“ကျန်းရှဲ့က ငါ့ကို လိမ်ညာခဲ့ဖူးတယ်။ ငါ့ဆီက အရာအားလုံး ယူပြီးတဲ့နောက် ငါ့ကို ကျောက်ဖြစ်စေခဲ့တယ်။”
ဘုရင်မမီဒူဆာက ဆက်ပြော၏။ “အခု မင်းက ငါ့ဝိညာဉ်ကို စတေးစေချင်တယ်ဆိုရင် မင်း အရင် စတေးသင့်တယ် မဟုတ်လား။ ဘယ်လိုလဲ။ အရာအားလုံးမှာ တန်ဖိုး ရှိတယ်။ အကြောင်းပြချက် မရှိဘဲ ငါ့ကို စတေးခိုင်းလို့ မရဘူးလေ။”
ရှမ့်လန် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်သည်။ “ကောင်းပြီ။ ကျုပ် သဘောတူတယ်။”
“မင်း စဉ်းစားသင့်တယ်နော်။ ဒါက ကျုပ်ရဲ့ ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်နိုင်တယ်။ ငါ မင်းကို ကျောက်ဖြစ်စေပြီးတဲ့နောက် ငါ လွတ်လပ်သွားနိုင်တယ်။ ပြီးရင် အဲဒီရေတွင်းထဲမှာ မင်းနေရာကို အစားထိုးပြီး အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်အောင် လုပ်နိုင်တယ်။ ပြီးရင် ကျန်းရှဲ့ကို ကိုယ်တိုင် လက်စားချေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ကိုယ့်ကံကြမ္မာကို သူများလက်ထဲ မထည့်ချင်ကြဘူးလေ။”
“ကျုပ် သဘောတူတယ်။”
“ကျန်းရှဲ့က ငါ့ရဲ့ ခန္ဓာနဲ့ စိတ်ကို လှည့်စားခဲ့ဖူးတယ်။ မင်းက သူ့ရဲ့ မျိုးဆက်၊ မင်းက လူသား တစ်ယောက်... ဒါဆို ငါ လူသားတစ်ယောက်ကို လှည့်စားမယ်။ မင်း ကျောက်ဖြစ်သွားတာနဲ့ ထာဝရ ကျောက် ဖြစ်သွားမှာနော်။ ငါ့ရဲ့ လွတ်မြောက်မှုနဲ့ မင်းရဲ့ ပျက်စီးမှုကို လဲလှယ်တာ။ ဒါတွေ အားလုံး ဖြစ်နိုင်တယ်။ မင်း စွန့်စားချင်သေးလား။”
ရှမ့်လန်က အခိုင်အမာ ပြောလိုက်၏။ “ကျုပ် သဘောတူတယ်။”
“ကောင်းပြီ။ ဒါဆို သွားတော့။ အမြင့်ဆုံးနေရာကို ပျံတက်ပြီး ငါ့မျက်လုံးတွေကို ကြည့်လိုက်။”
“ကောင်းပြီ။”
ထို့နောက် ရှမ့်လန်သည် ရေခဲပိရမစ် ထိန်းချုပ်ခန်းမှ ထွက်ခွာလာခဲ့သည်။ ထိုအချိန်၌ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်နှင့် ပင်လယ်မွန်းစတား သိန်းပေါင်းများစွာသည် ပိရမစ်ကို ဝိုင်းရံထားဆဲဖြစ်ပြီး မျက်လုံး အားလုံး သည် ရှမ့်လန်ထံသို့ စူးစိုက်ကြည့်ရှုနေကြသည်။
ရှမ့်လန်သည် လက်များကို ဖွင့်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖြည်းညင်းစွာ လေပေါ်သို့ မြောက်တက်သွားသည်။ မြင့်သည်ထက် မြင့်တက်သွား၏။ သူသည် ပိရမစ်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး ဘုရင်မမီဒူဆာ၏ မျက်လုံးများနှင့် တစ်တန်းတည်းသို့ ရောက်ရှိသွား၏။
သူ မျက်လုံးများကို မှိတ်ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော် မျက်လုံးဖွင့်လိုက်သည်နှင့် ဘုရင်မမီဒူဆာ၏ မျက်လုံးများထဲသို့ ကြည့်မိသွားမည် ဖြစ်သောကြောင့်ပင်။
သူတို့ မျက်လုံးချင်း ဆုံလိုက်လျှင် မည်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်း။
သူမ ပြောသကဲ့သို့ ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်နေနိုင်သည်။ ဘုရင်မမီဒူဆာ လွတ်မြောက်ရန် ပူးပေါင်း ကြံစည်မှုလား။
ဘုရင်မမီဒူဆာသည် လူတို့၏ စိတ်နှလုံးကို စမ်းသပ်ချင်ရုံ သက်သက် ဖြစ်နိုင်သည်။ ထိုစဉ်က သူမသည် အိမ်ရှေ့စံ ကျန်းရှဲ့၏ လှည့်စားခြင်းကို ခံခဲ့ရပြီး ပိုင်ဆိုင်သမျှ အားလုံးကို ပေးအပ်ခဲ့ရ၏။ ယခု ရှမ့်လန်က သူမကို စတေးခိုင်းနေသဖြင့် သူမသည် ပြတ်သားသောနည်းလမ်းဖြင့် ရှမ့်လန်၏ စိတ်နှလုံးကို စမ်းသပ်လိုခြင်း ဖြစ်မည်လား။
သူ ဘာမမသိပေ။ ရှမ့်လန် သူမ၏ မျက်လုံးများကို ကြည့်လိုက်လျှင် ဘာဖြစ်မည်နည်း။ မည်သူမှမသိနိုင်ပေ။
သူမ ပြောသကဲ့သို့ ရှမ့်လန် ကျောက်ဖြစ်သွားပြီး သူမ လွတ်မြောက်ကာ ရှမ့်လန်နေရာတွင် အစားထိုး၍ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ပြီးမြောက်အောင် လုပ်ဆောင်မည်လား။
တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နှင့် နဂါးမယ်တော် နှစ်ဦးစလုံးသည် အရာအားလုံးအတွက် လမ်းခင်းရန် သူတို့၏ ဝိညာဉ်များနှင့် သူတို့ခန္ဓာကိုယ်ကို စတေးခဲ့ကြပြီး ဖြစ်သည်။ ဤကြီးမားသော သွေးဆောင်မှု၊ ကျန်းလီနှင့်တန်းတူ ရပ်တည်နိုင်မည့် သွေးဆောင်မှုကို ဘုရင်မမီဒူဆာ တွန်းလှန်နိုင်ပါမည်လား။
တစ်ကိုယ်ရေ လက်စားချေနိုင်မည့် မျှော်လင့်ချက်ကို သူမ တွန်းလှန်နိုင်ပါမည်လား။ ဤအတွေးများသည် ရှမ့်လန်၏ စိတ်ထဲတွင် လှိုင်းထသကဲ့သို့ ဖြတ်သန်းသွားခဲ့သည်။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး အနှောင့်အယှက် ဖြစ်စေသော အတွေးများ အားလုံးကို ဖယ်ရှားလိုက်၏။
ရှမ့်လန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဘုရင်မမီဒူဆာ၏ မျက်လုံးများကို တည့်တည့် ကြည့်လိုက်သည်။ ကြားခံနယ် မရှိပေ။
ဘုရင်မမီဒူဆာ၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်လာပြီး တစ်ခဏအတွင်း အဆုံးအစမဲ့ စွမ်းအင်များသည် ရှမ့်လန်၏ မျက်လုံးများထဲသို့ တိုးဝင်လာခဲ့သည်။
နတ်ဘုရားအကြည့်...၊ ထိုစဉ်က အိမ်ရှေ့စံ ကျန်းရှဲ့သည် ဘုရင်မမီဒူဆာအား လှည့်စားရန် နည်းလမ်း ပေါင်းစုံ သုံးခဲ့သည်။
တစ်ခဏအတွင်း ရှမ့်လန် ကျောက်ဖြစ်သွားခဲ့သည်။ တစ်လက်မချင်း ကျောက်ဖြစ်သွားခြင်း မဟုတ်ဘဲ တစ်ခဏအတွင်း ချက်ချင်း ကျောက်ဖြစ်သွားခြင်း ဖြစ်၏။
သေချာသည်မှာ ဤတစ်ခဏတာကို အဆပေါင်း တစ်ထောင် နှေးကွေးလိုက်ပါက ရှမ့်လန်၏ မျက်လုံးများ၊ ထို့နောက် မျက်နှာ၊ နောက်ဆုံးတွင် ခန္ဓာကိုယ် တစ်ခုလုံး ကျောက်ဖြစ်သွားသည်ကို မြင်တွေ့ရမည်။ အရာအားလုံးသည် ဘုရင်မမီဒူဆာ ပြောခဲ့သည့်အတိုင်း ဖြစ်ပျက်သွားခဲ့သည်။
ရှမ့်လန်သည် ထိုအတိုင်း အေးခဲသွားခဲ့၏။
သူ၏ ခန္ဓာကိုယ် ကျောက်ဖြစ်သွားရုံသာမက သူ၏ ဝိညာဉ်တစ်ခုလုံးပါ ချက်ချင်း ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ဘုရင်မမီဒူဆာ၏ ရုပ်တုသည် စတင် ကွဲအက်လာပြီး တစ်လက်မချင်း ပြာမှုန်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ပြီးပြည့်စုံသော ဘုရင်မမီဒူဆာ၊ သွက်လက်သော ဘုရင်မမီဒူဆာ တစ်ပါး ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ပြန်လည် ဆင်းသက်လာခဲ့သည်။
ထို့နောက် ပျောက်ဆုံးအင်ပါယာ၏ နောက်ဆုံး ခိုလှုံရာသည် စတင် ပြိုကျလာသည်။ စွမ်းအင်ဒိုင်းကာ ပျောက်ကွယ် သွားခဲ့၏။ ရှေးဟောင်း မီဒူဆာအင်ပါယာ အပျက်အစီးများသည် ကာကွယ်မှု ကင်းမဲ့ သွားခဲ့သည်။ ခမ်းနားထည်ဝါသော ရေခဲအဆောက်အအုံများ အားလုံး စတင် ပြိုကျလာကြ၏။
စတုရန်းကီလိုမီတာ သုံးသောင်းကျယ်ဝန်းသော မြို့တော်၊ မရေမတွက်နိုင်သော ရေခဲရဲတိုက်ကြီးများသည် လုံးဝ ပျက်စီးသွားခဲ့သည်။ ခဏတာအတွင်းမှာပဲ မြို့တော်တစ်ခုလုံးသည် ပြာမှုန်အဖြစ် ပြောင်းလဲသွား ခဲ့သည်။ နောက်ဆုံးတွင် ဧရာမ ရေခဲပိရမစ်ကြီး စတင် ပြိုကျလာသည်။
ငါးမိနစ်မပြည့်မီ အချိန်အတွင်း မီဒူဆာအင်ပါယာ၏ နောက်ဆုံး ခိုလှုံရာ၊ ပင်လယ် မွန်းစတား သိန်းပေါင်းများစွာ၏ နောက်ဆုံးအိမ်ရာသည် ဤလောကလောကမှ လုံးဝ ပျောက်ကွယ်သွားခဲ့၏
ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ ပျောက်ဆုံးနိုင်ငံမိစ္ဆာမယ်တော်နှင့် ပင်လယ် မွန်းစတား သိန်းပေါင်းများစွာ တို့သည် လုံးဝ ကြောင်အသွားကြသည်။
ယခင်က မည်သည့်အချိန်တွင်မှ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် ရှမ့်လန်၏ ရှေ့၌ သူမ၏မျက်နှာ အစစ်ကို မပြသခဲ့ဖူးပေ။ သူမသည် ပင်လယ်ရေ သို့မဟုတ် ရေခဲနှင့် နှင်းများဖြင့် ဖွဲ့စည်းထားသော လှပသော ခန္ဓာကိုယ် ဖြစ်နေတတ်၏။ ခြွင်းချက်မရှိ သူမသည် လှပသော အမျိုးသမီး တစ်ဦး ဖြစ်၏။
ယခုမူ သူမသည် သူမ၏ မျက်နှာအစစ်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြသလိုက်သည်။ သူမက တကယ်ကို အရုပ်ဆိုးသော ပင်လယ် မွန်းစတား တစ်ကောင် ဖြစ်နေသည်။ သူမ ဘယ်လိုပုံစံ ရှိသနည်း။ ရေသူမလား။ သို့သော်ငြား ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းများထဲမှ ရေသူမမျိုး မဟုတ်ဘဲ စစ်မှန်သော ရေသူမ ဖြစ်သည်။ သူမသည် အလွန် အရုပ်ဆိုးပြီး ထူးဆန်းနေ၏။ လူသားလက္ခဏာ အနည်းငယ် ပါဝင်သော်လည်း လူ့မျက်နှာ လုံးဝ မပါရှိပေ။ လူ့မျက်နှာနှင့် ငါးခန္ဓာကိုယ်လည်း မဟုတ်ပေ။ အတိုချုပ် ပြောရလျှင် ထူးဆန်းနေသည်။
ဤအချိန်တွင် သူမ၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။ သူမသည် ကျောက်ဖြစ်သွားသော ရှမ့်လန်ကို ကြည့်လိုက်၊ ထို့နောက် ဘုရင်မမီဒူဆာကို ကြည့်လိုက် ဖြစ်နေရှာ၏။
သူမ၏ လောကကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားခဲ့၏။ ယခုအချိန်တွင် သူမ မည်သူ့ဘက်သို့ ယိမ်းရမည်ကိုပင် မသိတော့ပေ။ အင်ပါယာဘုရင်မ မီဒူဆာသည် သူမ၏ ထာဝရ ဝိညာဉ်ရေးရာ ကျောက်တိုင်၊ သူမ၏ စံပြပုဂ္ဂိုလ်၊ သူမ၏ ဘုရင်မ ဖြစ်သည်။
သို့သော်ငြား ရှမ့်လန်မှာမူ...
ယခုအခါ ဘုရင်မမီဒူဆာသည် ရှမ့်လန်ကို ကျောက်ဖြစ်သွားစေခဲ့သော်လည်း သူမကိုယ်တိုင် လွတ်မြောက်သွားပြီး မူလခန္ဓာကိုယ်ကို ပြန်လည် ရရှိသွားခဲ့သည်။ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်သွားရသနည်း။ အကယ်၍ ပျောက်ဆုံးအင်ပါယာကို လက်ဆင့်ကမ်းရန် ဤနည်းလမ်းသာ ရှိသည်ဆိုလျှင် ထိုလက်ဆင့်ကမ်းမှု မရှိသည်က ပိုမကောင်းဘူးလား။
“မင်း စိတ်ပျက်သွားပြီလား။ ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်” ဘုရင်မမီဒူဆာက မေးလိုက်၏။
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော် တိတ်ဆိတ်နေလိုက်၏။ သူမ နောက်တစ်ဆင့် ဘာလုပ်သင့်သနည်း။ ပင်လယ် မွန်းစတား သိန်းပေါင်းများစွာကို မည်သို့ စီမံရမည်နည်း။ သူမ၏ဘုရင်မက သူမကို စိတ်ပျက်စေခဲ့လျှင် ပျောက်ဆုံးအင်ပါယာသည် ဆက်လက်တည်ရှိနေရန် လိုအပ်သေးသည်လား။ အင်ပါယာ၏ အမွေအနှစ်ကို ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်းသည် အဘယ်အဓိပ္ပာယ် ရှိတော့မည်နည်း။
“ပျောက်ဆုံးအင်ပါယာရဲ့ နောက်ဆုံး လက်ကျန်အုပ်စုကို မိစ္ဆာတြိဂံနယ်မြေဆီ ပြန်ခေါ်သွားပါ။”
ဘုရင်မမီဒူဆာက ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။”
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် ကျောက်ဖြစ်သွားသော ရှမ့်လန်ကို ကြည့်လိုက်ပြန်၏။
“သူက အဲဒီလောက်တောင် ဆွဲဆောင်မှု ရှိနေတာလား။ မျိုးနွယ်စုတွေအများကြီးက သူ့အတွက် အသက်စတေးချင်နေကြတာလား။” ဘုရင်မမီဒူဆာက မေးလိုက်သည်။
“သွားတော့... သွားတော့… ငါ့စကားကို မှတ်ထား။ ငါ မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။”
ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်သည် ဘုရင်မမီဒူဆာကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် အသက်ရှင် ကျန်ရစ်သော ပင်လယ် မွန်းစတား သိန်းပေါင်းများစွာနှင့်အတူ ထွက်ခွာသွားခဲ့သည်။ သူတို့သည် တောင်ဝင်ရိုးစွန်းမှ ထွက်ခွာပြီး မြောက်ဘက်သို့ ဦးတည်သွားကြ၏။
လွန်ခဲ့သော ၂၉ နှစ်က သူမသည် ရှမ့်လန်၏ အမိန့်ကို နာခံပြီး ပင်လယ် မွန်းစတား သန်းပေါင်းများစွာကို တောင်ဝင်ရိုးစွန်းသို့ ခေါ်ဆောင်လာခဲ့ရာ နောက်ဆုံးခိုလှုံရာကို တွေ့ရှိခဲ့သော်လည်း သိန်းဂဏန်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ယခု သူမသည် ဘုရင်မမီဒူဆာ၏ အမိန့်ကို နာခံပြီး မိစ္ဆာတြိဂံနယ်မြေသို့ ပြန်သွားရပေတော့မည်။ ယခုတစ်ကြိမ်တွင် ပင်လယ် မွန်းစတား မည်မျှ ကျန်ရှိမည်နည်း။
ပင်လယ် မွန်းစတား သိန်းပေါင်းများစွာသည် မြောက်ဘက်သို့ တိတ်ဆိတ်စွာ ဦးတည်သွားကြပြီး ခဏတာ အတွင်းမှာပဲ နှင်းထုများဖုံးလွှမ်းနေသော မိုးကုပ်စက်ဝိုင်းထဲတွင် ပျောက်ကွယ်သွားကြသည်။ လမ်းတစ်လျှောက်တွင် ပင်လယ် မွန်းစတား အများအပြား လဲကျသေဆုံးကာ နှင်းများထဲတွင် အေးခဲသွားကြ သည်။
ဘုရင်မမီဒူဆာသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရေရွတ်လိုက်၏။ “ဒါ ငါ့ရဲ့ ပျောက်ဆုံးအင်ပါယာလား။ ဒါ ငါ ကာကွယ်စောင့်ရှောက်ပြီး လက်ဆင့်ကမ်းခဲ့တဲ့ ပျောက်ဆုံးအင်ပါယာလား။ ဟုတ်တယ်။ ဘယ်လို အခြေအနေပဲ ရောက်နေပါစေ။ ဒါ ငါ့ရဲ့ ပျောက်ဆုံးအင်ပါယာပါပဲ။”
ထိုအချိန်တွင် ရှမ့်လန်၏ ကျောက်ရုပ်တုသည် ရုတ်တရက် လေထဲမှ ပြုတ်ကျသွားခဲ့သည်။
“ဘုန်း...” ကျယ်လောင်သော အသံနှင့်အတူ မီတာ ရာပေါင်းများစွာ ထူသော ရေခဲပြင်ကြီး ပေါက်ထွက်လုနီးပါး ဖြစ်သွားခဲ့၏။
ဘုရင်မမီဒူဆာ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ရှမ့်လန်၏ ကျောက်ရုပ်တုသည် လေပေါ်သို့ ဖြည်းညင်းစွာ မြောက်တက်လာပြီး သူမရှေ့တွင် ပျံဝဲနေသည်။ မည်သည့် တုံ့ပြန်မှုမှ မရှိ။ မည်သည့် စိတ်လှုပ်ရှားမှုမှ မရှိပေ။
“မင်း သိပ် ကလေးဆန်တာပဲ။”
ဘုရင်မမီဒူဆာက ပြောလိုက်သည်။ “ရှမ့်လန်... မင်း သိပ် ကလေးဆန်တာပဲ။ ကျန်းရှဲ့ကို ဘယ်လို တိုက်ခိုက်မှာလဲ။ ဒီလိုပုံစံနဲ့ သူ့ကို ဖျက်ဆီးနိုင်မယ်လို့ တကယ် ထင်နေတာလား။ မင်းက ကလေးဆန်တာ မဟုတ်ဘူး။ တုံးအတာ။”
ထို့နောက် ဘုရင်မမီဒူဆာသည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီး ရှိရာသို့ ပျံသန်းသွားခဲ့သည်။ ရှမ့်လန်၏ရုပ်တုသည် သူမ၏ ချိုင်းအောက်တွင် အညှပ်ခံထားရပြီး မလှုပ်မယှက် ပါသွားရှာ၏။
... ...
ရက်အနည်းငယ် ကြာပြီးနောက် သွက်လက်တက်ကြွနေသော ဘုရင်မမီဒူဆာသည် ရှမ့်လန်၏ ကျောက်ရုပ်တု ကို သယ်ဆောင်လျက် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီးသို့ ရောက်ရှိလာပြီး ရေတွင်းပျက် ရှေ့တွင် ရပ်တန့်လိုက်သည်။ အတွင်းတွင် ဝိညာဉ်ရေ သုံးပုံနှစ်ပုံ ရှိနေဆဲ ဖြစ်သည်။
“အရမ်း မက်မောစရာ ကောင်းတာပဲ။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်နဲ့ နဂါးမယ်တော်ရဲ့ ဝိညာဉ်တွေပဲ။ ရုပ်တုဘဝကနေ ခန္ဓာကိုယ်အစစ် ပြန်ပြောင်းတုန်းက တစ်ခါ အားနည်းသွားခဲ့ပြီးပြီ။ အခု ရုပ်တုဘဝကနေ ခန္ဓာကိုယ်အစစ် ပြန်ပြောင်းတော့ ထပ်ပြီး အားနည်းသွားရပြန်ပြီ။
အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်တာနဲ့ ငါ့ရဲ့ အထွတ်အထိပ် စွမ်းအားကို ပြန်ရနိုင်ပြီ။ ပျောက်ဆုံးအင်ပါယာကို ကိုယ်တိုင် ပြန်လည် ထူထောင်နိုင်ပြီ။ ကျန်းရှဲ့ကို ကိုယ်တိုင် လက်စားချေနိုင်ပြီ။
တကယ်ကို မက်မောစရာ ကောင်းလိုက်တာ။ ဒီရေတွင်းထဲမှာ အဆုံးအစမဲ့ စွမ်းအားတွေ ရှိနေတယ်။ လူသားတွေက ငါ့ကို လိမ်ညာခဲ့တယ်။ ဒါကြောင့် ငါက လူသားတွေကို ပြန်လိမ်ညာမယ်။ ဒါ ပုံမှန်ပဲ မဟုတ်လား။”
ငါက ရုပ်တု မဟုတ်တော့ဘူး။ ငါက အားနည်းတဲ့ ဘုရင်မမီဒူဆာ သတ်သတ်ပဲ။ လူသားတွေရဲ့ လှည့်စားမှုကို ခံရပြီး ပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးခဲ့ရတဲ့ အရူးမလေး တစ်ယောက်ပဲ။ လူသားတွေက ငါ့ကို ဒုက္ခပေးခဲ့တယ်။ ဒါကြောင့် ငါ သူတို့ကို လက်စားချေမယ်။” ဘုရင်မမီဒူဆာသည် ဆက်လက် ရေရွတ်နေသည်။
တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီးသည် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်၏။
“ငါ နောက်ထပ် မတုံးအတော့ဘူး။ အချစ်ကြောင့် ပိုင်ဆိုင်သမျှ အားလုံး ဆုံးရှုံးခဲ့ဖူးပြီ။ အဲဒီ စိတ်ကူးယဉ်ဆန်တဲ့ အရာတွေအတွက် ငါ့ဝိညာဉ်ကို စတေးရမယ်လို့တော့ မပြောနဲ့။ ရယ်စရာ ကောင်းလိုက်တာ။”
ဘုရင်မမီဒူဆာသည် ရှမ့်လန်၏ ကျောက်ရုပ်တုကို ထပ်မံ ကြည့်ရှုလိုက်သည်။
“ရှမ့်လန်... မင်းက သိပ် ကလေးဆန်ပြီး တုံးအလွန်းတယ်။”
ဘုရင်မမီဒူဆာက လှောင်ပြောင်သရော်လိုက်၏။ “ဒါပေမဲ့... မင်းရဲ့ကလေးဆန်မှုနဲ့ တုံးအမှုက ငါ့နှလုံးသားကို နောက်တစ်ကြိမ် သိမ်းပိုက်လိုက်ပြန်ပြီ။ မင်းရဲ့ တာဝန် ပြီးမြောက်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ငါ တကယ်ပဲ စိတ်လှုပ်ရှားနေမိတယ်။”
“မဖြစ်ဘူး။ မဖြစ်ဘူး။ ငါ အဲဒီလို မလုပ်နိုင်ဘူး။ ငါလွတ်လပ်ခွင့်ကို နောက်ဆုံးတော့ ပြန်ရပြီ။ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ကို ဆုပ်ကိုင်နိုင်မဲ့ အခွင့်အရေး ရနေပြီ။ ငါ လက်လွှတ်မခံနိုင်ဘူး။ ကျန်းရှဲ့ကို ငါ ကိုယ်တိုင် လက်စားချေမယ်။ ပျောက်ဆုံးအင်ပါယာကို ငါကိုယ်တိုင် ကာကွယ်မယ်။”
“ထားလိုက်ပါတော့... ထားလိုက်ပါတော့... မင်းရဲ့ ကလေးဆန်မှုကို ငါ အရှုံးပေးလိုက်ပါပြီ။ ဒါကြောင့် ငါက မင်းထက် ပိုပြီး ကလေးဆန်၊ ပိုပြီး တုံးအနေတာပေါ့။ ကျန်းရှဲ့ရဲ့ လှည့်စားမှုကို ခံခဲ့ရတာ မဆန်းပါဘူးလေ။ ရှမ့်လန်... မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်ပါ့မယ်။”
တစ်ယောက်တည်း ရေရွတ်ပြီးနောက် ဘုရင်မမီဒူဆာသည် ဝိညာဉ်ရေတွင်းထဲသို့ ဒိုင်ဗင်ထိုးဆင်းလိုက်ပြီး သူမ၏ ဝိညာဉ်ကို လုံးဝ စတေးလိုက်သည်။ သူမ ပြောသည်မှာ မှန်သည်။ ကလေးဆန်သော သူသည် အမြဲတမ်း ကလေးဆန်နေမည်သာ ဖြစ်၏။
***