ရှမ့်လန် ပြန်ရောက်သည်နှင့် မှန်သည် ပျောက်ကွယ်သွားပြီး မြေအောက်ခန်းထဲသို့ ဝင်ရောက်သွားသည်။ သူသည် စာအုပ် တစ်အုပ်ကို ငြိမ်သက်စွာ ဖတ်နေခြင်း သို့မဟုတ် စစ်တုရင် ကစားနေခြင်း ပြုလုပ်လေ့ရှိ၏။ သူ ဝင်လာချိန်မှာတော့ မှန်သည် စစ်တုရင် ကစားနေဆဲ ဖြစ်သည်။
“အရှင်... အရှင် ကျုပ်ကို မလိုတော့တဲ့အချိန်ကျရင် ကျုပ်ရဲ့ လုပ်ငန်းခွင် ပြီးဆုံးသွားပါပြီ။” မှန်က ပြောလိုက်၏။
ရှမ့်လန်က မေးလိုက်သည်။ “အဲဒီအချိန်ကျရင် မင်း ဘာလုပ်ချင်လဲ။”
“စစ်တုရင်ကစားပြီး အသက်မွေးမယ်လို့ မူလက စိတ်ကူးထားတာပါ။ ဒါပေမဲ့ သိပ်ပျင်းစရာ ကောင်းမယ် ထင်တယ်။”
သေချာပေါက် ပျင်းစရာ ကောင်းပေလိမ့်မည်။ သူ၏ စစ်တုရင်စွမ်းရည်သည် လောကတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေပြီ မဟုတ်ပါလား။
“ကျုပ် စာအုပ်တစ်အုပ် ရေးဖို့ ပြင်ဆင်နေတယ်။”
မှန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ စာအုပ်တွေ အများကြီး ရေးမှာ”
“ဘာခေါင်းစဉ်နဲ့ ရေးမှာလဲ။”
“မသိသေးဘူး။ အနောက်အရပ်သို့ ခရီးသွားခြင်းလိုမျိုး စိတ်ကူးယဉ် ခေါင်းစဉ် ဖြစ်လောက်တယ်။”
“မင်း ဦးနှောက်ကို စစ်ဆေးကြည့်မယ်။”
“ရပါတယ်။” မှန်သည် စစ်တုရင်ရုပ်ကို ချထားလိုက်ပြီး မျက်လုံးမှိတ်ကာ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှု အားလုံးကို ဖယ်ရှားလိုက်၏။
ရှမ့်လန်သည် မှန်၏ ဦးနှောက်ထဲရှိ နေရာလပ်တိုင်းကို စစ်ဆေးလိုက်၏။ ငရဲသလင်းကျောက် သို့မဟုတ် ရှေးဟောင်း လူသား ဝိညာဉ်များ ကျူးကျော်ဝင်ရောက်သည့် ခြေရာလက်ရာ လုံးဝ မတွေ့ရပေ။ မှန်သည် အပူးမခံရပေ။ ၁၀၀ ရာခိုင်နှုန်း မှန်သာ ဖြစ်သည်။
ထို့အပြင် နှစ်ပေါင်း ၃၀ နီးပါး မှတ်ဉာဏ်ကွာဟမှု ရှိနေသည်။ သူ ပြောသည့်အတိုင်းပင် မီးနတ်ဘုရားဂိုဏ်းက ခေါ်ဆောင်သွားပြီးနောက် မှန်သည် ရေခဲထဲတွင် သတိလစ်မေ့မြောနေခဲ့ခြင်း ဖြစ်သည်။
‘ဒါဆို ထူးဆန်းနေပြီ။ သူ ဘာလို့ သဲကန္တာရကြီးရဲ့ အစွန်အဖျားမှာ ပေါ်လာရတာလဲ။ မီးနတ်ဘုရားဂိုဏ်းမှာ တစ်ခုခု ဖြစ်သွားတာလား။’
... ...
“အရှင်... ကျုပ်တို့ သံတမန် သုံးသုတ် လွှတ်ပြီးပါပြီ။ ဒါပေမဲ့ အခုထိ ဘာတုံ့ပြန်မှုမှ မရသေးပါဘူး။”
ကျိုးရှီက ပြောလိုက်၏။ “ဒါပေမဲ့ အဲဒီအတောအတွင်း မီးနတ်ဘုရားဂိုဏ်းဆီက သတင်းစကားတွေ မကြာခဏ ရခဲ့ပါတယ်။ ရာနဲ့ချီ ထပ်နေတာပါ။”
ရှမ့်လန်သည် မီးနတ်ဘုရားဂိုဏ်းအတွက် အလွန် စိတ်ပူနေမိ၏။ ရှယ်လီကြောင့် သာမက သူ၏ ကလေးကြောင့်လည်း ဖြစ်သည်။ ထိုစဉ်က ရှမ့်လန် စဉ်းစားခဲ့ဖူး၏။ ယောင်ယောင်ကို မည်သည့် အဖွဲ့အစည်းနှင့် ထည့်ပေးလိုက်ရမည်နည်း။
အစပိုင်းတွင် သူသည် ပျောက်ဆုံးနိုင်ငံ မိစ္ဆာမယ်တော်နှင့် ထည့်ပေးလိုက်ရန် စဉ်းစားခဲ့ဖူး၏။ အဘယ်ကြောင့် ဆိုသော် ယောင်ယောင်၏ဝိညာဉ်မိခင်သည် မီဒူဆာ ဘုရင်မ နာလူဖြစ်ပြီး ပျောက်ဆုံးအင်ပါယာနှင့် မျိုးနွယ်တူ ဖြစ်သောကြောင့်ပင်။ သို့သော်ငြား နောက်ပိုင်းတွင် သူ ဤအကြံအစည်ကို စွန့်လွှတ်လိုက်သည်။ အကြောင်းမှာ ပျောက်ဆုံးနိုင်ငံမိစ္ဆာမယ်တော်သည် မည်သည့်နေရာသို့ သွားရမည်ဖြစ်ကြောင်း မသိရသောကြောင့် ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ သမိုင်းကြောင်း အကြောင်းရင်းများကြောင့် ပျောက်ဆုံးအင်ပါယာသည် အင်ပါယာ ကျန်းလီ၏ တိုက်ခိုက်မှုကို ပိုမို ခံရနိုင်ခြေ ရှိပြီး စွန့်စားရမှု ပိုများသောကြောင့် ဖြစ်သည်။ ယောင်ယောင်ကို မိုင်တစ်သောင်း သဲကန္တာရ အပျက်အစီးဆီသို့လည်း မပို့နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ပစ်မှတ် အလွန် ထင်ရှားနေသောကြောင့် ဖြစ်၏။
သေချာစဉ်းစားပြီးနောက် ရှမ့်လန်သည် မီးနတ်ဘုရားဂိုဏ်းအား ယောင်ယောင်ကို ခေါ်ဆောင်သွားစေ ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မီးနတ်ဘုရားဂိုဏ်းတွင် ကိုယ်ပိုင် လျှို့ဝှက်ခြေကုပ်စခန်းရှိပြီး ရှမ့်လန်သည် ယောင်ယောင် တစ်ဦးတည်းကိုသာ ပို့လိုက်သည် မဟုတ်ဘဲ နုရှောင့်မြို့မှ ပညာရှင် ထောင်ပေါင်းများစွာ ကိုလည်း ပို့လိုက်သလို ယူရေနီယမ် အားလုံးကိုလည်း ယူဆောင်သွားစေခဲ့သည်။
ထို့ကြောင့် ဤအင်အားစုများထဲတွင် မီးနတ်ဘုရားဂိုဏ်းသည် အတော်အတန် အားနည်းသော်လည်း ရှမ့်လန် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့သည်။ သို့သော်ငြား မှန်၏ ဖြစ်ရပ်က လူကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။ မီးနတ်ဘုရားဂိုဏ်း၌ တကယ်တမ်း ဘာဖြစ်သွားခဲ့သနည်း။
“အဲဒီ တည်နေရာအမှတ်အသားဆီကို ငါကိုယ်တိုင် သွားလိုက်မယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “မိုကျင်းကို မင်းဆီ ပြန်အပ်ခဲ့မယ်။ အင်ပါယာကျန်းလီက မိုကျင်းကို တိုက်ခိုက်ဖို့ တပ်ဖွဲ့တွေ ထပ်လွှတ်တော့မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။”
နောက်တစ်ကြိမ် ရှမ့်လန်သည် တချောင်ကို စီးနင်းပြီး မိုကျင်းမှထွက်ခွာကာ အနောက်ဘက်သို့ ပျံသန်း သွားသည်။ မိုင်ပေါင်း တစ်သောင်းကျော် ပျံသန်းပြီးနောက် သူသည် မိုင်တစ်သောင်း သဲကန္တာရကြီးကို ကျော်လွန်ပြီး အနောက်ဘက် ပင်လယ်ပြင်သို့ ပြန်လည် ဝင်ရောက်သွားသည်။ သူ အနောက်ဘက်သို့ ဆက်သွားသည်။ အနောက်ဘက်သို့ ၁၉,၀၀၀ မိုင်။
ဤသည်မှာ မီးနတ်ဘုရားဂိုဏ်းပေးပို့သော တည်နေရာအမှတ်အသား ဖြစ်သည်။ ရှမ့်လန်အား သစ္စာစောင့်သိသော မည်သည့်အင်အားစုမဆို ဆက်သွယ်ရန် တောင်းဆိုထားခြင်း ဖြစ်၏။ လွန်ခဲ့သော ဆယ်ရက်ကျော်က မိုကျင်းသည် ဤတည်နေရာအမှတ်အသားသို့ သံတမန်များ စေလွှတ်ခဲ့ပြီး မီးနတ်ဘုရားဂိုဏ်း က လမ်းပြရန် လူလွှတ်ခဲ့သည်။
လွန်ခဲ့သောတစ်ခေါက် ရှမ့်လန် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ရှေးဟောင်းအပျက်အစီးသို့ သွားရောက်ခဲ့စဉ်က အပျက်အစီးတည်နေရာကို ရှာဖွေရာ၌ အလွန် ရှုပ်ထွေးခဲ့ပြီး ကောင်းကင်နှင့် မြေကြီး နေရာအနှံ့ ရှာဖွေခဲ့ရသည်။ နောက်ဆုံးတွင် လကြတ်စဉ် ပေါ်လာသော ဝဲကတော့ကြောင့်သာ ဝင်ပေါက်ကို ရှာတွေ့ခဲ့ခြင်း ဖြစ်၏။
ယခုတစ်ကြိမ်တွင်မူ ရှမ့်လန် ဤတည်နေရာအမှတ်အသားသို့ ရောက်ရှိပြီး မကြာမီမှာပဲ လမ်းပြတစ်ဦး ပေါ်လာသည်။
၎င်းမှာ အလယ်တွင် အစိမ်းရောင် အလင်းတန်း တောက်ပနေသော မည်းမှောင်သည့် အရိပ်တစ်ခု ဖြစ်သည်။ ၎င်းသည် ရှမ့်လန်၏ရှေ့တွင် ပျံသန်းနေပြီး နှစ်ကြိမ် လှုပ်ခါပြကာ ရှမ့်လန်အား လိုက်လာရန် အချက်ပြ၏။
ထို့နောက် အနောက်ဘက်သို့ ဆက်လက် ပျံသန်းသွားသည်။ ဆက်တိုက် ပျံသန်းသည်။ မိုင်ထောင်ချီ ထပ်မံ ပျံသန်းသွားသည်။ ထို့နောက် ရှမ့်လန် တစ်ခါမှ မမြင်ဖူးသော၊ မယုံနိုင်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရသည်။
‘ဒါ... လောကအဆုံးသတ်လား။’
အဘယ်ကြောင့်ဆိုသော် ပင်လယ်ပြင်တွင် ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာပြီး အဆုံးအစမဲ့ ပင်လယ်ရေများ စီးဆင်းကျနေသောကြောင့် ဖြစ်သည်။ မည်သည့် ဒဏ္ဍာရီလာ ရေတံခွန်ထက်မဆို ပိုမို ခမ်းနား ထည်ဝါနေ၏။
ဤသည်မှာ လောကဂြိုဟ်၏ အက်ကွဲကြောင်းဖြစ်ပြီး မိုင်ပေါင်း တစ်သောင်း ရှည်လျားသည်။ ကြောက်မက်ဖွယ်ရာကောင်းသော အမှောင်ဓားတစ်လက်က လောကဂြိုဟ်ကို ခုတ်ပိုင်းလိုက်သောကြောင့် အမာရွတ်တစ်ခု ကျန်ရစ်ခဲ့သကဲ့သို့ ဖြစ်နေသည်။
ဤနေရာ ဘာလဲဆိုသည်ကို ရှမ့်လန် သိသည်။ ရှေးဟောင်း အမှောင်ဘုရင်မ၏ နေအိမ်၊ နက်ရှိုင်းသော အက်ကွဲကြောင်းပင်။ ဤနေရာတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သဖြင့် အလွန် ထူးခြားသော စွမ်းအင်စက်ကွင်းတစ်ခု ရှိပြီး လုံးဝ ကွဲပြားခြားနားသော သက်ရှိများကို ဖန်တီးပေး၏။
ဤသက်ရှိများ၏ တစ်ဝက်မှာ အသား၊သွေးဖြင့် ပြုလုပ်ထားပြီး ကျန်တစ်ဝက်မှာ စွမ်းအင်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဤ နက်ရှိုင်းသော အက်ကွဲကြောင်းသည် တစ်ချိန်က ရှေးဟောင်း အင်ပါယာ၏ အကြီးမားဆုံး ရန်သူ၊ အကြီးမားဆုံး အန္တရာယ် ဖြစ်ခဲ့ဖူးသည်။
အလွန် ကြာမြင့်သော ကာလတစ်ခုအထိ ရှေးဟောင်း အင်ပါယာ၏ စစ်ပွဲပစ်မှတ်မှာ ပျောက်ဆုံးအင်ပါယာ မဟုတ်ဘဲ ဤ နက်ရှိုင်းသော အက်ကွဲကြောင်း ဖြစ်ခဲ့သည်။ သေချာသည်မှာ ကျန်းရှဲ့ကြောင့်သာ နှစ်ဖက်စလုံး ပြန်လည် သင့်မြတ်သွားကြပြီး အမှောင်ဘုရင်မသည် ကျန်းရှဲ့၏ ဆရာ ဖြစ်လာခဲ့၏။
မြောက်ဝင်ရိုးစွန်းတွင် ကြီးမားသော အပြောင်းအလဲ ဖြစ်ပြီးနောက် မီးနတ်ဘုရားဂိုဏ်းသည် ဤနေရာတွင် ခိုလှုံရာ ရှာဖွေနေခဲ့သည်။
အမှန်စင်စစ် ဤလောကဂြိုဟ်၏ အရှေ့နှင့် အနောက်ဘက်စွန်းများကို ပိုင်းခြားထားသည်မှာ မိုင်တစ်သောင်း သဲကန္တာရကြီး သာမက ဤကြောက်မက်ဖွယ်ရာကောင်းသော နက်ရှိုင်းသည့် အက်ကွဲကြောင်းကြီးလည်း ရှိနေသေးကြောင်း တွေ့ရှိလိုက်ရ၏။
မဲမှောင်သောအရိပ်သည် ရှေ့မှ လမ်းပြနေသည်။ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားကြသည်။ မည်သည့် ရုပ်ရှင်ကားထဲတွင်မှ ဤမျှ ကြီးမားသော ရေတံခွန်မျိုး မရှိခဲ့ဖူးပေ။ မီတာ သောင်းချီ နက်ရှိုင်းနေပြီ ဖြစ်သည်။ သို့သော်ငြား ဤကဲ့သို့ ပင်လယ်ရေများ စီးကျနေပါက ပင်လယ်ရေ ခန်းခြောက်သွားမည် မဟုတ်ပါလား။
မခန်းခြောက်ချေ။ အဘယ်ကြောင့်ဆိုသော် အက်ကွဲကြောင်းအောက်တွင် အစွမ်းထက်သော စွမ်းအင်စက်ကွင်း တစ်ခု ရှိနေသည်။ စီးကျလာသော ပင်လယ်ရေများသည် အဆက်မပြတ် အငွေ့ပြန်ပြီး ပင်လယ်ပြင်သို့ ပြန်လည် ရောက်ရှိသွားကြသည်။
ပိုမို နက်ရှိုင်းစွာ သွားလေလေ ပင်လယ်ရေ အငွေ့ပြန်ရုံသာမက ဆားများပင် ချက်ချင်း ပြာမှုန်အဖြစ် ပြောင်းလဲသွားသည်။ သူတို့ ဆက်တိုက် အောက်သို့ ပျံသန်းသွားကြ၏။
မီတာ ၃၀,၀၀၀ အနက်... မီတာ ၅၀,၀၀၀ အနက်...။
ဤနေရာတွင် လုံးဝ မှောင်မိုက်နေပြီး မည်သည့် အလင်းရောင်မှ မရှိပေ။ ထို့အပြင် ထူးဆန်းပြီး ရှုပ်ထွေးသော စွမ်းအင်စက်ကွင်းများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် ရှမ့်လန်သည် ထူးဆန်းသော ဝဲကတော့များကို ထပ်မံ တွေ့လိုက်ရပြန်၏။ အဆက်မပြတ် ပြောင်းလဲနေပြီး မျောလွင့်နေသော ဝဲကတော့များ ဖြစ်သည်။
ဤသည်မှာ နက်ရှိုင်းသော အက်ကွဲကြောင်းကို ကာကွယ်ရန် အရေးကြီးဆုံး လက်နက် ဖြစ်သည်။ ပြင်ပလူများသည် မည်သည့် ဝဲကတော့ထဲသို့ ဝင်ရောက်ရမည်ကို မသိကြပေ။ အဘယ်ကြောင့်ဆိုသော် ဝဲကတော့ တစ်ခုတည်းကသာ နက်ရှိုင်းသော အက်ကွဲကြောင်းအတွင်းရှိ လောကသို့ လမ်းပြနိုင်သောကြောင့်ပင်။
အကယ်၍ မှားယွင်းသော ဝဲကတော့ထဲသို့ ဝင်ရောက်မိပါက ချက်ချင်း အပိုင်းပိုင်း အစစ ကြေမွပြီး ပြာမှုန်အဖြစ် ပြောင်းလဲသွားမည်။ သူ့ရှေ့တွင် အနည်းဆုံး ကွဲပြားသော ဝဲကတော့ သောင်းချီ ရှိနေသည်။
မဲမှောင်သော အရိပ်သည် ရှမ့်လန်အား ဝဲကတော့ တစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။ ဤဝဲကတော့သည် အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ အတွင်း၌ မရေမတွက်နိုင်သော ထူးဆန်းသည့် အလင်းရောင်များ လှိုင်းထနေပြီး ငရဲနှင့် တူနေသည်။
တချောင်သည် ကြောက်လွန်းသဖြင့် စိတ်ဝိညာဉ် လွင့်ပါးမတတ် ဖြစ်နေရှာ၏။ သူသည် မျက်လုံးကိုမှိတ်ပြီး အောက်သို့ ထိုးဆင်းလိုက်၏။
‘ဟူး... သရဲဘောကြောင်တဲ့ကောင်။ မင်းသခင်က အခု သိပ်စွမ်းနေပြီ။ ဘယ်ဝဲကတော့ကို ကြောက်နေရမှာလဲ။’
သူသည် ဤဧရာမ ဝဲကတော့ကြီးထဲတွင် နှစ်နာရီကြာအောင် ပျံသန်းခဲ့ရသည်။ ပြီးနောက် ဝဲကတော့ထဲမှ ပြေးထွက်လိုက်သည်။ သူ့ရှေ့မှ လောကကြီးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ ဧရာမ မြေအောက် မြို့တော်ကြီး တစ်ခု ဖြစ်သည်။
ရှမ့်လန်၏မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် တကယ်ကို လှပလွန်း သောကြောင့် ဖြစ်သည်။ မြို့တော်သည် မြေအောက် နက်ရှိုင်းသော အက်ကွဲကြောင်းထဲတွင် ရှိနေသော်လည်း တောက်ပစွာ လင်းလက်နေသည်။ အဘယ်ကြောင့်ဆိုသော် သလင်းကျောက် အမျိုးမျိုးသည် အက်ကွဲကြောင်း ၏ နံရံများပေါ်တွင် အလင်းရောင် ထုတ်လွှတ်နေပြီး တဖြည်းဖြည်း ပြောင်းလဲနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤမြေအောက် မြို့တော်တွင် နေ့နှင့် ည ရှိ၏။
ထိုစဉ်က မီးနတ်ဘုရားဂိုဏ်းသည် လူတစ်သောင်းခန့်သာ ခေါ်ဆောင်သွားခဲ့သည်။ ယခုအခါ ဤနေရာတွင် လူသောင်းချီမက ရှိနေပြီး သိန်းချီ ရှိနေသည်။ နေရာတိုင်းတွင် အိမ်များနှင့် လူများ ရှိနေကြသည်။ နက်ရှိုင်းကျယ်ပြန့်လှသော အက်ကွဲကြောင်း ဟင်းလင်းပြင်ကြီးအတွင်း၌ သားရဲကောင်များနှင့် ပျံသန်းနေသော ယာဉ်ပျံများသည် ဥဒဟို ကူးလူးသွားလာ လှုပ်ရှားလျက်ရှိကြသည်။
ရှမ့်လန်သည် ခြေချလိုက်သည်။ ထိုခဏ၌ပင် လူဖြူစစ်သည် တစ်ဦးသည် နောက်ပါစစ်သည် ရာပေါင်းများစွာနှင့်အတူ ရှေ့သို့တိုးထွက်လာပြီး ဂါရဝပြု ဦးညွှတ်လိုက်၏။
ထို့နောက် စစ်သည်ခေါင်းဆောင်က ဆိုသည်။ “အရှင်တို့က မိုကျင်းဘက်က စေလွှတ်လိုက်တဲ့ စတုတ္ထမြောက် သံတမန်အဖွဲ့ ဖြစ်မယ်ထင်တယ်။ တော်ဝင်ချန်အင်ပါယာရဲ့ အက်ကွဲကြောင်းပြည်နယ်ကနေ ကြိုဆိုပါတယ်။”
ရှမ့်လန် အနည်းငယ် အံ့အားသင့်သွားရသည်။ ဤနေရာသည်လည်း တော်ဝင်ချန်အင်ပါယာ၏ နယ်မြေတစ်ခု ဖြစ်သွားပြီလား။ ဤနေရာသည် နက်ရှိုင်းသော အက်ကွဲကြောင်းတစ်ခုသာ ဖြစ်သော်လည်း ဧရိယာ အကျယ်အဝန်းမှာမူ မိုကျင်းထက်ပင် များစွာ ပိုမိုကြီးမားသည်။ ထို့ကြောင့် အက်ကွဲကြောင်း ပြည်နယ်ဟု ခေါ်ဆိုလျှင်လည်း လွန်မည်မထင်ပေ။
ထိုအချိန်၌ ကောင်းကင်၌ တပ်ဖွဲ့တစ်ဖွဲ့ ပျံသန်းရောက်ရှိလာပြီး ဆင်းသက်လိုက်ကြသည်။ ခေါင်းဆောင်ဖြစ်သူ အမျိုးသမီးမှာ တောက်ပသော အနီရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်။
လူဖြူစစ်သည်ခေါင်းဆောင်က ဦးညွှတ်အရိုအသေပြုလိုက်၏။ “နယ်စားမင်းကို ဂါရဝပြုပါတယ်။”
နယ်စားမင်း။ မည်သူနည်း... ဒီဘိုရာများလား။ နယ်စားမင်းသည် မျက်နှာဖုံးကို ဖြုတ်ချလိုက်ရာ လှပသော မျက်နှာတစ်ခု ပေါ်လာသည်။ ကြာမြင့်စွာ မတွေ့ရတော့သော ရင်းနှီးသည့် မျက်နှာတစ်ခုပင် ဖြစ်သည်။
မင်းသမီး ကျိရွှမ် ဖြစ်နေသည်။ သူမ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေရသနည်း။ မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ မဖြစ်ပေါ်မီက ရှမ့်လန်သည် မင်းသမီးကျိရွှမ်အား လူသောင်းချီ ခေါ်ဆောင်လျက် ထွက်ခွာသွားရန် မှာကြားခဲ့ဖူး၏။
မင်းသမီးကျိရွှမ်သည် ရေတပ်နှင့်အတူ အရှေ့ဘက်လောကမှ ထွက်ခွာလာခဲ့သော်လည်း လမ်းပျောက်ခဲ့ပုံ ရသည်။ မည်သည့်နေရာသို့ သွားရမှန်း မသိခဲ့ပေ။ အကြောင်းမှာ သူတို့၌ သွားစရာ နေရာမရှိသောကြောင့် ဖြစ်သည်။ မည်သူမှ ရှာမတွေ့နိုင်သော နေရာမျိုးကို မည်သည့်အရပ်၌ ရှာဖွေရမည်နည်း။ မထင်မှတ်ဘဲ မင်းသမီးကျိရွှမ်သည် ဤနေရာသို့ ရောက်ရှိနေလိမ့်မည်ဟု ရှမ့်လန် ထင်မထားခဲ့မိပေ။
မင်းသမီးကျိရွှမ်က နှုတ်ဆက်စကား ဆိုလိုက်သည်။ “ကြိုဆိုပါတယ်။ ကျွန်မတို့ မိုကျင်းဆီကို တရားဝင် သွားရောက်ဖို့ သံတမန်အဖွဲ့ ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။”
ထိုသို့ ပြောပြီးနောက် ရှမ့်လန်ကို ကြည့်လိုက်မိချိန်မှာတော့ သူမ လုံးဝ ကြောင်အသွားရသည်။ ကိုယ့်မျက်စိကိုယ် မယုံနိုင်သကဲ့သို့ ဖြစ်နေရှာ၏။
“အရှင်ရှမ့်လန်...”
***