ဘုရင်မမီဒူဆာက မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဒါဆို မင်းမှာ အရှက်တရား နည်းနည်း ကျန်သေးတယ်လို့ ပြောရမလား။”
ရှမ့်လန် ဘာမပြန်မပြောပေ။
ဘုရင်မမီဒူဆာက မေးပြန်၏။ “သူ့ကို ဘယ်လိုလူမျိုးလို့ မင်း ထင်သလဲ။”
သူမ ရည်ညွှန်းသော သူ ဆိုသည်မှာ သေချာပေါက် ကျန်းရှဲ့ သို့မဟုတ် ကျန်းလီ ဖြစ်သည်။
“ကျုပ် မှတ်ချက် မပေးနိုင်ပါဘူး။”
“မင်း မှတ်ချက် ပေးကို ပေးရမယ်။”
“ကျုပ်မှာ ရည်မှန်းချက် တစ်ခုပဲ ရှိတယ်။ အဲဒါက လောကကြီးမာ ရန်ငြိုးမရှိဘဲ နေဖို့ပဲ။ ဒါကြောင့် သူက ကျုပ်ရဲ့ တစ်ဦးတည်းသော ရန်သူပါ။ ဘာပဲဖြစ်ဖြစ် သူ့ကို သုတ်သင်ရှင်းလင်းနိုင်တဲ့ အထိပေါ့။”
ဤစကားသည် ကျန်းလီအပေါ် မှတ်ချက်ပေးရာ မရောက်သော်လည်း အကဲဖြတ်မှုတစ်ခု ဖြစ်နေသည်။ ယခုအချိန်အထိ ရှမ့်လန်၏ တိုက်ရိုက်ရည်မှန်းချက်မှာ ကျန်းလီကို အနိုင်ယူရန် ဖြစ်သည်။ လောကကြီးကို ကယ်တင်ရန်မှာ ဒုတိယ ရည်မှန်းချက်သာ ဖြစ်၏။ ထို့ကြောင့် သူသည် အခြားသူများကို သူ့အတွက် အသက် စတေးပေးရန် တရားသဖြင့် တောင်းဆို၍ မရနိုင်ပေ။ သူသည် တစ်ကိုယ်ကောင်းဆန်သူတစ်ဦး ဖြစ်သည်။
သို့သော်ငြား ကျန်းလီ၏ခန္ဓာ၊ စိတ်နှင့် ဝိညာဉ် တစ်ခုလုံးသည် လူသားယဉ်ကျေးမှုကို ကယ်တင်ရန် ဖြစ်သည်။ ဤရည်မှန်းချက်အတွက် သူသည် မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်ကာ အရာအားလုံးကို စတေးနိုင်သည်။ ထို့ကြောင့် ကျန်းလီသည် လုံးဝ အတ္တကင်းမဲ့သူ တစ်ဦးဟု ဆိုရမည်။ သူသည် အလွန် အစွန်းရောက်လွန်းသဖြင့် လူများကို ကြောက်ရွံ့တုန်လှုပ်စေပြီး သွေးအေးစေခြင်းသာ ရှိ၏။
“သူက အရမ်း အံ့အားသင့်စရာကောင်းတဲ့ လူတစ်ယောက်ပါ။”
ဘုရင်မမီဒူဆာက ပြောလိုက်သည်။ “သူ လုပ်သမျှ အရာအားလုံးက သူ့ရဲ့ မြင့်မြတ်တဲ့စံနှုန်းတွေကို ပြည့်မီဖို့ပဲ။ ငါ့ကို လှည့်စားပြီး ဖျက်ဆီးခဲ့တာ အပါအဝင်ပေါ့။ ဒါကြောင့် ငါ သူ့ကို မုန်းတယ်။ ဒါပေမဲ့ ချစ်နေတုန်းပါပဲ။
ငါ ပြောခဲ့သလိုပဲ။ ရုပ်တု တစ်ခုအနေနဲ့ ဘယ်လိုအကြောင်းပြချက်နဲ့မှ နတ်ဘုရား နေရာကနေ မဆင်းသက် လာသင့်ဘူး။ လောကကြီး ပျက်စီးသွားရင်တောင် မဆင်းသက်သင့်ဘူး။” ဘုရင်မမီဒူဆာက ဆက်ပြော၏။
“ဘာဖြစ်လို့လဲဆိုတော့ ဆင်းသက်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်ရာ ရောက်သွားပြီ။ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရာ ရောက်သွားပြီ။ ဒါကြောင့် သဘောတရားအရ ပြောရရင် ကျွန်းမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ ငါ့အပြစ်နဲ့ ငါပါပဲ။ လူပဲဖြစ်ဖြစ်၊ တခြားအရာပဲ ဖြစ်ဖြစ် အခက်ခဲဆုံး အရာက အစကနေ အဆုံးထိ တည်မြဲနေဖို့ပါပဲ။ ငါ မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျန်းရှဲ့ကတော့ လုပ်နိုင်ခဲ့တယ်။”
သူမသည် စရိုက်လက္ခဏာကို ထိန်းသိမ်းခြင်းအကြောင်း ပြောနေခြင်းလား။
“လူတစ်ယောက်အတွက် အရှက်ရစရာ အကောင်းဆုံးအရာက တခြားသူကို သစ္စာဖောက်တာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်တာပဲ။”
ဘုရင်မမီဒူဆာက ပြောလိုက်သည်။ “ဒါကြောင့် အတိုင်းအတာတစ်ခုအထိ ပြောရရင် ကျန်းရှဲ့က အရှက်မရှိတဲ့လူ မဟုတ်ပါဘူး။ ငါသာ အရှက်မရှိတဲ့သူပါ။”
ဤစကားများက ရှမ့်လန်ကို များစွာ တွေးတောစေခဲ့သည်။ မှန်ပေသည်။ လူတစ်ယောက်အတွက် အခက်ခဲဆုံး အရာမှာ တည်မြဲနေရန် ဖြစ်၏။ လူတစ်ယောက်သည် ဟန်ဆောင်ကောင်းသူ ဖြစ်ပါက အမြဲတမ်း ဟန်ဆောင်နေပေလိမ့်မည်။ သို့သော်ငြား တစ်သက်လုံး ဟန်ဆောင်နိုင်လျှင်၊ အခေါင်းထဲ ဝင်သွားသည့် အချိန်ထိ ဟန်ဆောင်နိုင်လျှင် ထိုအရာသည် ဟန်ဆောင်ခြင်းမဟုတ်တော့ဘဲ ထာဝရ ဖြစ်တည်မှု ဖြစ်သွားသည်။
“မင်းလည်း မဆိုးပါဘူး။”
ဘုရင်မမီဒူဆာက ပြောလိုက်၏။ “မင်းလည်း တည်မြဲပါတယ်။ အစကနေ အဆုံးထိ တခြားသူတွေရဲ့ လွှမ်းမိုးခြင်းကို မခံခဲ့ရဘူး။ သမက်တော်ဘဝကနေ အရှေ့တိုင်းအင်ပါယာ ဖြစ်လာတဲ့အထိ မင်း ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။ မင်းက တကယ်ပဲ သူ့သားပါ။”
ရှမ့်လန် ဆက်လက် တိတ်ဆိတ်နေလိုက်သည်။
ဘုရင်မမီဒူဆာက မေးလိုက်သည်။ “မင်း အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်ဖို့အတွက် အဲဒီ ရေတွင်းကို ဖြည့်ဆည်းဖို့ ငါ့ဝိညာဉ်ကို စတေးစေချင်တာလား။”
“ဟုတ်ပါတယ်။” ရှမ့်လန် ဖြေကြားလိုက်သည်။ သူသည် မှန်ကန်သော နေရာတွင် ရှိမနေသကဲ့သို့ ခံစားနေရဆဲ ဖြစ်၏။
“လူတွေ အများကြီး မင်းအတွက် အသက်စတေးခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ တာဝန် ရှိတယ်လို့ ခံစားရလို့၊ သူတို့က မင်းကို ရွေးချယ်ခဲ့လို့ပါ။ ငါ့မှာတော့ အဲဒီ တာဝန် မရှိဘူး။”
ရှမ့်လန် တိတ်ဆိတ်နေဆဲ ဖြစ်၏။
“မင်း ငါ့ကို လက်စားချေပေးမယ်။ ကျန်းရှဲ့ကို ဖျက်ဆီးပေးမယ်လို့ ပြောချင်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ ပြောပြီးပြီလေ။ ငါ့ရဲ့အဖြစ်ဆိုးက ငါ့အပြစ်နဲ့ ကါပါလို့။ သူက ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။ ငါ သူ့ကို မုန်းတယ်။ ဒါပေမဲ့ ချစ်နေတုန်းပါပဲ။ ငါ့ရဲ့ မိုက်မဲမှုကြောင့် အလိမ်ခံခဲ့ရတာပါ။ သူ့ရဲ့ အရှက်မရှိမှုကြောင့် မဟုတ်ဘူး။”
“......” ရှမ့်လန် ပြောစရာ စကား မရှိတော့ပေ။
“ပျောက်ဆုံးအင်ပါယာကို ကယ်တင်ပေးနိုင်မယ်လို့ မင်း ပြောချင်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျုပ် ဟိုးအရင်တည်းက ပြောခဲ့ပြီးပြီ။ ကျုပ်က ကောင်းကင် စောင့်ကြည့် ရုပ်တုလိုပဲ ရုပ်တု တစ်ပါး၊ ရုပ်တု တစ်ခု ဖြစ်ခဲ့သင့်တယ်။ ယဇ်ပလ္လင်အောက် မဆင်းသက်ခဲ့သင့်ဘူး။”
“ငါ တစ်ခါတုန်းက ကျန်းရှဲ့အတွက် အရာအားလုံး ပေးဆပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ငါ့ဝိညာဉ် ကျန်သေးတယ်လေ။ အခု မင်းအတွက် ငါ့ရဲ့ နောက်ဆုံး လက်ကျန် ဝိညာဉ်ကို စတေးရအုံးမှာလား။ ဘာကိစ္စကြောင့်လဲ။ ပျောက်ဆုံးအင်ပါယာ ပျက်စီးဖို့ ကံပါလာရင်လည်း ပျက်စီးပါစေတော့။ ပျက်စီးမှာကို မကြည့်ရက်နိုင်လို့ ယဇ်ပလ္လင်အောက်ဆင်းသက်ခဲ့ပြီး ရုပ်တု ဘဝကနေ အင်ပါယာဘုရင်မအဖြစ် ပြောင်းလဲခဲ့တယ်။ ပြိုကွဲနေတဲ့ အင်ပါယာကို ပြန်လည် စုစည်းခဲ့တယ်။”
နာလူ၏ ရေအောက်သင်္ချိုင်းဂူထဲတွင် မီဒူဆာလေးများ၏ ဝိညာဉ်များ ပြောပြခဲ့သည်ကို ရှမ့်လန် သတိရလိုက်မိ၏။ တစ်ချိန်က ပျောက်ဆုံးအင်ပါယာ ပြိုကွဲခဲ့ပြီး မီဒူဆာ အများအပြား ထီးနန်းလုခဲ့ကြကြောင်း၊ နောက်ဆုံးတွင် ရှေးဟောင်း အရှေ့တိုင်းလူသားအင်ပါယာ၏ ကျူးကျော်ခြင်းကို ခံခဲ့ရကြောင်း၊ အခြေအနေ ဆိုးရွားပြီး လုံးဝ ပျက်စီးတော့မည့် အခြေအနေ ရောက်ခဲ့ကြောင်း၊ မီဒူဆာများသည် လူသားတို့၏ ကစားစရာပင် ဖြစ်လုနီးပါး ဖြစ်ခဲ့ကြောင်း သိရှိခဲ့ရသည်။
နောက်ပိုင်းတွင် ဘုရင်မမီဒူဆာ ဆင်းသက်လာပြီး အလွန် အစွမ်းထက်လာကာ ပျောက်ဆုံးအင်ပါယာ တစ်ခုလုံးကို စုစည်းပြီး အင်အားကြီးမားစေခဲ့သည်။ နောက်ဆုံးတွင် ရှေးဟောင်း အရှေ့တိုင်း အင်ပါယာကို အနိုင်ယူနိုင်ခဲ့၏။
“ကောင်းကင်က ပျောက်ဆုံးအင်ပါယာကို ပျက်စီးစေချင်ရင်လည်း ပျက်စီးပါစေတော့။ ငါတို့ ကောင်းကင်ကို မလွန်ဆန်နိုင်ပါဘူး။”
ဘုရင်မမီဒူဆာက ပြောလိုက်သည်။ “မင်း အဲဒီလို မထင်ဘူးလား။ အနည်းဆုံးတော့ ကောင်းကင်မျှော် ရုပ်တုက အဲဒီလို ထင်တယ်လေ။ ဒါကြောင့် မင်းရဲ့ မိုကျင်း ပျက်စီးသွားရင်တောင် သူက ယဇ်ပလ္လင်အောက် ဆင်းသက်ပြီး နောက်ဆုံး မြို့ပြနိုင်ငံအတွက် တိုက်ခိုက်ပေးမှာ မဟုတ်ဘူး။”
ရှမ့်လန် ဆက်လက် တိတ်ဆိတ်နေလိုက်၏။
ဘုရင်မမီဒူဆာလည်း တိတ်ဆိတ်သွားသည်။
“ရှမ့်လန်... မရေမတွက်နိုင်တဲ့ လူတွေ မင်းအတွက် အသက်စတေးခဲ့ကြတယ် မဟုတ်လား။” ဘုရင်မမီဒူဆာက ထပ်မေးလိုက်၏။
“ဟုတ်ပါတယ်။” ရှမ့်လန်က ဖြေလိုက်သည်။
“မင်းရဲ့ ပထမ ရည်မှန်းချက်က ကျန်းလီကို ဖျက်ဆီးပြီး လက်စားချေဖို့လို့ မင်း ပြောခဲ့တယ်။ ဒါ မင်းရဲ့ အတ္တပဲ မဟုတ်လား။ လောကကြီးကို ကယ်တင်မယ် ဆိုတာတောင် ဘေးထွက် ရည်မှန်းချက်ပဲ။ ဒါဆို လူတွေက မင်းအတွက် ဘာအကြောင်းပြချက်နဲ့ အသက်စတေးပေးရမှာလဲ။ စတေးပေးစရာရှိလား။”
“မရှိပါဘူး။”
“ဒါဆို မင်းအတွက် ပေးဆပ်ခဲ့တဲ့ ဒီအသက်တွေအတွက် ဘယ်လို ပြန်ပေးဆပ်မလဲ။”
ရှမ့်လန် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေလိုက်၏။ “ဒါက အခု ကျုပ်ပေးနိုင်တဲ့ အဖြေ မဟုတ်ပါဘူး။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်ပြီး အသက်နဲ့ သေခြင်းတရားကို နားလည်သဘောပေါက်တဲ့ အခါကျရင်တော့ အဖြေတစ်ခု ရှိလာမှာပါ။”
“အံ့သြစရာပဲ။ အံ့သြစရာပဲ။ မင်းအတွက် အသက်စတေးခဲ့သူ အားလုံးကို ပြန်လည် ကယ်တင်ချင်နေတာကိုး။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ဆိုတာ အသက်နဲ့ သေခြင်းတရားကို ပြောင်းပြန်လှန်တာ၊ ငရဲပြည်ကို ဝင်ရောက်ပြီး သေခြင်းတရားရဲ့ စွမ်းအင်ကို ဆုပ်ကိုင်တာ၊ အသက်နဲ့ သေခြင်းတရားကို ပြောင်းပြန်လှန်တာလို့ မင်း ထင်နေတာလား။”
“ဘာဖြစ်လို့လဲ။ ခင်ဗျား မလုပ်နိုင်လို့လား။” ရှမ့်လန်က မေးလိုက်သည်။
“သေချာပေါက် မလုပ်နိုင်ဘူးပေါ့။ အသက်နဲ့ သေခြင်းတရားကို ပြောင်းပြန်လှန်လို့ မရဘူး။ ကျန်းလီက ပြောင်းပြန်လှန်နိုင်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ အသက်နဲ့ သေခြင်းတရားကြားက မီးခိုးရောင် နယ်ပယ် တစ်ခုကို ရှာတွေ့ပြီး အဲဒီထဲမှာ လှည့်လည်သွားလာနေတာပါ။”
ရှမ့်လန်က ဆိုလိုက်၏။ “ဘုရင်မ... ခင်ဗျားရဲ့ အဖြစ်ဆိုးက ကိုယ့်အပြစ်နဲ့ကိုယ်ပါလို့ ခဏခဏ ပြောနေပေမဲ့ ကျန်းရှဲ့ကို မုန်းနေတုန်းပဲ။ လက်စားမချေချင်ဘူးလို့ ပြောနေပေမဲ့ လက်စားချေချင် နေတုန်းပဲ၊ သူ့ကို ဖျက်ဆီးချင်နေတုန်းပဲ။
ကောင်းကင်က ပျောက်ဆုံးအင်ပါယာကို ပျက်စီးစေချင်ရင် ကောင်းကင်ကို မလွန်ဆန်ဘူးလို့ ပြောနေပေမဲ့ ပျောက်ဆုံးအင်ပါယာ ပျက်စီးသွားမှာကို မကြည့်ရက်နိုင်သေးဘူး။ ခင်ဗျားရဲ့လူမျိုးတွေ ပျက်စီးသွားမှာကို မကြည့်ရက်နိုင်သေးဘူး။
ခင်ဗျားက မသေမျိုး ဖြစ်နေရင်တောင် လောကီစိတ် ဝင်သွားပြီ ဆိုတာနဲ့ ရွှေရောင်ခန္ဓာကိုယ် လုံးဝ ပျက်စီးသွားပြီး ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး။ ခင်ဗျားက ရုပ်တု ဖြစ်ခဲ့ဖူးပေမဲ့ ယဇ်ပလ္လင်အောက် ဆင်းသက်ပြီးတာနဲ့ ဘယ်တော့မှ ပြန်မတက်နိုင်တော့ဘူး။”
ယခုတစ်ကြိမ်တွင်မူ ဘုရင်မမီဒူဆာ တိတ်ဆိတ်သွားရသည်။
“ကောင်းလိုက်တဲ့ စကား... ကောင်းလိုက်တဲ့ စကား။”
ဘုရင်မမီဒူဆာက ပြောလိုက်၏၊ “ရုပ်တု နေရာကနေ ဆင်းသက်လိုက်တဲ့ ခဏမှာပဲ ငါ ဘယ်လိုမှ ပြန်မတက်နိုင်တော့ဘူး။ ဒါပေမဲ့ ငါက မီဒူဆာအင်ပါယာရဲ့ နောက်ဆုံး အပျက်အစီးကို ကာကွယ် စောင့်ရှောက်ပေးနေတယ် ဆိုတာ မင်းလည်း သိပါတယ်။
ငါ့ကိုငါ စတေးလိုက်တာနဲ့ စွမ်းအင်ဒိုင်းကာ တစ်ခုလုံး ပြိုကျသွားလိမ့်မယ်။ ပျောက်ဆုံးအင်ပါယာရဲ့ သိန်းပေါင်းများစွာသော မျိုးဆက်တွေဟာ ပုန်းခိုစရာနေရာ မရှိတော့ဘူး။ အဲဒါက ငါ့ရဲ့ ပျောက်ဆုံးအင်ပါယာ ပျက်စီးသွားပြီလို့ ဆိုလိုတာ မဟုတ်လား။”
စွဲလမ်းမှု... စစ်မှန်သော စွဲလမ်းမှုပင် ဖြစ်သည်။ ပျောက်ဆုံးအင်ပါယာ၏ အမွေအနှစ်ကို ထိန်းသိမ်းခြင်းသည် ဘုရင်မမီဒူဆာ၏ အကြီးမားဆုံးသော စွဲလမ်းမှု ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်ပါတယ်။ ခင်ဗျားက အပျက်အစီးရဲ့နောက်ဆုံး စွမ်းအင်ဒိုင်းကာကို ထိန်းသိမ်းပေးထားတယ်။ နောက်ဆုံး ရှင်သန်ခွင့်ကို ထိန်းသိမ်းပေးထားတယ်။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် စတေးလိုက်တာနဲ့ ပျောက်ဆုံးအင်ပါယာရဲ့ နောက်ဆုံး ခိုလှုံရာ ပျောက်ကွယ်သွားလိမ့်မယ်။
ကျုပ်ကတော့ ဒီပင်လယ်မွန်းစတား အားလုံးကို ပင်လယ်ထဲ ပြန်ခေါ်သွားဖို့ စီစဉ်ထားတယ်။ အဆင့်မြင့် နဂါး အသိဉာဏ်အမြင် ပြီးမြောက်ပြီး မိုကျင်းမြို့တော်ကို ကယ်တင်ပြီးတာနဲ့ အင်ပါယာကျန်းလီကို တိုက်ခိုက်မယ်။ မိစ္ဆာတြိဂံနယ်မြေကို ပြန်သိမ်းမယ်။ အရှေ့တိုင်းအင်ပါယာကို ပြန်သိမ်းမယ်။”
“ရူးနေပြီ။ ယုတ္တိမရှိအောင်၊ မိုက်မဲလွန်းအောင် ရူးနေပြီ။”
ဘုရင်မမီဒူဆာက ပြောလိုက်သည်။ “ကျန်းလီက လောကကြီးတစ်ခုလုံးရဲ့ စွမ်းအားကို ထိန်းချုပ်ထားတာ။ မင်းက အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်ရုံနဲ့ သူ့ကို တိုက်ခိုက်ချင်တာလား။”
“ဟုတ်ပါတယ်။”
ရှမ့်လန်က ဆိုလိုက်၏။ “ကျုပ် စွမ်းအားက သူ့ထက် အများကြီးအားနည်းပေမဲ့ အနည်းဆုံးတော့ စွမ်းအင် အဆင့်အတန်း အရ သူ့နဲ့ ယှဉ်နိုင်ပါတယ်။”
“အဆင့်မြင့် နဂါးအသိဉာဏ်အမြင် အထက်မှာ အန္တိမ နဂါးအသိဉာဏ်အမြင် ရှိသေးတယ်။ အဲဒီအဆင့်ကို နားလည်သဘောပေါက်ပြီးမှ ကျန်းလီကို မတိုက်ခိုက်ချင်ဘူးလား။”
“ကျုပ် မစောင့်နိုင်တော့ဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်မိန်းမက နောက်ထပ် တစ်ရက်တောင် မစောင့်နိုင်တော့ဘူးလို့ ပြောတယ်။ ကျုပ် ဒီလောက် ဝန်ထုပ်ဝန်ပိုးကြီး ထမ်းထားရတာကို သူ နောင်တ ရနေတယ်။ ဘာလို့ ကျုပ်တို့က သာမန် ချမ်းသာတဲ့ လင်မယား မဖြစ်နိုင်ရတာလဲတဲ့။ ဒါဆိုရင် လောကကြီး ပျက်စီးသွားရင်တောင် ကျုပ်တို့ အတူတူ ပျော်ရွှင်တဲ့ နှစ်ကာလ အနည်းငယ် ရနိုင်သေးတယ်တဲ့။ အန္တိမ နဂါးအသိဉာဏ်အမြင် ဟုတ်လား။ ဟားဟား...”
ရှမ့်လန်၏ နားလည်မှုအရ အန္တိမနဂါးအသိဉာဏ်အမြင်သည် အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်နိုင် သင့်သည်။ ကျန်းလီ၏ ဆရာ၊ ဆရာကြီး ခေးအော့စ်သည် လွန်ခဲ့သော နှစ်ပေါင်း မရေမတွက်နိုင်သော ကာလတည်းက အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်ခဲ့ပြီး ဖြစ်၏။ ထို့နောက် သူသည် အန္တိမ နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်ရန် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားခဲ့၏။
နောက်ဆုံးတွင် သူသည် ကျန်းလီ၏ လက်ချက်ဖြင့် ကျောက်ဖြစ်သွားပြီး အကျဉ်းထောင် အမှတ် ၅ တွင် အကျဉ်းချခံခဲ့ရသည်။ ထို့နောက် သူသည် အခြား အကျဉ်းသားများကို လွှတ်ပေးရင်း အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။ သူ အန္တိမ နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်ခဲ့သည်လား။ မသိနိုင်ပေ။
သို့သော်ငြား အမှောင်ဘုရင်မ၏ ခန့်မှန်းချက်အရ ဆရာကြီး ခေးအော့စ်သည် အန္တိမ နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်ခဲ့ပြီး လောကကြီးကို ကယ်တင်ရန် ရှမ့်လန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။ သေချာသည်မှာ ဤသည်မှာ ခန့်မှန်းချက်သာ ဖြစ်၏။ အမှန်တရားမှာ အဘယ်နည်း။ မည်သူ သိနိုင်မည်နည်း။
“ရှမ့်လန်... အခု ငါတို့ မျက်လုံးချင်း ဆုံကြည့်လိုက်ရင် ဘာဖြစ်မလဲ သိလား။” ဘုရင်မမီဒူဆာက မေးလိုက်၏။
“မသိပါဘူး။”
“မင်း ကျောက်ဖြစ်သွားလိမ့်မယ်။ ပြန်ပြင်လို့ မရတော့ဘူး။ မိုကျင်းမှာတုန်းက မင်း ဟန်ဆောင်ခဲ့သလိုမျိုး မဟုတ်ဘူး။”
မိုကျင်းတွင် မြွေကိုတွင်းထဲမှ မျှားခေါ်ရန်နှင့် အယောင်ဆောင်သူလျှိုကို ရှာဖွေရန် ရှမ့်လန်သည် ကောင်းကင်မျှော် ရုပ်တုကို ကြည့်ဟန်ဆောင်ခဲ့သည် မဟုတ်ပါလား။ သူသည် ကျောက်ဖြစ်သွားသကဲ့သို့ပင် ဟန်ဆောင်ခဲ့သေးသည်။
***