ကျိုးရှီသည် မိုကျင်းရှိ သိန်းပေါင်းများစွာသော လူထုကို ကြည့်လိုက်သည်။
မည်သူမှ ရှေ့မထွက်ကြသလို ကျန်းလီတပ်တော်ထံ လက်နက်ချချင်သူ မရှိကြပေ။
“ကျုပ် ကျိုးရှီကတော့ အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ။ ချက်ချင်း သေရမယ်ဆိုရင်တောင် တော်ဝင်ချန်အင်ပါယာအတွက် တိုက်ပွဲဝင် သွားမှာပါ။ လက်နက်ချချင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား။ အသက်ရှင်ချင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား။”
မိုကျင်းရှိ သိန်းပေါင်းများစွာသော လူထုသည် မလှုပ်မယှက် ရှိနေကြဆဲ ဖြစ်၏။
ကျိုးရှီက ပြောလိုက်သည်။ “ဒါဆို ကျုပ် ရေတွက်တော့မယ်။ ရေတွက်လို့ပြီးမှ လက်နက်ချပြီး ကျန်းလီတပ်တော်ဆီ ပြေးသွားချင်ရင် နောက်ကျသွားပြီ။ မင်းတို့ကို သစ္စာဖောက်လို့ သတ်မှတ်ကြလိမ့်မယ်။”
“ဆယ်... ကိုး။” ကျိုးရှီ ရေတွက်နေ၏။
လူနှစ်သိန်းသည် ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက် ရပ်နေကြသည်။
“တစ်... သုည”
ရေတွက်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။ မည်သူမှ လက်နက်မချကြပေ။
ကျိုးရှီ မျက်ရည်ကျလာ၏။
“တော်ဝင်ချန်အင်ပါယာ... သက်တော်ရာကျော် ရှည်ပါစေ။ အရှင်ရှမ့်လန်... သက်တော်ရာကျော် ရှည်ပါစေ။”
“တိုက်ခိုက်ကြ... တိုက်ခိုက်ကြ”
မိုကျင်း၏ သိန်းပေါင်းများစွာသော လူထုသည် လက်နက်များကို မြှောက်ပြီး ဟိန်းဟောက်လိုက်ကြသည်။ “တိုက်ခိုက်ကြ... တိုက်ခိုက်ကြ”
အင်ပါယာကျန်းလီ တပ်တော်မှ ကျန်းရှန်သည် ခေါင်းခါလိုက်ပြီး ပြောလိုက်၏။ “လူမိုက်တွေ... လူမိုက်တွေ... ကိုယ့်သေလမ်းကိုယ် ရှာနေကြတာပဲ။”
ထို့နောက် သူသည် လက်ကို ညင်သာစွာ ဝှေ့ယမ်း လိုက်ပြီး အမိန့်ပေးလိုက်သည်။ “ပစ်”
“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
မရေမတွက်နိုင်သော စွမ်းအင်အလင်းတန်းများသည် မိုကျင်းရှိ လူနှစ်သိန်းဆီသို့ ဦးတည်သွားကြသည်။ စက္ကန့်ပိုင်းသာ ကြာမြင့်မည် ဖြစ်၏။ စက္ကန့်ပိုင်းအတွင်း သူသည် မိုကျင်းရှိ ဤလူသား ပုရွက်ဆိတ်များကို ချေမှုန်းနိုင်တော့မည် ဖြစ်သည်။ ထို့နောက် ပြန်သွားပြီး အရှင်ကျန်းလီ၏ ကြီးမြတ်သော လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ရပေမည်။
မိုကျင်းရှိ သိန်းပေါင်းများစွာသောလူထုသည် တစ်ခဏအတွင်း အစမကျန် ပျက်စီးသွားတော့မည်။ သို့သော်ငြား ကျန်းလီတပ်တော်၏ ဖျက်ဆီးအား ပြင်းထန်သော တိုက်ခိုက်မှုများ၊ ကောင်းကင်နှင့်အပြည့် စွမ်းအင် အလင်းတန်းများ၊ ငရဲကွန်ရက်နှင့်တူသော မရေမတွက်နိုင်သည့် စွမ်းအင် အမြောက်များ၊ ၎င်းတို့သည် တစ်ခဏအတွင်း အစအနမကျန် ပျောက်ကွယ်သွားကြသည်။ သေဆုံးသွားခြင်း မဟုတ်ဘဲ ပျောက်ကွယ်သွားခြင်းသာ ဖြစ်သည်။
အိပ်မက်ဆိုး ကျောက်တုံး ဗုံးများ၊ နဂါးနောင်တ အသေးစားများ၊ အမှောင်စွမ်းအင် အမြောက်များ၊ ငရဲသလင်းကျောက် အမြောက်များနှင့် အခြားသော တိုက်ခိုက်မှု အားလုံးသည် တစ်ခဏအတွင်း ပျက်စီးသွားခဲ့၏။
ထို့နောက် ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ ဤသူသည် သေချာပေါက် ရှမ့်လန် ဖြစ်သည်။
တော်ဝင်ချန်အင်ပါယာ၏ အရှင်ရှမ့်လန်... အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်ထားသော ရှမ့်လန်...။
အစားထိုးသူ မှန်သည် ရှမ့်လန်ကို မြင်လိုက်သည်နှင့် မျက်နှာဖုံး တပ်ဆင်ကာ လူအုပ်ထဲသို့ ဝင်ရောက် ပုန်းအောင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန် ပေါ်လာသည်နှင့် သူသည် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားရမည် ဖြစ်သောကြောင့်ပင်။
ရှမ့်လန် မြေကြီးပေါ်သို့ ဆင်းသက်ပြီးနောက် ကျန်းလီတပ်တော်ဆီသို့ တစ်ယောက်တည်း ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ တစ်ယောက်တည်းက လူသုံးသိန်း ရှိသော တပ်တော်ဆီသို့ လျှောက်သွား နေခြင်း ဖြစ်၏။
“တိုက်ခိုက်... တိုက်ခိုက်”
ကျန်းရှန်၏ အမိန့်ပေးသံနှင့်အတူ ကျန်းလီတပ်တော်၏ မရေမတွက်နိုင်သော လက်နက်များ၊ ငရဲသလင်းကျောက် နဂါးနောင်တများ အပါအဝင် အားလုံးသည် ရှမ့်လန် တစ်ယောက်တည်း ဆီသို့ ပစ်ခတ်လိုက်ကြသည်။
ကောင်းကင်တစ်ခုလုံးတွင် ဥက္ကာပျံ မိုးရွာသကဲ့သို့ မုန်တိုင်းထန်နေသည်။ သို့သော်ငြား ကောင်းကင်သို့ ပျံတက်သွားသည်နှင့် ထိုအရာတို့သည် ပြာမှုန်အဖြစ် ပြောင်းလဲသွားကြပြန်၏။
ထို့နောက် တစ်ခဏအတွင်း ရှမ့်လန်သည် အင်ပါယာကျန်းလီ၏ တပ်တော် သုံးသိန်း ရှေ့မှောက်၊ ကျန်းရှန်၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့သည်။
“ခင်ဗျားက ဒီတပ်တော် သုံးသိန်းရဲ့ စစ်သေနာပတိလား။ ရင်းနှီးနေသလိုပဲ။” ရှမ့်လန် ပြုံးလျက် ပြောလိုက်၏။
“ကျုပ်က အင်ပါယာကျန်းလီရဲ့ မြို့စားကြီး ကျန်းရှန်”
ရှမ့်လန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “သိပြီ။ သိပြီ။”
ထို့နောက် သူသည် ရုပ်သေးစစ်သည် သုံးသိန်းကို ကြည့်လိုက်သည်။ ဤလူစုသည် ကျောက်ဖြစ်သွားခဲ့ပြီးပြီ ဖြစ်သော်လည်း နောက်ဆုံးတွင် လမ်းလျှောက်အလောင်းကောင်များကဲ့သို့ ပြန်လည် ရှင်သန်လာကြခြင်း ဖြစ်၏။
ရှမ့်လန်သည် ကျန်းရှန်ကို ကြည့်ပြီး ပြောလိုက်သည်။ “အရှင်ကျန်းလီက သိပ်တော်တာပဲ။ လောက တစ်ဝက်ကို ထိန်းချုပ်ထားတယ်။ ဒါပေမဲ့ ဒီနေရာက ကျုပ်နယ်မြေလေ။ ဒီနေရာက မြောက်ဝင်ရိုးစွန်းနဲ့ အရမ်း ဝေးတယ်။ ငရဲကျောက်တိုင်တွေ မြေကြီးထဲ မစိုက်ရသေးဘူး။ ငရဲသလင်းကျောက်တွေ မပျံ့နှံ့သေးဘူး။ အဲဒါကို ခင်ဗျားက စစ်သည်သုံးသိန်းနဲ့ ကျုပ်ရဲ့ တော်ဝင်ချန်အင်ပါယာကို လာ ဖျက်ဆီးတယ်ပေါ့။ ခင်ဗျား ကျုပ်ကို အထင်သေးတာလား။ ကျုပ် မရှိတော့ဘူးလို့ ထင်နေတာလား။”
ရှမ့်လန်၏လက်သည် ကျန်းရှန်၏ မျက်နှာကို ဖြည်းညင်းစွာ ပုတ်လိုက်၏။
“ရောက်မှတော့ မပြန်နဲ့တော့။ ဒီမှာပဲ ထာဝရ နေရစ်ခဲ့လိုက်တော့” ရှမ့်လန် ပြုံးလိုက်သည်။
ထို့နောက် သူ၏ မျက်လုံးများထဲမှ ထူးဆန်းပြီး အားကောင်းသော အလင်းရောင်များ ထွက်ပေါ်လာသည်။ နတ်ဘုရားအကြည့်ပင်။
သူ စိုက်ကြည့်နေရုံသာမက မိုကျင်း၏ ဧရာမရုပ်တုကြီးကိုပါ လှမ်းကြည့်စေလိုက်သည်။ လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ပါသော ရုပ်တု၏ မျက်လုံးများမှ အလွန် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ၏။
ရှမ့်လန်၏အကြည့် ကျရောက်ရာ နေရာတိုင်းရှိ အင်ပါယာကျန်းလီ၏ ရှေးဟောင်း ရုပ်သေးစစ်သည် သုံးသိန်းသည် နောက်တစ်ကြိမ် ကျောက်ဖြစ်သွားကြသည်။ ရှေးဟောင်း လူသားသစ် ၃၀၀၀ လည်း ကျောက် ဖြစ်သွားကြသည်။
ထို့နောက် ရှမ့်လန်သည် လက်ခုပ် ညင်သာစွာ တီးလိုက်သည်။ ကျောက်ဖြစ်သွားသော ရှေးဟောင်း ရုပ်သေးစစ်သည် သုံးသိန်းသည် တစ်ခဏအတွင်း ပြာမှုန်အဖြစ် ပြောင်းလဲသွားကြသည်။ အင်ပါယာ ကျန်းလီ၏ မိုကျင်း တောင်ပိုင်း စ်ဆင်ရေး တပ်တော်သည် အစအနမကျန် ပျက်စီးသွားခဲ့၏။
... ...
စစ်ပွဲသည် မစတင်မီကပင် ပြီးဆုံးသွားခဲ့သည်။ လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်မျိုးတည်းသာ ရှိသည်။ ‘ကြမ်းတမ်းလိုက်တာ ... ကြည့်ကောင်းလိုက်တာ။’
ထို့နောက် မေးခွန်း ထွက်ပေါ်လာ၏။ ‘ဘာတွေ ဖြစ်သွားတာလဲ။ အင်ပါယာကျန်းလီရဲ့ စစ်သည် သိန်းပေါင်းများစွာက ဘာလို့ ချက်ချင်း ပျက်စီးသွားတာလဲ။’
နန်းဆောင်သခင် ကျိုးရှီသည် ရှမ့်လန်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေမိ၏။ သူ၏ နှလုံးသားသည် လှိုင်းထန်နေသည်။ ဤသို့ ထပ်ဖြစ်လာလိမ့်မယ်လို့ သူ ထင်မထားခဲ့ပေ။ လွန်ခဲ့သော နှစ် ၃၀ ကလည်း အရှင်ရှမ့်လန်သည် ဤကဲ့သို့ပင် ပြုလုပ်ခဲ့သည်။ သူသည် အံ့ဖွယ်အမှုများကို အဆက်မပြတ် ဖန်တီးခဲ့ပြီး သမက်တော်ဘဝမှ အရှေ့ဘက်လောက၏ အရှင်သခင် အဖြစ်သို့ အတင်းအဓမ္မ ထိုးတက် ရောက်ရှိလာခဲ့သည်။
သို့သော်ငြား သူသည် လွန်ခဲ့သော နှစ် ၃၀ အတွင်း ပျောက်ဆုံးနေခဲ့သည်။ ထို့ကြောင့် လူထုသည် သူ၏ ဒဏ္ဍာရီကိုသာ အားကိုးပြီး စိတ်ဓာတ်ခွန်အား ယူနေခဲ့ရ၏။ ယခု အရှင်ရှမ့်လန်သည် ပြန်ရောက်လာသည်နှင့် ဤကဲ့သို့သော အံ့ဖွယ်အမှုကို ဖန်တီးလိုက်ပြန်သည်။ သူသည် မည်သူ့ကိုမှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးပေ။
စက္ကန့်ပေါင်းများစွာ ကြောင်အနေပြီးနောက် ကျိုးရှီနှင့် လူသိန်းပေါင်းများစွာသည် သပ်ရပ်စွာ ဒူးထောက်ပြီး ဦးတိုက်လိုက်ကြသည်။ “အရှင် သက်တော်ရာကျော် ရှည်ပါစေ။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
ထို့နောက် ကျိုးရှီက တိုးညင်းစွာ ပြောလိုက်၏။ “အရှင်... ကျုပ် ရှက်ရွံ့မိပါတယ်။ မိုကျင်းက လူသိန်းပေါင်းများစွာက ရှက်ရွံ့မိပါတယ်။”
သူ၏အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းသည်။ ယခုတစ်ကြိမ်တွင်လည်း မိုကျင်း၏ ကံကြမ္မာသည် ရှမ့်လန်၏ ကယ်တင်မှုအပေါ်တွင်သာ မူတည်နေသည်။ သူတို့ လူသိန်းပေါင်းများစွာတွင် စတေးခံလိုစိတ် ရှိကြသော်လည်း ဤစစ်ပွဲတွင် အသုံးမဝင်သလောက် ဖြစ်ခဲ့ရသည်။ အရှင်ရှမ့်လန်၏ ကာကွယ်မှုကိုသာ လုံးဝ မှီခိုခဲ့ရ၏။ သူတို့က ဝန်ထုပ်ဝန်ပိုး ဖြစ်နေမည်လား။
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံး အနာဂတ်မှာ အသုံးဝင်လာမှာပါ။ ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းက တန်ဖိုးရှိပါတယ်။”
သူ ယဉ်ကျေးနေခြင်း မဟုတ်ပေ။ ဤအဆုံးအဖြတ် တိုက်ပွဲသည် သူနှင့် ကျန်းလီကြားတွင်သာ ဖြစ်ပွားကောင်း ဖြစ်ပွားနိုင်သည်။ မိုကျင်းရှိ လူသိန်းပေါင်းများစွာသည် တိုက်ပွဲတွင် တာဝန်အများကြီး မထမ်းဆောင်နိုင်ကြပေ။ သို့သော်ငြား အနာဂတ် တည်ဆောက်ရေး အတွက်မူ လူပေါင်းများစွာ၏ ကြိုးပမ်းအားထုတ်မှု လိုအပ်သည်။
မိုကျင်း တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ တစ်နာရီပင် မကြာလိုက်ပေ။ ခဏကြာပြီးနောက် မိုကျင်း၏ စွမ်းအင်ဒိုင်းကာသည် တစ်မြို့လုံးကို ကာကွယ်ရန် ပြန်လည် အသက်ဝင်လာခဲ့သည်။ မြေအောက်ရှိ စွမ်းအင်တစ်ပိုင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့သော်ငြား ရှမ့်လန်၏ အဆင့်မြင့် နဂါးအသိဉာဏ်အမြင်ဖြင့် ယခင်က အသုံးမပြုနိုင်သော စွမ်းအင်များကို အသုံးပြုနိုင်ခဲ့၏။
ဥပမာအားဖြင့် အင်ပါယာကျန်းလီ၏ ရုပ်သေးစစ်သည် သုံးသိန်းတွင် ပါဝင်သော စွမ်းအင်များသည် မိုကျင်း၏ စွမ်းအင်ထိန်းချုပ်မှု ဗဟိုချက်ကို အချိန်ကြာမြင့်စွာ ထောက်ပံ့ပေးနိုင်သည်။ လူသိန်းပေါင်းများစွာသည် မိုကျင်းသို့ ပြန်လာကြသည်။ ထို့အပြင် အင်ပါယာကျန်းလီ၏ ဧရာမ ကောင်းကင်ခံတပ် ရာပေါင်း များစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ယခင်ကဆိုလျှင် ဤသည်မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ငရဲသလင်းကျောက်များ ရှိနေပြီး မိစ္ဆာစွမ်းအင်ကဲ့သို့ လုံးဝ ထိန်းချုပ်၍ မရနိုင်သောကြောင့် ဖြစ်သည်။ သို့သော်ငြား ယခုအခါ ရှမ့်လန် အဆင့်မြင့် နဂါးအသိဉာဏ်အမြင် ပြီးမြောက်သွားပြီဖြစ်ရာ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
လေထဲတွင်တော့ ရှမ့်လန်သည် မကြုံစဖူး ကြီးမားသော ခွာယူခြင်းကို ပြုလုပ်နေသည်။ အင်ပါယာကျန်းလီ၏ ပျံသန်းနေသော ကောင်းကင်ခံတပ်များရှိ ငရဲသလင်းကျောက်အားလုံးကို အတင်းအဓမ္မ ထုတ်ယူနေသည်။
ရှေးဟောင်း ရုပ်သေးစစ်သည် သုံးသိန်းထံမှ ငရဲသလင်းကျောက်များနှင့် ရှေးဟောင်း လူသားသစ် ၃၀၀၀ ၏ ဝိညာဉ်များထံမှ ငရဲသလင်းကျောက် အားလုံးကိုလည်း ထုတ်ယူလိုက်သည်။ ဤငရဲသလင်းကျောက် များသည် မဲမှောင်သော တိမ်တိုက်များကဲ့သို့ လေထဲတွင် လှိုင်းထနေပြီး အသည်းအသန် ရုန်းကန်နေကြ၏။
ဤငရဲသလင်းကျောက် အားလုံးသည် ကျန်းလီ ပိုင်ဆိုင်သောအရာများ ဖြစ်ကြ၏။ ထိုအရာတို့ကို ရှမ့်လန်အပိုင်အဖြစ် ပြောင်းလဲနိုင်မည်လား။ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ငရဲသလင်းကျောက် အားလုံးတွင် ကျန်းလီ၏ ဝိညာဉ်အမှတ်အသား ရိုက်နှိပ်ထားပြီး ဖြစ်သည်။ ထိုအရာတို့ကို ဘယ်တော့မှ ဖျက်ဆီး၍ မရနိုင်ပေ။
ရှမ့်လန်သည် ထိုအရာတို့ကို ဆက်လက် ဖိသိပ်လိုက်သည်။ ကောင်းကင်ယံ မီတာ သောင်းချီ ဖုံးလွှမ်းနေသော ငရဲသလင်းကျောက်များသည် ပုလဲတစ်လုံးအဖြစ် စုစည်းသွားသည်။ နောက်ထပ် ငရဲဝိညာဉ်ပုလဲ တစ်လုံး ဖြစ်သည်။ သို့သော်ငြား ဤငရဲဝိညာဉ်ပုလဲ၏ စွမ်းအားမှာ တုန်လှုပ်ဖွယ်ရာကောင်းလှ၏။ ယခင် ငရဲဝိညာဉ်ပုလဲထက် အဆပေါင်း ၁၀၀,၀၀၀ ကျော် ပိုမို အစွမ်းထက်သည်။
ရှမ့်လန်သည် ဤငရဲဝိညာဉ်ပုလဲကို လက်ကောက်ထဲတွင် ထည့်ထားပြီး လက်ကောက်ဝတ်တွင် အချိန်တိုင်း ဝတ်ဆင်ထားသည်။ ဤငရဲဝိညာဉ်ပုလဲများသည် အလွန် ကြောက်မက်ဖွယ်ရာကောင်း၏။ ရှမ့်လန် တစ်ဦးတည်းသာ ထိုအရာကို ဖိနှိပ်ထားနိုင်သည်။ ဟန့်တားမှု ပျောက်ဆုံးသွားသည်နှင့် ချက်ချင်း လွတ်မြောက်ပြီး မြင်မြင်သမျှ အရာအားလုံးကို ဖျက်ဆီးဝါးမျိုပစ်ပေလိမ့်မည်။
ငရဲသလင်းကျောက်များကို ထုတ်ယူပြီးနောက် ဧရာမ ကောင်းကင်ခံတပ်များ၊ နဂါးနောင်တများနှင့် အတွင်းရှိ လက်နက်အားလုံးသည် ရှမ့်လန်နှင့် တော်ဝင်ချန်အင်ပါယာ ပိုင်ဆိုင်သော အရာများ ဖြစ်လာကြသည်။
ရှမ့်လန် မိုကျင်းနန်းတော်သို့ ပြန်ရောက်ချိန်မှာတော့ မင်းသမီးလေးရှမ့်မီသည် နေကာမျက်မှန်ကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။ စစ်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ပြီး နဂါးနောင်တသည် မိုကျင်း၏ စွမ်းအင်ဒိုင်းကာ အပြင်ဘက်တွင် ပေါက်ကွဲတော့မည် မဟုတ်တော့သောကြောင့် ဤနေကာမျက်မှန်များသည် အခြေခံအားဖြင့် အသုံးမဝင်တော့ပေ။ သို့သော်ငြား ဤသည်မှာ မင်းသမီးလေး ရှမ့်မီ လိုချင်သော ရလဒ် ဖြစ်၏။
ထို့အပြင် သူတို့သည် မျက်စိကျိန်းလောက်အောင် တောက်ပသော သဲကန္တာရကြီးထဲတွင် ရှိနေကြ၏။ အနာဂတ်တွင် အရှေ့ဘက် အင်ပါယာသို့ ပြန်လည် တိုက်ခိုက်ဝင်ရောက်ချိန်တွင် နေရာတိုင်း၌ ရေခဲနှင့် နှင်းလောကကြီး ဖြစ်နေပေလိမ့်မည်။ ရောင်ပြန်ဟပ်မှုများသည်လည်း မျက်စိကျိန်းစေမည်။ နေကာမျက်မှန် တပ်ဆင်ခြင်းသည် မျက်လုံးကို ကာကွယ်ရန် လွယ်ကူစေသည်။
“ဒါက ဖေဖေ့အတွက်၊ ဒါက သမီးအတွက်၊ ဒါက မမယောင်ယောင်အတွက်၊ ဒါက မေမေ့အတွက်၊ ဒါက မေမေမူလန်အတွက်” မင်းသမီးလေးရှမ့်မီသည် နေကာမျက်မှန်များကို စားပွဲပေါ်တွင် သပ်ရပ်စွာ စီထားလိုက်၏။
ရှမ့်လန် ကောက်ယူပြီး တပ်ကြည့်လိုက်၏။ တကယ်ကို ခန့်ညားသွားစေသည်။ ထို့အပြင် သူ့မျက်မှန်နှင့် မင်းသမီးလေးရှမ့်မီ၏ မျက်မှန်သည် တကယ့်ကို သားအဖ ဆင်တူ ဖြစ်နေသည်။
“ဒါဆို ဆက်ထုတ်လုပ်လိုက်ပါ။ နောင်ကျရင် လူတိုင်း တစ်လက်စီ ရှိရမယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ငါတို့ တော်ဝင်ချန်အင်ပါယာ တပ်တော်က လောကမှာ အလန်းဆုံး တပ်တော် ဖြစ်စေရမယ်။”
***