တကယ်ပင် ဟုတ်လေမည်လား။ မီးနတ်ဘုရားဂိုဏ်း၏ အချက်ပြမှုကို လက်ခံရရှိပြီးနောက် မိုကျင်းသည် သံတမန်များ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သော်လည်း ရှမ့်လန်နှင့် ပတ်သက်ပြီး မည်သည့်အရာမှ ထည့်သွင်း ပြောကြားခြင်း မရှိခဲ့ပေ။
အကြောင်းရင်းမှာ ကောင်းကင်ပင်လယ်နန်းဆောင်၏ အမြင်တွင် မီးနတ်ဘုရားဂိုဏ်း၏ ရပ်တည်ချက်သည် မရှင်းလင်းသောကြောင့် ဖြစ်သည်။ သူတို့သည် အနောက်ဘက်လောကမှ အင်အားစုဖြစ်ပြီး ရှမ့်လန်အပေါ် သစ္စာရှိချင်မှ ရှိမည်ဟု ယူဆထားကြသည်။
မင်းသမီးကျိရွှမ် တုန်ယင်စွာ ရေရွတ်လိုက်၏။ “ရှမ့်လန်... အရှင်...”
ရှမ့်လန်က ပြန်လည်မေးမြန်းလိုက်သည်။ “ဘာဖြစ်လို့လဲ။ ကျုပ်က အတု၊ အစားထိုးသူ ဖြစ်နေမှာ ကြောက်လို့လား။”
မင်းသမီးကျိရွှမ်သည် ရှမ့်လန်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးနောက် တုံ့ပြန်လိုက်သည်။ “ကျွန်မ... ကျွန်မ ထင်တာတော့ အရှင်က အစစ်ပါ။ ဒါပေမဲ့ ဒီကိစ္စကို ကျွန်မ ဆုံးဖြတ်လို့ မရပါဘူး။”
မင်းသမီးကျိရွှမ်၏ စကားကို ကြားချိန်မှာတော့ စစ်သည်များသည် လုံးဝ အံ့အားသင့်သွားကြပြီး ရှမ့်လန်ကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ မင်းသမီးကျိရွှမ်သည် တကယ်ပင် တော်လှသည်။ မျက်လုံးတစ်စုံကို မြင်ရုံမျှဖြင့် ရှမ့်လန်ကို မှတ်မိနိုင်စွမ်း ရှိသည်။ သူသည် မျက်နှာဖုံးကို ခွာလိုက်ရာ သူ၏ မျက်နှာအစစ်အမှန် ပေါ်လာသည်။
လူရာပေါင်းများစွာ၏ အကြည့်များသည် ရှမ့်လန်၏ မျက်နှာပေါ်သို့ စုပြုံကျရောက်လာကြ၏။
‘ဒါ... ဒါ အရှင်ရှမ့်လန်လား။ အစစ်လား၊ အတုလား။ အစားထိုးသူလား၊ ဒါမှမဟုတ် ကျန်းလီ၏ ပူးပေါင်းကြံစည်မှုလား။’
ရှိနေသူအားလုံးသည် ရှမ့်လန်ကို ရှင်းလင်းစွာ မှတ်မိနိုင်ကြသည်။ အကြောင်းမှာ လူတိုင်း၏ ရင်ထိုး တံဆိပ်ပေါ်တွင် ရှမ့်လန်၏ မျက်နှာကို ထွင်းထုထားပြီး အက်ကွဲကြောင်း၏ နေရာအနှံ့အပြားတွင် ရှမ့်လန်၏ ရုပ်တုများ ရှိနေသောကြောင့် ဖြစ်သည်။ မိုကျင်းရှိလူထုသည် ရှမ့်လန်ကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်ကြသကဲ့သို့ ဤနေရာတွင်လည်း ထိုနည်းတူပင်။
ရှမ့်လန်က မေးလိုက်သည်။ “ကျုပ် ရှမ့်လန် ဟုတ်မဟုတ် ခင်ဗျား ဆုံးဖြတ်လို့ မရရင် ဘယ်သူ ဆုံးဖြတ်မှာလဲ။”
မင်းသမီးကျိရွှမ်က ဖြေ၏။ “ဘုရင်မပါ။”
ရှမ့်လန် ကြောင်အသွားရသည်။ ဘုရင်မ ဟုတ်လား။ မည်သူနည်း။
“ကျေးဇူးပြုပြီး လိုက်ခဲ့ပါ။ ကျွန်မတို့ ဘုရင်မဆီ သွားကြမယ်။” ထို့နောက် သူမသည် ရှမ့်လန်နှင့်အတူ အက်ကွဲကြောင်း၏ ပိုမို နက်ရှိုင်းသော နေရာသို့ ဆက်လက် ပျံသန်းသွားသည်။
လမ်းတစ်လျှောက်တွင် ရှမ့်လန်သည် ကောင်းကင်ခံတပ်များကို တစ်ခုပြီး တစ်ခု တွေ့မြင်ခဲ့ရပြီး အားလုံးကို အိပ်မက်ဆိုး ကျောက်တုံးများဖြင့် စွမ်းအင် ပေးထားသည်။ ရှမ့်လန် အံ့အားသင့်ဆုံးအရာမှာ ကွဲပြား ခြားနားသော နဂါးနောင်တတစ်မျိုးကို တွေ့မြင်လိုက်ရခြင်း ဖြစ်၏။
နဂါးနောင်တ ပုံသဏ္ဍာန် ဖြစ်သော်လည်း ၎င်းအပေါ်တွင် ရေဒီယိုသတ္တိကြွ အမှတ်အသား ပါရှိနေသည်။ ဤအရာက ဘာကို သက်သေပြနေသနည်း။ မဟာပညာရှင်တွိုင်း၏ ဦးဆောင်မှုအောက်မှာ လောကပျက်ကပ် စီမံကိန်း အောင်မြင်သွားပြီလား။ နျူကလီးယားဗုံးကို တရားဝင် ထုတ်လုပ်နိုင်ခဲ့ပြီလား။
မီးနတ်ဘုရားဂိုဏ်း အနောက်ဘက်သို့ ဆုတ်ခွာစဉ်က ရှမ့်လန်သည် ပညာရှင် ထောင်ပေါင်းများစွာ၊ သတင်းအချက်အလက် အားလုံးနှင့် ယူရေနီယမ် အားလုံးကို ယူဆောင်သွားစေခဲ့သည်။ ယခု နှစ် ၃၀ ကြာပြီးနောက် ဤပညာရှင်အဖွဲ့သည် တကယ်ပင် အောင်မြင်ခဲ့ပြီလား။
... ...
မင်းသမီးကျိရွှမ်သည် ရှမ့်လန်နှင့်အတူ ဆက်တိုက် ပျံသန်းသွားသည်။ သူတို့သည် အက်ကွဲကြောင်း၏ အောက်ခြေသို့ တိုက်ရိုက် ဦးတည်သွားကြ၏။ ဤနေရာတွင် အနက်ရောင် ပိရမစ်တစ်ခု ရှိနေသည်။ ရှမ့်လန်သည် ပိရမစ် အမျိုးမျိုးကို မြင်ဖူးသော်လည်း အနက်ရောင် ပိရမစ်ကိုမူ တစ်ခါမှ မမြင်ဖူးပေ။
အစွမ်းထက်သော စစ်သည်ဒါဇင်ပေါင်းများစွာ ရှေ့သို့ ထွက်လာပြီး တားဆီးလိုက်ကြသည်။ “မင်းသမီး... ဒီနေ့ ဘုရင်မ ပင်ပန်းနေပါတယ်။ ကိစ္စရှိရင် မနက်ဖြန်မှ လာခဲ့ပါလား။ သာမန်ကိစ္စတွေကို ဝန်ကြီးချုပ်ဆီ လွှဲထားလိုက်ပါ။”
ဝန်ကြီးချုပ်က မည်သူနည်း။
မင်းသမီးကျိရွှမ်က ပြောလိုက်သည်။ “တပ်မှုး... ကျွန်မမှာ အရေးကြီးကိစ္စရှိလို့ ဘုရင်မနဲ့ မဖြစ်မနေ တွေ့ရပါမယ်။ ကျွန်မ ဘေးနားက လူဟာ အရှင်ရှမ့်လန် ဖြစ်ဖို့ အလားအလာ အရမ်း များနေလို့ပါ။”
ထိုစကားကို ကြားလိုက်သည်နှင့် တံခါးဝရှိ စစ်သည် ဒါဇင်ပေါင်းများစွာ ရုတ်တရက် တုန်လှုပ်သွားကြပြီး ရှမ့်လန်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ကြသည်။ အားလုံး အသက်ရှူရပ်လုမတတ် ဖြစ်သွားကြ၏။ သူတို့သည် အလိုအလျောက် ဒူးထောက်ချင်စိတ် ဖြစ်ပေါ်သွားကြသော်လည်း ရန်သူ့ပူးပေါင်းကြံစည်မှု ဖြစ်မည်ကို အလွန် စိုးရိမ်နေကြသည်။ အကြောင်းမှာ အင်ပါယာကျန်းလီ၏ ရှေးဟောင်း လူသားသစ်များ သည် မည်သူ့အဖြစ်မဆို အသွင်ပြောင်းနိုင်သောကြောင့် ဖြစ်၏။
တပ်မှုးနှင့် စစ်သည်များသည် ချက်ချင်း ဦးညွှတ်ပြီး မေးမြန်းလိုက်ကြသည်။ “နယ်စားမင်း... သေချာရဲ့လား။ အကယ်၍ ဒါ ရန်သူ့ ပူးပေါင်းကြံစည်မှုသာ ဖြစ်ခဲ့ရင် အကျိုးဆက်ကို တွေးလို့တောင် ရမှာ မဟုတ်ဘူး။ ဘုရင်မ အနားကို ရန်သူ လုံးဝ အကပ်ခံလို့ မဖြစ်ဘူး။ အရင်က တိုက်ခိုက်မှု တစ်ကြိမ် ရှိခဲ့ပြီးပြီ။”
ထိုစကားကို ကြားလိုက်သည်နှင့် ရှမ့်လန် တုန်လှုပ်သွားရသည်။ ဤအရာက မည်သည့် အဓိပ္ပာယ်နည်း။ တစ်ယောက်ယောက်က သူအဖြစ် ဟန်ဆောင်ပြီး ဘုရင်မကို လာရောက်လုပ်ကြံခဲ့ဖူးသည် ဆိုသည့် သဘောလား။
မင်းသမီးကျိရွှမ်က အတည်ပြုပြောကြားလိုက်သည်။ “အရှင်ရှမ့်လန်နဲ့တူတဲ့သူ ဘယ်သူမဆို ကျွန်မနဲ့ အမျိုးသမီးဝန်ကြီးတို့ရဲ့ စစ်ဆေးအတည်ပြုချက်ရပြီးရင် ဘုရင်မဆီ ဝင်တွေ့ခွင့်ပြုပြီး ဘုရင်မ ကိုယ်တိုင် ဆုံးဖြတ်ပါစေလို့ အမိန့်ထုတ်ထားပါတယ်။”
တပ်မှုးက ထပ်မံမေးမြန်း၏။ “မင်းသမီး... သေချာရဲ့လား။ ဘုရင်မကို ထိခိုက်မယ့်ကိစ္စမျိုး ထပ်မဖြစ်စေချင်တော့ပါဘူး။”
မင်းသမီးကျိရွှမ်က ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။ “အမှောင်ဧကရာဇ်ကြီး ကျန်းလီရဲ့ ရှေးဟောင်း လူသားသစ်တွေဟာ ဘယ်သူ့အဖြစ်မဆို အသွင်ပြောင်းနိုင်တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ခံစားမှုကို ယုံကြည်ပါ။ ကျွန်မက အမျိုးသမီးတစ်ယောက်ပါ။ အရှင်ရှမ့်လန်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသမီး တစ်ယောက်ပါ။ မျက်လုံးမှိတ်ထားရင်တောင် သူ့ရဲ့အရှိန်အဝါကို ခံစားမိပါတယ်။ ကျွန်မရဲ့ အသက်နဲ့ အာမခံရဲပါတယ်။”
တပ်မှုးက လက်ခံလိုက်၏။ “ကောင်းပါပြီ။”
ထို့နောက် သူသည် ရှမ့်လန်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။ “အရှင်... ခွင့်လွှတ်တော်မူပါ။ ဘုရင်မက အရှင်ရဲ့ ကိုယ်ပိုင်အမှတ်အသားကို အတည်ပြုပြီးတာနဲ့ ကျုပ် ဘယ်လို ပြစ်ဒဏ်ကိုမဆို ခံယူပါ့မယ်။”
ထို့နောက် အမိန့်ပေးလိုက်၏။ “တံခါးဖွင့်...”
တပ်မှုးသည် ရှေ့သို့ တိုးသွားပြီး ယန္တရားအချို့ကို လည်ပတ်စေလိုက်သည်။ အတွင်းမှ လူများကလည်း ယန္တရားခလုတ်များ ကို လှည့်လိုက်ကြသည်။
“ဂရက်... ဂရက်...” စက်သံများနှင့်အတူ အနက်ရောင် ပိရမစ်၏ တံခါးမကြီး ပွင့်ဟသွားခဲ့၏။
မင်းသမီးကျိရွှမ်က ဖိတ်ခေါ်လိုက်သည်။ “အရှင်... ကြွပါ။”
ရှမ့်လန်သည် မင်းသမီးကျိရွှမ်၏ နောက်မှလိုက်ပါပြီး ပိရမစ်၏ ပင်မခန်းမဆောင်ထဲသို့ ဝင်ရောက် သွားလိုက်သည်။ အနက်ရောင် ပိရမစ်တစ်ခုလုံးတွင် ပင်မခန်းမဆောင် တစ်ခုတည်းသာရှိပြီး အခြား မည်သည့်အရာမှမရှိပေ။
အတွင်းပိုင်းသည် အလွန်မှောင်မိုက်နေသောကြောင့် ကိုယ့်လက်ချောင်း ကိုယ်ပြန်မမြင်ရလောက်အောင်ပင် ဖြစ်နေသည်။ သို့သော်ငြား ပင်မခန်းမဆောင်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေကြောင်း ရှမ့်လန် အာရုံခံမိသည်။ အလယ်ဗဟိုတွင် ကုလားထိုင်တစ်လုံးရှိပြီး လူတစ်ယောက် ထိုင်ကာ အိပ်လျက်ရှိသည်။
‘ဒါ ငါ့ရဲ့ ယောင်ယောင်လား။ အခု နေ့တိုင်း ပြန်အိပ်နေရပြန်ပြီလား။’
ရှမ့်လန် ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ ဤပိရမစ်သည် အလွန် ကြီးမားပြီး ပင်မခန်းမဆောင်သည် စတုရန်းမီတာ သောင်းချီ ကျယ်ဝန်းသော်လည်း ကုလားထိုင် တစ်လုံးတည်းသာ ရှိနေ၏။
မီတာတစ်ရာအကွာသို့ ရောက်ချိန်မှာတော့ ဘုရင်မ နိုးလာခဲ့သည်။ သူမ အနည်းငယ် တုန်လှုပ်သွားပြီး ရေရွတ်လိုက်သည်။
“သမီး... သမီး အိပ်မက်မက်နေတာလား။ ဖေဖေ... ဖေဖေ ရောက်နေတာလား။ သမီး အိပ်မက်မက်နေတာလား။” တကယ့်ကို ယောင်ယောင့် အသံပင် ဖြစ်သည်။
သူမသည် တော်ဝင်ချန်အင်ပါယာ အက်ကွဲကြောင်းပြည်နယ်၏ အဓိပတိ အုပ်စိုးသူ ဖြစ်သည်။ ရှမ့်လန်၏ သမီး ဖြစ်သောကြောင့် သူမကို ဘုရင်မဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ ထိုခဏတွင် ပင်မခန်းမဆောင် တစ်ခုလုံး လင်းလက်သွားခဲ့သည်။ နူးညံ့သိမ်မွေ့ပြီး သေးငယ်သော မိန်းကလေးတစ်ဦးသည် အလယ်ဗဟိုရှိ အနက်ရောင် ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေသည်။ သူမသည် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းပြီး သိမ်မွေ့လှပ၏။
မှန်ပေသည်။ သူမသည် ယောင်ယောင်ပင် ဖြစ်သည်။ သို့သော်ငြား နှစ်ပေါင်း ၃၀ ကုန်လွန်သွားခဲ့ပြီ မဟုတ်ပါလား။ သူမက အဘယ်ကြောင့် ဤမျှ ငယ်ရွယ်နေသေးသနည်း။ သူမ ၁၁ နှစ် သမီးအရွယ်တုန်းက ၆ နှစ်၊ ၇ နှစ် အရွယ် မိန်းကလေးများနှင့် တူခဲ့သည်။ ယခုအခါ သူမသည် ၁၅ နှစ်၊ ၁၆ နှစ် အရွယ်လောက်သာ ရှိသေးသကဲ့သို့ ဖြစ်နေသည်။ ရှီလွန်အင်ပါယာ ဘုရင်မမြို့တော်တွင် ဖြစ်ပွားခဲ့သော ရောဂါသည် ပြန်လည် ဖြစ်ပွားလာပုံ ရသည်။
သူမ၏ စိတ်စွမ်းအင်သည် အလွန် အားကောင်းလွန်းသောကြောင့် ခန္ဓာကိုယ်က လုံးဝ မခံနိုင်တော့ပေ။ သူမသည် နေ့စဉ် အချိန်အများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးရပြီး နာရီဝက်ထက် ပိုမနိုးကြားနိုင်ပေ။ ထို့အပြင် နေရောင်ခြည် သို့မဟုတ် ပြင်းထန်သော အလင်းရောင်ကို လုံးဝ မခံနိုင်ဘဲ ပိုးမွှားကင်းစင်ပြီး ဖုန်မှုန့်ကင်းစင်သော ပတ်ဝန်းကျင်တွင်သာ နေထိုင်ရသည်။ ထို့ကြောင့် အက်ကွဲကြောင်းပြည်နယ် တစ်ခုလုံးသည် ယောင်ယောင်ကို ကာကွယ်ရန် ပိရမစ်တစ်ခု တည်ဆောက်ပေးထားခြင်း ဖြစ်၏။
၁၅ နှစ်၊ ၁၆ နှစ် အရွယ်လောက်သာ ရှိသေးသော ယောင်ယောင်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ “ဖေဖေ... ဖေဖေ...”
သူမသည် ကုလားထိုင်ပေါ်မှ အားယူထလိုက်ပြီး ရှမ့်လန်၏ ရင်ခွင်ထဲသို့ ပြေးဝင်ရန် ကြိုးစားလိုက်သည်။ သို့သော်ငြား သူမသည် ယခုအချိန်တွင် အလွန် အားနည်းနေသောကြောင့် မတ်တတ်ပင် မရပ်နိုင်ရှာပေ။
ရှမ့်လန် အပြေးအလွှား သွားရောက်ပြီး သမီးဖြစ်သူ၏ အားနည်းသော ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်သည်။
ဤအရာက သူ၏ အဖိုးတန်ဆုံး သမီးလေးပင်။ မင်းသမီး ရှမ့်မီသည် နှစ်ရှည်လများ အေးခဲအိပ်စက်နေခဲ့ သဖြင့် အလွန် ငယ်ရွယ်ပုံ ပေါက်နေသေးသော်လည်း အနည်းဆုံးတော့ အရွယ်ရောက်ပြီးသူ တစ်ဦး ဖြစ်သည်။ သို့သော်ငြား သူ့ရှေ့မှ ကလေးမလေးသည် အလွန် သေးငယ်နေသေးပြီး ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ ထိလိုက်သည်နှင့် ကွဲကြေသွားတော့မည့်အလား ဖြစ်နေသည်။ တကယ့်ကို ရင်နာစရာ ကောင်းလှ၏။
ယောင်ယောင် တိုးညင်းစွာ ရေရွတ်လိုက်သည်။ “ဖေဖေ... ဖေဖေ...”
ငယ်စဉ်တည်းက သူမသည် စကားမပြောသလောက် နည်းပါးပြီး မျက်လုံးများဖြင့်သာ ဆက်သွယ်လေ့ ရှိ၏။ ယခုအခါ သူမ နှုတ်မှ ထွက်ကျလာသော တစ်ခုတည်းသော စကားလုံးမှာ ဖေဖေ ဖြစ်၏။
ဘုရင်မယောင်ယောင်၏ တုံ့ပြန်မှုကြောင့် လူတိုင်းသည် ရှမ့်လန်၏ အမှတ်အသားကို လုံးဝ သေချာသွားကြသည်။ ဤလောကတွင် မည်သူမဆို အမှားလုပ်နိုင်သော်လည်း ဘုရင်မ ယောင်ယောင်သည် ဘယ်တော့မှ အမှားမလုပ်ပေ။ မည်သည့်အစားထိုးသူ၊ မည်သည့် အယောင်ဆောင်သူမဆို သူမ၏ ဝိညာဉ်အာရုံကို မလိမ်ညာနိုင်ပေ။
ရှမ့်လန် တုန်ယင်စွာ ပြောလိုက်သည်။ “သမီးလေး ယောင်ယောင်... တောင်းပန်ပါတယ်ကွယ်။ ဖေဖေ နောက်ကျသွားတယ်။”
ထိုအချိန်၌ ပိရမစ်၏ တံခါးကြီး ဖြည်းညင်းစွာ ပိတ်သွားခဲ့သည်။ အမျိုးသမီးတပ်မှုး၊ စစ်သည် အားလုံးနှင့် မင်းသမီးကျိရွှမ် အပါအဝင် အားလုံးသည် မြေကြီးပေါ်တွင် သပ်ရပ်စွာ ဒူးထောက်လိုက်ကြ၏။ “အရှင် ရောက်လာပြီ .... အရှင် အစစ် ရောက်လာပြီ။”
“မြန်မြန်... ဝန်ကြီးနဲ့ မင်းသား ၅ တို့ကို ပြောပြီး အက်ကွဲကြောင်းပြည်နယ်က လူအားလုံးကို စုရုံးခိုင်းလိုက်။ အရှင်ကို ကြိုဆိုကြမယ်။”
“အရှင် ရောက်လာပြီ။ ပြိုင်ဘက်ကင်းအရှင် နောက်ဆုံးတော့ ရောက်လာပြီ။”
အက်ကွဲကြောင်းပြည်နယ်ရှိ လူတိုင်း နေ့ရောင်ခြည်ကို ပြန်လည် မြင်တွေ့ခွင့် ရကြတော့မည်။
‘ကျုပ်တို့ မြေပြင်ပေါ် ပြန်တက်လို့ ရပြီလား။ ကျုပ်တို့ အရှေ့ဘက် အင်ပါယာဆီ ပြန်လို့ ရပြီလား။’
ထိုအချိန်၌ အက်ကွဲကြောင်း၏ မြောက်ဘက် မိုင်တစ်သောင်းအကွာတွင် အလွန်များပြားသော ကောင်းကင်တပ်တော်နှင့် မရေမတွက်နိုင်သော အထူးခံတပ်များသည် ကောင်းကင်ကို ဖုံးလွှမ်းလျက် နေရောင်ခြည်ကို ပိတ်ဆို့ကာ တောင်ဘက်သို့ ခမ်းနားစွာ ချီတက်လာနေကြသည်။
အင်ပါယာကျန်းလီ တပ်တော်သည် အက်ကွဲကြောင်းကို တိုက်ခိုက်ရန် လာနေခြင်း ဖြစ်၏။
ဘုရင်မ ယောင်ယောင် အုပ်ချုပ်သော အက်ကွဲကြောင်းပြည်နယ်သည် မိုကျင်းကို ကျော်လွန်ပြီး အင်ပါယာ ကျန်းလီ၏ နံပါတ်တစ် ခြိမ်းခြောက်မှု ဖြစ်လာခဲ့သည်။ အကြောင်းမှာ နျူကလီးယား ဖြိုခွဲမှု အောင်မြင် သွားသောကြောင့် ဖြစ်သည်။ ဤသည်မှာ အင်ပါယာ ကျန်းလီ၏ ငရဲသလင်းကျောက်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပင်။ ထို့ကြောင့် အင်ပါယာကျန်းလီ စေလွှတ်လိုက်သော စစ်အင်အားသည် မိုကျင်းကို တိုက်ခိုက်ခဲ့သော ရှေးဟောင်း ရုပ်သေးစစ်သည် သုံးသိန်းထက် များစွာ ပိုမို များပြားသည်။
“ဝေါင်း...” ကောင်းကင်ယံတွင် ရုတ်တရက် အော်မြည်သံကြီး တစ်သံ ပေါ်ထွက်လာသည်။ ကောင်းကင် တစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။ ပင်လယ်ပြင်ပေါ်မှ နေရောင်ခြည်သည် လုံးဝ ပိတ်ဆို့ခံလိုက်ရသည်။ ဧရာမ နဂါးကြီး တိုက်ခိုက်လာနေပြီ။
အင်ပါယာ ကျန်းလီသည် အက်ကွဲကြောင်းပြည်နယ်ကို ဖျက်ဆီးရန် နောက်ဆုံးလက်နက်ဖြစ်သော ဧရာမ နဂါးကြီးကို စေလွှတ်လိုက်ပြီ ဖြစ်သည်။ ထို ဧရာမနဂါးကြီး၏ ကျောပေါ်တွင် လူတစ်ယောက် စီးနင်း လိုက်ပါလာသည်။ တကယ်ပဲ ကျန်းလီ ဖြစ်နေသည်လား။ အက်ကွဲကြောင်းပြည်နယ်ကို ဖျက်ဆီးရန်၊ နျူကလီးယားဖြိုခွဲမှု စွမ်းအားကို လုံးဝ ဖျက်ဆီးရန် ကျန်းလီကိုယ်တိုင် တပ်တော်ကို ဦးဆောင် လာခဲ့သည်လား။ ဤအရာမှာ မဖြစ်နိုင်ပေ။
မှန်သည် မီးနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်စခန်းမှ ထွက်ခွာပြီး သဲကန္တာရကြီး၏ အစွန်အဖျားတွင် အဘယ်ကြောင့် ပေါ်လာရသနည်းဟူသော မေးခွန်းကို ရှမ့်လန် မေးချင်ခဲ့သည်။
သို့သော်ငြား ယောင်ယောင် သည် နေ့စဉ် ၁၅ မိနစ်ခန့်သာ နိုးကြားနိုင်ပြီး အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ယနေ့အတွက် အချိန်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ထို့အပြင် ရှမ့်လန်ကို တွေ့လိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားသွားပြီး ကိုယ်ကာယ အင်အား အလွန်အမင်း ကုန်ခန်းသွားခဲ့၏။
သေချာသည်မှာ ရှမ့်လန်သည် ဤအခြေအနေကို သက်သာအောင် ပြုလုပ်ပေးနိုင်သော်လည်း လုံးဝ ပျောက်ကင်းအောင် ကုသရန် တစ်ခုတည်းသောနည်းလမ်းမှာ ယောင်ယောင်၏ သွေးကြောများကို ပြောင်းလဲစေပြီး မီဒူဆာ တော်ဝင်မိသားစုကဲ့သို့ သန်မာသော ခန္ဓာကိုယ် ရရှိစေရန် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။
သူ၏လက်ဖဝါးသည် ယောင်ယောင်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
“အိပ်တော့... အိပ်တော့...” ရှမ့်လန် တိုးညင်းစွာ ပြောလိုက်သည်။
***