နဂါးမယ်တော်တို့ကဲ့သို့ အစွမ်းထက်သော ဝိညာဉ်ပိုင်ရှင် မည်သူ ရှိသေးသနည်း။
အမှောင်ဘုရင်မလား။ မဟုတ်သေးချေ။ သူမ မဖြစ်နိုင်ပေ။ ပထမအချက်အနေဖြင့် သူမသည် ကျန်းလီ၏ ဖမ်းဆီးခြင်းကို ခံထားရပြီးဖြစ်ရာ လွတ်မြောက်နိုင်မည့် နည်းလမ်းမရှိပေ။ ထို့အပြင် သူမ၏ ဝိညာဉ် စွမ်းအားမှာ လိုအပ်ချက်နှင့် ကွာခြားလွန်းလှသေး၏။ ကျန်ရှိသော သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်မည့် တစ်ခုတည်းသောအရာမှာ ဘုရင်မမီဒူဆာ၏ဝိညာဉ်သာ ဖြစ်သည်။ သူမသည် ဤလောကတွင် ဝိညာဉ် စွမ်းအား အကြီးမားဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
အိမ်ရှေ့စံကျန်းရှဲ့ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ပြီးမြောက်ပြီး အလွန် အစွမ်းထက်လာရခြင်း၊ သိန်းပေါင်းများစွာသော ဝိညာဉ်များကို ဦးဆောင်ကာ မဟာပျက်သုဉ်းခြင်းကို ဖြတ်ကျော်နိုင်ခဲ့ခြင်းမှာ ဘုရင်မ မီဒူဆာကြောင့် ဖြစ်၏။
သူသည် ဦးစွာ ဘုရင်မမီဒူဆာ၏ ခန္ဓာနှင့် စိတ်ကို သိမ်းပိုက်ကာ သူမ၏ ဝိညာဉ်ဆိုင်ရာ သိမြင်နားလည်မှုနှင့် စွမ်းအင်ဗဟုသုတ အားလုံးကို ရယူခဲ့၏။ ထို့အပြင် နတ်ဘုရားအကြည့်ကိုပါ ဆုပ်ကိုင်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် နတ်ဘုရားအကြည့်ကို အသုံးပြု၍ ဘုရင်မမီဒူဆာအား ကျောက်ဖြစ်သွားစေခဲ့သည်။
ထိုသို့ဖြစ်လျှင် ဘုရင်မမီဒူဆာ၏ ဝိညာဉ် ရှိနေသေးသည်လား။ သူမ၏ဝိညာဉ် ကျန်ရှိနေသေးသလား။ ရှိနေသင့်သည်ဟု ရှမ့်လန် ခံစားရသည်။ ထိုသို့မဟုတ်လျှင် သူမ၏ရုပ်တု မျက်လုံးနှစ်လုံးမှ စိတ်စွမ်းအင် သတင်းအချက်အလက်များကို အချိန်တိုင်း ထုတ်လွှတ်နေနိုင်မည် မဟုတ်သလို နေ့စဉ် ပုံရိပ်ယောင်များ ပေါ်ထွက် လာနိုင်မည် မဟုတ်ပေ။
သို့သော်ငြား ရှမ့်လန်သည် မိစ္ဆာတြိဂံနယ်မြေသို့ ရောက်ရှိခဲ့သော်လည်း ဧရာမဘုရင်မမီဒူဆာ ရုပ်တုကြီး ပျောက်ဆုံးနေခဲ့သည်။ ဘယ်ရောက်သွားသနည်း။ ကျန်းလီ ယူဆောင်သွားခြင်းလား။ သို့မဟုတ် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော် ယူဆောင်သွားခြင်းလား။
ရှမ့်လန်သည် ဒုတိယအချက်ကို ပို၍ ယုံကြည်မိသည်။ ဘုရင်မမီဒူဆာသည် ပျောက်ဆုံးအင်ပါယာ၏ နတ်ဘုရား ဖြစ်၏။ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော် နှင့် မရေမတွက်နိုင်သော ပင်လယ်မွန်းစတားများ ထွက်ခွာသွားကြချိန်မှာတော့ ရုပ်တုကြီးကို သေချာပေါက် သယ်ဆောင်သွားကြပေလိမ့်မည်။ တစ်ခုတည်းသော မေးခွန်းမှာ မည်သို့ သယ်ဆောင်သွားသနည်း ဆိုသည်ပင်။
အရာအားလုံးသာ ရှမ့်လန် မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပါက ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော် နှင့် ပင်လယ် မွန်းစတားများသည် မည်သည့်နေရာသို့ ပြောင်းရွှေ့သွားကြသနည်း။ ထိုအချိန်က ရှမ့်လန်သည် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်အား မည်သူမှ ရှာမတွေ့နိုင်သော ဝေးလံသည့်နေရာတစ်ခုသို့ ချက်ချင်း ထွက်ခွာသွားရန် မှာကြားခဲ့ဖူး၏။ မည်သည့်နေရာသို့သွားရမည်ကို ရှမ့်လန် မသိသလို ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်လည်း မသိခဲ့ပေ။
ထို့ကြောင့် ဘုရင်မမီဒူဆာ၏ရုပ်တုကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ ရှာတွေ့လျှင်ကော ဘာလုပ်နိုင်မည်နည်း။ ဘုရင်မမီဒူဆာ၏ ရုပ်တုရှေ့တွင် ရပ်ကာ သွားရောက်တောင်းဆိုရမည်လား။
“ကျေးဇူးပြုပြီး ဘုရင်မ... လောကကြီးကို ကယ်တင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်နဲ့ ဝိညာဉ်ကို စတေးပေးပါ။ ဒါမှ ကျုပ် အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်နိုင်မှာပါ။”
ဟိုယခင်က အိမ်ရှေ့စံကျန်းရှဲ့သည် သူမအား တစ်ကြိမ် လှည့်စားပြီး စတေးခိုင်းခဲ့ဖူး၏။ သို့သော်ငြား အနည်းဆုံးတော့ အချစ်ရှိခဲ့သည်။ ဘုရင်မမီဒူဆာသည် ကျန်းရှဲ့ကို အသည်းနှလုံးထဲထိ ချစ်မြတ်နိုးခဲ့ သောကြောင့် မိမိကိုယ်ကို စတေးရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်ပေမည်။
ထိုသို့ဖြစ်လျှင် ဘုရင်မမီဒူဆာနှင့် ရှမ့်လန်တို့အကြား မည်သည့် ပတ်သက်မှု ရှိသနည်း။ မည်သည့် ပတ်သက်မှုမှ မရှိပေ။ သူမအနေဖြင့် မိမိကိုယ်ကို စတေးရန် မည်သည့် အကြောင်းပြချက် ရှိသနည်း။ သေချာသည်မှာ ပြောရလျှင် သူမ၌ စတေးရန် အကြောင်းပြချက် ရှိနေသေး၏။ ဥပမာအားဖြင့် ကျန်းရှဲ့ကို လက်စားချေရန်၊ သို့မဟုတ် ပျောက်ဆုံးအင်ပါယာကို ကယ်တင်ရန်တို့ ဖြစ်သည်။
အချစ်သည် အမုန်းအဖြစ် ပြောင်းလဲသွားချိန်မှာတော့ အပြင်းထန်ဆုံး ဖြစ်လာတတ်၏။ လက်စားချေရန် အတွက် အရာအားလုံးကိုပင် စတေးနိုင်သည်။ ထို့ကြောင့် ဘုရင်မမီဒူဆာ၏ ကျန်းရှဲ့အပေါ် ထားရှိသော အမုန်းတရားသည် ကောင်းကင်နှင့် မြေကြီးကိုပင် လောင်ကျွမ်းစေနိုင်လောက်၏။
ကျန်းလီသာ လောကစွမ်းအားကို ဝါးမျိုလိုက်ပါက ကျန်ရစ်နေသော ပျောက်ဆုံးအင်ပါယာသည် သေချာပေါက် ပျက်စီးသွားရပေလိမ့်မည်။ ထို့ကြောင့် အဓိကမေးခွန်းမှာ ဘုရင်မမီဒူဆာ၏ ရုပ်တု မည်သည့်နေရာတွင် ရှိနေသနည်း ဆိုသည်ပင်။
ထိုအချိန်၌ အသံတစ်သံသည် ရှမ့်လန်၏ နားထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။
“တော်ဝင်ကပ်ဘေး ဘုရားကျောင်း... တော်ဝင်ကပ်ဘေး ဘုရားကျောင်း... ကျွန်မက ကျင်းမူလန်ပါ။ ကျွန်မက ကျင်းမူလန်ပါ။”
“ဟမ်” ရှမ့်လန် လန့်ဖျပ်သွားရသည်။ မူလန်၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်၏။ “ဒီအချက်အလက်ကို မှတ်တမ်းတင်ပြီး ကျမရဲ့ယောက်ျားဆီ ပေးပို့ပေးပါ။ ၈၅၉၆၊ ၃၃၂၅၊ ၆၅၆၇...”
နောက်ထပ် ရှည်လျားသော ဂဏန်းတွဲများ ဖြစ်ပြီး ရာပေါင်းများစွာ ပါဝင်သည်။ ကြားလိုက်ရသည်နှင့် ရှမ့်လန် သည် ချက်ချင်း အဖြေဖော်လိုက်သည်။ “ယောက်ျား... တောင်ဝင်ရိုးစွန်း ပျောက်ဆုံးအင်ပါယာဆီ လာခဲ့ပါ။”
ထို့နောက် မူလန်၏အသံသည် ထပ်ကာထပ်ကာ ရွတ်ဆိုနေသည်။ ထုံးစံအတိုင်းပင် ရှမ့်လန်သည် အသံကို လက်ခံရရှိရုံသာ တတ်နိုင်ပြီး ပြန်လည် ဖြေကြားခွင့် မရှိပေ။ ရုတ်တရက် မူလန်၏ အသံ ပြောင်းလဲ သွားခဲ့သည်။ ချိုသာပြီး နူးညံ့သွား၏။ “ယောက်ျား... ရှင် နားထောင်နေတယ် မဟုတ်လား။ ရှင် နားထောင်နေမှန်း ကျွန်မ သိတယ်။”
ရှမ့်လန်၏ နှလုံးသားသည် မနေနိုင်မထိုင်နိုင် တုန်ခါသွားရသည်။
“ဟုတ်တယ်။ ငါ နားထောင်နေတယ်။” ရှမ့်လန် ပါးစပ်မှ ဖွင့်ဟ ပြောလိုက်၏။ သို့သော်ငြား မိုင်သောင်းချီ ဝေးကွာသော မူလန်မှာမူ မကြားနိုင်ရှာပေ။
“ယောက်ျား... ကျွန်မ ရှင့်ကို ခံစားမိတယ်။ တကယ်ပါ။”
မူလန် ငိုကြွေးလိုက်သည်။ “ကျွန်မ ရှင့်ကို အရမ်း လွမ်းတယ်။ ဒီနှစ် ၃၀ အတွင်း ရှင့်ကို မလွမ်းတဲ့နေ့ရယ်လို့ မရှိခဲ့ပါဘူး။ ယောက်ျား... ကျွန်မ အရမ်း နောင်တရမိတယ်။ ကျွန်မ ဒီလိုမျိုး လုံးဝ မနေချင်ပါဘူး။ ဆရာနဲ့အတူ မလိုက်သွားခဲ့သင့်ဘူး။ ရှင့်ဘေးနားမှာပဲ နေခဲ့သင့်တယ်။ ရှင်နဲ့၊ မိသားစုနဲ့ မခွဲခွာခဲ့သင့်ဘူး။ လောကကြီး ပျက်စီးသွားရင်လည်း ဘာဖြစ်သလဲ။ အနည်းဆုံးတော့ ကျွန်မတို့ အတူတူ နေရသေးတယ်။
“ယောက်ျား... ကျွန်မ ဒီလိုမျိုး လုံးဝ မနေချင်ပါဘူး။ လောကကြီး ပျက်စီးသွားရင်လည်း ဘာဖြစ်သလဲ။ ကျွန်မတို့က သာမန် လင်မယားတွေပဲလေ။ လောကကြီး ပျက်စီးသွားရင်လည်း ပျက်စီးသွားပါစေတော့။ ဘာလို့ ရှင်က တာဝန်ယူနေရမှာလဲ။”
မူလန်၏ ငိုကြွေးသံများသည် ရှမ့်လန်၏ နားထဲသို့ ဝင်ရောက်လာသည်။ မူလန်သည် ပြောင်းလဲခြင်း မရှိသေးပေ။ လွန်ခဲ့သော နှစ် ၃၀ ကလို မပြောင်းလဲရုံသာမက ရှမ့်ယီကို မမွေးဖွားမီ အချိန်ကလိုပင် မပြောင်းလဲသေးပေ။
“ကျွန်မက မိန်းကလေး တစ်ယောက်ပါ။ ဘာလို့ ကျွန်မကို အကြီးကြီးတွေ လုပ်ခိုင်းနေရတာလဲ။ ကျွန်မ လုံးဝ မလုပ်ချင်ပါဘူး။ လုံးဝ မလုပ်ချင်ပါဘူး။”
***